Wednesday, February 19, 2014

မိုနာဖစ်က်ဟူသည်

ဤ(မို့နာဖွစ်က်တို့က) ပြောကြသည်၊ ရစူလွလ္လာဟ်၏ထံ စုရုံးရောက်ရှိနေကြသော မို့ဟာဂျင်ရ် များအားပေးကမ်း ကျွေးမွေးခြင်းမပြုကြနှင့်၊ ဤသို့ဆိုလျှင် ၎င်းတို့သည် ကဆင့်ကလျားဖြစ်၍ ထွက်ခွါသွားကြမည်၊ အမှန်မှာ မိုးမြေများရှိ ဘဏ္ဍာတိုက်များသည် အလ္လာဟ်အရှင်မြတ်၏ စိုးပိုင်မှုအောက်၌သာရှိကြသည်။ သို့သော်မိုနာဖစ်က်
(သူမိုက်) များကားအသိတရားမရှိကြ။ (စူရာမိုနာဖွေ့ကူန် ရိုကူအ်-၂။)

များစွာသော အဆိုများတွင် ဤအကြောင်းကို ဖေါ်ပြထားသည်မှာ
(အဗ်ဒွလ္လာဟ်ဗင်န်အိုဗိုင်)ခေါ် မိုနာဖစ်က်များ၏ ခေါင်းဆောင်နှင့် သူ၏နောက်လိုက်တစ်စုတို့က ပြောဆိုကြသည်မှာ --- ရစူလ်တမန်တော် မိုဟမ္မဒ် အနီးအပါးတွင် ချဉ်းကပ်နေကြသောသူများအား ကူညီအားပေးခြင်း မပြုကြလင့်၊ သူတို့အား ယင်းသို့ကူညီထောက်ပံ့ခြင်းမပြုလျှင် ငတ်မွတ်ပြီး စိတ်ပျက်၍ အလိုအလျောက လူစုကွဲသွားကြလိမ့်မည်ဟု ပြောကြသောအခါတွင် ဤအာယသ်တော်ကို ရစူလ်ကိုယ်တော်ထံ ချပေးထုတ်ပြန်တော်မူလေသည်။

ဤအာယသ်တော်သည် အလွန်မှန်ကန်သည်။ နေ့စဉ် တွေ့ကြုံ ကြားမြင် နေရသည်။ အကြိမ်ပေါင်းများစွာ လက်တွေ့ဖြစ်သည်။ အကြောင်းသော်ကား သာသနာရေးကိစ္စအဝဝကို ပြုလုပ်ဆောင်ရွက်နေကြသော ပုဂ္ဂိုလ်များအား မလိုမုန်းထား အငြိုးထားသူများသည် ပျက်လိုပျက်စီး ပြုလုပ်ပြောဆိုကြ၍ ကူညီရိုင်းပင်းမှု မပြုကြဘဲနေကြသည်။ သို့သော် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိ၏မဟာကရုဏာတော်ဖြင့် အခြားဘက်မှ တံခါးကိုဖွင့်ပေးတော်မူလိုက်သည်။

ဤသည်ကိုကောင်းစွာယုံကြည်မှုဖြင့် သိမှတ်ထားအပ်သည်မှာ (ရိုဇီ) စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်က မိမိ၏လက်တော်တွင်း၌ ထားတော်မူရာ မည်သူ၏အဖေကမျှ ပိတ်ပင်တားဆီးခြင်းမပြုနိုင်ချေ။ ပိတ်ပင်သူများသာလျှင် သာသနာရေး၌ မကူညီဘဲ တားဆီးမှုပင်ပြုခဲ့၍ အလ္လာဟ်အရှင်မြတ်ရှေ့တော်တွင် အဖြေပေးကြရန် အသင့်ရှိနေကြရန်ဖြစ်သည်။ ထိုနေရာ၌ မုသားသည် အသုံးဝင်မည်မဟုတ်၊ ကျွန်တော်မျိုးဘာအတွက် ဘာအကြောင်းကြောင့်ဟု ငြင်းချက်ထုတ်၍ ရမည်မဟုတ်ပေ။ ထိုနေရာ၌ အဘယ်ဝတ်လုံ အဘယ်ရှေ့နေမျှ လျှောက်လဲ၍ ရမည်ပါပေ။

အယောင်ဆောင် ပရိယာယ်များကိုသုံး၍ အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကိစ္စများကို လျစ်လျူရှုခြင်းသည် မိမိ၏အာခိရသ် နောင်ရေးနစ်နာဆုံးရှုံးသည်မှအပ အဘယ်အကျိုးမျှ ရရှိမည်မဟုတ်ပေ။
ကိုယ်ရေးကိုယ်တာ မုန်းတီးမှုကြောင့်လည်းကောင်း၊ လောကီအကျိုးမျှော်ကိုး၍လည်းကောင်း တစ်စုံတစ်ခုသော သာသနာရေးလုပ်ငန်း၌ ဝင်ရောက်နှောင့်ယှက်ဖျက်စီးခြင်းသည် လည်းကောင်း သာသနာရေးလုပ်ဆောင်နေသူအား မကူညီရန် တားဆီးပိတ်ပင်ခြင်းတို့သည် မိမိကိုယ်မိမိ ဆုံးရှုံးနစ်နာအောင်ပြုခြင်းပင်ဖြစ်ပါသည်။ သူတစ်ပါး၌မနစ်နာချေ။

ရစူလွလ္လာဟ်(ဆွ) ကိုယ်တော်က မိန့်တော်မူသည်မှာ အကြင်မွတ်စ်လင်တစ်ဦးတစ်ယောက်သည် သူ၏ဂုဏ်ကျက်သရေ ကျဆုံးနေချိန် သူ့အားရှုတ်ချခြင်းခံနေရချိန်တွင် ကူညီစောင်မခြင်းပြုရန်ကို လျစ်လျူရှုခဲ့သော် အရှင်မြတ်ကလည်း ယင်းမကူညီသူသည် တစ်စုံတစ်ခုသော ကူညီမှုကို အထူးလိုအပ်နေချိန်၌ ထိုသူအား လျစ်လျူရှုတော်မူမည်။

(မစ်ရှ်ကားသ်ကျမ်း)

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။