Thursday, February 27, 2014

မုနာဖစ်က်ဖြစ်စေသည့် လုပ်ရပ်နှင့် အကျင့်စရိုက်များ

ဗိစ်မစ်လ္လာဟစ်ရ်ရဟ်မာနစ်ရဟီးမ် 


အဓိပ္ပါယ်။ ။ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အမ်ရ် (ရသွေ့) သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ ဤကဲ့သို့သော အကျင့် (၄) မျိုးရှိသည်။ အကြင်သူ့ထံတွင် ထိုအကျင့် (၄) မျိုးလုံးရှိပါက ထိုသူသည် လုံးလုံးလျားလျားမုနာဖစ်က်ပင် ဖြစ်သည်။ အကြင်သူထံတွင် ထိုအကျင့် (၄) ရပ်အနက်မှ ၁ ခုရှိပါက ထိုသူ့ထံတွင်နေဖါက်(မုနာဖစ်က်)၏ အရည်အချင်း ၁ ခုရှိခြင်းပင်ဖြစ်သည်။ ထိုသူသည်မိမိတွင်ရှိနေသည့် မုနာဖစ်က်အရည်အချင်းကို မစွန့်သ၍ ထိုသူသည် မုနာဖစ်က်၏အရည်အချင်းကို လက်ဝယ်ပိုက်ထားသူ အဖြစ်နှင့်ပင် ရှိမည်။

မုနာဖစ်က်တို့၏ အကျင့်စရိုက် (၄) မျိုးမှာ

(၁)။ တစ်ဦးတစ်ယောက်က ထိုသူ့ထံတွင် အမာနသ်အဖြစ် အပ်နှံလျှင် ၎င်းအရာကို ခယာနသ် အလွဲသုံးစားလုပ်မည်။

(၂)။ စကားပြောဆိုလျှင် လိမ်၍ ပြောမည်။

(၃)။ ကတိပြုလျှင်ကတိမတည်ပေ။

(၄)။ ပြဿနာဖြစ်၍ သော်လည်းကောင်း၊ အငြင်းပွါးလျှင်သော်လည်းကောင်း ဆဲဆို၍ ပြောမည်။

(ဗုခါရီ၊ မွတ်စ်လင်မ်)

(နေဖါးက် - အတွင်းတစ်မျိုး အပြင်တစ်မျိုး ရှိခြင်းကိုခေါ်ဆိုသည်။ အပြင်ပန်းတွင်မူ မိတ်ဆွေဖြစ်ပြီး စိတ်ထဲတွင် ရန်သူအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်သူကို မုနာဖိက်ဟု ခေါ်သည်။)

ရှင်းလင်းချက်

နေဖါးက်ဟူသည်မှာ အပြင်ပန်းတွင် မွတ်စလင်မ်ဟုခံယူထားပြီး နှလုံးသားမှ အီမာန်ကို လက်မခံခြင်းပင် ဖြစ်သည်။ ဤအခြေအနေသည် လူသားအတွက် အဆိုးရွားဆုံးသောအခြေအနေပင်ဖြစ်၍ ထိုကဲ့သို့ အတွင်းတစ်မျိုးအပြင်တစ်မျိုးဖြင့် အစ္စလာမ်ကို လက်ခံထားသူကို မုနာဖစ်က် ဟုခေါ်သည်။ ကိုယ်တော်မြတ်(ဆွ) ၏ ခေတ်သမယတွင် အဗ်ဒွလ္လာဟ်ဗင်န်အိုဗိုင်ယ်ကဲ့သို့ မုနာဖစ်က်တို့၏ ဖြစ်ရပ်များလည်းရှိခဲ့ပေသည်။ ကုဖ်ရ် ငြင်းပယ်မှုများတွင် ယုတ်အညံ့ဆုံးနှင့် အသိမ်ဖျင်းဆုံးသောကုဖ်ရ်သည် နေဖါးက် (အတွင်းတွင် အစ္စလာမ်ကိုလက်မခံ၍ အပြင်ဗန်းတွင် မွတ်စ်လင်မ် အမည်ခံခြင်း) ပင်ဖြစ်သည်။ ထိုကဲ့သို့သော မုနာဖစ်က်များအတွက် ကုရ်အာန်၌ မိန့်ကြားထားသည်မှာ


မုချဧကန် ဤမုနာဖစ်က်များသည် ဂျဟန္နမ်ငရဲဘုံ၏ အောက်ဆုံးအဆင့်သို့ ချခြင်းခံရမည်ဖြစ်သည်။

သို့သော် အချို့မကောင်းသည့် အကျင့် စရိုက်များလည်းရှိသေးသည်။ ထိုအကျင့်တို့ကို မုနာဖစ်က်များတွင်သာတွေ့ရပြီး ၎င်းတို့၏ ထူးခြားသော အရည်အချင်းများဖြစ်သည်။ အီမာန်ရှင်သည် ယင်းအကျင့်များ၏ အရိပ်ပင် မနင်းရပေ။ မုအ်မင်၏ မျိုးစေ့တွင် နေဖါးက်၏ အကျင့်စရိုက်သည် သဲမှုန်မျှပင်ရှိမနေရပေ။ အကယ်၍ မွတ်စ်လင်မ်တစ်ယောက်တွင် ယင်းနေဖါးက်၏အကျင့်များအနက် တစ်ခုခုရှိနေပါက သြော် သူ့မှာမုနာဖစ်က်ရဲ့ ဒီလိုအကျင့်ရှိနေပါလားဟု မှတ်ယူလိုက်ပါ။ သို့သော် ဆိုးရွားစွာပင် မုနာဖစ်က်တို့၌ရှိသည့် အကျင့်အားလုံးရှိနေပါက ထိုသူ၏အကျင့်စာရိတ္တတွင် မုနာဖစ်က်၏ အရည်အသွေး အပြည့်အဝ ရှိနေပြီဟု မှတ်ယူထားလိုက်ပါ။

အချုပ်ဆိုရသော် နေဖါးက်တစ်မျိုးသည် အီမာန်နှင့်အကီဒဟ်(ယုံကြည်မှု)တွင် နေဖါးက်ထားရှိခြင်းဖြစ်ပြီး ယင်းသည်ကုဖ်ရ်၏ အဆိုးရွားဆုံးသော အမျိုးအစားပင်ဖြစ်သည်။ နောက်နေဖါးက်တစ်မျိုးမှာ လူ့ အကျင့်ဗီဇတွင် မုနာဖစ်က်တို့၏ အကျင့်စရိုက်များ ရှိနေခြင်းဖြစ်သည်။ ဤသည်လည်း နေဖါးက် တစ်မျိုးပင်ဖြစ်၏။ သို့သော် ဤအကီဒဟ်ပိုင်းဆိုင်ရာတွင် နေဖါးက်ဖြစ်ခြင်း မဟုတ်ပေ။ ၎င်း၏ အကျင့်စာရိတ္တနှင့် လုပ်ရပ်တို့တွင် မုနာဖစ်က်တို့၏အကျင့် ဝင်နေခြင်းဖြစ်သည်။ အီမာန်ရှင်မုအ်မင်န်အတွက် ကုဖ်ရ်၊ ရှိရ်က်နှင့် အကီဒါဟ်တို့တွင် နေဖါးက်ဖြစ်ခြင်းမှ ထိန်းသိမ်းရှောင်ကြဉ်ရန် အရေးကြီးသကဲ့သို့ပင် မုနာဖစ်က်တွင် ရှိသည့် အကျင့်စရိုက်များ၊ ညစ်ညမ်းသည့်စာရိတ္တများ၊ ပြောဆိုမှုများမှလည်း မိမိကိုယ်ကို၊ မိမိ၏စိတ်နှလုံးသား နှင့် နှုတ်လျှာတို့အား ထိန်းသိမ်းထားရန် အလွန်အရေးကြီးပေသည်။

အထက်ပါ ဟဒီးစ်တွင် ကိုယ်တော်မြတ်(ဆွ)က နေဖါးက်၏ အရည်အချင်းများအနက်မှ (၄) ခုကို မိန့်ကြားထားသည်။ ၁။ ခယာနသ် (အလွဲသုံးစားလုပ်ခြင်း) ၂။ ကတိမတည်ခြင်း ၃။ လိမ်လည်မုသားပြောခြင်း ၄။ ဆဲရေးတိုင်းထွာခြင်း။ ထပ်၍မိန့်ကြားသည်မှာ ထိုသူ့ထံတွင် ယင်းအကျင့် (၄) ခုအနက်မှ အကျင့်တစ်ခုရှိလျှင် ထိုသူ့တွင် မုနာဖစ်က်အကျင့်တစ်ခုရှိသည်ဟု မှတ်ယူပါ။ အကြင်သူ့တွင် မုနာဖစ်က်၏ အကျင့် (၄) မျိုးလုံး ရှိနေပါက ထိုသူ၏အကျင့်ဗီဇသည် လုံးဝ မုနာဖစ်က်ပင်ဖြစ်သည်။ 


အဓိပ္ပါယ်။ ။ ဟဇရသ်အနတ်စ်(ရသွေ့)သခင် ဆင့်ပြန်သည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်မှာ မုနာဖစ်က်၏နမားဇ်မှာ ဤသို့ဖြစ်သည်။ နမားဇ်အချိန်ကို ဂရုမစိုက်ပဲ ထိုင်နေမည်။ နေရောင်ဝါကျင့်သွားသည်အထိ အချိန်ဆွဲနေမည်။ နေဝင်ချိန် နီးကပ်လာမှ (ကတိုက်တရိုက် နမားဇ်ဖတ်ရန် ပြင်ဆင်ပြီး) နမားဇ်မှာမတ်တပ်ရပ်လိုက်မည်။ နမားဇ်ဖတ်ရာတွင်လည်း ကြက်အစာကောက်သလိုပင် (စဂ်ျဒဟ်၊ ရုကူတို့ကို အမည်ခံလောက်သာပြုပြီး) ဂျွမ်းပြန်အောင် ဖတ်ပြီးနောက် နမားဇ်ကို လျှင်မြန်စွာပင် အဆုံးသတ်လိုက်မည်။ သပ်စ်ဗီးဟ်များကိုလည်း အလွန်နည်းပါးစွာ (မြန်ဆန်စွာပင် အမည်ခံသာ) ဖတ်ပေသည်။ (မွတ်စလင်ကျမ်း)

ရှင်းလင်းချက်

မုအ်မင်န်၏ အရည်အချင်းမှာ နမားဇ်၏အချိန်ကို ဂရုတစိုက်နှင့် မျှော်လင့်စောင့်စားနေရမည်။ အချိန်ကျရောက်သည်နှင့် လျှင်မြန်သွက်လက်စွာပင် နမားဇ်အတွက် အဆင်သင့်ပြုလိုက်ရမည်။ နမားဇ်အတွက် မတ်တပ်ရပ်ရာတွင်လည်း ပျင်းရိပျင်းတွဲဖြင့် လေးဖင့်မနေရပေ။ နမားဇ်ဖတ်ရာတွင်လည်း မိမိသည် တစ်လောကလုံးကို စိုးပိုင်သည့် အရှင်သခင်၏ ရှေ့မှောက်တွင် ခစားခြင်းဟူသည့် ဖူးစာထူးကို ရရှိနေသည်ဟု မှတ်ယူလျှက် တည်ငြိမ်ရို့ကျိုးမှုအပြည့်ဖြင့် နမားဇ်ကိုဆောက်တည်ရမည်ဖြစ်သည်။ ကိယာမ်၌ စူရာဖတ်ရာတွင်လည်း လျှင်မြန်စွာမဟုတ်ပဲ တစ်လုံးခြင်းပီပီသသ ဖတ်ရမည်။ ရုကူအ်၊ စဂ်ျဒဟ် များတွင်လည်း ဖတ်ရသည့် သပ်စ်ဗီကို ဖြေးဖြေးဖတ်ရမည်။ မုအ်မင်န်၏ စဂ်ျဒဟ်သည် အလ္လာဟ် နှင့်အနီးကပ်ဆုံးအချိန်ပင်ဖြစ်သည်။ ထိုအချိန်လေးတွင် ဖတ်ခွင့်ရသည့်သပ်စ်ဗီကို တည်ငြိမ်စွာဖတ်ပြီး ယင်း၏ကြည်နူးမှုဖြင့် မိမိ၏ နှလုံးသားကို လန်းဆန်းမှုရအောင်ပြုရမည်ဖြစ်သည်။

မုနာဖစ်က်တို့အတွက် နမားဇ်သည် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်သည်။ အချိန်ရောက်နေသည့်တိုင် ဂရုမစိုက်။ ဥပမာ-အဆွရ်နမားဇ်ဖတ်ရန် နေဝင်ချိန်နားကပ်မှ ထဖတ်သည်။ နမားဇ်ကိုလည်း ငှက်ပျံသလို ကြက်အစာကောက်သလို ဖတ်ပြီး အဆုံးသတ်လိုက်သည်။ သပ်စ်ဗီကိုလည်း အဖျားစွတ်ရုံသာ တသလိုက်သည်။ ဤကဲ့သို့ ဖြစ်ကတတ်ဆန်း ဖတ်သောနမားဇ်သည် မုနာဖစ်က်တို့၏ နမားဇ်ပင်ဖြစ်သည်။ မုအ်မင်န်သည် ဤကဲ့သို့ အရည်အသွေး မရှိသည့်နမားဇ်ကိုဖတ်ပါက ထိုသူသည် မုအ်မင်န်၏ နမာဇ်ကိုဖတ်ခဲ့သည်မဟုတ်။ မုနာဖစ်က်၏ အရည်အချင်းရှိ နမားဇ်ကို ဖတ်ခဲ့ခြင်းဖြစ်သည်။


အဓိပ္ပါယ်။ ။ တမန်တော်မြတ်(ဆွ)၏ မိန့်ကြားမှုအား ဟဇရသ်အွတ်စ်မာန် ဗင်န်အဖ်ဖားန် (ရသွေ့) သခင် ဆင့်ပြန်သည်မှာ အကြင်သူသည် ဗလီထဲတွင် ရှိနေသည်။ ထိုသူရှိနေသည့် အချိန်၌ပင် အဇာန်ပေးသည်။ အဇာန်ပေးပြီးသည့်နောက် အရေးကြီးကိစ္စမရှိပဲ ဗလီအပြင်ထွက်သွားလိုက်သည်။ ထွက်သွားပြီးနောက် နမားဇ်တွင်ပါဝင်ရန်အတွက် ဗလီသို့ပြန်လာဖို့ ဆန္ဒပင်မထားပေ။ ထိုသို့ပြုလုပ်သူသည် မုနာဖစ်က်ပင်ဖြစ်သည်။

ရှင်းလင်းချက်

အထက်ပါလုပ်ရပ်သည် မုနာဖစ်က်၏လုပ်ရပ်ဖြစ်သည်။ ဤသို့ပြုလုပ်သူသည် အကီဒဟ်ပိုင်းဆိုင်ရာတွင် မုနာဖစ်က်မဟုတ်ပေ။ သို့သော် အမလ်ကျင့်ဆောင်မှုတွင် မုနာဖစ်က် ဖြစ်ပေသည်။

အီမာန်ရှင်သည် မိမိ၏ အကီဒဟ်တွင် နေဖားက်ဖြစ်ခြင်းမှ ထိန်းသိမ်းရန် အရေးကြီးသလို၊ မိမိ၏ အမလ် ကျင့်ဆောင်မှုပိုင်းဆိုင်ရာများ တွင်လည်း နေဖားက်ဖြစ်နေခြင်းမှ ကာကွယ်ထိန်းသိမ်းနေရမည်ဖြစ်သည်။ မိမိ၏ အသိနှင့် သတိကို အမြဲဆင်ခြင်လျှက် အကီဒဟ်၊ အမလ်၊ အခ်လားက်၊ မုအာမလားသ်၊ မုအာရှရသ် တို့၏ ကိစ္စရပ်တိုင်းကို နေဖားက်ဝင်ရောက်နေခြင်းမှ သန့်စင်ပစ်ရမည်။

(အလ်မုဖီးဒ်)

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။