Tuesday, October 27, 2015

ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/837699049684019:0

သဘာဝအစားအစာများတွင် ကျန်းမာရေးအထောက်အကူပြုသည့် ဓါတ်များ၊ လူ့ခန္ဓာကိုယ်တွင် လိုအပ်သည့် ဗီတာမင်များ ပါဝင်ပါသည်။ သဘာဝမှ တိုက်ရိုက်ရရှိသည်များကို သုံးစွဲရခြင်း၏ ရလဒ်ကောင်းမှာ ဘေးထွက်ဆိုးကျိုး နည်းပါးခြင်းပင် ဖြစ်သည်။ ဆေးဝါးများသုံးစွဲခြင်းသည် တစ်ဖက်တွင် ရောဂါအမျိုးအစားတစ်ခုကို ပျောက်ကင်းစေသော်လည်း နောက်တစ်ဖက်တွင် တခြားရောဂါတစ်ခုဖြစ်ဖို့ အခွင့်အလမ်းဖြစ်လာရပေသည်။ သဘာဝဖြစ် အပင်များ၊ သစ်ဥ၊ သစ်ဖုများတွင် သီးသန့်ရောဂါတစ်ခုစီကို ပျောက်ကင်းစေနိုင်သည့် အစွမ်းများ ရှိပါသည်။ ယခုတင်ဆက်မည့် သဘာဝအစားအစာ ဟူသည်မှာ သစ်ပင်၊ သစ်ဥ၊ သစ်ဖု အားလုံးတို့မှပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် အစားတစ်မျိုးဖြစ်ပြီး သီးသန့်ရောဂါတစ်မျိုးအတွက်ပင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွင်း၊ အပြင်နှစ်ခုလုံးအတွက် ဆေးဝါးသဖွယ်သာမက အားဆေးတစ်ခုပုံစံဖြင့် အစဉ်သုံးစွဲသွားနိုင်မည့် ဘက်စုံအသုံးဝင်သည့် အစာတစ်မျိုးဖြစ်ပါသည်။ ကြာကြာသုံးစွဲလေ အရည်အသွေးပိုတတ်လေဖြစ်မည့် အစားအစာဖြစ်ပါသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကောင်းကျိုးသာတိုးမည့် အစာတစ်မျိုးဖြစ်သည်။

ဤနေရာ၌ ဖော်ပြမည့် ဆိုးကျိုးကင်း၍ ကောင်းကျိုးတိုးမည့် ဘက်စုံအသုံးဝင်သည့် သဘာဝအစားအစာဟူသည်မှာ ....... ပျားရည် ဖြစ်သည်။ အစားအစာဟု ရေးသားရခြင်းမှာ ပျားရည်ကို အများစုက ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်။ ထိုသို့ ဆေးဝါးပုံစံ သတ်မှတ်သုံးစွဲသည်ထက် ပိုကောင်းသည်မှာ အစားအစာပုံစံ သတ်မှတ်လိုက်ခြင်းဖြစ်၏။ သဘောမှာ ဆေးဝါးဟု သတ်မှတ်ထားလျှင် ရောဂါ၊ အနာဖြစ်မှ သုံးစွဲမည်ဖြစ်သည်။ အစားအစာဟု သတ်မှတ်လိုက်လျှင် နေ့စဉ်စားသောက်နေကြအစာများတွင် ယင်းပျားရည်သည်လည်း ပါဝင်လာပေမည်။ ပျားရည်သည် နေ့စဉ်စားသုံးနေကြအစာတွင် အမြဲပါဝင်ရမည့် အဟာရတစ်မျိုးပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပျားရည်သည် အသက်ရှည်ဆေးတစ်ခုဖြစ်ရုံသာမက အသက်ရှင်ဆေးတစ်ခုလည်း ဖြစ်ပေသည်။ ကာကွယ်ဆေးတစ်ခုလည်းဖြစ်သလို အားဆေးတစ်မျိုးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ပျားရည်ကို သုံးစွဲလိုလျှင် လိုအပ်မှ သောက်သုံးသည်မဟုတ်ပဲ နေ့စဉ်အစာတစ်ခုအဖြစ် ထည့်သွင်းသုံးစွဲပါရန် အကြံပြုအပ်ပါသည်။

ပျားရည်ကို အသက်ရှင်ဆေး၊ အသက်ရှည်ဆေး၊ အားဆေးအဖြစ်အသုံးပြုနိုင်သလို ကာကွယ်ဆေး၊ လိမ်းဆေးနှင့် အလှအပများအတွက်ပါ အသုံးချနိုင်သည်။

ပျားရည်သည် အသက်ရှည်ဆေးဖြစ်ခြင်း
ရှေးယူနာနီသမားတော်များက ပျားရည်သည် လူ့အသက်ကိုရှည်စေကြောင်း လက်ခံထားသလို ၎င်းတို့၏ နေ့စဉ်စားသုံးမှုတွင် ပျားရည်ကို မပါမဖြစ် ထည့်သွင်းထားပါသည်။ ထိုသမားတော်များထဲမှ တစ်ဦးဆိုလျှင် အသက် ၁၁၅နှစ်အထိ နေထိုင်ခဲ့ရသည်။ ၎င်းကလည်း ပျားရည်ကြောင့် ဤမျှအသက်ရှည်ရသည်ဟု ပြောပြသည်။ နောက်ထပ်သမားတော်တစ်ဦးမှာ အသက် ၁ဝ၉နှစ်အထိ နေထိုင်ခဲ့ရသည်။ ရောမသမိုင်းရေးဆရာ ပလိုတားက်က ရှေးဗြိတိန်သားတို့နှင့် ပတ်သက်၍.....၎င်းတို့သည် အသက် ၁၂ဝကျော်သည်အထိ နေထိုင်ကြရကြောင်း ရေးသားထားသည်။ ဤသို့ ဖိုးသက်ရှည်ဖြစ်ရခြင်း၏ လျှို့ဝှက်ချက်မှာ ပျားရည်ပင်ဖြစ်သည်ဟု ဆက်လက် ဖော်ပြထားပေသည်။ ထိုခေတ်က ဗြိတိန်ရှိ လူတိုင်းလိုလို ပျားမွေးကြသည်။ ထိုခေတ်ထိုအခါ၏ စာပေများ၌ ဗြိတိန်နိုင်ငံကို ပျားရည်ထွက်သည့်ကျွန်းဟုပင် တင်စားထားကြပါသည်။ ထို့ကြောင့် သမိုင်းက သက်သေခံထားသည့် အသက်ရှည်ရန် အဓိကအသုံးဝင်သော ပျားရည်ကို ဆေးဝါးဟု သတ်မှတ်မထားပဲ နေ့စဉ်အစာအဖြစ် သုံးစွဲကြပါဟု တိုက်တွန်းအပ်ပါသည်။

အစာလည်းဆေး ဆေးလည်းအစာ
ပျားရည်၏ အရည်အချင်းသည် အစာလည်းဆေး ဆေးလည်းအစာဟူသည့် အပိုင်းနှစ်မျိုးလုံးတွင် ပါဝင်ပါသည်။ ပျားရည်ကို ကြာကြာသုံးလေ ရောဂါဝေးလေပင်ဖြစ်သည်။ ကျွန်ုပ်တို့နေ့စဉ်စားသုံးနေကြအစာများတွင် လျော့နည်းနေသည့်ဓါတ်များနှင့် မပါဝင်သည့်ဓါတ်များကို ပျားရည်က ဖြည့်စည်းပေးလိမ့်မည်။ အိမ်တိုင်းတွင် ပျားရည်ပုလင်းကို အထူးဆောင်ထားသင့်ပါသည်။ ကုမရသော ရောဂါများနှင့် ပြင်းထန်သောရောဂါများအတွက် ပျားရည်က အလွန်အသုံးဝင်လှပေသည်။ နှလုံးနှင့် အဆုတ်ရောဂါတို့ကို အထူးပျောက်ကင်းစေသည်။ အစာအဖြစ်အသုံးပြုနေသောပျားရည်ကို ရုတ်တရက်ဖြစ်လာသည့် ရောဂါတို့အတွက် ဆေးဝါးအဖြစ်လည်း အသုံးချနိုင်ပေသည်။

ပျားရည်အစာကြေဆေး
များများစား မြန်မြန်စား မြန်မြန်မျိုချ......။ အမျိုးအစားအစုံတည်ခင်းထားတဲ့ စားပွဲကြီးရှေ့မှာ အစားအစာဝါးစားပါဟူသောဆောင်ပုဒ်မှာ ဦးနှောက်အတွင်း ချောင်ကပ်သွားရသည်သာ ဖြစ်၏။ ယနေ့အချိန်တွင် အစားတစ်လုတ်ကို ကျေညက်အောင်ဝါးပြီးမှ မျိုချခြင်းဟူသည့် ကျန်းမာရေးနည်းလမ်းကို လိုက်နာသူ အလွန်နည်းသွားရချေပြီ။ မြန်မြန်စား မြန်မြန်မျိုချသာ ပြုလုပ်ကြပြီး နောက်ဆက်တွဲဆိုးကျိုးအဖြစ် များများရောဂါဖြစ်၍ မြန်မြန်သေကြပေတော့သည်။ ခန္ဓာကိုယ်လည်ပတ်ရှင်သန်ရန်အတွက် အဓိကအကျဆုံးဖြစ်သော သွေးသည် စားလိုက်သည့်အစာများကိုအခြေခံ၍ အစာအိမ်၏ချေဖျက်မှုနှင့်အညီ ဖြစ်ပေါ်လာပေသည်။ မိတ်ဆွေတို့ မြင်ဖူး ကြားဖူးပါလိမ့်မည်။ အသားအရည် စိုပြေဝင်းပနေတာပဲ၊ သွေးသားကောင်းလို့ ကျန်းမာနေတာ၊ သွေးအားနည်းလို့ ဖြူရော်ရော်ဖြစ်နေရတာ။ သွေးအားများပြီး သွေးတက်နေတာ ..... စသဖြင့် သွေးကိုအခြေခံကာ ခန္ဓာကိုယ်ကျန်းမာမှုနှင့် အသားအရောင်တို့သည် လိုက်ပါပြောင်းလဲရပေသည်။ ထိုသွေး၏ အခြေခံသည် အစာအိမ်ဖြစ်သည်။ အစာအိမ်၏အခြေခံသည် အစာနှင့် စားသုံးမှုပုံစံပင်ဖြစ်သည်။ များများစားကြပြီး မြန်မြန်မျိုချနေကြသည့် ကျွန်ုပ်တို့အတွက် မြန်မြန်အစာကြေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ သကြားထက် ပျားရည်က အစာကြေလွယ်သည်ဟု ကျန်းမာရေးအသစ်တွေ့ရှိချက်တို့က ထောက်ခံပေးထားသည်။ သကြားအသုံးပြုရာတွင် များပါက အစာချေဖျက်မှုကို အနှောက်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းခြင်း အစာမကြေခြင်းတို့ ဖြစ်ရပေသည်။ ပျားရည်သည် အန္တရာယ်ပေးခြင်း လုံးဝကင်း၏။ ပျားရည်သည် သွေးထဲစိမ့်ဝင်ပြီး အမြန်ပင် သွေးဖြစ်သွားပေသည်။ ပျားရည်ကို ကြေညက်စေရန် ချေဖျက်မှုသည် ငါးမိနစ်မျှပင် မကြာပေ။ ဤမျှလျှင်မြန်စွာ လူသားကို အကျိုးပြုသော ပျားရည်ဖြစ်ပါသည်။ ကလေးများနှင့် အစာအိမ်အားနည်းသူ အစာကြေမှုအားနည်းသူတို့အတွက် အနှိုင်းမရှိသော ဆေးပင် ဖြစ်ပါသည်။ ယနေ့ခေတ်၏ လျှာအရသာခံအစာများကို အသင်စားသုံးပြီးလျှင်ဖြစ်စေ အသင့်၏ ကလေးများ စားပြီးလျှင်ဖြစ်စေ ပျားရည်ကို စားသုံးပေးပါ။ အသင့်ဝမ်းဗိုက်ထဲက အစာအိမ်အတွက် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။

အစာကြေရန် ဆေးနည်းပုံစံအချို့ဖော်ပြပါမည်။
၁။ လက်ဖက်ရည်တစ်ခွက်စာခန့် ရေနွေးပူပူလေးထည့်ပါ။ ပျားရည်တစ်ဇွန်း ထည့်ပါ။ ကောင်းစွာမွှေ၍ လက်ဖက်ရည်ကဲ့သို့ ဖြည်းဖြည်းခြင်းသောက်ပါ။ နေ့စဉ် တစ်နေ့သုံးကြိမ် အစားမစာမီ နာရီဝက်ကြို၍ သောက်ပါ။ ဤနည်းသည် အစာမကြေဖြစ်တတ်သူများအတွက် သင့်လျော်ပါသည်။
၂။ အစာစားပြီးနောက် နံနက်၊ ညနေ နှစ်ကြိမ်လုံးတွင် ပျားရည်ကို လက်ဖက်စားဇွန်း တစ်ဇွန်းစာ လျက်စားပါ။ အစာကောင်းစွာ ကြေစေပါသည်။

ဝမ်းတစ်လုံးကောင်း ခေါင်းမခဲအောင် ပျားရည်ဆောင်
မြန်မာဆိုးရိုးစကားတွင် ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဟူ၍ ရှိသည်။ ကျမ်းမာရေးတွင် သုံးစွဲသလို စီးပွားရေးအတွက်လည်း ၎င်းဆိုရိုးကို ပမာပြုကြပေသည်။ ကျန်းမာရေးတွင် ဝမ်းတစ်လုံးကောင်း ဟူသည် ဝမ်းမီးငြိမ်းခြင်းကို ဆိုလိုသည်။ ဝမ်းမီးအေးငြိမ်းပါက ခန္ဓာကိုယ်၏ ခေါင်းဆောင် ဦးခေါင်းမခဲပဲ အေးဆေးသက်သာစွာ ကျန်းမာသုခ ခံစားရပေမည်။ မစာမကြေခြင်းမှ အစပြု၍ ရောဂါအစုံမဖိတ်ခေါ်ပဲ ရောက်လာကြသလို ဝမ်းချုပ်ခြင်းသည်လည်း ၉၆ပါးရောဂါ၏ အစပျိုးရာ အကြောင်းခံတစ်ခုပင်ဖြစ်သည်။ ဆီးရွှင်ဝမ်းမှန်လျှင် စိတ်ချမ်းသာစရာပင်။ ယခု ၉၆ပါး၏ ခေါင်းဆောင် ဝမ်းချုပ်ခြင်းကိုပျောက်အောင် သောက်ကောင်းသည့် ပျားရည်ကို ဆောင်ကြပါမည်။

နည်း ၁။ ရေကို အနည်းငယ်ပူစေ၍ ဇွန်းကြီးတစ်ဇွန်းစာ ဂျုံအသန့်ကို ထည့်ပါ။ ရေအေးသွားလျှင် ပျားရည်ထည့်၍ သောက်ပါ။ ဝမ်းချုပ်ခြင်း ကင်းဝေးပါမည်။
နည်း ၂။ နွားနို့ပူပူတွင် ပျားရည်နှစ်ဇွန်းထည့်သောက်ပါ။ ဝမ်းချုပ်ခြင်း သက်သာပါမည်။
နည်း ၃။ နံနက်စာစားနှင့်အတူ ပျားရည်ကိုပါ အစဉ်အမြဲစားသုံးပေးလျှင် ဝမ်းချုပ်ခြင်းကို ပျောက်ကင်းစေပါမည်။

အသည်းအားနည်းသူများအတွက်
ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းခန့်ကို နွားနို့နှင့် ရောသောက်ပါ။ နွားနို့မတတ်နိုင်ပါက ပျားရည်ကိုသာ သောက်ပါ။ အသည်းအားနည်းမှုတွင် အကျိုးထူးလာစေပါမည်။ နေ့စဉ် စွဲမြဲစွာ သုံးဆောင်သွားပါ။

ချောင်းဆိုးကင်းစင် အသံကြည်လင်
ပျားရည်တွင် သံပုရာရည်ညှစ်ပြီး လျက်ပေးပါ။

နှာစေး၊ နှာချေ ပျောက်စေ
ပျားရည်နှစ်ဇွန်း၊ သံပုရာသီးတစ်ခြမ်းနှင့်ရော၍ နေ့ပိုင်းတွင် သုံးကြိမ်မှ လေးကြိမ်အထိ သောက်သုံးပါ။ သံပုရာသီးရာသီမဟုတ်လျှင် ရေနွေးပူပူတစ်ခွက်တွင် ပျားရည်တစ်ဇွန်း၊ ဂျင်းရည်ဇွန်းတစ်ဝက် လတ်လတ်ဆတ်ဆတ်ဖျော်သောက်ပါ။

ကလေးနှင့် ပျားရည်
ကလေးနှင့် ပျားရည်သည် ကလေးတည်စကတည်း မပျက်တမ်းတွဲစပ်ထားရမည့် အစာတစ်ခုဖြစ်ပါသည်။ အားဆေး၊ ကာကွယ်ဆေးအဖြစ်အသုံးပြုလိုပါက၊ မိခင်လောင်းအတွက် အကောင်းဆုံးလက်ဆောင်ပေးလိုပါက ပျားရည်ကို သတိရလိုက်ပါ။ သန္ဓေသားဖွံဖြိုးရန် ကျန်းမာကြံ့ခိုင်ရန်နှင့် မိခင်ဖြစ်သူ ရွှင်လန်းနေစေရန် ပျားရည်က အထောက်အကူပြုပေးပါလိမ့်မည်။ ဇနီးကောင်း မိခင်လောင်းတို့အနေဖြင့် ကလေးတည်စကတည်းက ပျားရည်ကို ပုံမှန်သုံးစွဲနေသင့်ပါသည်။ ကလေးမီးဖွားပြီးနောက်တွင် ဆက်လက်သုံးစွဲပါဟု အကြံပြုပါသည်။ ကလေးငယ်များအတွက် ပျားရည်သည် အလွန်ကောင်းသော သဘာဝအစားအစာပင်ဖြစ်ပါသည်။ သကြားလုံးများ အချိုများ လျှာအရသာခံအစာများနှင့် ကမီကယ်အားဆေးတို့ထက် ပျားရည်ကိုသာ ကလေးတို့အတွက် သုံးပေးပါ။ ပျားရည်အမြဲသုံးစွဲပေးထားသော ကလေးငယ်တို့သည် ကျန်းမာကြံ့ခိုင်ကြပြီး ရွှင်လန်းတက်ကြွနေပါမည်။ မှတ်ဉာဏ်ဖွံ့ဖြိုးရန် ပျားရည်က အထောက်အကူပြုပေးပါသည်။

ကလေးနားပြီယိုလျှင် -- ပျားရည် ၁ဝ ဂရမ်၊ တမာရွက် ၁ဝ ဂရမ်။ တမာရွက်ကို ပျားရည်နှင့်အတူ အပူပေး၍ နားထဲသို့ တစ်စက်ခန့်ထည့်ပေးပါ။

ကလေးသွားပေါက်လျှင် -- ပျားရည်ကို မခမ်း(ပေါင်မုန့်နှင့်သုပ်စားသည့် ထောပတ်)ဖြင့် ရော၍ နေ့ပိုင်းတွင် သုံးကြိမ် ကလေးသွားဖုံးပေါ်သို့ လိမ်းကျံပေးပါ။ သို့မဟုတ် ပျားရည်နှင့်ဆားကို ရော၍ လိမ်းပေးပါ။

ကလေးချောင်းဆိုး -- ပျားရည်ကို ဆားအနည်းငယ်နှင့်အတူ မီးပေါ်မှာထားပါ။ ပျားရည်ကွဲသွားလျှင် ရေကြည်ကိုယူ၍ အနည်းငယ်တိုက်ပါ။

ကလေးဗိုက်နာ -- ပျားရည်အစစ် (၁ဝ) ဂရမ်၊ နှင်းဆီရည်၊ စမုံစပါးရည်၊ ပူစီနံရည်တို့ကို (၂ဝ) ဂရမ်စီ။ ပျားရည်နှင့် ကျန်အရည်တို့ကိုရော၍ တစ်နေ့ လေးကြိမ်တိုက်ပါ။ ကလေးဗိုက်နာမှုအတွက် သင့်တော်ပါသည်။

ကလေးများ အလွန်ကျို့ထိုးနေခြင်း ပျားရည်လျက်ခိုင်းပါ။
ကလေးများ အလွန်အန်နေလျှင် ပျားရည်နှင့်ရေကိုရော၍ တိုက်ကျွေးပါ။ အစားအသောက်အနေဖြင့် ဆိတ်နို့တိုက်ပါ။ သက်သာမှုရရှိပါမည်။ ကလေးများ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အန်ခြင်း၊ အသားအရည်ခြောက်သွေ့ခြင်းတို့အတွက် ပျားရည်နှင့်ရေ ရောတိုက်ခြင်းက အစွမ်းထက်အကျိုးရှိစေပါမည်။

ကလေးမွေးမွေးပြီးခြင်း ပျားရည် သုံး၊ လေးစက် ခံတွင်းတွင်တို့ပေးပါ။ လည်ချောင်း၊ အစာအိမ်နှင့် အူများကို ရှင်းလင်းစေပါသည်။ ဆိုးကျိုးများ မဖြစ်ပေါ်စေပါ။ အစာအိမ်၏ နုသောအပိုင်းကို ကာကွယ်ပေးပါသည်။

ကလေးအားဆေး -- နွားနို့ပူပူနှင့် ရေနွေးတွင်ဖျော်ထားသည့် ပျားရည်ရော၍ တိုက်ပေးပါ။ ဤအရည်ကိုသောက်သောကလေးတို့သည် ရောဂါပေါင်းစုံမှ ကာကွယ်မှုရရှိသည့်အပြင် ကလေးများအတွင်း ရောဂါကိုခုခံကာကွယ်အား ရရှိလေသည်။

ကလေးများကြီးထွားစေရန် -- ကလေးဟူသည် အလွန်လှုပ်ရှားတတ်သူဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ခန္ဓာကိုယ်သည် လောင်စာဓါတ်များစွာကို တောင့်တပေသည်။ အများအားဖြင့် ကလေးတို့သည် အချိုကို နှစ်သက်သည်။ အချိုဓါတ်သည်လည်း အမှန်တကယ်ပင် အားဖြစ်စေပါသည်။ သို့ရာတွင် ပေးလိုက်သည့် အချိုက မှန်ကန်မှုရှိရပေမည်။ အချိုအားလုံးတွင် အကောင်းဆုံးက ပျားရည်ဖြစ်သည်။ ပျားရည်သည် သဘာဝမှ တိုက်ရိုက်ရသည့် အချိုဖြစ်သည်။ ထို့ကြောင့် ကလေးတို့ကို ပျားရည်စားစေပါ။ ပျားရည်စားသုံးသောကလေးသည် အအေးဒဏ်ကို ခံနိုင်ရည်ရှိမည်။ ကြီးထွားနှုန်းမြန်ဆန်ပြီး ရောဂါအဖြစ်လည်း နည်းပါးမည်။ ထို့ကြောင့် တခြားသော အချိုမုန့်များထက် ပျားရည်ကို တိုက်ကျွေးပေးပါ။

လန်းဆန်းမောပြေပျားဖျော်ရည်
အထက်တွင် ပျားရည်သည် အသက်ရှည်ဆေးတစ်မျိုးပင်ဖြစ်၍ အစဉ်သုံးစွဲရန် ရေးသားခဲ့ပါသည်။ ပျားရည်ကို အမြဲစားသုံးနိုင်သည့် နည်းလမ်းတချို့ကို တင်ဆက်ပါမည်။ ပျားရည်ချည်းသက်သက်လည်း စားသုံးနိုင်သလို ဖျော်ရည်ပုံစံဖြင့်လည်း သောက်သုံးသွားနိုင်သည်။ ပျားဖျော်ရည်သည် ပင်ပမ်းနွမ်းနယ်မှု၊ မောပန်းမှုတို့ကို ပျောက်ကင်းစေသည်။ ဉာဏလုပ်သားများအတွက် ဦးနှောက်အားဆေး၊ ကာယလုပ်သားတို့အတွက် လန်းဆန်းဆေးဖြစ်ပါမည်။ ပျားရည်ကို အမြဲသုံးဆောင်လိုသူအတွက်လည်း အရသာတွေ့စေမည့် ဖျော်ရည်တစ်ခွက်ဖြစ်ပေသည်။
နည်း ၁။ ရေတစ်ခွက်တွင် သံပုရာသီးတစ်ခြမ်း အရည်ညှစ်၊ ပျားရည်နှစ်ဇွန်းရောလိုက်ပါ။ နွေရာသီဆိုလျှင် ရေခဲတုံးထည့်သောက်ပါ။ ဆောင်းရာသီဆိုလျှင် ရေနွေးဖြင့် သုံးဆောင်ပါ။
နည်း ၂။ အလွန်ပင်ပမ်းနွမ်းနယ်နေသည့်အချိန်တွင် ပျားရည်ကို ရေနွေးပူပူတွင် ရော၍သောက်သုံးလျှင် အသစ်တစ်ဖန်လန်းဆန်းမှု ဖြစ်ပေါ်လာပါသည်။
နည်း ၃။ ပန်းသီးရှလကာရည်နှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း ရောဖျော်၍ သောက်နိုင်သည်။ ဤဖျော်ရည်သည် အဆစ်အမြစ်နာမှ အမောရောဂါအဆုတ်နာအထိ၊ လူအိုနာမှ အသားအရေပြားရောဂါအထိ ရောဂါတိုင်းကို ပျောက်ကင်းစေပါသည်။
ပျားရည်ကို ဖျော်ရည်ပုံစံဖြင့် အမြဲသုံးဆောင်ခြင်းက ပို၍သင့်လျော်ပါသည်။

ပျားရည်စားချိန်သတိပြုရန်
ပျားရည်သီးသန့်ကို စားလျှင်ဖြစ်စေ၊ တိုက်ကျွေးလျှင်ဖြစ်စေ ဇွန်းနှင့်တိုက်ရိုက်မစားပါနှင့်။ သီးတတ်ပါသည်။ ပျားရည်သီးလျှင် အသက်ရှုလမ်းကြောင်းပိတ်စေသည်။ ထို့ကြောင့် လက်ဖဝါးထဲထည့်၍ လျက်ပေးပါ။ ကလေးငယ်လေးများကို လက်ဖြင့်သာ တို့ပေးပါ။

ပျားရည်လိမ်းဆေး
ပြည်တည်နာ၊ အပူဖု၊ မီးလောင်၊ ဆီပူလောင်၊ အပူလောင်၊ အရေပြားနာ၊ မရင့်မှည့်သည့်အနာ၊ အရေပြားခြောက်သွေ့ခြင်း၊ ခြစ်ရာများ၊ ယားနာ၊ နာကျင်နေသည့်ဒဏ်ရာများ အားလုံးတွင် ပျားရည်ကိုသာ လိမ်းပေးပါ။ အလွန်ထိရောက်ပါသည်။ မီးလောင် ဆီပူလောင်တို့အတွက် အမာရွတ်ပါမကျန်စေမည့် လိမ်းဆေးဖြစ်ပါသည်။

ပျားရည်နှင့် အလှအပ
ဝိတ်ကျ -- ပျားရည်တစ်စ၊ ရေနွေး ခုနှစ်စဖြင့် ရောသောက်လျှင် အဆီလျော့ကျပါမည်။
ဆံပင် -- ပျားရည်တစ်ပုံ၊ သံပုရာရည်နှစ်ပုံ ရော၍ ခေါင်းကိုပွတ်တိုက်ပါ။ ငါးမိနစ်ခန့်မျှ ထားပါ။ ရေသန့်ဖြင့်ဆေးချပါ။ (ခေါင်းလျှော်ရည်ဖြင့် မလျှော်ချရ)။ ဆံပင်ကျွတ်၊ ဆံပင်ကျဲပျောက်ကင်းစေ၍ ဆံပင်သန်စွမ်းစေပါသည်။
မျက်နှာ -- မျက်နှာအသားအရည်စိုပြေအေးမြစေရန် ပျားရည်ကိုသာ လိမ်းကျံထားပါ။ ပေါင်းဆေးကဲ့သို့ အသုံးပြုနိုင်ပါသည်။ တစ်နာရီခန့်ထား၍ ရေဖြင့်မျက်နှာသစ်ချလိုက်ပါ။

ပျားရည်သည် ဘက်စုံအသုံးပြုနိုင်သည့် သဘာဝအစားအစာတစ်ခုပင် ဖြစ်သည်။ ပျားရည်ကို ဆေးဝါးဟုသတ်မှတ်၍ ရောဂါဖြစ်မှသုံးစွဲခြင်းထက် အစားတစ်ခုဟုသတ်မှတ်ပြီး မိမိတို့၏ နေ့စဉ်စားသုံးမှုတွင် အစဉ်အမြဲ ထည့်သွင်းစားသုံးပါရန် အကြံပြုအပ်ပါသည်။
ဤအကြောင်းအရာကို "ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ်ကျမ်းလာ ပျားရည်၏ ထူးခြားသည့်အာနိသင်များ" စာအုပ်မှ ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

အလ်မုဖီးဒ်
ဇုလ်ဟိဂ်ျဂျာ/ ၂၄/ ယောင်မုလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆

-----
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။