Wednesday, October 28, 2015

မုစ်လင်မ်အမျိုးသမီးတိုင်း သိထားရမည့် ရာသီသွေးနှင့် ရောဂါသွေးများအကြောင်း

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/830245673762690:0

အစ္စလာမ်ဘာသာသည် သန့်ရှင်းမှုကို အထူးဦးစားပေးထားသလို စည်းစနစ်တိကျသည့် သန့်ရှင်းနည်းကိုလည်း ပြထားပေသည်။ ထို့အတူ ခဝပ်မှုပိုင်းဆိုင်ရာများတွင်လည်း သန့်ရှင်းစင်ကြယ်မှုရှိရမည်ဟူသော စည်းကမ်းချက်လည်း ရှိပေသည်။ ယင်းခဝပ်မှုတို့သည် အမျိုးသား၊ အမျိုးသမီး နှစ်ဦးစလုံးအပေါ်ဝယ် မပြုမနေရတာဝန်များပင် ဖြစ်ပေသည်။ အမျိုးသမီးတို့တွင် သွေးဆင်းခြင်းဟူသည့် ကဏ္ဍတစ်ရပ်သည် အထူးပါဝင်သည်။ ထိုကဏ္ဍအတွက် စည်းစနစ်တကျ သန့်သည့်အချိန် မသန့်သည့်အချိန်၊ သန့်လျှင် မည်သည်တို့ပြုခွင့်ရှိပြီး မသန့်လျှင် မည်သို့လွတ်လပ်ခွင့်ပေးထားသည်တို့ကို အသေးစိတ် ပြသထားပေသည်။

သွေးဆင်းခြင်းတွင် လစဉ်သဘာဝအရ သွေးဆင်းခြင်းလည်း ရှိသလို ကလေးမီးဖွားပြီးနောက် ဆင်းသည့် သွေးလည်း ရှိပေသည်။ ထိုသွေးနှစ်မျိုး၏ ကြားတွင် ရောဂါဟု သတ်မှတ်သည့် သွေးဆင်းခြင်းလည်း ပါရှိပေသည်။ မုစ်လင်မ်အမျိုးသမီးများအနေဖြင့် မည်သည့်ပုံစံသွေးဆင်းခြင်းဖြင့် ရောဂါသွေးဖြစ်မည်နည်း၊ မည်သည့်ပုံစံတွင် ရာသီသွေးဟု သတ်မှတ်မည်နည်း။ ထို့အတူ မီးတွင်းသွေးသည် ကာလမည်မျှရှိမည်။ ထိုသို့သွေးဆင်းနေချိန်တွင် အစ္စလာမ်၏ အမိန့်များ မိမိအတွက် မည်သို့ပြောင်းလဲသွားသည် စသည်များကို မုစ်လင်မ်အမျိုးသမီးတိုင်း ပြည့်ပြည့်ဝဝ သိရှိထားရန် အထူးလိုအပ်လှပါသည်။ အစ္စလာမ်ဘာသာ၏ သတ်မှတ်ချက်များသည် လွယ်ကူမှုများကို ဦးစားပေးထားသလို အမိန့်နာခံခြင်းဟူသည့် စိတ်ဓါတ်ကိုလည်း အထူးတောင်းဆိုထားပေသည်။ လူသားဖက်က ကောင်းသည်ဟု မြင်သော်လည်း အစ္စလာမ်၏ သတ်မှတ်မှုတွင် မကောင်းဟုပြထားလျှင် ထိုအတိုင်းနာခံမည့် စိတ်ထားရှိနေရပေမည်။ ဤသို့နာခံခြင်းကိုပင် မုစ်လင်မ်ဟုခေါ်သည်။ ပြုလုပ်ဆောင်ရွက်ပါဟု အမိန့်ပေးချိန်တွင် လိုက်နာခြင်းနှင့် မပြုလုပ်ရဟု အမိန့်ပေးချိန်တွင် လိုက်နာခြင်း၊ ထိုနှစ်ခုစလုံးသည် မုစ်လင်မ်တစ်ဦး၏အသိဉာဏ်နှင့် နှလုံးသားတွင် ရှိနေရမည့်စိတ်ဓါတ်တစ်မျိုးပင် ဖြစ်ပေသည်။

ယခုဤနေရာတွင် အမျိုးသမီးများအတွက် အထူးကဏ္ဍတစ်ရပ်ဖြစ်သည့် သွေးဆင်းခြင်းနှင့် ယင်းနှင့်သက်ဆိုင်သည့် အစ္စလာ့မ်ရှရီအသ်၏ အမိန့်များကို အကျဉ်းချုံ၍ တင်ပြသွားပါမည်။ ဗဟစ်ရှ်သီးဇေဝရ်ကျမ်းနှင့် အမျိုးသမီးတို့အတွက် အထူးရေးသားထားသည့် အခြားသောကျမ်းများကို ကိုးကား၍ တင်ပြခြင်းဖြစ်ပါသည်။

ဦးစွာ ၎င်းသွေးများ၏ အရဗီအခေါ်အဝေါ်ကို တင်ပြမည်။
ရာသီသွေး = ဟိုင်း(ဇွ်)။ ရာသီလာနေသူ = ဟာအေဇွာ
မီးတွင်းသွေး = နိဖား(စ်)။ မီးတွင်းသွေးဆင်းနေသူ = နုဖာစာ
ရောဂါသွေး = အိ(စ်)သိဟာဇွာ။ ရောဂါသွေးဆင်းနေသူ = မု(စ်)သဟာဇွာ

ရာသီသွေးသည် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်ချိန်မှအပ ကျန်အချိန်တိုင်းတွင် လစဉ်ပုံမှန်ဆင်းပေသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ရာသီသွေးသည် သန္ဓေသားအတွက် ဖြစ်သွားသည်။ ကလေးမွေးပြီးနောက် သားအိမ်အတွင်း ကျန်ရှိသွေးများသည် နိဖား(စ်)ခေါ် မီးတွင်းသွေးအဖြစ် ဆင်းသွားသည်။ ကလေးကို နို့ချိုတိုက်ကျွေးချိန်တွင် ရာသီသွေးသည် မိခင်၏ နို့ရည်အဖြစ် ပြောင်းလဲသွားသည်။ ဤသည်မှာ ဟိုင်း(ဇွ်)ခေါ် ရာသီသွေးနှင့် မီးတွင်းသွေးတို့၏ ပုံမှန် ပုံစံဖြစ်ပေသည်။ ရောဂါသွေးဟူသည်မှာ လစဉ်ရာသီဆင်းခြင်းနှင့် မီးတွင်းသွေးဆင်းခြင်းတို့တွင် ပုံမှန်သတ်မှတ်ကာလထက် ကျော်လွန်၍ ဆင်းသောသွေး ဖြစ်သည်။ ဟိုင်း(ဇွ်)နှင့် နိဖား(စ်)တွင် အမိန့်များတူသော်လည်း အိ(စ်)သိဟာဇွာခေါ် ရောဂါသွေးတွင်မူ အမိန့်များ မတူညီတော့ပါ။ ထို့ကြောင့် မည်သို့သောအခြေအနေ၌ အမျိုးသမီးတွင် ဆင်းနေသောသွေးတို့သည် ရောဂါသွေးအမိန့်တွင် ပါဝင်သွားသည်ကို သတိပြုရပေမည်။

ရာသီသွေးနှင့် ရောဂါသွေး
၁။ ရာသီသွေး စဆင်းသည့် အစောဆုံး အသက်အရွယ်ကို အစ္စလာမ်တွင် ကိုးနှစ်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် မိန်းကလေးငယ်တစ်ဦးသည် အသက်ကိုးနှစ်မတိုင်ခင် သွေးဆင်းခဲ့သည်ရှိသော် ၎င်းသွေးသည် ရာသီသွေးတွင် အကျုံးမဝင်ပေ။ ရောဂါကြောင့် ဆင်းသောသွေးဟု သတ်မှတ်သည်။
(အစ္စလာမ်ဘာသာ၌ မိန်းကလေးတစ်ဦးသည် ရာသီသွေးစတင်ဆင်းပြီဆိုလျှင် အရွယ်ရောက်ပြီဟု စတင်သတ်မှတ်လိုက်ပါသည်။ အရွယ်ရောက်သွားသည့် မုစ်လင်မ် မိန်းကလေး၊ ယောက်ျားလေးတိုင်းတွင် နေ့စဉ်မပြုမနေရ ဖရဇ်နမားဇ်များ၊ ထို့အတူ ရိုဇာ၊ ဇကားသ်၊ ဟဂ်ျ၊ လုံခြုံစွာဖုံးအုပ်၍ ဝတ်ဆင်သွားလာခြင်း၊ ပြစ်မှုကျူးလွန်လျှင် အပြစ်ထိုက်ခြင်း စသည့်အမိန့်များသည် တာဝန်ကျလာပြီဖြစ်သည်။ ဤအချက်ကို အုပ်ထိန်းသူ လူကြီးသူမများကောင်းစွာ သတိချပ်ရပါမည်။ အသက်ငယ်သေးတယ်ဟု ကိုယ့်စိတ်ကူးဖြင့် သတ်မှတ်၍ ရိုဇာ၏တာဝန်များ နမားဇ်၏ တာဝန်များလွတ်နေသည်ကို မသိကျိုးကျွံပြုနေပါလျှင် ပြစ်ဒဏ်ခံရပါက ထိုသို့သောလူကြီးများပါ အပြစ်ခံရမည်ဖြစ်ပါသည်။)

၂။ သွေးဆုံးသည့် နောက်ဆုံးအသက်အရွယ်ကို ၅၅နှစ်ဟု သတ်မှတ်ထားသည်။ အကယ်၍ အသက် ၅၅နှစ်နောက်ပိုင်းတွင် သွေးဆင်းခြင်း ရှိခဲ့သော် .... သွေး၏ အရောင်သည် အနီဖြစ်လျှင်၊ သို့မဟုတ် အမဲဖြစ်လျှင် ရာသီသွေးဟုသာ သတ်မှတ်မည်။ သွေးအရောင်သည် အဝါ၊ အစိမ်း သို့မဟုတ် မြေကြီးအရောင်ဖြစ်နေလျှင် ရောဂါသွေးဟု သတ်မှတ်မည်။ သို့သော် သတိပြုရမည်မှာ ယခင်ကတည်းကသွေးဆင်းလျှင်လည်း ထို အဝါ၊ အစိမ်း သို့မဟုတ် မြေကြီးအရောင်များ ဆင်းခဲ့သည်ဆိုလျှင် ယခုဆင်းသည့်သွေးကိုလည်း ရာသီသွေးဟုသာ သတ်မှတ်သည်။

၃။ ရာသီသွေးဆင်းသည့် အနည်းဆုံးရက်အရေအတွက်မှာ သုံးနေ့နှင့် သုံးညတိတိဖြစ်သည်။ အများဆုံးရက်အရေအတွက်မှာ ဆယ်နေ့ ဆယ်ညအထိ ဖြစ်သည်။ (နေ့နှင့် ညနှစ်ခုပေါင်းမှ တစ်ရက်ဟု သတ်မှတ်သည်။)
အနည်းဆုံးရက်ထက် လျော့လျှင်သော်လည်းကောင်း၊ အများဆုံးရက်ထက် ပိုလျှင်သော်လည်းကောင်း (နည်းသောရက်၏သွေးနှင့် ပိုသောရက်တွင် ဆင်းသည့်သွေးတို့ကို) ရောဂါသွေးဟု သတ်မှတ်သည်။

၎။ အဖြူရောင်မှအပ ကျန်အရောင်များသည် ရာသီသွေး၏အရောင်များ ဖြစ်သည်။ ဥပမာ အနီ၊ အညို၊ အမဲ၊ မြေကြီးအရောင်၊ အစိမ်း၊ အဝါ။

၅။ အမျိုးသမီးတို့သည် တစ်ဦးနှင့် တစ်ဦး ရာသီသွေးဆင်းသည့် ရက်အရေအတွက် မတူညီပါ။ တချို့သည် သုံးရက်သာလာသည်။ တချို့သည် ဆယ်ရက်အပြည့်လာသည်။ တချို့သည် လေးရက်သော်လည်းကောင်း၊ ငါးရက်၊ ခုနှစ်ရက်၊ ကိုးရက် စသည်ဖြင့် သွေးဆင်းရက်ပုံမှန်ရှိသည်။ တချို့သည် လတစ်လနှင့် တစ်လ မတူညီပဲ သုံးရက်ဖြစ်လိုက်၊ ခုနှစ်ရက်ဖြစ်လိုက်၊ လေးရက်ဖြစ်လိုက် .... စသည့်ပုံစံများလည်း ရှိပေသည်။ ပုံမှန်လာသည့်ရက်ဟူ၍ မရှိဘဲ ရက်အရေအတွက် ပြောင်းလဲနေသည်။ ထို့ကြောင့် သိမှတ်ထားရမည်မှာ ရာသီသွေးဆင်းရာတွင် ဆယ်ရက်အတိ ပြည့်ရမည်ဟူ၍လည်း မရှိသလို အမြဲတန်း ငါးရက်သာလာရမည်၊ ခုနှစ်ရက်သာလာရမည်ဟူ၍လည်း မရှိပါ။

၆။ ရာသီသွေးဆင်းသည့် ကာလအတွင်းတွင် တချို့ရက်များ၌ သွေးမဆင်းသည့်ရက်များလည်း ရှိပေသည်။ ထိုသို့သွေးမဆင်းသည့် ရက်ကို သန့်သည့်ရက်ဟု မသတ်မှတ်ပါ။ သွေးနားရက်သာ ဖြစ်မည်။
ဥပမာ သုံးရက်သွေးဆင်းပြီး လေးရက်မြောက်နေ့တွင် လုံးဝသွေးမဆင်းတော့ပေ။ ငါးရက်မြောက်နေ့တွင်လည်းမဆင်း။ ခြောက်ရက်မြောက်နေ့တွင် သွေးပြန်ဆင်းမည်။ သို့ဆိုလျှင် လေးရက်မြောက်နေ့နှင့် ငါးရက်မြောက်နေ့တို့သည် သွေးနားရက်သာ ဖြစ်သည်။ သန့်သွားသည့်ရက်များ မဟုတ်ပါ။

ရာသီလာသည့်ရက်များအတွင်း ထိုသို့သွေးမဆင်းသည့်ရက်များနှင့် ကြုံသည့်အခါ သန့်ပြီဟု မှတ်ယူ၍ ခေါင်းလျှော် ရေချိုးပြီး နမားဇ်ဖတ်လိုက်သည်များ မပြုပါနှင့်။ ကျန်းမာရေးလည်း ထိခိုက်နိုင်သလို ရှရီအသ်၏ သတ်မှတ်မှုအရ သန့်ရှင်းမှု မရှိသည့်အခြေအနေနှင့် နမားဇ်ဆောက်တည်သည့်ပုံစံဖြစ်သွားပေမည်။ ထို့ကြောင့် အမျိုးသမီးအနေဖြင့် မိမိ၏ ပုံမှန်သွေးဆင်းနေကျရက်ပြည့်ရန် စောင့်ဆိုင်းရပါမည်။ မိမိတွင် ရာသီလာရက်သည် ပုံမှန်မည်သို့ရှိသည်ကို သိထားရပါမည်။

၇။ ရာသီလာသည့် သတ်မှတ်ကာလအတွင်း နေ့စဉ် ညတိုင်း အချိန်ပြည့် သွေးဆင်းနေရမည်ဟူသည့် သတ်မှတ်ချက်မရှိပါ။

၈။ ရာသီသွေးပြီးသွားခြင်း၏ လက္ခဏာတစ်ခုမှာ လစဉ်သုံးဂွမ်းစတွင် မည်သည့်အရောင်အဆင်းမှ မပေကျံတော့ခြင်းဖြစ်သည်။ ထို့အတူ အဖြူဆင်းလာလျှင်လည်း ရာသီသွေးပြီးဆုံးခြင်း၏ လက္ခဏာတစ်ခုဖြစ်ပါသည်။

၉။ ရာသီသွေးနှစ်ကြိမ်၏အကြား သန့်ပြန့်သည့်ကာလမှာ အနည်းဆုံး ၁၅ရက်ဖြစ်သည်။ အများဆုံးရက်မှာ သတ်မှတ်ချက်မရှိပါ။ ထို့ကြောင့် တစ်ခါတစ်ရံ တစ်လတွင်ရာသီသွေးဆင်းပြီးနောက် လေး၊ ငါးလအထိ သွေးမဆင်းလျှင်လည်း ထိုလအားလုံးသည် သန့်သည့်ကာလများဖြစ်ပါသည်။

၁ဝ။ ရာသီသွေးဆင်းရာတွင် ပုံမှန် သုံးရက်၊ သို့မဟုတ် လေးရက်၊ ခုနှစ်ရက် စသည်ဖြင့် သွေးဆင်းသည်။ သို့သော် လတစ်လတွင် ပုံမှန်လာနေကျရက်ထက် ပိုဆင်းလာသည်။ သို့သော် ဆယ်ရက်ထက် မကျော်လွန်လျှင် ထိုပိုဆင်းသည့်သွေးတို့သည် ရာသီသွေးသာ ဖြစ်၏။ အကယ်၍ ဆယ်ရက်ထက်ကျော်သည်ဆိုလျှင် မိမိပုံမှန်လာနေကျရက်ကို ရာသီသွေးဟုသတ်မှတ်ပြီး (ပုံမှန်ရက်ထက်) ကျော်လွန်သည့် ရက်အားလုံး၏သွေးကို ရောဂါသွေးဆင်းသည်ဟု သတ်မှတ်မည်။
ဥပမာ .... လစဉ် ငါးရက် ပုံမှန်သွေးဆင်းသည်။ လတစ်လတွင် ငါးရက်ထက်ကျော်၍ ခုနှစ်ရက်လာသည်။ သို့မဟုတ် ကိုးရက်လာမည်။ ဆယ်ရက်မကျော်မချင်း ထိုသွေးတို့သည် ရာသီသွေးသာဖြစ်မည်။ သို့သော် ကိုးရက်၊ ဆယ်ရက်တွင် သွေးမရပ်သွားဘဲ ၁၁ရက်မြောက်အထိ သွေးဆင်းနေသည်ဆိုလျှင် ပုံမှန်သွေးဆင်းနေကျ ငါးရက်ကို ရာသီသွေးဟုမှတ်ယူပြီး ကျန်ခြောက်ရက်ကို ရောဂါသွေးဟု မှတ်ယူပါမည်။ (ဤအမိန့်မှာ ရာသီလာရာတွင် ပုံမှန် ရက်သတ်မှတ်ချက်ရှိသူအတွက် ဖြစ်၏။)

၁၁။ ရာသီသွေးဆင်းရာတွင် ပုံမှန်ရက် သတ်မှတ်ချက်မရှိသည့် အမျိုးသမီးသည် လတစ်လတွင် ဆယ်ရက်ထက်ကျော်၍ သွေးဆင်းလာပါက (ဆယ်ရက်ထက်ကျော်သည့် လ၏) အရင်လတွင် သွေးဆင်းခဲ့သည့်ရက်အရေအတွက်ကိုသာ ယခုလ၌ ရာသီသွေး၏ရက်ဟု သတ်မှတ်ပြီး ပိုသည့်ရက်အားလုံးကို ရောဂါသွေး၏ ရက်များဟု သတ်မှတ်မည်။
ဥပမာ ပထမတစ်လတွင် သုံးရက် ရာသီလာသည်။ ဒုတိယလတွင် ငါးရက်လာသည်။ တတိယလတွင် ဆယ်ရက်လာသည်။ စတုတ္ထလတွင် ငါးရက်လာသည်။ ပဉ္စမလတွင် ဆယ်နှစ်ရက်လာသည်။ သို့ဆိုလျှင် ပဉ္စမလ၏ရာသီလာရက်ကို စတုတ္ထလနှင့် ကိုက်ညီ၍ ငါးရက်လာသည်ဟု မှတ်ယူပြီး ကျန်သည့် ခုနှစ်ရက်၏ သွေးဆင်းခြင်းကို ရောဂါသွေးဟု မှတ်ယူမည်။ (ဤအမိန့်မှာ ရာသီလာရာတွင် ပုံမှန်ရက် သတ်မှတ်ချက်မရှိသူများအတွက် ဖြစ်သည်။)

၁၂။ အမျိုးသမီးတစ်ဦးသည် လစဉ် လေးရက် ပုံမှန်ရာသီသွေးဆင်းသည်။ ထိုရက်အတိုင်း ကာလကြာရှည်စွာ ရာသီလာလေ့ရှိသည်။ သို့သော် လတစ်လတွင် ခုနှစ်ရက်အထိ သွေးဆင်းသည်။ သို့ဆိုလျှင်လည်း ရာသီသွေးသာဖြစ်၏။ ထိုသို့ ခုနှစ်ရက်အထိသွေးဆင်းသည့်လပြီးနောက် နောက်တစ်လတွင် ဆယ်ငါးရက်သွေးဆင်းသည်ဆိုလျှင် ခုနှစ်ရက်အထိကို ရာသီသွေးဟု မှတ်ယူပြီး ကျန်သည့် ရှစ်ရက်၏ သွေးဆင်းခြင်းကို ရောဂါသွေးဟု မှတ်ယူရမည်။ လေးရက်မှ ခုနှစ်ရက်သို့ပြောင်းသွားခြင်းကို မိမိ၏ပုံမှန်ရက် ပြောင်းလဲသွားပြီဟု သတ်မှတ်လိုက်ရပါမည်။
(လေးရက်၊ ခုနှစ်ရက်တို့သည် ဥပမာပြခြင်းသာ ဖြစ်၏။ ဆိုလိုရင်းမှာ အမျိုးသမီး၏ ကာလကြာရှည်စွာ ပုံမှန်ရာသီလာရက်သည် ပြောင်းသည်လည်း ရှိ၏။ ထို့ကြောင့် မိမိအတွက် ပြောင်းသွားသည့် ရာသီလာရက်သည် ဆယ်ရက်အတွင်းရှိပါက ရာသီလာခြင်းသည်ဖြစ်၏။ ဆယ်ရက်ထက်ကျော်ပါက နောက်ဆုံးပြောင်းသွားသည့် ပုံမှန်ရက်ကိုသာ ရာသီလာရက်အဖြစ် အတည်ယူရပါမည်။ ယခင်ပုံမှန်လာနေကျရက်ကို အတည်မယူတော့ပါ။)

၁၃။ မိန်းကလေးတစ်ဦးသည် ယခုမှ ပထမဦးဆုံးအကြိမ် ရာသီလာ၏။ ဆယ်ရက်အပြည့်လာလျှင်သော်လည်းကောင်း၊ ထို့ထက်နည်းလျှင်သော်လည်းကောင်း ရာသီသွေးဟုသာ မှတ်ယူပါမည်။ ဆယ်ရက်ထက်ကျော်လာလျှင် ဆယ်ရက်အထိကို ရာသီသွေးဟုမှတ်ယူပြီး ပိုသည့်ရက်များ၏သွေးကို ရောဂါသွေးဟု မှတ်ယူမည်။

၁၄။ ရာသီလာရာတွင် လုံးဝမရပ်တော့ဘဲ တစ်လလုံးဆက်တိုက်သွေးဆင်းနေလျှင် ရာသီစလာသည့်ရက်မှစ၍ ဆယ်ရက်အထိကို ရာသီသွေးဆင်းသည့်ကာလဟု သတ်မှတ်ပြီး ကျန်ရက်အကုန်ကို ရောဂါသွေးဟု မှတ်ယူရမည်။ အကယ်၍ လေးငါးလဆက်တိုက် သွေးဆင်းနေလျှင်လည်း ၎င်းနည်းအတိုင်းပင် လတိုင်းသတ်မှတ်သွားရပါမည်။ ((ဤသို့ လေး၊ ငါး၊ ခြောက်လဆက်တိုက် သွေးဆင်းခြင်းမျိုးရှိသည်။ နှစ်ချီ၍ဆင်းသည်လည်း ရှိသည်။ ရှိုက်သာန်နှောင့်ယှက်မှုကြောင့် ဖြစ်တတ်ပါသည်။))

၁၅။ ကိုယ်ဝန်ဆောင်ထားချိန် သွေးဆင်းလျှင် ၎င်းသွေးသည် ရောဂါသွေးသာဖြစ်သည်။ ရာသီသွေးမဟုတ်ပါ။ ထို့အတူ ကလေးမွေးသည့်အချိန် ကလေးမထွက်မီ ဆင်းသောသွေးသည်လည်း ရောဂါသွေးသာ ဖြစ်၏။ ကလေးသည် တစ်ဝက်ထက်ပို၍ မထွက်သေးသည့်အချိန် ဆင်းသောသွေးကိုလည်း ရောဂါသွေးဟုသာ သတ်မှတ်ပါသည်။

ရာသီသွေးဆင်းသည့်ကာလတွင် ဆောင်ရန်၊ ရှောင်ရန်
ရာသီသွေးဆင်းသည်ဟု သတ်မှတ်ထားသည့်ကာလတွင် နမားဇ်ဖတ်ခွင့်နှင့် ရိုဇာထားခွင့်မရှိပါ။ အကယ်၍ ဆယ်ရက်အပြည့်လာသူဖြစ်လျှင် ဆယ်ရက်လုံး ဖတ်ခွင့်မရှိပါ။ ဤသည်မှာ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်ပင် ဖြစ်၏။ ထိုသို့ဖတ်ခွင့်မရခြင်းကို အထူးတလည် စိတ်ညစ်နေခြင်း၊ စိတ်ပျက်နေခြင်းများ ဖြစ်ပေါ်ရန် မလိုအပ်ပါ။ ရာသီလာသည့်ကာလအတွင်း ပျက်သွားသည့် နမားဇ်များကို အလ္လာဟ်အရှင်မြတ်သခင်က ခွင့်လွှတ်ပေးထားသည်။ သဘောမှာ ကဇွာ အစားပြန်ဖြည့်ရန် မလိုအပ်ပေ။ ရိုဇာကိုမူ ကဇွာပြန်ဖြည့်ရမည်။ ထို့အတူ ကုရ်အာန်ဖတ်ခြင်း မပြုပိုင်ပါ။ ကုရ်အာန်၌ပါသည့် ဒုအာများကို ဒုအာ၏နိယသ်ဖြင့် ဖတ်ရွတ်နိုင်သည်။ ဒုအာအေကုနူးသ် ဖတ်ခွင့်ရှိသည်။ "လာဟောင်းလာ ဝလာကူဝသ အိလ်လာဗိလာဟိလ် အလီယစ်လ် အဇွီးမ်" ဖတ်ခွင့်ရှိသည်။ ကုရ်အာန်ကို လက်ချည်းသက်သက်ဖြင့် ကိုင်တွယ်ခွင့် မရှိပါ။ ကုရ်အာန်ကို အရေးပေါ်ကိုင်ရမည်ဆိုလျှင် မိမိ၏ခန္ဓာကိုယ်နှင့် ထိကပ်မနေသည့် အဝတ်စဖြင့် ကိုင်တွယ်ရမည်။ ဥပမာ အင်္ကျီလက်ကို ဆွဲဆန့်၍ကိုင်ခြင်း၊ ခေါင်းတွင်ဆောင်းထားသည့် ပုဝါအနားစဖြင့် ကိုင်တွယ်ခြင်းများ မပိုင်ပါ။ ခန္ဓာကိုယ်နှင့်မထိကပ်နေသည့် သီးသန့်အဝတ်၊ လက်ကိုင်ပုဝါ စသည်တို့ဖြင့် ကိုင်တွယ်ရမည်။ ကုရ်အာန်အာယသ်များရေးထားသည့် ကြေးပြားများ၊ သအ်ဝီးဇ်များကိုလည်း ကိုင်ခွင့်မရှိပါ။ ကုရ်အာန်အာယသ် ရေးသားခွင့်မရှိပါ။ ကအ်ဗာကျောင်းတော်ကို သွဝါးဖ်လှည့်ခြင်း ပြုခွင့်မရှိပါ။ ထို့အတူ ရာသီလာနေစဉ်ကာလအတွင် လင်မယားပေါင်းသင်းဆက်ဆံခြင်းသည် ဟရာမ်ဖြစ်၏။ ((ပေါင်းသင်းခြင်းမှအပ ကျန်သည့်အခြေအနေများ ဥပမာ ခါး၊ လက် စသည်တို့ထိကိုင်ခြင်း၊ အတူတကွစားသောက်ခြင်း၊ နမ်းခြင်း၊ ကျီစယ်ခြင်း၊ အိပ်ယာတစ်ခုတည်းတွင် အတူလှဲလျောင်းခြင်းများ ပြုပိုင်ပါသည်။))

ရာသီလာသည့်ကာလတွင် ဆောင်ရန်မှာ အတတ်နိုင်ဆုံး ဝုဇူဖြင့် အချိန်ပြည့်နေသင့်သည်။ နမားဇ်အချိန်ကျရောက်တိုင်း ဂျာနမားဇ်ခင်း၍ထိုင်ပြီး ဇိကိရ်၊ အိ(စ်)သိဂ်ဖာရ်၊ ဒရူးဒ်၊ ဒုအာ၊ မုနာဂျာသ်များကို ဖတ်ရမည်။ ဤသို့ပြုခြင်းသည် မုစ်သဟဗ်ဖြစ်ပါသည်။ နမားဇ်ဖတ်ခွင့်မရှိတော့သည်နှင့် လွတ်ပြီ ကျွတ်ပြီဟူသည့်ပုံစံဖြင့် အလ္လာဟ်ကို မေ့သွားသည်မျိုးမဖြစ်စေရပါ။ ထို့အတူ ရာသီလာသည့်ရက်များတွင် ဂုနာဖြစ်စေသည့်ကိစ္စရပ်များကို ကျူးလွန်ပါကလည်း အပြစ်ထိုက်ပါမည်။ ထို့ကြောင့် အပြစ်များရှောင်ခြင်းနှင့်အတူ ဇိကိရ်၊ ဒုအာတို့ကို ဆောင်ကြပါ။

အင်န်ရှာအလ္လာဟ် ....... ရောဂါသွေးတွင် လုပ်ဆောင်ရမည့်အမိန့်များ၊ မီးတွင်းသွေးအကြောင်းနှင့် ကိုယ်သန့်သည့်အချိန်နှင့် ကိုယ်မသန့်သည့်အချိန် ပြုလုပ်ကြသည့် အမှားများအကြောင်းကို ဆက်လက်တင်ဆက်ပါမည်။

အလ်မုဖီးဒ်
ဇုလ်ဟဂ်ျ/ ၆/ ဟိဂျရီ ၁၄၃၆

---
အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။