Wednesday, October 7, 2015

အမလ်လုပ်ခွင့် ရုပ်သိမ်းခံရခြင်း၏ အကြောင်းခံ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/photos/a.384419661678629.1073741825.383183328468929/825785407542050/?type=3&theater

အမလ်လုပ်ခွင့် ရုပ်သိမ်းခံရခြင်း၏ အကြောင်းခံများအနက် တစ်ခုမှာ ငွေကြေးဓနရှာဖွေမှုတွင် ဟလာလ်၊ ဟရာမ် ခွဲမရအောင် သံသယဖြစ်ဖွယ် ရှာဖွေမှု၊ ဟရာမ်နည်းဖြင့် စီးပွားရှာခြင်း၊ သတိရှိစွာ ရှောင်ကြဉ်ခြင်းတရားထား၍ ရှာဖွေမှုမပြုခြင်း၊ ဟလာလ် ဟရာမ်မခွဲခြား၊ သံသယဖြစ်ခြင်း မဖြစ်ခြင်းကိုလည်း မခွဲခြား၊ ငွေရရေးကိုသာ အဓိကထား၍ ရသလိုငွေရှာမည်ဟု ဆန္ဒထားပြီး ဓါးပြတိုက်ရသည်ဖြစ်စေ၊ ခိုး၍ဖြစ်စေ၊ လာဘ်ပေး လာဘ်ယူလုပ်၍ဖြစ်စေ၊ အတိုးပေးယူ၊ လိမ်၍၊ လှည့်၍၊ မုသားပြော၍ ဖြစ်စေ၊ မည်သို့သောနည်းဖြင့် ဖြစ်စေ ငွေရလျှင်ပြီးရောသဘောဖြင့် ရှာဖွေခြင်း၊ ဤသို့စီးပွားရှာခြင်း၏ ရလဒ်ကား ကောင်းမှုအမလ်များဆောက်တည်ခြင်းမှ လက်မဲ့ဖြစ်ရ၏။ အချုပ်အားဖြင့် သိရသည်မှာ စိတ်နှလုံးတွင် နူရ်ရှိမှ အိဗာဒသ်လုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။ ဟလာလ်စီးပွား ရှာစားမှုရှိမှ စိတ်နှလုံးတွင် နူရ်ရှိမည်။ ဟလာလ်ထမင်းလုပ်စားမှ နူရ်ရမည်။ ဟလာလ်ရိုဇီသည် နည်းပါစေ၊ ဗရ်ကသ်ရှိလေသည်။

ဟလာလ်ရိုဇီသည် အမြဲ အနည်းအကျဉ်းသာ ရတတ်သည်။ များစွာ မရတတ်ချေ။ ဟရာမ်ရှာဖွေမှုကတော့ များများဖြစ်နိုင်သည်။ ဟလာလ်နည်းဖြင့် ရှာဖွေမှုသည် နည်းတတ်သည်။ ((တစ်ဦးတစ်ယောက်ကို အလ္လာဟ်အရှင်မြတ်က များစွာချီးမြှင့်ထားလျှင် ဤသည်မှာ သီးသန့်ဖြစ်သည်။)) ထုံးစံအားဖြင့် ဟလာလ်ရိုဇီသည် လိုအပ်သည်ခန့်သာ ရတတ်ပေသည်။ ထိုဟလာလ်ရိုဇီထဲတွင် ကောင်းခြင်းအဖြာဖြာရှိပေသည်။ [ ပြန့်ကျဲနေသောပုလဲလုံးများ အတွဲ ၂ ]

ဟလာလ်၏ သဘောမှာ အစ္စလာမ်တွင် ပြုခွင့်ပေးထားသည့် အရာကိုခေါ်ဆိုသည်။ စားဝတ်နေရေး အကုန်လုံးတွင် ဟလာလ်၏စည်းကမ်းချက်သည် ပါဝင်ပေသည်။ ထို့အတူ ရိုဇီ၏သဘောမှာလည်း စားဝတ်နေရေး သုံးမျိုးလုံးတွင် ပါဝင်သည်။ မုစ်လင်တစ်ယောက်၏ စား၊ ဝတ်၊ နေထိုင်မှု သုံးမျိုးလုံးသည် ဟလာလ်၏စည်းမျဉ်းများနှင့် ကိုက်ညီနေပါမှ ၎င်း၏ နှလုံးသားတွင် နူရ်ဖြစ်မည်။

အလ္လာဟ်အရှင်မြတ်သည် ဟရာမ်ဖြင့် ကြီးထွားသည့် ခန္ဓာကိုယ်၊ ဟရာမ်ဖြင့်ရှာဖွေပြီး ရရှိသည့်ငွေကြေးဖြင့် ဝတ်ဆင်သည့် အဝတ်အထည်တို့ဖြင့် ပြုလုပ်သည့် အိဗာဒသ်ကို လက်ခံမည်မဟုတ်။ အစားအစာသည် စားပြီးနောက် မစင်တစ်မျိုးတည်းဖြစ်သည်မဟုတ်ပါ။ အစား စားပြီးနောက် ယင်းအစားသည် ခန္ဓာကိုယ်တွင် အသွေး၊ အသား၊ အင်အား၊ လိုအပ်သည့် ဗီတာမင် စသည်များလည်း ဖြစ်ပေါ်ရပေသည်။

ထို့ကြောင့် မိမိပါးစပ်အတွင်းသို့သွင်းမည့် အစားတစ်လုပ်တွင် ဟရာမ်တစ်ပုံခန့်မျှ ပါရှိခဲ့လျှင်လည်း ယင်းဟရာမ်သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင် သွေးဖြစ်မည်၊ ဗီတာမင်ဖြစ်သွားမည်ကို မသိရပေ။ ထိုအစားမှရသည့် အင်အားဖြင့် ကျွန်ုပ်တို့ နမားဇ်များဖတ်မည်။ အလ္လာ့ဟ်ထံပါး တောင်းဆုပြုနေကြမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ကောင်းမှု၊ တောင်းဆုတို့ကို လက်ခံခြင်းပြုမည်မဟုတ်ပေ။ ဟရာမ်ပါဝင်နေသော အမလ်တွင် မည်သည့်စူးရှမှုမှမရှိသည်ကိုကောင်းစွာသတိပြုရပေမည်။

ထို့ကြောင့် မိမိတို့၏ စား၊ ဝတ်၊ နေရေးနှင့် ပြောဆိုဆက်ဆံမှုများ အားလုံးသည် ဟလာလ်ဖြစ်နေရန် ဂရုစိုက်ရပေမည်။ စား၊ ဝတ်၊ နေရေးသည် ဟလာလ်ဖြစ်မှသာလျှင် နှလုံးသားအတွင်း နူရ်ဖြစ်မည်။ နှလုံးသားအတွင်း နူရ်ဖြစ်မှ ကောင်းမှုကုသိုလ်ပြုချင်စိတ် ဖြစ်မည်။ ဟလာလ်ဖြင့် ကြီးထွား၊ ဆင်ယဉ်ထားသည့် ခန္ဓာကိုယ်မှ ပြုလုပ်သော ကောင်းမှုကို အလ္လာဟ်အရှင်မြတ်က လက်ခံမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ လက်ခံခြင်းသည် လောကီ၊ လောကုတ္တရာတွင် အောင်မြင်ခြင်း၏ အဓိကသော့ချက်ပင် ဖြစ်ပါသည်.....။

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/ ၂၈/ ယောင်မုလ်အဟဒ်/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။