Wednesday, October 7, 2015

ဖက်စပ်လုပ်သူနှစ်ဦး၏ အံ့ဖွယ်အကြောင်းအရာ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/825322450921679:0

လူနှစ်ဦးသည် အချင်းချင်း ဖက်စပ်လုပ်ကြသည်။ ၎င်းတို့ထံတွင် ရွှေဒင်္ဂါးရှစ်ထောင် စုမိသွားသည်။ တစ်ဦးက အလုပ်အကိုင်လုပ်တတ်သည်။ ဒုတိယလူက ဘာမျှမတတ်ချေ။ တတ်ကျွမ်းသူက မတတ်ကျွမ်းသူကို ပြောသည်မှာ .... ယခု ကျွန်ုပ်တို့နှစ်ဦး ပြေလည်ရန် မလွယ်ပါ။ အသင့်အနေဖြင့် မိမိရသင့်တာကို ယူသွားပါ။ ထိုသို့ဖြင့် ၎င်းတို့နှစ်ဦးသည်မိမိတို့၏ဝေစုကိုယူ၍ လမ်းခွဲလိုက်ကြသည်။

ထို့နောက်တွင် တစ်ဦးသည် ဘုရင်၏နန်းတော်ကို ရွှေဒင်္ဂါးတစ်ထောင်ဖြင့် ဝယ်လိုက်သည်။ မိမိမိတ်ဆွေကိုလည်း ခေါ်ပြသည်။ ပြောစမ်းပါဦး၊ ကျွန်ုပ်ဝယ်လိုက်တာ ဘယ်လိုနေသလဲ။ ထိုအခါ လာရောက်ကြည့်ရှုသူ မိတ်ဆွေက ၎င်းကို များစွာချီးကျူးလေသည်။ လာရောက်ကြည့်ရှုသူသည် ထိုနေရာမှ အပြင်သို့သွားသောအခါ အလ္လာ့ဟ်ထံတော်ပါးတွင် ဤသို့ ဒုအာတောင်းသည်။ အိုအရှင် ကျွန်ုပ်၏ဤမိတ်ဆွေက ရွှေဒင်္ဂါးတစ်ထောင်တန်တိုက်ကို ဝယ်ခဲ့ပါသည်။ ကျွန်တော်မျိုးမှာကား အရှင့်ထံမှ ဂျန္နသ်၏တိုက်ကို လိုလားပါသည်။ ကျွန်တော်သည် အရှင့်နာမတော်အပေါ်တွင် မိစ်ကီးန်ဗန္ဒာများကို ရွှေဒင်္ဂါးတစ်ထောင်လှူဒါန်းပါသည်ဟု ပြောပြီး ဒုအာတောင်းသည့်အတိုင်း အလ္လာဟ်လမ်းတော်၌ရွှေဒင်္ဂါးတစ်ထောင် သုံးစွဲခဲ့လေသည်။

ထို့နောက် လောကီသားသည် ကာလအတန်ကြာပြီးနောက်တွင် ရွှေဒင်္ဂါးတစ်ထောင်အကုန်ခံ၍ အမျိုးသမီးတစ်ဦးနှင့် နိကာလုပ်ပြီး ဝလီမာတွင် ထိုဖက်စပ်လုပ်ခဲ့သူမိတ်ဆွေအား ဖိတ်ခေါ်ကျွေးမွေးပြီးပြောသည်မှာ ငါသည် ရွှေဒင်္ဂါးတစ်ထောင်အကုန်ခံ၍ ဤအမျိုးသမီးနှင့် နိကာလုပ်ခဲ့သည်။ ထိုအခါ မိတ်ဆွေက ၎င်းအား ချီးကျူးစကားဆိုခဲ့လေသည်။ အိမ်သို့ပြန်ရောက်သောအခါ အလ္လာဟ်အရှင့်လမ်းတော်တွင် ရွှေဒင်္ဂါးတစ်ထောင်လှူဒါန်းလေသည်။ဒုအာတွင် အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏မိတ်ဆွေက ဤမျှခန့်ငွေကြေးအကုန်အကျခံ၍ လောက၏အမျိုးသမီးတစ်ဦးကို ရယူခဲ့ပါသည်။ ကျွန်တော်မျိုးသည် ထိုမျှခန့်ငွေဖြင့် အရှင့်ထံတော်မှ ဟူရေအီးန်ကို တောင်းခံပါသည်ဟုဒုအာပြုလေသည်။

ကာလအတန်ကြာပြီးနောက် လောကီသားသည် ရွှေဒင်္ဂါးနှစ်ထောင်အကုန်ခံ၍ ဥယျာဉ်ခြံနှစ်ခြံ ဝယ်လိုက်သည်။ လာကြည့်လှည့်ပါဟုဆို၍ မိမိမိတ်ဆွေကို ခေါ်ပြလေသည်။ မိတ်ဆွေဖြစ်သူက တွေ့မြင်ပြီး များစွာချီးကျူးစကားဆိုလေသည်။ အိမ်သို့ပြန်လာပြီးနောက် ထုံးစံအတိုင်း အရှင့်ထံဒုအာတောင်းသည်မှာ အိုအရှင် ကျွန်တော်မျိုး၏မိတ်ဆွေက ရွှေဒင်္ဂါးနှစ်ထောင်ဖြင့် လောကီ၏ ခြံနှစ်ခြံ ဝယ်ခဲ့ပါသည်။ ကျွန်တော်မျိုးသည် အရှင့်ထံတော်ပါး၌ ဂျန္နသ်ဥယျာဉ်မှ ခြံနှစ်ခြံကို အလိုရှိပါသည်။ ဤရွှေဒင်္ဂါးနှစ်ထောင်ကို အရှင့်လမ်းတော်၌ ဆွဒကာလှူဒါန်းပါသည်ဟု ဆို၍ ဆင်းရဲသားများကို လှူဒါန်းလိုက်သည်။

အချိန်တန်၍ နှစ်ဦးစလုံး ကွယ်လွန်ကြသောအခါ ထိုဆွဒကာလှူဒါန်းသူအား ဂျန္နသ်သို့ တိုက်ရိုက်ပို့ဆောင်ပေးလေသည်။ ထိုဂျန္နသ်တွင် အလွန်လှပသောမိန်းမပျို ဟူရေအီးန်ကိုလည်း ရရှိသည်။ ဥယျာဉ်ခြံလည်း ရရှိသည့်အပြင် အလ္လာဟ်အရှင်မြတ်မှအပ မည်သူမှမသိရှိနိုင်သော စည်းစိမ်များကိုလည်း ရရှိလေသည်။ ထိုအချိန်မှာပင် မိမိ၏လောကီသား မိတ်ဆွေကို သတိရ၍ ဖရစ်ရှ်သာများကို မေးမြန်းရာ ၎င်းတို့က ထိုသူ ဂျဟန္နမ်တွင်ကျနေကြောင်း အသင်ကြည့်လိုက ကြည့်နိုင်ကြောင်း ဆိုသဖြင့် ဂျဟန္နမ်သို့ကြည့်လေသည်။ လောကီကို နှစ်သက်သည့် မိတ်ဆွေကို ဂျန္နသ်သီအဖော်က အိုမိတ်ဆွေ အလ္လာဟ်အရှင်စောင်မတော်မူသဖြင့် ကျွန်ုပ် ဂျန္နသ်ကိုရရှိခဲ့ပါသည်။ သို့မဟုတ်က အသင်သည် ကျွန်ုပ်ကိုပါ ခေါ်ဆောင်၍ ဂျဟန္နမ်သို့လားစေမည်။ ယခုမူ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ အသနားတော်နှင့် လွတ်သွားပေပြီဟု ပြောလေသည်။ (သဖ်စီးရ်အိဗ်နေကစီးရ်ကျမ်း၊ အတွဲ ၄၊ စာ ၃၆၈)
[ ပြန့်ကျဲနေသောပုလဲလုံးများ အတွဲ-၂ မှ ကောက်နှုတ်ဖော်ပြပါသည် ]

သိမှတ်ဖွယ်
လောကဟူသည် အာခိရသ်၏ ဥစ္စာများကို စုဆောင်းရာ ဌာနတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် ဤလောကတွင် ရှင်သန်နေစဉ် မိမိ၏ရှာဖွေမှုများထဲမှ တချို့ကို အာခိရသ်အတွက် စုဆောင်းထားရမည်။ အာခိရသ်အတွက် စုဆောင်းခြင်းဟူသည်မှာ လောကကဲ့သို့ ငွေကြေးပစ္စည်းများကို မီးခံသေတ္တာထဲ ထည့်သိမ်းရန်မဟုတ်။ လောက၏ ငွေကြေးဥစ္စာကို အာခိရသ်အတွက် ကောင်းကုသိုလ်အဖြစ် အသွင်ပြောင်းကာ စုဆောင်းရပေမည်။ မိမိ၏ ရှာဖွေမှုများကို လောကတွင် ဇိမ်ယစ်ရန်သာ သုံးစွဲမည်ဆိုပါက အာခိရသ်ရောက်သည့်အခါ ကောင်းမှုလက်မဲ့ ကုသိုလ်ဗလာ ဖြစ်နေပေမည်။ ထို့ကြောင့် အထက်ပါအကြောင်းအရာကို သင်ခန်းစာယူကာ မိမိအနေဖြင့် လောကတွင် စိတ်တိုင်းကျနေရန် ပစ္စည်းများ နေအိမ်တိုက်တာများ ဝယ်ယူစုဆောင်းသကဲ့သို့ အာခိရသ်အတွက်လည်း စုဆောင်းပါ။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်တိုင် အလွန်ရက်ရောတော်မူသော အရှင်မြတ်ဖြစ်သကဲ့သို့ များစွာလှူဒါန်းသူကိုလည်း နှစ်သက်တော်မူပေသည်....။

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါလ/ ၂၇/ ယောင်မုစ်စဗ်သိ/ ဟိဂျရီ ၁၄၃၆