Saturday, March 21, 2015

ပညာသင်ရန် အထူးလိုအပ်ခြင်း


ကျွန်ုပ်တို့သည် သာသနာ့ပညာကို ဤမျှအရေးတကြီးဆည်းပူးရန် အဘယ့်ကြောင့်လိုအပ်ရပါသနည်းဟု စဉ်းစားဆင်ခြင်တတ်သူတိုင်း အလိုအလျောက် မေးခွန်းထုတ်တတ်ကြပေသည်။အဖြေကား - လောက၌ အရာဝတ္ထုတိုင်းတွင် နှစ်မျိုးသောအင်အားစုရှိသည်ကို တွေ့မြင်ရပေမည်။ ပထမအမျိုးအစားသည် ရဟ်မာနီ ကြင်နာမှုအင်အားဖြစ်ပြီး ဒုတိယအမျိုးအစားသည် ရှိုက်သွာနီ ခက်ထန်မှုအင်အားပင် ဖြစ်သည်။ ဤအင်အားစုနှစ်ခု၏ နည်းလမ်းသည်လည်း တခြားစီပင်ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် ---
وهدينه النجدين
(ဝဟဒိုင်း နားဟွန်(န) နဂ်ျဒိုင်း(န))
ငါအရှင်သည် လမ်းနှစ်သွယ်ကို ညွှန်ပြထားတော်မူ၏ ဟု မိန့်ဆိုထားပေသည်။ ဤတွင် ပထမအင်အားစုသည် လူသားတို့၏ မိတ်ဆွေဖြစ်၍ ကောင်းမှုကို လိုလားသည်။ ဒုတိယအင်အားစုသည် လူသားတို့၏ ရန်သူဖြစ်၍ ဒုစရိုက်မှုကို လိုလားပေသည်။

ပထမအင်အားစုအပေါ်၌ လူသားများ လိုက်နာကျင့်သုံးပါက အစမှ အဆုံးတိုင် သာယာအေးချမ်းမှုကို ခံစားရရှိနိုင်မည်ဖြစ်သည်။ ဒုတိယအင်အားစုအပေါ် လူသားများ လိုက်နာကျင့်သုံးပါမူ အတိုင်းအတာမရှိသော နစ်နာမှုနှင့် မဟာဆုံးရှုံးမှုကြီးကို ခံစားကြရပေမည်။

သို့ပါ၍ ကျွန်ုပ်တို့အတွက် ပထမဆုံးအရေးကြီးသော လိုအပ်ချက်ကား အဘယ်အရာသည် ကျွန်ုပ်တို့အတွက် မိတ်ဆွေဖြစ်သည်။ အဘယ်အရာကား ကျွန်ုပ်တို့အတွက် ရန်သူဖြစ်သည်။ အဘယ်အရာကား ကျွန်ုပ်တို့အတွက် အကျိုးပြုစေသဖြင့် လိုက်နာယုံကြည်ရန် ထိုက်သည်။ အဘယ်အရာကား နစ်နာစေသဖြင့် တော်လှန်သွေဖီထိုက်သည်တို့ကို ဂဃနဏ ခွဲခြားသိရှိနိုင်ရန် အထူးလိုအပ်လှပေသည်။

ထင်ရှားသော မျက်မြင်သာဓကတစ်ခုကို တင်ပြပါမည်။ ကျွန်ုပ်တို့အား အမိဝမ်းတွင်းမှဖန်ဆင်း၍ မွေးဖွားသန့်စင်စေခဲ့သောအရှင်သည် မည်သူနည်း။ ထိုအရှင်ထက်မည်သူက ကောင်းကျိုးကို ပို၍ လိုလားစေပါမည်နည်း။ ထိုအရှင် ကျွေးမွေးစောင့်ရှောက်တော်မူသကဲ့သို့ မည်သူက ကျွေးမွေးစောင့်ရှောက်နိုင်ပါမည်နည်း။ ထိုအရှင်ကဲ့သို့ မည်သူက အေးချမ်းသာယာသောလမ်းကို ညွှန်ကြားပြသနိုင်ပါမည်နည်း။

အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ ----

أَلَا لَهُ ٱلْخَلْقُ وَٱلْأَمْرُ ۗ تَبَارَكَ ٱللَّهُ رَبُّ ٱلْعَٰلَمِينَ

ဖန်ဆင်းမှုနှင့် အမိန့်အာဏာသည် ထိုအရှင့်ထံ၌သာ ရှိ၏။ စကြာဝဠာကို ဖန်ဆင်းတော်မူသောအရှင်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူချေသတည်း။ (၇:၅၄)

ဤအာယသ်တော်တွင် ခလ်က်ဟူသည် ကမ္ဘာအဝန်းကို ဖန်ဆင်းတော်မူသော အရှင်ပင်ဖြစ်၏။ အမရ်ဟူသည် ဖန်ဆင်းခံတို့အပေါ် အမိန့်ပေးလမ်းညွှန်ခြင်းကို ခေါ်ဆိုပေသည်။

ထိုအရှင်သည် ကျွန်ုပ်တို့အား ဖန်ဆင်းပြီးနောက် အကောင်းအဆိုး လမ်းနှစ်သွယ်ကို ညွှန်ကြားပြသပေးလိုက်၏။ သို့ဖြစ်ရာ ကျွန်ုပ်တို့ကိ ကျွေးမွေးစောင့်ရှောက်၍ အကောင်းဆုံးလမ်းညွှန်မှုကို ပေးတော်မူသော ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့အတွက် အားထားရန် အကောင်းဆုံးသောအဖော်မွန်ပေတည်း။

ဒုတိယအင်အားစုနှင့် စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် လာရှိထားသည်မှာ -

يَٰبَنِىٓ ءَادَمَ لَا يَفْتِنَنَّكُمُ ٱلشَّيْطَٰنُ كَمَآ أَخْرَجَ أَبَوَيْكُم مِّنَ ٱلْجَنَّةِ

အို အာဒမ်၏ သားမြေးအပေါင်းတို့ အသင်တို့ကို ရှိုက်သွာန်က လှည့်စားဖြားယောင်ပြီး ဒုက္ခပေးသောလမ်းစဉ်နောက်သို့ မလိုက်ကြကုန်နှင့်။ အသင်တို့၏ မိဘနှစ်ပါးသည် ရှိုက်သာန်၏ လှည့်ဖျားနှောက်ယှက်ခြင်းကို (သတိမမူ) ကျူးလွန်မိခဲ့ကြသဖြင့် ဂျန္နသ်အတွင်းမှ နှင်ထုတ်ခြင်းခံခဲ့ကြရလေသည်။ (၇: ၂၇)

ထိုသို့သော ရှိုက်သာန်၏ နှောက်ယှက်မှုများမှ ကင်းဝေးနိုင်ရန်အလို့ငှာ ရှိုက်သာန်နောက်သို့ မလိုက်ကြကုန်နှင့်ဟု မိန့်ဆိုထားပေသည်။ ကျမ်းမြတ်ကုရ်အာန် ပါရဟ်(၂၂)တွင်လည်း ဤသို့လာရှိထားပေသည်။

إِنَّ ٱلشَّيْطَٰنَ لَكُمْ عَدُوٌّ فَٱتَّخِذُوهُ عَدُوًّا ۚ إِنَّمَا يَدْعُوا۟ حِزْبَهُۥ لِيَكُونُوا۟ مِنْ أَصْحَٰبِ ٱلسَّعِيرِ

အို အာဒမ်၏ သားမြေးအပေါင်းတို့ မုချ ရှိုက်သာန်သည် အသင်တို့၏အကြီးမားဆုံးသော ရန်သူပင်ဖြစ်၏။ သို့ဖြစ်ရာ ၎င်းရှိုက်သာန်ကို ရန်သူဟူ၍ မှတ်ယူပြီး သတိကြီးစွာထားကြကုန်၊ ၎င်းသည် အသင်တို့ကို ဒုက္ခအဖုံဖုံတွင် နစ်မွန်းဆုံးရှုံးသွားစေရန် အစွမ်းကုန်ကြိုးစားအားထုတ်လျှက် ရှိနေပေသည်။ (၃၅:၆)

အကြောင်းကား ရှိုက်သာန်သည် အလ္လာဟ်ဟို့အရှင်မြတ်၏ အမျက်တော်ဒဏ်ခံရပြီး မလ်အူးန်ကျိန်စာသင့်သူအဖြစ် ရောက်ရှိသွားသောအခါ ၎င်းက အလ္လာဟ်အရှင်မြတ်ထံ ဤသို့လျှောက်တင်ခဲ့လေသည်။

قَالَ فَبِمَآ أَغْوَيْتَنِى لَأَقْعُدَنَّ لَهُمْ صِرَٰطَكَ ٱلْمُسْتَقِيمَ ○ ثُمَّ لَءَاتِيَنَّهُم مِّنۢ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَٰنِهِمْ وَعَن شَمَآئِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَٰكِرِينَ ○

အို ကျွန်တော်မျိုး၏အရှင် ဤလူသားအာဒမ်ကြောင့် အရှင်ထံတွင် ကျွန်တော်မျိုး သေးသိမ်ရှုံချခြင်း ခံခဲ့ရ၏။ သို့ဖြစ်ရာ ကျွန်တော်မျိုးသည် ၎င်းလူသားတို့အား အရှင့်လမ်းတော်မှ သွေဖည်စေ၍ သေးသိမ်ခြင်းအဖြစ်သို့ ရောက်ရှိသွားစေရန် အစွမ်းကုန်နှောင့်ယှက်ပါမည်။ ထိုသို့ ဖျက်ဆီးရာတွင် ရှေ့နောက် ဝဲယာနှင့် အဘက်ဘက်မှ နည်းမျိုးစုံ အဖုံဖုံတို့ဖြင့် အနှောင့်အယှက်ပေးပါမည်။ အမှန်တရားဘက်မှ တိမ်းချော်လွဲမှားစေပြီး မိမိအသင်းသို့ သွတ်သွင်းပါမည်ဟု လျှောက်တင်ခဲ့လေသည်။ (၇:၁၆/၁၇)

သို့ပါ၍ ကျွန်ုပ်တို့ကောင်းကျိုးကို မလိုလားသောရှိုက်သာန်အား သွေဖည်တော်လှန်ရမည် ဖြစ်သည်။ ဤတွင် စာဖတ်သူသည် အင်အားစုနှစ်ခုအပေါ် အဘယ်အရာသည် အကျိုးဖြစ်စေ၍ အဘယ်အရာသည် နစ်နာဆုံးရှုံးစေသည်ကို ခွဲခြားသိမြင်နိုင်လေပြီ။ သို့ရှိရာ မိမိအတွက် ကောင်းမှုကုသိုလ်နှင့် အကျိုးသက်ရောက်စေမည့် အကြောင်းတရားများကို အကြွင်းမဲ့ယုံကြည်လက်ခံ၍ မိမိအတွက်နစ်နာဆုံးရှုံးစေမည့် အကုသိုလ်လုပ်ငန်းများကို အဆိုင်းမတွဖယ်ရှားတွန်းလှန်ပစ်ကြရမည် ဖြစ်ပေသည်။

ကျွန်ုပ်တို့သည် ယင်းအင်အားစုနှစ်မျိုးစလုံး၏ လမ်းစဉ်ကို ကွဲပြားခြားနားစွာ သိမြင်နိုင်ရန် အရေးကြီးလှ၏။ မည်သည့်အရာသည် အမှန်တရား၏ အကျိုးကိုသက်ရောက်စေပြီး မည်သည့်အရာသည် နစ်နာဆုံးရှုံးမှုဖြစ်စေသည်ဟူ၍ ခွဲခြားသတ်မှတ်ရန်အတွက် ကျွန်ုပ်တို့တွင် မှတ်ကျောက်တစ်ခု လိုအပ်ပေသည်။ ထိုမှတ်ကျောက်ပေါ်တွင် အကောင်းအဆိုးကိုတင်၍ စမ်းသပ်ပွတ်တိုက်မှသာ ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ ထိုမှတ်ကျောက်ကား ပညာပင်ဖြစ်၏။ ထိုပညာဖြင့်သာ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်ချက်ဖြစ်သော ကောင်းကျိုးနှင့် ရှိုက်သာန်၏ အနှောင့်အယှက်ဖြစ်သော ဆိုးကျိုးလမ်းစဉ်တို့ကို သိစွမ်းနိုင်ပေသည်။

ဤတွင် စာဆိုတော် ရှိုက်ခ်စအ်ဒီ(ရဟ)သခင်ကြီးက လင်္ကာတစ်ပုဒ်ကို ဤသို့ စပ်ဆိုကျူးရင့်ခဲ့ပေသည်။
(ကျိုးရှမအ် အဇ်ပယေး အိလ်မ်ဗာယသ် ဂိုရာခ်သ် + ကေးဗေအိလ်မ် နသဝါန်ခိုသာ ရာရှနာခ်သ်)
ဖယောင်းအရည်ပျော်ကျသည်သို့ အသိပညာမြတ်ရတနာကို မလွဲမှန်စွာ ဆည်းပူးပါလော့ အကြောင်းသော်ကား ပညာနတ္ထိမြင်မရှိက တစ်ပါးအလ္လာဟ် မြတ်ခိုသာကို သိမြင်စွမ်းအား မရှိငြားတည်း။

အလိုသဘောကား .... ပညာမဲ့လျှင် ဖန်ဆင်းရှင်ကို မသိနိုင်သောကြောင့် အသက်ပင်သေဆုံးသွားပါစေ ပညာကိုသာ ရှာဖွေသင်ယူရမည်ဟူ၏။

{မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)