Saturday, March 21, 2015

သာသနာ့ပညာသင်ယူခြင်း၏ အကျိုး


(၁) တမန်တော်မြတ်မိန့်တော်မူခဲ့သည်။ طلب العلم فريضة على كل مسلم
[သွလဗုလ် အိလ်မိ ဖရီးဒွသူန် အလာကုလ်လိ မုစ်လိမင်န် ဝမုစ်လိမဟ်]
(အိဗ်နေမာဂျဟ်ကျမ်း)
သာသနာ့ပညာသင်ယူခြင်းသည် မုစ်လင်မ်တိုင်းအပေါ်၌ ဖရ်ဇ်တာဝန်ဖြစ်၏။
ဆိုလိုသည်မှာ သာသနာ့ပညာရပ်နှင့် သုတအသွယ်သွယ်ကိုဆည်းပူးခြင်းသည် မုစ်လင်မ်တိုင်းအပေါ်၌ ဟဂ်ျတာဝန် ဇကားသ်တာဝန်များကဲ့သို့ မလုပ်မနေရ ဖရ်ဇ်တာဝန်ပင်ဖြစ်သည်။

(၂) အကြင်သူသည် သာသနာ့ပညာရှာဖွေရန်အတွက် အိမ်မှထွက်ခွာလျှင် အိမ်သို့ပြန်မရောက်မချင်း (ဂျိဟားဒ်) သာသနာ့စစ်ပွဲဆင်နွှဲသော သူရဲကောင်းများရရှိသည့် အကျိုးစဝါးဗ်ကို ရရှိမည်ဖြစ်သည်။ (သိရ်မီဇီ)
ဆိုလိုသည်မှာ မည်သူမဆို သာသနာ့ပညာသင်ယူရန် ကျောင်းသို့သွားမည်။ မိမိမြို့ရွာများကိုစွန့်၍ တစ်နိုင်ငံတစ်မြို့နယ် တစ်နေရာ တစ်ဒေသသို့ သွားရောက်သင်ယူမည်။ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များကို ပြန်ဆိုဟောကြားသော ဗလီများသို့ သွားရောက်တရားနာမည်ဆိုပါက ထိုသို့သွားရောက်ကြားနာသင်ယူရာမှ မိမိအိမ်သို့ ပြန်၍ မရောက်မချင်း ကြာညောင်းခဲ့သော အချိန် စက္ကန့် မိနစ် နာရီ ရက် လ နှစ် ကာလများအတွက် ရရှိသည့် အကျိုးစဝါးဗ်ကို မိမိ၏ (နာမာအိအအ်မာလ်) ကိုယ်ကျင့်တရားမှတ်တမ်းတွင် ဤသူသည် အရှင့်လမ်း၌ ဂျိဟားဒ်ပြုခဲ့သူဖြစ်ကြောင်း အရှင်မြတ်က သက်ဆိုင်ရာ ဖရိရှ်သာဟ်တို့အား ရေးမှတ်ထားစေတော်မူမည်။
နေ့စဉ် တစ်မနက် သို့မဟုတ် တစ်ညနေခန့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များမှ သာသနာ့ပညာရှင်များ၏ ဟောကြားပို့ချချက်တို့ကို သွားရောက်၍ နာကြားသောသူများ သို့မဟုတ် တရားကျမ်းဂန်များကို ကိုယ်တိုင်ရွတ်ဖတ်နေသူများသည် နေ့စဉ် ဂျိဟားဒ်၏အကျိုးကို ရယူနေကြရသူများဖြစ်သည့်အတွက် အဘယ်မျှဝမ်းသာစရာကောင်းပါသနည်း။ အဘယ်မျှ နဖူးစာထူးကဲလှပါသနည်း။ စဉ်းစားကြည့်ကြကုန်။

(၃) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ မိမိကိုယ်ကို သာသနာ့ပညာရှာဖွေစည်းပူးသူအဖြစ် သတ်မှတ်ထားလျှင် ထိုသူသည် မိမိကျူးလွန်မိခဲ့သော ဒုစရိုက်အပြစ်ငယ်များကို (ကဖ္ဖာရာဟ်) ချေဖျက်လိုက်မည် ဖြစ်၏။
အလိုသဘောမှာ သာသနာ့ပညာဆည်းပူးသူအဖြစ် သတ်မှတ်ထားခြင်းကြောင့် ရရှိသည့်အကျိုးစဝါးဗ်များသည် ထိုအပြစ်များကို ချေမှုန်းဖျောက်ဖျက်လိုက်သည်မှာ ပိန်းရွက်ပေါ်မှ ရေစက်ရေပေါက်များ လျောကျသွားသည့်နှယ် ကင်းစင်သွားပေသည်။

(၄) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ မုအ်မင်န်များ၏ ဝမ်းဗိုက်သည် အသက်ငင်ချိန်ရောက်သည့်တိုင် သာသနာ့ပညာဖြည့်စွမ်းခြင်းကို တင်းတိမ်ရောင့်ရဲမှု မရှိကြပေ။ ကွယ်လွန်ပြီးချိန်တွင်လည်း ဂျန္နသ်၌ စံမြန်းရပေမည်။ (သိရ်မီဇီကျမ်း)
ဆိုလိုသည်မှာ အကြင်သူသည် အမြဲတစေ သာသာနာ့ပညာကို ရှာဖွေဆည်းပူသူဖြစ်နေသောကြောင့် ဂျန္နသ်၏မင်္ဂလာသတင်းကို သိနေရသူဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပညာရှာဖွေသူတို့အား အီမာန်ရှိသူအဖြစ်နှင့် ရုပ်သိမ်းမည်ဟူသော အသိဖြင့် စိတ်ချမ်းသာမှုကို ပေးထားတော်မူ၏။

ထို့ကြောင့် အစ္စလာမ်သာသနာကို မြတ်နိုးကြသော သူတော်စင်အချို့တို့သည် မိမိကိုယ်တိုင် သာသနာ့ပညာကို သင်ယူလျှက်ရှိကြ၏။ ဤသည်မှာ သာသနာ့ပညာသင်ယူရသော အကျိုးစဝါးဗ်၏ အဟုန်ကြောင့် မိမိသည် အစ္စလာမ်ဘဝနှင့် ကွယ်လွန်လိုသဖြင့် မိမိသက်တမ်းကို သာသနာ့ပညာရေး၌သာ အားပြုလုံးပမ်းနေခြင်း ဖြစ်ပေသည်။

ယခုခေတ်၌ လူသားတို့၏ တီထွင်ကြံဆမှုများသည် နေ့စဉ်နှင့်အမျှ ဒီရေအလားတိုးတက်လျက်ရှိပေရာ သာသနာ့ပညာပြန့်ပွားရေးအတွက် လွယ်ကူသော နည်းလမ်းတို့မှာလည်း များစွာရှိနေပေသည်။ သို့ဖြစ်ရာ အသင်သည် သာသနာ့ပညာကို အမှန်တကယ်တတ်မြောက်ရန် လိုလားသူဖြစ်ပါက အသင်နေထိုင်ရာမြို့တွင် မည်သည့်နေရာ အရပ်၌ ရှိသည်ဖြစ်စေ ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီးစ်ကျမ်းတော်များ ပို့ချရာဌာနသို့ နေ့စဉ်သွားရောက် ကြားနာသင်ယူရပေမည်။

အသင်နေထိုင်ရာဒေသတွင် သာသနာ့ပညာသင်ယူပို့ချမှုမရှိပါက ပို့ချနိုင်မည့် သင်တန်းများကို စီစဉ်ရပေမည်။ ယင်းသို့မစီစဉ်နိုင်ပါက ကျမ်းစာများတတ်ကျွမ်းပြီး တရားမှန်လိုက်စားသည့် သာသနာ့ပညာရှင်တစ်ပါးထံ ချဉ်းကပ်လျှက် နေ့စဉ်မှန်မှန် သာသနာ့ပညတ်ချက်များကို တစ်ပိုဒ်စီသင်ယူကျက်မှတ်ရမည်။ ဤတွင် တစ်ပါတ်ကြာသော် ပညတ်ချက် (၇) ပိုဒ် ရရှိ၍ တစ်နှစ်ပြည့်မြောက်ချိန်တွင် ပညတ်ချက်ပေါင်း (၃၆ဝ) တတ်မြောက်ထားသည့် အာလင်မ်တစ်ပါးဖြစ်သွားနိုင်ပေသည်။

ဤသို့လည်း မတတ်နိုင်ပါက နေ့စဉ် သာသနာ့ပညတ်ချက် သို့မဟုတ် ကျင့်စဉ်တစ်ခုစီကို ဖြစ်စေ၊ ဟဒီးစ်တော်တစ်ပိုဒ်စီကိုဖြစ်စေ ဘာသာပြန်ဆိုထားသော သာသနာ့စာပေ တစ်အုပ်အုပ်ကိုဖြစ်စေ ဖတ်ရှုရမည်။


(၅) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ သာသနာ့ပညာကို ဆည်းပူးရန် ကြိုးစားသူသည် ကြိုးစားမှုအောင်မြင်ခဲ့သော် အကျိုးစဝါးဗ်နှစ်ခုရရှိမည်။ မအောင်မြင်ခဲ့သော် အကျိုးစဝါးဗ်တစ်ခုရရှိမည် ဖြစ်သည်။ (ဒါရိမီကျမ်း)

သို့ဖြစ်ပေရာ မည်သည့်အချိန်အခါမျိုး၌ပင်ဖြစ်စေ၊ ပညာရှာဖွေရေးအတွက် အမြဲလုံးပမ်းနေရမည်။ ပညာရှာဖွေနေစဉ် အသက်ဆုံးရှုံးသွားသည်ရှိသော် အလွန်နဖူးစာကောင်းသည့် ကံထူးရှင်တစ်ဦးဟူ၍ ရေးမှတ်မည်ဖြစ်သည်။
မည်သူသည် သာသနာ့ပညာ သို့မဟုတ် ကျမ်းမြတ်ကုရ်အာန်ကို သင်ယူရန်အတွက် သင်တန်းပို့ချရာဌာနများ၊ ဗလီများ ကျောင်းများသို့ သွားသည်။ အကြောင်းတစ်ခုခုကြောင့် သင်တန်းပိတ်ထားသဖြင့် မသင်ခဲ့ရသော် ထိုသူသည် အကျိုးစဝါးဗ်တစ်ခု ရရှိမည်ဖြစ်ပြီး ကြားနာသင်ယူခဲ့ရသည်ရှိသော် အကျိုးစဝါးဗ်နှစ်ခု ရရှိမည်ဖြစ်သည်။

(၆) ဟဇရသ်အာအိရှဟ်သခင်မက တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြခဲ့သည်။ အလ္လာဟ်အရှင်မြတ်က ကိုယ့်တော့်အား ဝဟီဖြင့် အသိပေးတော်မူခဲ့သည်။ သာသနာ့ပညာ ဆည်းပူးရှာဖွေရန် ခရီးထွက်သူအတွက် ဂျန္နသ်၏လမ်းကို ငါအရှင်လွယ်ကူစွာ ပြပေးတော်မူမည်။ ထိုသူ၏စက္ခုနှစ်ကွင်းမှ အလင်းကိုနှုတ်သိမ်းခံရလျှင် စက္ခုနှစ်ကွင်းအစား ဂျန္နသ်ကိုပေးတော်မူမည်။ သာသနာ့ပညာအပေါ် အာရုံပြု ကျိုးပမ်းခြင်းသည် များစွာသော အိဗာဒသ်ပြုခြင်းထက် ပို၍မြတ်သည်ဟု တမန်တော်မြတ်မိန့်တော်မူခဲ့လေသည်။ (ဗိုင်ဟကီကျမ်း)

(၇) မအာဇ်ဗင်န်ဂျဗလ်(ရသွီ)သခင်က တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ အို .... လူသားအပေါင်းတို့ သာသနာ့ပညာကို ဆည်းပူးသင်ယူကြကုန်။ အရှင့်အတွက် သာသနာ့ပညာကို သင်ယူရခြင်းသည် အလွန်အကျိုးများလှ၏။ သာသနာ့ပညာကို ရွတ်ဆိုဖတ်အံခြင်းသည် ကြီးကျယ်သော သပ်စ်ဗီဟ်ကို ရွတ်ဆိုတန်းတနေခြင်းသာ ဖြစ်သည်။ ထို့အတူ သာသနာ့ပညာအပေါ် အမေးအဖြေပြုလုပ်ခြင်းသည် ကြီးမာသော ဂျိဟာဒ် တရားသောစစ်ပွဲကို ဆင်နွှဲနေခြင်းဖြစ်၏။ သာသနာ့ပညာကို ရှာဖွေခြင်းသည် ကြီးကျယ်သောအိဗာဒသ်ကို ပြုလုပ်နေခြင်းဖြစ်၏။ သာသနာ့ပညာကို သင်ကြားပေးခြင်းသည် ကြီးမားသော စွဒကဟ် အလှူဒါနကြီးတစ်ခု ပြုလုပ်နေခြင်းဖြစ်၏။ လူသားတို့သည် ပညာဖြင့်သာ အမြင့်ဆုံးသော အဆင့်အတန်းကို ရယူနိုင်သည်ဟု မိန့်တော်မူခဲ့လေသည်။ (မုစ်သွရိဖ်ကျမ်း။ တွဲ - ၁။ စာ - ၂ဝ)

(၈) အဗူဒရ်သခင်က တမန်တော်မြတ်၏ မိန့်ခွန်းတော်ကို တင်ပြသည်မှာ သာသနာ့ပညာဆည်းပူးရန်အတွက် ခရီးထွက်သူအပေါ် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်၏လမ်းကို အစားပေးတော်မူမည်။ ဖရိရှ်သဟ်များကလည်း မိမိတို့တောင်ပံများကို ထိုသူသွားရာလမ်း၌ ခင်းပေးတော်မူမည်။ ယင်းအာလင်မ်များအတွက် မိုးမြေတစ်ခွင်သာမက သမုဒ္ဒရာရေတစ်ပြင်လုံးမှ ခပ်သိမ်းကုန်သော အဖန်ဆင်းခံအပေါင်းတို့ကလည်း ၎င်းသူလွတ်ငြိမ်းချမ်းသာမှုရစေရန် အမြဲဆုတောင်းပေးနေကြမည်ဖြစ်သည်။

အာလင်မ်သာသနာ့ပညာရှင်များသည် နဗီတမန်တော်များ၏ အမွေစားများဖြစ်ကြသောကြောင့် ဆူဖီသူတော်စင်များထက်ပင် မြင့်မြတ်ကြ၏။ ပုံဆောင်ရသော် လပြည့်ညဥ့်၌ လင်းဝင်းတောက်ပနေကြသည့် ကြယ်တာရာများထက် ဆကဲပို၍ ထိန်ဝင်းသာယာလျှက်ရှိသော လမင်းကြီးကဲ့သို့ပင် ဖြစ်သည်။
အကြောင်းကား တမန်တော်များသည် ရွှေငွေဥစ္စာ ရတနာများကို အမွေမပေးခဲ့ကြပေ။ သာသနာ့ပညာများကိုသာ မျှဝေပေးခဲ့ကြ၏။ သို့ဖြစ်ရာ သာသနာ့ပညာများကို သင်ယူရရှိခဲ့သောသူသည် တမန်တော်များထံမှ တန်ဖိုးမဖြတ်နိုင်သည့် အလွန်နှစ်လို့ဖွယ်ကောင်းသော အမွေဝေစုကြီးကို ရယူလိုက်ခြင်းပင်ဖြစ်သည်ဟု မိန့်ဆိုခဲ့လေသည်။ (သိရ်မီဇီ + အိဗ်နူမာဂျဟ်ကျမ်း)

(၉) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ အသင်တို့သည် (ဖရာအိဿွ်) အဓိကလိုက်နာကျင့်သုံးရမည့် ကျင့်စဉ်များကို ဆည်းပူးကြလော့။ ကုရ်အာန်ကျမ်းမြတ်ကိုလည်း သင်ယူကြလော့။ အခြားသူများကိုလည်း သင်ကြားပို့ချပေးလော့။ အကြောင်းကား ကျွန်ုပ်၏ သက်တမ်းသည် စိတ်ချ၍မရတော့ပေ။ (သိရ်မီဇီကျမ်း)

(၁ဝ) တမန်တော်မြတ် မိန့်တော်မူခဲ့သည်။ အသင်တို့သည် လူသားများအတွက် စိမ်းလန်းစိုပြေစေသည့် ပညာ၏ စမ်းချောင်းများ ဖြစ်ကြကုန်လော့။ လူသားတို့တွင် အမှန်တရားကို ရယူနိုင်သည့် ဓမ္မဗိမာန်များ ဖြစ်ကြကုန်လော့။ အိမ်များ၌အိပ်စက်ရာတွင် နူးညံ့သိမ်မွေ့ပြီး စည်းစိမ်ရှိသော မွေ့ယာများ ဖြစ်ကြကုန်လော့။ ညဥ့်နက်အမှောင် သန်းခေါင်ယံအချိန်တွင် နိုး၍ အရှင့်ထံကျိုးငဲ့ဆုတောင်းရသော အရသာကို မြည်းစားနိုင်ကြသည့် အမှောင်၏မီးအိမ်များ ဖြစ်ကြကုန်လော့။ အသင်တို့၏ စိတ်ကို သစ်လွင်သန့်ရှင်းစေမည့် အဝတ်အထည်များကို ဟောင်းနွမ်းဖာထေးခြင်းမျိုးနှင့် ရှိနေလိုသူများ ဖြစ်ကြကုန်လော့။ အထက်ဝေဟင်အာကာခွင်၌ ထင်ပေါ်ကျော်ကြားရသူများအဖြစ် ရှိစေပြီး ပထဝီတစ်ခွင်အောက်မြေပြင်၌ တိမ်မြုပ်ဖုံးကွယ်နေသူများအဖြစ် ရှိကြကုန်လော့။

လောက၌ နာမည်ကျော်ကြားလိုမှုမရှိသောသူသည် တစ်ပါးသူထံလက်မဖြန့်ဘဲ ကိုယ့်အားကိုယ်ကိုးဖြင့် လုပ်ကိုင်စားသောက်ကြသူတို့အား မိုးကောင်းကင်ရှိ ဖရိရှ်သဟ်များက ဤသူသည် အရှင့်ဗန္ဒဟ်သူတော်စင်ဖြစ်ကြောင်း လက်ညှိုးထိုးခံရသူအဖြစ် ရှိကြကုန်လော့ဟု မိန့်တော်မူခဲ့လေသည်။ (ဂျမအွလ်ဖဝါအိဒ်ကျမ်း)

ဤအနည်းငယ်မျှဖော်ပြခဲ့သော ဟဒီးစ်တော်များကို ကြည့်ရှုသုံးသပ်ခြင်းဖြင့် လူတိုင်းသည် သာသနာ့ပညာသင်ယူရန် မည်မျှအရေးကြီးကြောင်း မှန်းဆနိုင်ပေပြီ။ အကြောင်းကား နမားဇ်ဆောက်တည်ရာ၌ သာသနာ့ပညာကို တိကျမှန်ကန်စွာ မိမိအနေဖြင့် တတ်မြောက်ထားခြင်းမရှိလျှင် ပြည့်စုံလုံလောက်သော နမားဇ်၏တာဝန်ကိုကျေပွန်ရန် မည်သို့ဖြစ်နိုင်ပါအံ့နည်း။ အလားတူ ရိုဇဟ်၏အကြောင်းတရားများကို နားမလည်ခဲ့သော် ရိုဇဟ်၏ မှန်ကန်သောတာဝန်ကို မည်သို့ချနိုင်ပါအံ့နည်း။ ဤသို့ပင် မိမိထံတစ်ရာထက်ပိုသော ငွေကြေးများရှိထားသူ ရွှေငွေလက်ဝတ်ရတနာများ စုဆောင်းရရှိထားသူသည် ဇကားသ်၏ပညတ်ချက်ကို သိနားလည်မှုမရှိခဲ့သော် မည်သူ့ကို ဇကားသ်ပေးထိုက်၊ မပေးထိုက် မည်သူသည် ဇကားသ်စားပိုင်၊ မစားပိုင် မည်သူ့ကိုပေးလျှင်တာဝန်ကျ မကျ မည်၍ မည်မျှ အချိုးကျပေးရမည်ကို နားလည်သိရှိနိုင်မည် မဟုတ်ပေ။

အိမ်ထောင်ပြုရာ၌လည်း လင်ဝတ်၊ မယားဝတ်များ မည်သို့ရှိသည်။ မည်သည့်အချိန်အခါမျိုးတွင် သွလားက်ကွာရှင်းမှု ပြုထိုက်၊ မပြုထိုက် မည်သည့်အခါမျိုးတွင် ပေါင်းသင်းဆက်ဆံခြင်း ပိုင်၊ မပိုင် စသည့်အရေးကြီးလိုအပ်သော အိမ်ထောင်ရေးကဏ္ဍများမှာ ဖရ်ဇ်တာဝန်ဖြစ်လာတော့သည်။ ဤသည်တို့မှာ သာသနာ့ပညာတတ်မြောက်ထားမှသာ သိနိုင်မည်ဖြစ်ပေသည်။

ထိုသို့ပင် ကုန်သည်တစ်ဦးသည်လည်း ရောင်းဝယ်ရေးနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များကို နားလည်ထားမှသာ မည်သို့ရောင်းလျှင် ပိုင်မပိုင်ဟူသည်ကို သိရှိနိုင်မည်ဖြစ်သည်။

အုမ္မရ်သခင်သည် ဈေးမှကုန်သည်များကို ကြာပွတ်နှင့်ရိုက်၍ ရောင်းဝယ်ရေးပညာကို သင်ယူစေခဲ့၏။ စီးပွားရေးပညာကို နားမလည်ပါက ဈေးရောင်းခြင်း မပြုကြကုန်နှင့်။ ထို့သို့နားမလည်ဘဲ ရောင်းဝယ်မှုပြုပါက မတရားသော အတိုးအမြတ်နှင့် ဟရာမ်ကိုကျူးလွန်စားသုံးမိသူများ ဖြစ်ကုန်ကြမည်ဟု သတိပေးမိန့်ဆိုခဲ့လေသည်။

ထိုသို့ စီးပွားရေးအမိန့်ပညတ်ချက်များကို မသိနားမလည်လျှင် ရှာဖွေရရှိသမျှသော အကျိုးအမြတ်တို့သည် ဟရာမ်ဖြစ်မဖြစ် ဟလာလ်စစ်စစ်ကို သိနိုင်ကြမည်မဟုတ်ပေ။ ဤနည်းတူ (ကီနာ) ကောက်ကျစ်စဉ်းလဲခြင်း၊ (ဟစဒ်) မလိုတမာအမုန်းထားခြင်းတို့ကို အကောင်းဟူ၍ ယူဆမှတ်ထင်ခြင်းတို့သည်လည်း ဟရာမ်ဖြစ်၏။ ထိုအချက်အလက်များကို ခွဲခြားသိရှိရန် (ဖရ်ဇေအိုင်န်) အရေးကြီးသော တာဝန်ပင် ဖြစ်၏။ သို့ပါ၍ ကျွန်ုပ်တို့သည် (ဂျာဟိလ်)မသိနားမလည်ခြင်းဟူသောအချက်ကို ဖယ်ရှားပြီး (အိလင်မ်) အသိပညာကို သင်ယူရန် အလွန်အရေးကြီးလှပေသည်။

(မော်လာနာကမ္မရွဒ်ဒီးန် ဦးသန်းမောင်(ဂျာမိအီ) ဘာသာပြန်ထားသည့် "အစ္စလာမ့်ပညာရေး" စာအုပ်ပါ အကြောင်းအရာကို အလ်မုဖီးဒ်က ပြန်လည်တင်ဆက်သည်။)