Thursday, January 28, 2016

ဂျုမုအဟ်ည၏ ထူးမြတ်မှုများအကြောင်း

ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/885484394905484:0

(၁) ဟဇရသ်အနတ်စ် ရသွီယလ်လာဟုအန်ဟု က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ခြွေတော်မူသည်မှာ .... သောကြာညသည် လင်းဝင်းသောညဖြစ်ပြီး ထိုနေ့သည်ကား တောက်ပသော နေ့ဖြစ်သည်။ (ဗိုင်ဟကီကျမ်း အတွဲ၊ ၃၊ စာ ၃၇၅)

(၂) ဟဇရသ်အဗ်ဒုလ်လဟ်ဗင်န်အုမရ် ရသွီယလ်လာဟုအန်ဟုမာ ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်တော်မူခဲ့သည်မှာ ..... ညဥ့်ကြီးငါးည ဤကဲ့သို့ရှိပေသည်။ ထိုညဥ့်များ၌ ဒုအာတောင်းဆုပြုပါက ပယ်ချခြင်းခံရမည်မဟုတ်ပေ။ ယင်းတို့မှာ (၁) ဂျုမုအဟ် (သောကြ) ည၊ (၂) ရဂျဗ်လ၏ ပထမည၊ (၃) ရှအ်ဗာန်လ၏ (၁၅)ရက်ည၊ (၄) အီဒုလ်ဖိသိရ်ညနှင့် (၅) အီဒုလ်အဿွဟာညများ ဖြစ်ကြသည်။ (ဗိုင်ဟကီကျမ်း တွဲ ၃၊ စာ ၃၄၂)

အထက်ပါဟဒီးစ်တော်များကို ထောက်ရှုခြင်းအားဖြင့် သောကြာညအပါအဝင် တင်ပြပါညဥ့်ကြီး (၅)ည၏ ထူးမြတ်မှုကို သိရှိရပေသည်။ ထိုညဥ့်များတွင် အထူးသဖြင့် ဆုတောင်းဒုအာများ ကဗူလ်ဖြစ်သောကြောင့် ဂရုတစိုက် အရေးပေးအလေးထား၍ အိဗာဒသ်ခဝပ်မှုများတွင် အစဉ်တစိုက်ရှိနေရမည်။ အဆိုပါညများအတွက် သီးခြားအိဗာဒသ်များ ဟဒီးစ်တော်တွင် ဆင့်ပြန်လာရှိထားခြင်း မရှိသောကြောင့် မိမိတို့ဘက်မှ သတ်မှတ်ခြင်းမပြုဘဲ မည်သည့်ခဝပ်မှုပိုင်းဆိုင်ရာ ကုသိုလ်ကောင်းမှုကိုမဆို ပြုလုပ်နိုင်ပေသည်။ သောကြာညဟုဆိုရာတွင် ကြာသပတေးနေ့နှင့် သောကြာကြားညကို ဆိုလိုပါသည်။

**သောကြာညတွင် သေဆုံးသောမုစလ်မာန်အတွက် ကဗရ်အဇားဗ်မှလွတ်မြောက်ခြင်း
ဂျုမုအဟ်၏ ထူးမြတ်မှုများတွင် တင်ပြခဲ့သည့်အတိုင်း ဒုအာကဗူလ်ဖြစ်ခြင်းအပြင် အခြားသောထူးမြတ်မှုတစ်ရပ်မှာ ထိုညတွင် ကွယ်လွန်သေဆုံးသူအီမာန်ရှင်များအား မွန်ကရ်၊ နကီးရ် ဖရစ်ရှ်သာကြီးများ၏ မေးခွန်းမှ ထိန်းသိမ်းမှုရရှိပေမည်။ ၎င်းပြင် ကဗရ်၏ အဇားဗ်ပြစ်ဒဏ်မှလည်း လွတ်ကင်းမှုရရှိပေအံ့။
(၁) ဟဇရသ်အဗ်ဒွလ်လာဟ်ဗင်န်အမရ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်မွစ်လင်မ်တစ်ဦးသည် ဂျုမုအဟ်နေ့ သို့မဟုတ် ဂျုမုအဟ်ညတွင် ကွယ်လွန်သေဆုံးခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား ကဗရ်ရှိ စိုးရိမ်ကြောက်မက်ဖွယ်ရာမှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၁၊ စာ ၁၀၅)

**တမန်တော်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်သည်ပင် သားတော်များအတွက် သောကြာည၌ အိစ်သိဂ်ဖါရ် (လွတ်ငြိမ်းခွင့်) တောင်းခံပေးမည့်အကြောင်း ပြောဆိုခြင်း

ကုရ်အာန်ကျမ်းမြတ် အကျယ်ဖွင့်ဆိုသည့် ပညာရှင်များက ရေးသားဖော်ပြရာတွင် .... တမန်တော်ယူစွဖ် အလိုင်ဟိစ္စလာမ်၏ နောင်တော်များသည် တစ်ချိန်တွင် မိမိတို့၏ အမှားများကို နောင်တရပြီး အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့်ရရန် အလ္လာဟ်အရှင်မြတ်ထံ ဆုပန်ပေးပါဟု ဖခင်ကြီး ဟဇရသ်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်ထံ ပန်ကြားလျှောက်ထားခဲ့ကြသည်။
ထိုအခါ နဗီကြီးသည် မကြာခင်မှာပင် ငါသည် သင်တို့အတွက် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် မိမိအရှင်သခင်ထံ တောင်းခံမှုပြုအံ့ဟု သားတော်များအား ပြန်လည်ပြောကြားခဲ့သည်။
၎င်းနောက် ဟဇရသ်ယအ်ကူးဗ် အလိုင်ဟိစ္စလာမ်သည် သောကြာည၊ စဲဟ်ရီအချိန်၌ သားတော်များအတွက် (မဂ်ဖိရသ်) လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ဒုအာတောင်းဆုပတ္ထနာပြုပေးမည်ဟုပြောကာ သောကြာညကို စောင့်ဆိုင်းခဲ့သည်။ ထိုည၌ပင် သားများအတွက် မဂ်ဖိရသ်ရရေးကို တောင်းဆုပြုခဲ့သည်။ ယင်းအချက်ကို ကြည့်ခြင်းဖြင့် ဂျုမုအဟ်ည၏ ထူးမြတ်မှုနှင့် အရေးပါမှုကို သိရှိရပေသည်။

**သောကြာညတွင် စူရဟ်ဒုခါန်ဖတ်ခြင်း၏ ထူးမြတ်မှု
(၁) ဟဇရသ်အဗူဟုရိုင်ရဟ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ မည်သူမဆို ဂျုမုအဟ်ည၌ စူရဟ်ဒုခါန်ဖတ်မည်ဆိုပါက ထိုသူ၏ အပြစ်ဂုနာများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၂၊ စာ ၁၁၇)
(၂) ဟဇရသ် အဗူအုမာမဟ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ ၎င်းကပြောသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ဤသို့မိန့်သည်ကို ကြားသိခဲ့ရသည်။ မည်သူမဆို ဂျုမုအဟ်ည သို့မဟုတ် ထိုနေ့တွင် စူရဟ်ဒုခါန်ကို ဖတ်ရွတ်မည်ဆိုပါက အလ္လာဟ်အရှင်မြတ်သည် ထိုပုဂ္ဂိုလ်အတွက် ဂျန္နသ်တွင် စံအိမ်တော်တစ်ဆောင် အရန်သင့် ဖန်ဆင်းပေးတော်မူမည်။ (သွဗ်ရာနီကျမ်း၊ တွဲ ၁၆၊ စာ ၁၄၅)
(၃) ဟဇရသ်အဗူရာဖေ့အ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်မိန့်သည်မှာ အကြင်သူသည် သောကြာည၌ စူရာဒုခါန်ကို ဖတ်မည်ဆိုပါက နံနက်နိုးကြားသည့်အချိန် ထိုသူ၏ အပြစ်များကို ခွင့်လွှတ်ပြီးသာ ဖြစ်ပေမည်။ ၎င်းပြင် ထိုသူအား ဟူရေအီးန် မျက်လုံးမျက်ဖန်လှသော ကညာအပျိုစင်များနှင့် ထိမ်းမြားပေးအံ့။ (ဒါရမီကျမ်း တွဲ ၂၊ ၅၅၀)
အထက်ပါ ဟဒီးစ်တော်များအရ ဂျုမုအဟ်နေ့နှင့် ညတွင်စူရာဒုခါန်ဖတ်ခြင်းဖြင့် ထူးမြတ်မှုများစွာ ရှိကြောင်း သိရပေသည်။

**သောကြာည၌ ဇနီးဖြင့် ပေါင်းသင်းခြင်း
ဟဒီးစ်တော်တစ်ရပ်၌ ဆင့်ပြန်လာရှိသည်မှာ မည်သူမဆို ဂျုမုအဟ်နေ့တွင် ရေချိုးသန့်စင်ပြီး ခွသ်ဗဟ်အစမှ နားထောင်ရန်၊ အိမာမ်နှင့် နီးကပ်စွာထိုင်ရရန်နှင့် တိတ်ဆိတ်စွာ ခွသ်ဗဟ်နားထောင်ရန်ရည်ရွယ်ချက်ဖြင့် ဗလီသို့စောလျှင်စွာရောက်ခဲ့မည်ဆိုပါက ထိုပုဂ္ဂိုလ်၏ ခြေလှမ်းတိုင်းသည် တစ်နှစ်တာရိုဇာထားသည့် အကျိုးစဝါးဗ်နှင့် တစ်နှစ်ပတ်လုံး ညအခါ အိဗာဒသ်ပြုသည့် အကျိုးကုသိုလ်အား ရရှိပေမည်။ (သိရ်မိဇီကျမ်း၊ တွဲ ၁၊ စာ ၁၁၁)
အဆိုပါဟဒီးစ်တော်နှင့် စပ်လျဉ်း၍ ဟဒီးစ်ပါရဂူပညာရှင်များက ရေချိုးသန့်စင်ခြင်းဟု ဆိုရာ၌ မိမိ၏ဇနီးဖြင့် ကိုယ်လက်နှီးနှောဆက်ဆံပြီး ရေချိုးသည့် ဖရဇ်ဂုစုလ်အား ဆိုလိုသည်ဟု မိန့်ဆိုထားသည်။
ထို့ကြောင့် သောကြာညတွင် အမျိုးသမီးဖြင့် ပေါင်းသင်းခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ထူးမြတ်မှုရှိကြောင်း သိရသည်။

**စစ်ကြောမေးမြန်းခြင်းမရှိဘဲ ဂျန္နသ်သို့ ဝင်ရောက်ရမည့်အကြောင်း
အသွာအ်ဗင်န်စာရ် ရသွီယလ်လာဟုအန်ဟုက ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ မုစ်လင်မ် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သောကြာညသို့မဟုတ် သောကြာနေ့တွင် ကွယ်လွန်ခဲ့သည်ရှိသော် ထိုသူသည် ကဗရ်အတွင်းခံစားရမည့် ပြစ်ဒဏ်နှင့် ပြစ်ဒဏ်၏ စိုးရိမ်ကြောက်မက်ဖွယ်ရာများမှ ထိန်းသိမ်းမှုရရှိမည်။ ၎င်းပြင် ထိုသူသည် စစ်ကြောမေးမြန်းခြင်း မခံရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရပေမည်။ ထို့ပြင် ကိယာမသ်နေ့တွင် ဂျန္နသ်သီဖြစ်ကြောင်း ထိုသူနှင့်အတူ သက်သေ သို့မဟုတ် အမှတ်အသားရှိနေပေမည်။ (ရှရ်ဟုစ်ဆွူဒူရ်ကျမ်း စာ ၂၀၉)

**သောကြာညကို တန်ဖိုးမထားသူများ
သောကြာည၏ ထူးကဲမြင့်မြတ်မှုများကို ထောက်ရှု၍ ထိုညမြတ်တွင် အိဗာဒသ်များကို နိုးကြားစွာ ပြုကျင့်လုပ်ဆောင်ရပေမည်။ ၎င်းပြင် ထိုအရှင်မြတ်၏ နှစ်မြို့မှု၊ ထိုအရှင်မြတ်ထံမှ ကောင်းခြင်းနှင့် ဗရ်ကသ်မင်္ဂလာများ၊ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အေးချမ်းသာယာမှု၊ ကျန်းမာရေးနှင့် ချမ်းသာရေး အစရှိသည်တို့အား အရှင်မြတ်ထံမှ တောင်းဆိုဒုအာပြုရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုညသည်ကား ဒုအာတောင်းဆုများ လက်ခံခြင်းခံရသည့် ညပင် မဟုတ်ပါလား။
သို့သော် ဖြစ်နေသည့် ပုံစံက တစ်ခြားစီဟု ဆိုရပေမည်။ များသောအားဖြင့် ကျွန်ုပ်တို့သည် ထိုထူးမြတ်လှသည့်ညများတွင် တယ်လီဗေးရှင်း၊ ရုပ်ရှင်နှင့် အခြားသောအကျိုးမရှိသည့် အပျော်အပါးကိစ္စရပ်များ၌ အချိန်ဖြုန်းလိုက်ကြသည်။
ယင်းလုပ်ရပ်တို့ကြောင့် ထိုည၏ ထူးမြတ်မှုနှင့် ဗရကသ်များမှ လက်မဲ့ဖြစ်သွားရပေသည်။ ထို့အတူ ဂုနာဟူသည့် ဒုစရိုက်ဝန်ထုပ်ကို ခေါင်းပေါ်တင်လိုက်ကြသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ၎င်း၏ဆိုးကျိုးကိုလည်း နောင်တမလွန်အာခိရသ်၌ ဆက်ခံရမည်မှာ အသေအချာပင်ဖြစ်သည်။

[ကူးယူသည့်စာအုပ်၊ မော်လာနာကာရီ မုဟမ္မဒ်ယူနွတ်စ်(မအူပင်) ရေးသားသည့် ထူးကဲမြင့်မြတ်သောညများနှင့် နဖိလ်နမားဇ်များစာအုပ် စာ၊ ၁မှ ၁၀]

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အထူးဗန်ဒဟ်များဖြစ်သည့် အီမာန်ရှင်များအတွက် မဂ်ဖိရသ်ပြုပေးရန်ကို အလွန်လိုလားတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ အီမာန်ရှင်ကို အပြစ်ပေးရန် မလိုလားပေ။ ထို့ကြောင့်သာလျှင် ပြစ်မှုများမှ မဂ်ဖိရသ်ရမည့် နည်းလမ်းအသွယ်သွယ်ကို ပုံစံအစုံဖြင့် အချိန်တိုင်း နေ့တိုင်း ရက်တိုင်း ချီးမြှင့်ပေးထားသည်။ အလ္လာဟ်၏ အပြစ်ပေးခြင်းမှ လွတ်မြောက်မှုရခြင်းဟူသည် နှိုင်းပြစရာမရှိလောက်သည့် အောင်မြင်မှုမျိုးဖြစ်ပါသည်။ သောကြာညကို ကျွန်ုပ်တို့ အပတ်ပေါင်း ရက်ပေါင်းများစွာ ကြုံစုံခဲ့ပြီးဖြစ်သည်။ နောင်ကိုလည်း အင်န်ရှာအလ္လာဟ် များစွာ ကြုံစုံကြရပါဦးမည်။ ယခင်က လက်လွတ်စပယ်နှင့် အရှင့်ဂရုဏာတော်များကို အလေးမမူခဲ့ခြင်းကြောင်း ရတနာသေတ္တာပေါင်းများစွာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ယခုအသိရပြီးနောက် ရတနာသိုက်ကို အမိအရကိုယ်တိုင်တူးဖော်ကြပါ။ အလ္လာဟ်ခွင့်လွှတ်မှုဟူသည့် ရတနာကို အမိအရတူးဖော်ပါ။ အလ္လာဟ်အရှင်က ထိုရတနာကို တစ်ပတ်တစ်ခေါက် တစ်လလေးခေါက် တစ်နှစ်ကို ၄၈ခေါက် ကြုံဆုံတူးဖော်ခွင့်ပေးထားသည်။ အာခိရသ်၏ အောင်မြင်မှုကို အပြည့်အဝယုံကြည်ပြီး အာခိရသ်၏ ရတနာကို လက်လွှတ်မခံသည့် မုစ်လင်မ်သည်ကား အပတ်စဉ်စောင့်စားလျှက် အလ္လာဟ်ပေးသည့် ရတနာသိုက်ကို တူးယူမည်သာဖြစ်၏။
လူအများ ပြစ်မှုနွံအတွင်း သက်ဆင်း၍ အလ္လာဟ်မနှစ်သက်သည်များကို အရသာရှိရှိကျူးလွန်ပြီး အလ္လာဟ့်ကိုယ်စားလှယ် နဗီ၏ကိုယ်စားလှယ်များကို လှောင်ပြောင်သရော်နေချိန်တွင် ထိုသို့သောသူများအတွင်း သင်မုစ်လင်မ် မပါဝင်ဘဲ အလ္လာဟ်ထံပါးအကြောက်ထားကာ အလ္လာဟ်ခွင့်လွှတ်မှုကို တောင်းခံနေခြင်းသည်သာလျှင် ကမ္ဘာပေါ်ရှိ မည်သူမျှမရနိုင်သည့် ဖူးစားထူးပင်ဖြစ်ပါသည်။

အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ရဗီအွလ်အောက်ဝလ်/ ၁၉/ ယောင်မုလ်ဂျုမုအဟ်
31.12.2015