Tuesday, November 26, 2013

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၁

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၁
****************************************************************
{ မှတ်ချက် - ကျွန်တော်ကိုယ်တိုင်ပြုစုသောစာတမ်း မဟုတ်ပါ။ တောင်းဆိုကြသူ များပြားလာ၍ ကျွန်တော်၏ မိတ်ဆွေဟောင်းဖြစ်သူ ဆရာမ ဒေါ်ခင်မေထွေး (ကော့သောင်း၊ တနင်္သာရီ)၏ ရေးသားတင်ပြချက်ကို အနည်းငယ်မျှ တည်းဖြတ်ကာ အမှတ်တရ ပြန်လည်တင်ဆက်ပေးခြင်း ဖြစ်ပါသည် }

၁။ “ပန်းသေး” ဟူသော ဝေါဟာရ
====================
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် “ ပန်းသေး ” ဟုပြောဆိုပါက တရုတ်မုစ်လင်မ်များကိုဆိုလိုကြောင်း အများအားဖြင့် သိရှိကြပါသည်။

ရှေးနှစ်အတော်ကြာမှစပြီး မြန်မာမင်းအဆက်ဆက် နှင့် တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့်
အေးချမ်းစွာနေထိုင်လာကြသောလူမျိုးနွယ်များ ဖြစ်ကြသည်။ သို့ရာတွင် ပန်းသေး ဟူသောစကားလုံးသည် အဘယ်မှဆင်းသက်လာသည် ဟုခိုင်လုံသောအထောက်အထားများ အတိအကျ ရှာဖွေမတွေ့ရပေ။

ပန်းသေးဟူသောဝေါဟာရမှာ မြန်မာမုစ်လင်မ်များကို “ ပသီ ” ဟုခေါ်သော ဝေါဟာရနှင့် သဘောတရားအားဖြင့် အတူတူပင်ဖြစ်သည်။ “ပသီ” နှင့် “ပန်းသေး ” ဟူသော
ဝေါဟာရနှစ်ခုလုံးမှာ ပါရ်စီ (ပါးရှန်း/ဖာရ်စီ) စကားမှ ဆင်းသက်လာဟန်တူပါသည်။ “ပါရ်စီ” မှ
“ပါစီ” ၊ တဖန် ပါစီ မှ ပသီ - ပန်းသေး - စသဖြင့် စကားလုံးရွေ့လျောပြီး အဆင့်ဆင့်
ပြောင်းလဲခေါ်တွင်လာကြပုံရပါသည်။ အဆိုတစ်ခုအရ တရုတ်ပြည်တွင် ပန်းထိုးပညာ၊ အနုပညာများကို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းသော တရုတ်မုစ်လင်မ်များကို တရုတ်ပန်းသေးပညာအား အစွဲပြုပြီး တရုတ်ပန်းသေး ဆိုပြီး ခေါ်ဆိုလာကြသည်ဟု
ပြောကြပါသည်။ ထိုအချိန်က တရုတ်မူဆလင် အမျိုးသမီးအမျိုးသားများသည် ပိုးချည်ရောင်စုံဖြင့် ပန်းခက် ပန်းနွယ် ပန်းပွင့် ပန်းရွက်များကိုထိုးတတ်ချူပ်တတ်သဖြင့် ထိုအတတ်ပညာကို ပန်းသေးပညာ ဟု ခေါ်ဝေါ်ကြသည်ကို မြန်မာရာဇ၀င်နှင့် မြန်မာစာပေတိ့တွင် တွေ့ရှိရပေသည် ။ နောက်ထပ်အဆိုတစ်ခုအရ တရုတ်မုစ်လင်မ်များကို ရှမ်းစကားဖြင့် “ပန်းဆေး” ဟု ခေါ်ဆိုရာမှ “ပန်းသေး” ဖြစ်လာကြောင်း တွေ့ရသည်။ မည်သို့ပင် ခေါ်ဝေါ်စေကာမူ
အကြောင်းတစ်ခုသေချာနေသည်မှာ ပန်းသေးများသည် တရုတ်ပြည်မှ မြန်မာပြည်ထဲသို့ ရာစုနှစ်များစွာကတည်းက ၀င်ရောက်အခြေစိုက်နေထိုင်လာခဲ့ကြသော အစ္စလာမ်ဘာသာဝင် တရုတ်လူမျိုးနွယ်များ ဧကန်အမှန်ပင်ဖြစ်ပါသည်။

မြန်မာပြည်ရှိတရုတ်မုစ်လင်မ်များကို ပန်းသေးဟု ခေါ်ဆိုကြသော်လည်း တရုတ်ပြည်ရှိတရုတ်မုစ်လင်မ်များကိုမူ ပန်းသေးဟု မခေါ်ကြပေ။ တရုတ်စကား “ဟွေဟွေး” ဟုခေါ်ဆိုကြပါသည်။ “ဟွေ” ဟူသောစကားးမှာ “ပြန်လှည့်လာသည်” ဖြစ်ပြီး “ဟွေး” မှာ “အမှန်တရား ” ဖြစ်သဖြင့် အမှန်တရား/သစ္စာတရားဘက်သို့ ပြန်လှည့်လာသူ
ဟူ၍ ဖြစ်ပါသည်။ အဆိုပါ “ဟွေဟွေး” ဟူသော အခေါ်အဝေါ်မှာ တရုတ်ပြည်တွင် မွန်ဂိုမင်းဆက်များ (၁၂၇၉-၁၃၆၈) ၊ “မင်” မင်းဆက်များ (၁၃၆၈-၁၆၄၄) လက်ထက်ကပင်စပြီး တရုတ်မုစ်လင်မ်များကို စတင်ခေါ်ဝေါ်လာကြကြောင်း တွေ့ရှိရပါသည်။ ယခုလက်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံအလံရှိ ကြယ်နီငါးပွင့်အနက် တစ်ပွင့်မှာ တရုတ်မုစ်လင်မ်တို့ကို ကိုယ်စားပြုဖော်ပြထားခြင်းဖြစ်သည်။

၂။ တရုတ်ပြည်သို့ အစ္စလာမ်သာသနာ ၀င်ရောက်လာခြင်း
================================
(က) ရေလမ်းခရီးဖြင့် ၀င်ရောက်လာခြင်း
------------------------------------------
ရှေးနှစ်ပေါင်း (၁၃၀၀) ကျော်ကစပြီး အစ္စလာမ်ဘာသာသည် တရုတ်ပြည်သို့ ရေကြောင်းလမ်းဖြင့် ရောက်ရှိလာခဲ့ပါသည်။ တရုတ်ပြည်သို့ အစ္စလာမ် ဘာသာမရောက်မှီကပင် အာရပ်ကုန်သည်များ နှင့် ပါရှန်းကုန်သည်များသည် ရွက်သဘောင်္များဖြင့် ကူးသန်းရောင်းဝယ်ကြရန် အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ၅၀၀၀ ကျော် ၆၀၀၀ ခန့်ဝေးသော တရုတ်ပြည်သို့ သွားလာလေ့ရှိကြသည်။ ကုန်ကူးသန်းသွားလာခဲ့ရင်း ကန်တုန်မြို့၌ ပထမဦးစွာ အစ္စလာမ်
ဘာသာကို စတင်ဖြန့်ချိခဲ့ကြောင်း အာရပ်လူမျိုးများ ရာဇ၀င်တွင် ဖော်ပြထားသည်ကိုတွေ့ရှိရလေသည်။

ခရစ် ၆၂၈ ခုနှစ် - ဟစ်ဂျရီသက္ကရာဇ် ၆ ခုနှစ်တွင် တမန်တော် မုဟမ္မဒ်(SAW)သခင် သက်တော်ထင်ရှားရှိစဉ်က သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ် (ရဿွိ)သည် ပင်လယ်ရေကြောင်းခရီးဖြင့် အိန္ဒိယ၊ သီဟို၊ အင်ဒိုချိုင်းနား (ယခု မလေးရှား နှင့် အင်ဒိုနီးရှားဒေသများ)ကို ဖြတ်ကျော်ပြီး တရုတ်ပြည် ကန်တုံမြို့သို့ သွားရောက်ကာ
“တန်”မင်းဆက် တိုင်စွန်ဘုရင်ထံ သ၀ဏ်လွှာ ဆက်သလေသည်။ နဗီတမန်တော်သည် သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ်ကို တရုတ်ပြည်သို့ သာသနာပြုရန် မလွှတ်မှီအလျင်က တရုတ်ဘုရင်မင်းမြတ်သည် ထူးခြားသောအိမ်မက်ကို မြင်မက်တော်မူလေသည်။ ထိုအိမ်မက်ထဲတွင် အနောက်အရပ်မှ အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး သူတော်စင်တစ်ပါးကို ဖူးမြော်ရကြောင်းမက်ရာ မှူးမတ်ပညာရှင်များအား အိပ်မက်၏နိမိတ်အား ဖတ်ကြားစေ၏။ မှူးမတ်ပညာရှင်များက အနောက်နိုင်ငံတွင် သူတော်စင်တစ်ပါးပွင့်မည့် နိမိတ်လက္ခဏာဖြစ်ပါကြောင်း သံတော်ဦးတင် လျှောက်ထားကြပါသည်။ ယခုတဖန် အာရေဗျနိုင်ငံမှရောက်ရှိလာသော သာဝကကြီးထံမှ နဗီတမန်တော်သခင်သည် အလ္လာဟ်အသျှင်မြတ်၏ စေတမန်တော်ဖြစ်ကြောင်း စုံလင်စွာ ကြားရသောအခါ
တရုတ်ဘုရင်မင်းမြတ်သည် မိမိမြင်မက်သောအိမ်မက်နှင့် ကိုက်ညီနေသဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြောင်း မိန့်တော်မှုလေသည်။ ထိုမင်းလက်ထက်တွင် ကွန်ဖြူးရှပ် နှင့် ဗုဒ္ဓဘာသာကို အများစုကိုးကွယ်ကြသော်လည်း ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာများကိုပါ လွတ်လပ်စွာသာသနာပြုခွင့် ပေးသည့်အပြင် နိုင်ငံခြားသားများကို အတားအဆီးမရှိသွားလာခွင့် ပေးထားလေသည်။

တရုတ်ပြည်ရောက်သာဝကတော်များမှာ ဆွယ်တရားဟောကာ သာသနာမပြုခဲ့ကြ။ အစ္စလာမ့်လမ်းစဉ်အတိုင်း ရောင်းဝယ်ဖောက်ကားနေထိုင်ကျင့်ကြံခြင်းအပေါ် တရုတ်လူမျိုးတို့မှ အထူးစိတ်ဝင်စားပြီး သာသနာအကြောင်းကိုပါ သိရှိလို၍မေးမြန်းလာခဲ့ကြသည်။ သို့ဖြင့် သာဝကကြီး ၀ဟဗ် ဘင်န် အဘီကဗ်ရှားဟ်နှင့်အပေါင်းအပါတို့သည် အစ္စလာမ်သာသနာတော်၏ အဆီအနှစ်များကိုတင်ပြကာ ဖိတ်ခေါ်ခဲ့ရာမှ တရုတ်လူမျိုးများသည် တဖြည်းဖြည်း
အစ္စလာမ်သာသနာတော်ကို လက်ခံယုံကြည်လာကြသည်။ (နောင်သောအခါ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း တရုတ်နိုင်ငံသို့ ယူဆောင်လာပြီး ဖြန့်ဝေသင်ကြားပို့ချလေသည်)။ ၀ဟဗ် ဘင်န် အဘီ ကဗ်ရှားဟ်သည် မိမိဇာတိ ဆော်ဒီအာရေဗျသို့ ပြန်သွားခဲ့ချိန်တွင် တမန်တော်မြတ်ကြီး ပရိနိဗ္ဗာန် စံလွန်သွားပြီဖြစ်ကြောင်း သိရသောအခါ
တမန်တော်ညွှန်တော်မူခဲ့သည့် တရုတ်ပြည်သို့သာ ထာဝရ အခြေချရန် ပြန်လှည့်လာပြီးနောက်
အစ္စလာမ်သာသနာတော်ကို ဖြန့်ချိယင်း ကန်တုန်မြို့၌ အလ္လာဟ်အသျှင်မြတ်၏ အမိန့်ကိုခံယူခဲ့လေသည်။ ထိုသာဝကကြီး တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော် နှင့် ၄င်း၏သင်္ချိုင်းတော်မှာ ကန်တုံမြို့၌ ယနေ့တိုင် ထင်ရှားစွာ တည်ရှိနေပါသည်။

(ခ) ကုန်းလမ်းခရီးဖြင့် ၀င်ရောက်လာခြင်း
---------------------------------------------
နဗီတမန်တော် မုဟမ္မဒ်(SAW) သခင်သည် ဟစ်ဂျရီသက္ကရာဇ် ၁၁ ခုနှစ် ရဗီအုလ်အောင်ဝလ် ၁၂ ရက်နေ့တွင် ကွယ်လွန် ၀ဖာ့သ် ဖြစ်တော်မူလေသည်။ တမန်တော်ကွယ်လွန်ပြီးနောက် အနှစ် ၁၀၀ အတွင်း အစ္စလာမ် သာသနာတော်သည် အာရှအနောက်ပိုင်းမှ တရုတ်ပြည် အနောက်မြောက်နယ်အတွင်းသို့ ဒုတိယအကြိမ် ထပ်မံ ရောက်ရှိလာသည်ဟု သိရပါသည်။ ထိုအချိန်တွင် အာရပ်တို့၏တန်ခိုးသြဇာအာဏာ ကြီးထွားလာပြီး အာရှအနောက်ပိုင်းရှိ စမာရ်တန်၊ ဘုခါရာ (အိမာမ်ဘုခါရီ၏ဇာတိ)၊ ခီဝါး စသော မြို့များအထိ အစ္စလာမ်သာသနာတော်
ပျံ့နှံ့လာခဲ့လေသည်။ အာရေဗျတိုင်းပြည်မှ တရုတ်ပြည်သို့ အီရတ်၊ အီရန် ခိုရာစန် စသည့် နိုင်ငံများကို ဖြတ်၍ တောတောင်အထပ်ထပ်ကျော်လွှားကာ မိုင်ပေါင်း (၃၀၀၀) ကျော်ဝေးကွာသော တရုတ်ပြည်နယ်စပ်သို့ ကုန်းလမ်းခရီးဖြင့် ရောက်နိုင်ပေသည်။ ခရစ်သက္ကရာဇ် (၇၁၅) ခုနစ်၌ ဒမတ်စကတ်မြို့တော်အုပ်ချုပ်ရေးမှူး ၀လီးဒ် ဘင်န် အဗ်ဒုလ် မာလစ်(က်) ၏လက်ထက်တွင် ခိုရာပူတန်မြို့သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသူ ကုသွိုင်ဗဟ် ဗင်န် မုစ်လိမဟ် သခင် သည် ဇွဲ လုံ့လ၊ သတ္တိ နှင့် လိမ္မာပါးနပ်မှု ရှိသောပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဟောပြောချက်ဖြင့် ထိုဒေသရှိ မြောက်များစွာသော တရုတ်လူမျိုးတို့သည် အစ္စလာမ်ဘာသာကို လက်ခံလာကြပါသည်။ ၄င်းဒေသမှတဆင့် တရုတ်ပြည်အနောက်မြောက်ပိုင်းသို့ အစ္စလာမ်သာသနာ ဆက်လက်ပျံ့နှံ့လာပါသည်။

ခရစ်သက္ကရာဇ် (၇၅၅) ခုနစ်၌ တရုတ်ပြည်အနောက်မြောက်ဘက်ဒေသတွင် “အန်လူရှန်” ဆိုသူ ခေါင်းဆောင်သော တာတာလူမျိုးများ၏ ပုန်ကန်ခြားနားမှုကြောင့် တရုတ်ဘုရင်က အာရပ်နှင့်ဥူးဂါးရ် စစ်တပ်ကို အကူအညီတောင်းကာ နှိမ်နင်းရလေသည်။ စစ်အောင်နိုင်သောအခါ တရုတ်ဘုရင်၏မေတ္တာရပ်ခံချက်ဖြင့် ထိုအာရပ်နှင့်ဥူးဂါးရ် စစ်သည်တပ်သားများသည် မိမိတို့၏ နေရင်းအရပ်များသို့ မပြန်ကြတော့ပဲ တရုတ်ပြည် စီအန်းနယ်တွင် အတည်တကျ
နေထိုင်ကြလေသည် ထိုအချိန်မှစ၍ တရုတ်မုစ်လင်မ်များသည် တရုတ်ပြည်၊ စီအန်းနယ်တွင် အမြစ်တွယ်ကာ ထပ်ဆင့် ပြန့်ပွားလာပါသည်။ စီအန်းနယ်တွင် ရှေးဗလီဝတ်ကျောင်းတော်ကြီးတစ်ဆောင်ကို ဆောက်လုပ်ထားခဲ့ရာ ယနေ့တိုင် တည်ရှိနေသည်။ ခရစ်သက္ကရာဇ် (၇၈၂) ခုနစ်၌ တရုတ်နှင့် တိဗက်တို့ စစ်ဖြစ်ပွားခဲ့ရာ မုစ်လင်မ်များ၏အကူအညီဖြင့်
တိဗက်တပ်မတော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ပါသည်။ ထို့နောက်ပိုင်းဝယ် ယူနန်နယ်အတွင်းပိုင်းအထိ မုစ်လင်မ်များ ၀င်ရောက်အခြေချနေထိုင်ခဲ့ကြပါသည်။





တင်ပြသူ ဂျူလိုင်ရဲရင့်

(ဆက်လက်ဖော်ပြပါမည်)

အလ်မုဖီးဒ်