Tuesday, November 26, 2013

အစ္စလာမ် နဲ့ လူ့အခွင့်အရေး

အစ္စလာမ် နဲ့ လူ့အခွင့်အရေး

*********************

ဒီနေ့ အနောက်နိုင်ငံမှာ ရှိနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အစ္စလာမ်သာသနာမှာ လူ့အခွင့်အရေးဆိုတာ ရှိသလားလို့ မေးနေကြပီ ။ ဒီမေးခွန်းကို မဖြေခင်အရင် လူ့အခွင့်အရေးအဖွဲ့တွေရဲ့  အကြောင်းပြောလိုတယ် ။ အဲဒီအဖွဲ့အစည်းတွေမှာ အခြေခံသတ်မှတ်ရမဲ့ လူ့အခွင့်အရေးမူဆိုတာ သတ်သတ်မှတ်မှတ် အတည်တကျမရှိဘူး ။ ဦးနှောက်နဲ့ဆုံးဖြတ်ပီး သင့်လျှော်တယ် ထင်ရင် အဲ့ဒီအချက်ကို အခြေခံမူအဖြစ်နဲ့ သတ်မှတ်လိုက်တာပဲ ။ မိမိတို့ဦးနှောက်နဲ့ မကိုက်ညီရင် အဲဒီအခွင့်အရေးကို ပယ်ချလိုက်တယ် ။ လူ့အခွင့်အရေးအဖွဲ့က နိုင်ငံတကာအဖွဲ့ လို့အမည်ခံထားပေမယ့် အခြေခံလူ့အခွင့်အရေးဆိုတဲ့မူကို မသတ်မှတ်နိုင်တာဟာ အဲ့ဒီအဖွဲ့အစည်းတွေရဲ့  အဓိကအားနည်းချက်ပဲ ။

ဒီအခြေခံမူကို အစ္စလာမ်သာသနာမှာ သတ်မှတ်ပြဋ္ဌာန်းထားပီး အဆင်သင့်ရှိနေတယ် ။ ဒီသတ်မှတ်ပြဋ္ဌာန်းချက်တွေကို တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်းဟိဝစလ္လမ် ) နဲ့ ဆွဟာဗာသာဝကကြီးများက လက်တွေ့ကျင့်သုံးပြထားပီးဖြစ်တယ် ။ သမိုင်းတလျှောက် အထောက်အထား အပြည့်အစုံရှိနေတယ် ။ အစ္စလာမ်မှာ ရန်သူနဲ့ ချုပ်ဆိုထားတဲ့ နှုတ်ကတိပဲဖြစ်ဖြစ် ထိန်းသိမ်းစောင့်စည်းရတယ် ။ ဒီအကြောင်းကို ဗဒရ်စစ်ပွဲနဲ့ ပတ်သက်ပီးလာရှိတဲ့ ဟဇရသ် ဟိုဇိုင်ဖဟ်ဗင်န်ယမာန် ( ရသွေ့အလ္လာဟိုအန်ဟု ) နဲ့ဖခင်တို့ ကတိတည်တဲ့အကြောင်းမှာ တွေ့နိုင်တယ် ။

အစ္စလာမ်လူ့အခွင့်အရေးမှာ (1) အသက်ဇီဝိန်နဲ့ ပတ်သက်တဲ့ အခွင့်အရေးဖြစ်တယ် ။ ကုရ်အာန်ကျမ်းမြတ်မှာ လာရှိတယ် ။ " ဘယ်သူရဲ့  အသက်ကိုမှ မတရားသဖြင့် ရန်မရှာရဘူး " ။ ဒီအမိန့်အရ စစ်ပွဲမှာ ကလေးတွေ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေအပေါ် လက်နဲ့တောင် ရွယ်ခွင့်မပေးထားဘူး ။

(2) ဥစ္စာပစ္စည်းနဲ့ ပတ်သက်ပီး လူ့အခွင့်အရေးဖြစ်တယ် ။ ကုရ်အာန်ကျမ်းမြတ်မှာ လာရှိတယ် ။ " မတရားသောနည်းနဲ့ သူတပါး ဥစ္စာပစ္စည်းကို မစားသုံးနဲ့ " လို့ လာရှိထားတယ် ။ ခိုင်ရ်ဗရ်စစ်ပွဲမှာ ရန်သူတွေဖက်က ဆိတ်ကျောင်းသားအီမာန်ယူလာတော့ မောင်းလာတဲ့ ဆိတ်အုပ်ကို ပြန်ပို့ခိုင်းခဲ့တယ် ။ အဲဒီဆိတ်ကျောင်းသားက စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ရင်း ရှဟီးဒ်ဖြစ်သွားခဲ့တယ် ။

(3) ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးဖြစ်တယ် ။ ဒီအချက်နဲ့ ပတ်သက်ပီး သူတပါးရဲ့ နောက်ကွယ်အတင်းပြောတာ ။ ဂုံးချောတာ ။ စတဲ့အချက်တွေကို အပြစ်ဂိုနဟ်အဖြစ် သတ်မှတ်ထားတယ် ။ ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န် မတ်စ်အူးဒ် ( ရသွေ့အလ္လာဟိုအန်ဟု ) သခင်ဆင့်ပြန်ထားတဲ့ ဟဒီးဆ်တော်အရ ကအ်ဗာဟ်ကျောင်းတော်ထက်မြတ်တဲ့ မုစ်လင်မ်တဦးတယောက်ရဲ့  ဂုဏ်သိက္ခာ ဘယ်လောက်ကြီးကျယ်တယ်ဆိုတာ တင်ပြထားပီးဖြစ်တယ် ။

(4) စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ဖြစ်တယ် ။ တမန်တော်မြတ် ( ဆွလ္လလ္လာဟိုအလိုင်ဟိဝစလ္လမ် ) က အမိန့်ရှိတော်မူခဲ့တယ် ။ အလိုသဘောက မိမိရဲ့ ဇအင်အား စွမ်းပကားတွေနဲ့ သူတပါးရဲ့  စားဝတ်နေရေး ထိခိုက်နစ်နာစေမယ့် လုပ်ရပ်မျိုးမလုပ်ရဘူး လို့ တားမြစ်ထားတယ် ။ မိမိရဲ့  စီးပွားများပြားဖို့ တစ်ခုထဲကြည့်ပီး တခြားသူတွေရဲ့  စီးပွားရေး နစ်နာဆုံးရှုံးစေမယ့် လုပ်ရပ်မျိုးမလုပ်ရဘူး ။

(5) ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်တဲ့ လူအခွင့်အရေးဖြစ်တယ် ။ ကိုးကွယ် ယုံကြည်မှုနဲ့ပတ်သက်ပီး လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်ခွင့်ရှိတယ် ။ သာသနာမှာ အတင်းအဓမ္မ သိမ်းသွင်းပိုင်ခွင့်မရှိဘူး ။ ကိုယ့်ဆန္ဒအတိုင်း ဝင်နိုင်တယ် ။ ဒီလိုဝင်လာစေဖို့အတွက် ဖိတ်ခေစည်းရုံးပိုင်ခွင့်ရှိတယ် ။ အစ္စလာမ်ရဲ့ ကောင်းခြင်းအလုံးစုံကို သူတို့ရှေ့ မှာလက်တွေ့ကျင့်သုံးပြသရတယ် ။ အတင်းအဓမ္မတော့ လုပ်ပိုင်ခွင့် မရှိဘူး ။ ဒါပေမယ့် လူတယောက်အစ္စလာမ်သာသနာထဲ ရောက်လာပီးတဲ့နောက် အစ္စလာမ့်အုပ်ချုပ်မှုအောက်မှာနေပီး နောက်မှ အစ္စလာမ်သာသနာကို ကျောခိုင်းဖို့ လုပ်လာရင် လက်မခံဘူး ။ အစ္စလာမ့်အသိုင်းအဝိုင်းအထဲမှာတော့ ဖျက်လိာုဖျက်ဆီးပုံစံမျိုးကို လက်မခံဘူး ။

အစ္စလာမ်ကပြဋ္ဌာန်းထားတဲ့ ဒီလူ့အခွင့်အရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင် ခလီဖဟ်ကြီးများရဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့် ။ အထူးသဖြင့် ဟဇရသ်အုမရ် ( ရသွေ့အလ္လာဟိုအန်ဟု ) သခင်ရဲ့ ခေတ်မှာ ဗိုင်သွလ်မုကဒ်ဒပ်စ်ကို အုပ်ချုပ်တဲ့အကြောင်းကို လေ့လာကြည့်ရင် တွေ့ရမယ် ။ ဟဇရသ် မုအာဝေရဟ် ( ရသွေ့အလ္လာဟိုအန်ဟု ) သခင်ရဲ့ ဆီးရီးယားဖက်မှာ စစ်ထိုးခြင်းအကြောင်းကို လေ့လာကြည့်ရင် မုစ်လင်မ်တွေရဲ့ လူအခွင့်အရေးစောင့်ရှောက်ထိန်းသိမ်းပုံကို အကျယ်အဝင့်သိရမယ် ။

အိဆ်ွလာဟီးခွသ်ဗားသ်

T!n¥ ©h€®®¥