Tuesday, November 5, 2013

လူငယ်အိမ်ထောင်သည်ဘဝ အပိုင်း (၂)

အတွေးများကို သန့်ရှင်းပါ

ဇနီးသည် မိမိသတ်မှတ်သော ပုံစံအတိုင်း အပြည့်အဝမလိုက်နာသည့်အခါ "မချစ်တော့ဘူးလား၊ မိမိက ထားရမဲ့ ဝတ္တရားတွေကို ပျက်ကွက်တော့မှာလား။ ပျော်အောင်ထားဖို့ မကြိုးစားတော့ဘူးလား။" သို့ဖြင့်လျှင် စိတ်ချမ်းသာမှုရတော့မည်မဟုတ်ပါ။

သင်စဉ်းစားရွေးချယ် တွေးယူသတ်မှတ်ခဲ့သောစနစ်၊ ပုံစံတို့သည် သင်၏ အသိုင်းအဝိုင်း နှီးနွယ်ပတ်သက်သမျှနှင့် တွေ့ကြုံသည့်ပုံစံဖြင့်သာလျှင် ဖြစ်ပေမည်။ ထိုပုံစံက သင်က သဘောကျကျေနပ်နှစ်သက်သော်လည်း သင့်ဇနီးက ရုတ်တရတ်ပြောင်းလဲလိုက်နာဖို့ ခက်ကောင်းခက်နေပေမည်။ ဤအချက်ကို သင်စိတ်ကွက်မည်ဆိုပါက သင်မှားချေပြီ။

ထို့ကြောင့် မိမိဖြစ်ချင်သည့် အကျင့်အမူ ဓလေ့စရိုက်တို့ကို သည်းခံစိတ်ရှည်လျှက် ဇနီးအားတွဲခေါ်သင့်သည်။ သို့မှသာ နှစ်ကိုယ်တူညီမျှ ချစ်ကြည်ပျော်ရမည့် အနေအထားသို့ ရောက်ပေမည်။ တစ်ဖက်စွန်းမရောက်သင့်…။ မိမိအတွေးအထင်တို့ကို သန့်ရှင်းစင်ကြယ်သင့်ပေသည်။

ဇနီးကို မိမိနှစ်သက်သဖြင့် နေကာရှာဒီဖြစ်ခဲ့၏။ ကိုယ်နှင့် အကျင့်အမူဓလေ့စရိုက် မကိုက်ညီမှုကို အခြေခံလျှက် အပြစ်မမြင်ထိုက်ပေ။ မိန်းမသားတစ်ယောက်၏ အသိတရားနှင့် ယောက်ျား၏ အတွေးအမြင်တို့ကို ထပ်တူပြုမရနိုင်ကြောင်း သတိပြုရမည်။

အချို့အမျိုးသမီးတို့သည် ခင်ပွန်းအား အတွင်းမှချစ်၏။ ကိုယ်နှုတ်အမူအယာဖြင့်မပြတတ်ပေ။ ခင်ပွန်းအိမ်သို့ပြန်ရောက်လျှင် ကျေနပ်ပီတိဖြစ်တတ်သော်လည်း ထိုကြည်နူးမှုကို ဖုံးကွယ်နေသည်မျိုးကို ဆိုလိုသည်။

တခါတရံ အိမ်မှုကိစ္စကြောင့် ဇနီး၏ ဝတ္တရားပျက်ကွက်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်သင့်သည်။ သို့မှသာ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်လျှက် သာယာပျော်ရွှင်သောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ခင်ပွန်းသည် ဒီးန်အရေးကို ရှေ့ထား၊ နားလည်မှုကို ကြိုးပမ်း၊ မိမိ၏အတွေးအထင်တို့ကို သန့်စင်ပြီး ဦးဆောင်သင့်ကြောင်း သတိပေးအပ်ပါသည်။

မိမိဇနီးကို မြတ်နိုးတန်ဖိုးထား

မိမိ၏ ဇနီးသည်ကို အောက်ပါအကြောင်းနှစ်ချက်ကြောင့်ပင်လျှင် မြတ်နိုးတန်ဖိုးထားသင့်ပေသည်။ ၁။ ကိုယ့်ပိုင်ဆိုင်မှုအတွင်းသို့ သူမရောက်ရှိနေထိုင်ခြင်း။ ၂။သူမသည်လည်း မွတ်စ်လင်မ်တစ်ဦးဖြစ်နေခြင်း။

အမှတ် ၁ ကိုစဉ်းစားကြည့်ရအောင်

ကိုယ်ပိုင်ဆိုင်ထားသောအရာ။ ကိုယ့်လက်ခုပ်ထဲက ရေ။ ကိုယ်ပြုသမျှနုရသည့် သူမ၏ ဘဝ။ အဘယ့်ကြောင့်အနိုင်ကျင့်မည်နည်း။ မြတ်နိုးတန်ဖိုးမထားသင့်ပေဘူးလား။

အမှတ် ၂ အချက်ကို ဆန်းစစ်ကြည့်ဦးစို့။ သူမသည် မွတ်စ်လင်မ်ဖြစ်၏ ဒီးန်၏အရေးကို ဆောင်ရွက်၏။ အရှင်မြတ်ရှေ့မှောက်၌ မည်သူက မည်သူထက် သာပိုမြင့်မြတ်သည်ကို အသေအချာပြောဆိုရနိုင်သည်မဟုတ်၊ အရှင်မြတ်သည် နိုပ်စက်ညှင်းပန်းခြင်းခံရသူ၏ သာမန်အမလ်ကိုပင် ကဗူလ်ပြုလျှက် အဆင့်ကို တိုးမြှင့်တော်မူ၏။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။