Tuesday, November 26, 2013

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၂

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၂
*************************************************************
{ မှတ်ချက် - ကျွန်တော်ကိုယ်တိုင်ပြုစုသောစာတမ်း မဟုတ်ပါ။ တောင်းဆိုကြသူ များပြားလာ၍ ကျွန်တော်၏ မိတ်ဆွေဟောင်းဖြစ်သူ ဆရာမ ဒေါ်ခင်မေထွေး (ကော့သောင်း၊ တနင်္သာရီ)၏ ရေးသားတင်ပြချက်ကို အနည်းငယ်မျှ တည်းဖြတ်ကာ အမှတ်တရ ပြန်လည်တင်ဆက်ပေးခြင်း ဖြစ်ပါသည် }

၃။ ယူနန်နယ်မှ ပန်းသေးများ
================
၁၈၅၆ ခုနစ် မှ ၁၈၇၃ ခုနစ်အထိ တစ်ဆယ့်ခုနစ်နှစ်တိုင်တိုင် တရုတ်ပြည် ယူနန်နယ်၌ တရုတ်မူဆလင်ဘုရင်များ ကိုယ့်ထီးကိုယ့်နန်းဖြင့် စိုးမိုးအုပ်ချုပ်ခဲ့ကြပါသည်။ ယူနန်နယ်သည် တရုတ်ပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိပြီး မြန်မာပြည်နယ်စပ်နှင့်ကပ်လျက် နယ်ပယ်ဒေသကြီးတစ်ခုဖြစ်သည်။ ယင်းယူနန်နယ်သို့ မုစ်လင်မ်များ အဘယ်သို့ ရောက်ရှိလာကြပုံနှင့်ပတ်သက်ပြီး အဆိုအမျိုးမျိုး ရှိလေသည်။

ရှေ့မှီနောက်မှီပန်းသေးလူကြီးများ၏ပြောပြချက်အရ တရုတ်ဘုရင်မင်းမြတ်သည် ၄င်း၏တိုင်းပြည်အတွင်းရှိ မကောင်း ဆိုးဝါးမိစ္ဆာများကို ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံချက်အရ မုစ်လင်မ်ပေါင်း ၃၆၀ က ထိုနတ်ဆိုးနတ်ယုတ်များကို အမြစ်ကစ၍ သုတ်သင်ပေးလိုက်သည့်အတွက် တရုတ်ဘုရင်မင်းမြတ်မှာ များစွာကျေးဇူးတင်ရှိပြီး အာရပ်များကို ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏မြို့တော်တွင် အခြေချနေထိုင်ခွင့်ပြုလိုက်လေသည်။ (ထိုခေတ်ကာလတွင် တရုတ်ပြည်တခွင်၌ မကောင်းဆိုးဝါးမိစ္ဆာများ အလွန်များပြားသောင်းကျန်းခဲ့ကြောင်း တရုတ်ရှေးဟောင်းရာဇ၀င်များက ဆိုထားသည်ကို လေ့လာနိုင်ပါသည်)။ နှစ်အတန်ကြာမြင့်လာသောအခါ မုစ်လင်မ်လူဦးရေ တိုးတက်များပြားလာသဖြင့် နယ်စပ်များအထိတိုင် ရွှေ့ပြောင်းနေရာချထားခဲ့ကြောင်းသိရပါသည်။

တဖန် အဆိုတစ်ရပ်တွင် မုစ်လင်မ်စစ်သည်တော် ရဲမက် (၂၀၀၀၀) နှစ်သောင်း သည် တရုတ်ဘုရင်မင်းမြတ်၏ မေတ္တာ ရပ်ခံချက်အရ တ်ဗက်နှင့်စစ်ဖြစ်နေသည့် တရုတ်ဘက်မှ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သည်။ စစ်ပွဲအောင်မြင်သောအခါ မိမိမွေးရပ်ဌါနီ အာရပ်ပြည်သို့ မပြန်ကြတော့ပဲ တရုတ်ပြည် ယူနန်နယ်၌ အေဒီ ၈၀၁ ခုနစ်မှစ၍ အခြေချနေထိုင်ကာ တရုတ်ဘုရင်၏သစ္စာတော်ခံများအဖြစ် နေထိုင်ကြလေသည်။

တစ်ချိန်က တရုတ်ပြည်တွင် ဆင်းရဲချို့တဲ့လွန်းသည့်တရုတ်လူမျိုးမိသားစုတို့သည် မိမိတို့၏ရင်သွေးများအား ရောင်းချသည့်ဓလေ့ရှိခဲ့သည်။ ယင်းကလေးငယ်များကို မုစ်လင်မ်တို့မှ ခေါ်ယူစောင့်ရှောက်မြေတောင်မြှောက်ပေးခဲ့ကြသည်။ ပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ဤသို့ဖြင့် ၁၉ ရာစုတွင် ယူနန်ပြည်နယ်ရှိ မုစ်လင်မ်ဦးရေ မှာ တဟုန်ထိုး အဆမတန်တိုးတတ်များပြားလာရခြင်းတစ်ကြောင်း ဖြစ်၏။ တဆက်တည်းမှာပင် ထိုအချိန်က ယူနန်နှင့် မြန်မာကုန်သွယ်ရောင်းဝယ်ရေးလုပ်ငန်းများ၌လည်း ပန်းသေးများကသာ အဓိကဦးဆောင်ခဲ့သည်ကို တွေ့ရှိရလေသည်။ ဗြိတိသျှတို့၏ခရီးသွားမှတ်တမ်းများအရ ၄င်းကုန်သည်တို့သည် အာရပ်စာပေကိုသာမ ကုရ်အာန်ကျမ်းမြတ်ကိုပါ ကောင်းမွန် ကျွမ်းကျင်စွာဖတ်တတ်ကြောင်း နှင့် ၄င်းတို့အနက် အာရပ် အဆက်အနွယ်အများစု ဖြစ်ပြီး၊ တူရကီနွယ်ဖွားများကိုလည်း တွေ့ရကြောင်း ဖော်ပြထားလေသည်။ ထို့ကြောင့် ၄င်း တရုတ်ပြည်ဖွားမုစ်လင်မ်များ၏ သွင်ပြင်လက္ခဏာများမှာ အိန္ဒိယလူမျိုး ပုံစံ မဟုတ်ပဲ တရုတ်လူမျိုး (သို့မဟုတ်) တရုတ်ကပြားများ၏ ယဉ်ကျေးမှုပုံသဏ္ဍန်အတိုင်း ပေါ်လွင်နေခြင်း ဖြစ်ပါသည်။

(၄-၁၀-၁၉၉၄) နေ့ထုတ် မြန်မာ့အလင်းသတင်းစာ နှင့် ကြေးမုံသတင်းစာများတွင် မင်းရဲကောင်းပုံ ရေးသားထားသော “တရုတ်မြန်မာ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးသို့ (ကော်လံ - ၅ ) ၌်
“ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀) နှစ်ထောင် ကပင် ယူနန်သည် တရုတ်နိုင်ငံအဖို့ အရှေ့တောင်အာရှနိုင်ငံများနှင့်သာမက၊ အိန္ဒိယနိုင်ငံနှင့်ပါ ဆက်ဆံရေး၊ ကုန်သွယ်ရေးအတွက် တံခါးပေါက်ဖြစ်ခဲ့ပါသည်။ ကျော်ကြားသော (ပိုးဖဲ လမ်းမကြီး ) သည် စင်စစ် တရုတ်ပြည်၏ ကုန်သွယ်ရေးဗဟိုလမ်းမကြီးဖြစ်ပါသည်။ ထိုလမ်းမကြီးသည် စီချွမ်းပြည်နယ်၏မြို့တော်မှ အစပြုလျက် အာရှတိုက် အလယ်ပိုင်း နှင့် အာရေဗျနိုင်ငံကို ပေါက်ရောက်သော လမ်းမကြီး ဖြစ်သည်။ လမ်းမကြီး ဖြတ်သန်းရာ မြို့ကြီးများတွင် ကူမင်း(ခွန်းမင်)၊ တာ့လီ ၊ ပေါက်ဆန်း၊ ထျန်းချိ တို့ ပါဝင်လျက် မြန်မာနှင့်အိန္ဒိယနိုင်ငံရှိ မြို့ပြဒေသများကိုလည်း ဖြတ်သန်းသွားရကာ သမိုင်းတစ်လျှောက်တွင် ထို (ပိုးဖဲလမ်းမကြီး) သည် တရုတ်နိုင်ငံ နှင့် အရှေ့တောင်အာရှ နိုင်ငံ များ၏ အဓိကဆက်သွယ်ရေးအတွက် အချက်အချာကျသော ဗဟိုလမ်းမကြီး ဖြစိခဲ့သည် ” ဟု ဖော်ပြထားပါသည်။ ထို သမိုင်းဖြစ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် အာရပ်တို့သည် ရှေးယခင်နှစ်ကြာမြင့်စွာကပင် မြန်မာပြည် နှင့် တရုတ်ပြည်သို့ ကူးလူးသွားလာခဲ့ကြသည်မှာ ခိုင်လုံသော အထောက်အထားတစ်ခု ဖြစ်ပါသည်။ ဥပမာ - ကတ္တီပါ ဆိုသည့်စကားလုံးမှာ အရဗီစကား ဖြစ်ပါသည်။

၎။ တရုတ်ပြည်ရှိ အစ္စလာမ်ဘာသာဝင် လူမျိုးစုများ
=============================
တရုတ်ပြည်တွင် အစ္စလာမ်ဘာသာဝင် လူမျိုးနွယ်စု (၁၀) မျိုး ရှိပါသည်။ ၄င်းတို့မှာ (၁) ဟွေဟွေး၊ (၂) ဥူဂါးရ်၊ (၃)ကာဇက်၊ (၄) ခါဂစ်၊ (၅) တာဂျစ်၊ (၆) တာတာ၊ (၇) ဥဇ္ဖဘက်၊ (၈) တုံရှန်၊ (၉) တာလာ နှင့် (၁၀) ပေါက်အန်း တို့ ဖြစ်ကြပါသည်။ တရုတ်မုစ်လင်မ် အများစုနေထိုင်သော ပြည်နယ်များမှာ ယူနန်နယ် ၊ ကန်တုံနယ်၊ ကန်စုနယ်၊ စီချွမ်း နယ်၊ ချင့်ဟိုက်နယ်၊ ကေ့ကျန်နယ် တို့ ဖြစ်ကြပြီး၊ (ထိုစဉ်က) ယူနန်ပြည်နယ်မြို့တော် တာ့လီမြို့သည် အစ္စလာမ့်ဗဟိုဌါနတစ်ခု ဖြစ်ခဲ့သည်။ အထက်ဖော်ပြပါ ပြည်နယ်အသီးသီးတို့တွင်လည်း အစ္စလာမ် ဘာသာရေးကျောင်းများကို လွတ်လွတ်စွာ စိတ်တိုင်းကျ ဖွင့်လှစ်နိုင်ပြီး တိုင်းရင်းသားဘာသာစာပေနှင့်တစ်ကွ အာရပ် ဘာသာ(အရဗီ) နှင့် ပါးရှန်းဘာသာ(ဖာရ်စိ)များကိုပါ တွဲဖက်သင်ကြားစေပါသည်။ တရုတ်ပြည် အနောက်မြောက်ပိုင်းတွင် တူရကီ - ပါရှန်း အဆက်အနွယ် မုစ်လင်မ်အများအပြားနေထိုင်ကြသည်ကိုလည်း တွေ့ရှိရပါသည်။

တရုတ်ပြည်တွင် မှီတင်းနေထိုင်ကြသော လူမျိုးများကို တရုတ်လူမျိုးများဟုသိမြင်ကြ၏။ သို့ရာတွင် ထိုလူမျိုးများသည် တစ်မျိုးတစ်စားတည်းမဟုတ်ကြပေ။ တရုတ်ပြည်တွင် နေထိုင်ကြသော လူမျိုးအုပ်စုကြီး ၅ စု ရှိပါသည်။ ၄င်းတို့မှာ (၁) ဟန်လူမျိုး၊ (၂) မန်ချူးလူမျိုး၊ (၃) မွန်ဂို လူမျိုး၊ (၄) ရှီးစန်း (ခေါ်) တိဗက် လူမျိုး၊ (၅) ဟွေချူ ခေါ် ဟွေဟွေး -တရုတ်မုစ်လင်မ်တို့ ဖြစ်ကြပါသည်။ တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာ စွန်းကျူံးဆန်(ဆွန်ယက်ဆင်) တည်ထောင်သော အမျိုးသား နိုင်ငံတော်အလံမှာ ငါးရောင်ခြယ်အလံဖြစ်ပြီး အနီ ၊ အ၀ါ၊ အပြာ၊ အဖြူ၊ အနက် တို့ဖြင့် တရုတ်လူမျိုးအုပ်စုကြီး (၅)စု အား ကိုယ်စားပြုဖော်ပြခဲ့ပါသည်။ ယခု တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံတွင် ပါရှိသော ကြယ်နီ (၅) ပွင့်၏အဓိပ္ပာယ်မှာ ထို လူမျိုးအုပ်စုကြီး ငါးစုကို သရုပ်ဖော်ဆောင်ထားခြင်းဖြစ်ပါသည်။ ဤသည် ကို ထောက်ရှုခြင်းအားဖြင့် တရုတ်ပြည်ရှိ ဟွေဟွေး မုစ်လင်မ်အင်အားသည် မည်မျှအထိများပြားကြောင်း အလွယ်တကူ ခန့်မှန်းနိုင်ပေမည်။ အစိုးရကပင် အသိအမှတ်ပြုထားရကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရပါသည်။ တရုတ်ပြည်တွင် မုစ်လင်မ်ဦးရေ သီးသန့်ကောက်ယူထားသည့် တရားဝင်သန်းခေါင်စာရင်း မရှိခြင်းကြောင့် တရုတ် မုစ်လင်မ်၏ပမာဏကို အတိအကျ မသိရသော်လည်း အစ္စလာမ့်အသိုင်းအ၀ိုင်း၏အဆိုအရ သန်းပေါင်း (၁၀၀) အနည်းဆုံး ရှိနေသည် ဟု သိရပါသည်။

တင်ပြသူ ဂျူလိုင်ရဲရင့်

(ဆက်လက်ဖော်ပြပါမည်)

အလ်မုဖီးဒ်