Sunday, November 24, 2013

အရှင်မြတ်အား အောက်မေ့ တသ သတိရခြင်း

" နဟ်မဒုဟူဝနုစွလ္လိအလာရစူလ်လိဟိလ်ကရီးမ် "
------------------------------------------------------
အသင်တို့သည်၊ အရှင်မြတ်အားများမြောင်စွာ အောက်မေ့တသ သတိရကြလော့ဟု အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်တွင် မိန့်ဆိုထားသည်ဖြစ်၍ ညဉ့်၌ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ တောထဲ၌ဖြစ်စေ၊ မြစ်ထဲ၌ဖြစ်စေ၊ ခရီးသွားရင်းဖြစ်စေ၊ မိမိမြို့တွင်ရှိနေခိုက်ဖြစ်စေ၊ ဆင်းရဲသောအခြေအနေ၌ဖြစ်စေ၊ ချမ်းသာသောအခြေအနေ၌ဖြစ်စေ၊ နာမကျန်းဖြစ်နေသောအချိန်၌ဖြစ်စေ၊ ကျန်းမာနေစဉ်ဖြစ်စေ၊ ဈေးရောင်းရင်းဖြစ်စေ၊ ဈေးဝယ်ရင်းဖြစ်စေ၊ ထမင်းချက်ရင်းဖြစ်စေ၊ တိုးတီးစွာဖြစ်စေ၊ အသံကျယ်စွာဖြစ်စေ၊ မည်သည့်အခြေအနေမျိုး၌ ရှိနေသည်ဖြစ်စေ၊ အရှင်မြတ်အားအောက်မေ့တသသတိရခြင်းဖြစ်သော ဇိကိရ်ကို တမ်းတမပျက်ရှိကြပါဟု တိုက်တွန်းလိုပါသည်။

"အလ္လာဟ်အရှင်မြတ်ကို သတိရတသခြင်းဖြင့်နှလုံးသားများတွင် တည်ငြိမ်အေးချမ်းမှုရရှိသည်။"

အလာဘေဇိကိရ်လားဟေ သတ္တမအင်န်နုလ်ကုလူးဗ်

ဤအာယသ်တော်အရ စိတ်နှလုံးချမ်းမြေ့ရေးသည် အလ္လာဟ့်ဇိကိရ်တော်၌သာတည်နေကြောင်း သိသာနိုင်သောကြောင့် အလ္လာဟ်ဇိကိရ်တော်ကို မည်သည့် အခါမှ မေ့လျော့၍မဖြစ်ပေ။ ဇိကိရ်တော်အမြောက်အများပြုနေရမည်။ ဇိကိရ်၏ထူးခြားသော အာနိသင်သည် ရေနှင့်တူပြီး သစ်ပင်အားရေလောင်း၍ စိမ်းလန်းစိုပြေနေသလို ဇိကိရ်ကို အရေးတယူ ပြုလုပ်နေခြင်းဖြင့် နှလုံးသားလန်းဆန်း၍ စိတ်ချမ်းသာမှုနှင့် ကောင်းမှုများပွားများနိုင်မည့် စွမ်းအင်သတ္တိများ မွေးဖွားပေးပါသည်။ ဇိကိရ်၏နူးရ် ဗရ်ကသ်တို့ကြောင့် ဇိကိရ်ပြုသူသည် ထူးခြားလှသည့် အလ္လာဟ်နှင့် နွယ်ငင်ရစ်ပတ်နေပြီဟု ယူဆရသော အခြေအနေတစ်မျိုးကို သိသိသာသာ ခံစားရပေသည်။ ယင်းခံစားချက်ကြောင့် အတွင်းအပြင် ပြုပြင်မှုနှင့် ထာဝစဉ် အလ္လာဟ်အမိန့်နာခံခြင်းတည်းဟူသော ဆုလာဘ်ကိုသာ ရရှိလာပါသည်။ ထို့ကြောင့်ဇိကိရ်တော်ကိုဂရုတစိုက်ဖြင့် မပြတ်တမ်း စိပ်နေရမည်။ အချိန်မရသောနေ့တွင် နည်းလျှင်နည်းပါစေ ဆက်ဆက်လုပ်ပါ။ အပျက်မခံပါနှင့်။

ဟဒီးစေကုဒ်စီတွင် ဖေါ်ပြထားသည်မှာ ရစူလ်ကိုယ်တော်မြတ်ကြီး(ဆွ) မိန့်တော်မူသည်မှာ…..

”အနာဂျလီစ်းမန်ဇကရနီ"

"ငါအရှင်မြတ်သည် ဇိကိရ်ပြုလုပ်သူများနဲ့ အတူတကွ နေထိုင်တော်မူပါသည်" ဟူ၍ ဖြစ်ပါသည်။

အလ္လာဟ်အရှင်မြတ်က အွမ္မသ်တို့အား မိန့်ဆိုတော်မူထားသည်မှာ " အို….လူသားတို့၊ ငါအရှင်သည် အသင်တို့၏ စိတ်နှလုံးကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့၏ စိတ်နှလုံးတွင် အေးချမ်းသာယာမှုရအောင် ထည့်ပေးရမည့်ဓါတ်ကို ငါအရှင်ထက်ပို၍ သိသူမည်သူမျှ မရှိပေ " ဟူ၍ဖြစ်ပါသည်

ဇိကိရ်ပြုခြင်းအားဖြင့် ရရှိမည့် ဖဇီလသ် အကျိုးတရားများ 

၁။ ဇိကိရ်သည် ရှိုင်ဿွန်အားတွန်းလှန်ဖျက်စီး၏။

၂။ ဇိကိရ်သည် အရှင်မြတ်နှစ်သက်တော်မူရန် အကြောင်းခံဖြစ်၏။

၃။ ဇိကိရ်သည် ပူပင်သောကကို ကင်းဝေးစေ၏။

၎။ ဇိကိရ်သည် စိတ်ကို ပျော်မြူးစေနိုင်၏။

၅။ ဇိကိရ်သည် ခန္ဓာကိုယ်နှင့်နှလုံးကိုအားဖြည့်ပေး၏။

၆။ ဇိကိရ်သည် မျက်နှာနှင့်စိတ်ကို ကြည်လင်စေ၏။

၇။ ဇိကိရ်သည် ရိုဇီရိက္ခာကို ပေါများစေ၏။

၈။ ဇိကိရ်သည် လူကိုခန့်ညားစေနိုင်၏။

၉။ ဇိကိရ်လုပ်သူကို အရှင်မြတ်က မြတ်နိုးစေနိုင်၏။

၁၀။ ဇိကိရ်လုပ်သူသည် အရှင်ဘက်သို့ ပြန်လှည့်စေ၏။

၁၁။ ဇိကိရ်လုပ်သူသည် အရှင်မြတ်နှင့် နီးကပ်စေနိုင်၏။

၁၂။ ဇိကိရ်သည်အရှင်မြတ်အားသိရန် မအ်ရိဖသ်တံခါးကို ဖွင့်ပေး၏။

၁၃။ ဇိကိရ်ပြုသူအား အရှင်မြတ်က သတိရတော်မူရန် အကြောင်းခံဖြစ်၏။

၁၁။ ဇိကိရ်လုပ်သူသည် အရှင်မြတ်နှင့် နီးကပ်စေနိုင်၏။

၁၂။ ဇိကိရ်သည်အရှင်မြတ်အားသိရန် မအ်ရိဖသ်တံခါးကို ဖွင့်ပေး၏။

၁၃။ ဇိကိရ်ပြုသူအား အရှင်မြတ်က သတိရတော်မူရန် အကြောင်းခံဖြစ်၏။

၁၄။ ဇိကိရ်သည် နှလုံးကို ရှင်သန်စေ၏။ ခန္ဓာကိုယ် အသက်ရှင်ရေး အတွက် ရေသည် မရှိမဖြစ် လိုအပ်သလို နှလုံးသား၏ အာဟာရ အတွက်မှာလည်း ဇီကီရ်သည် မရှိမဖြစ် လိုအပ်၏။

၁၅။ ဇိကိရ်သည် နှလုံးနှင့်အသက်အတွက် အာဟာရဖြစ်၏။

၁၆။ ဇိကိရ်သည် နှလုံးတွင်ရှိသော အလိုရမ္မက်နှင့် အညစ်အကြေး တည်းဟူသော သံချေးများကို ကျွတ်စေ၏။ ချွတ်ချော်မှားယွင်း၍ ပြုမိသော ပြစ်မှုများကိုပပျောက်စေ၏။

၁၇။ ပျော်ရွှင်သောအခါမျိုး၌ ဇိကိရ်ပြုသောသူအား အရှင်မြတ်သည် ထိုသူ ဒုက္ခတွေ့သောအခါ သတိရတော်မူမည်။

၁၈။ ဇိကိရ်သည် အရှင်မြတ်၏ ပြစ်ဒဏ်မှ လွတ်ကင်းစေသော အကြောင်းခံ ဖြစ်၏။

၁၉။ ဇိကိရ်သည် ဂရုဏာတော်ကျရောက်ရန် အကြောင်းခံဖြစ်၏။

၂၀။ ဇိကိရ်လုပ်သူသည် နဖူးစာကောင်းသူဖြစ်၏။

၂၁။ ဇိကိရ်သည် ကေယာမသ်နေ့တွင် ယူကျုံးမရဖြစ်ခြင်းမှ ကာကွယ်၏။

၂၂။ ဇိကိရ်ပြုလုပ်သူသည် ဆုဒိုအာပြုသူထက် ပိုမို၍ အရှင့်ထံမှ ဆုလာဘ်ကိုရရှိ၏။

၂၃။ ဇိကိရ်နှင့်ပတ်သက်၍ ချီးမြှင့်တော်မူရန် ကတိပြုတော်မူသော အကျိုးစသည်များကို အခြားမည်သည့် ပြုမူဆောင်ရွက်ချက် နှင့်ပတ်သက်၍ ကတိပြုတော်မူခြင်းမရှိ။

၂၄။ ဇိကိရ်သည် အရာခပ်သိမ်းနှင့် အခြေအနေတိုင်း၌ တိုးတက်အောင်ပြုပေး၏။

၂၅။ ဇိကိရ်သည် ဖရိုဖရဲဖြစ်နေသော စိတ်၏ ကစဉ့်ကလျားဖြစ်ခြင်းကို စုစည်းပေး၏။

၂၆။ ဇိကိရ်သည် တသခြင်းခံရသော အရှင်မြတ်နှင့် ဆက်စပ်မှု ရရှိသွားသည်အထိ နီးကပ်စေ၏။

၂၇။ ဇိကိရ်သည် ကျွန်များကို သူကောင်းပြုခြင်းနှင့်တူ၏။ ပစ္စည်းလှူဒါန်းခြင်းနှင့်တူ၏။ အရှင်လမ်း၌ ဂျီဟာဒ် စစ်တိုက်ခြင်းနှင့်တူ၏။

၂၈။ ဇိကိရ်သည် နှလုံးသားကို နူးညံ့ပျော့ပြောင်းစေ၏။

၂၉။ ဇိကိရ်သည် စိတ်နှလုံး၏ ရောဂါများအဖို့ ဆေးဖြစ်၏။

၃၀။ဇိကိရ်သည် အရှင်မြတ်နှင့် အဆွေခင်ပွန်းဖြစ်ရန် အရင်းမူလဖြစ်၏။

၃၁။ အရှင့်ကျေးဇူးတော်များကို ဇီကီရ်ကဲ့သို့ ဆွဲငင်နိုင်သော အရာဟူ၍မရှိ ဇီကီရ်ကဲ့သို့ အရှင်မြတ်၏ အပြစ်ဒဏ်များကို ဖယ်ရှားနိုင်သော အရာဟူ၍လည်း မရှိပေ။

၃၂။ ဇိကိရ်ပြုသူသည် အရှင်မြတ်၏ဂရုဏာတော်နှင့် မလာအေကာ တို့၏ ဒိုအာကိုရ၏။

၃၃။ ကောင်းမှုဟူသမျှတို့ကို ဇီကီရ်ပြုရန် အလို့ငှာ သတ်မှတ်တော်မူခြင်းဖြစ်သည်။

၃၄။ကောင်းမှုများတွင် ဇီကီရ်များစွာ ပါဝင်သော ကောင်းမှုသာလျှင် အထူးမြတ်ဆုံးဖြစ်သည်။

၃၅။ ဇိကိရ်သည် နဖိလ်နမာဇ်များနှင့် အခြားနဖိလ် အေဗာဒသ်များ၏ အစားထိုးခြင်းဖြစ်၏။

၃၆။ ဇိကိရ်ကြောင့် ပင်ပန်းမှုဟူသမျှသည် သက်သာမှုဖြစ်လာ၏။

၃၇။ ဇိကိရ်ကြောင့် စိတ်ထဲမှကြောက်ရွံ့ ထိတ်လန့်မှုသည် ပပျောက်သွား၏။

၃၈။ ဇိကိရ်ကြောင့်လူ၌ အထူးစွမ်းအင်ပေါ်ပေါက်လာ၍ ခက်ခဲသော အလုပ်များကို ပြုနိုင်စွမ်းရှိလာ၏။

၃၉။ အာခေရသ်အတွက် ဆောင်ရွက်သူများသည် သူ့ထက်ငါသာအောင် ပြေးလွှားနေကြ၏။ ထိုအထဲတွင် ဇိကိရ်ပြုလုပ်သူသည် ထိပ်ဆုံးမှဖြစ်၏။

၄၀။ ဇိကိရ်ပြုသူအား အရှင်မြတ်ကိုယ်တော်တိုင် မှန်ကန်ကြောင်း ထောက်ခံတော်မူ၏။

၄၁။ ဇိကိရ်သည် ဂျဟန္နမ်ငရဲမီးဘေးမှ ကာကွယ်ရန် အကာအကွယ်ဖြစ်၏။

၄၂။ ဇိကိရ်ပြုသူအဖို့ မလာအေကာကောင်းကင်တမန်များက အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ဒိုအာတောင်းပေးကြ၏။

၄၃။ ကောင်းမှုကုသိုလ်အပေါင်းတို့အနက် ဇိကိရ်အရ သာမှာထူးခြားမှုရှိသည်ဖြစ်ရာ ထိုအရသာကို မည်သည့်ကောင်းမှုတွင်မှ မတွေ့ရပေ။

၄၄။ ဇိကိရ် ပြုသူ၏ မျက်နှာတွင် ဤလောက၌ ကျက်သရေရှိ၍ အာခေရသ်တွင်လည်း " နူရ် " အလင်းရောင် ရှိပေသည်။

၄၅။ ဇိကိရ်သည် အကြီးမားဆုံးရန်သူဖြစ်သော ရှိုက်တွာန်ကို ဂယောင်ချောက်ခြားဖြစ်စေ၏။

၄၆။ ဇိကိရ်ပြုလုပ်ခြင်းအားဖြင့် အခြားအေဗာဒသ်တွင် စိတ်ပါလာသည်။ အရသာတွေ့လာသည်။ အဘယ် အေဗာဒသ်တွင်မှ ပင်ပန်းခြင်း ဝန်လေးခြင်း မရှိတော့ပေ။

၄၇။ စွဲမြဲစွာဇိကိရ် ပြုသောသူသည် ဂျန္နသ်သုခဘုံသို့ ရယ်မောစွာ ဝင်ရမည်။

၄၈။ အရှင်မြတ်သည် ဇိကိရ်ပြုသူတို့နှင့် ပတ်သက်၍ ကောင်းကင်တမန်များရှေ့ဝယ် လူသားအတွက် ဂုဏ်ယူတော်မူ၏။

၄၉။ ဇိကိရ်သည် အရှင်မြတ်ကို ကျေးဇူးတင်ခြင်း၏ အရင်းမူလဖြစ်၏။ အရှင်မြတ်၏ ဇိကိရ်မပြုသောသူသည် အရှင်မြတ်၏ ကျေးဇူးကို သိတတ်ခြင်းမရှိသူဖြစ်၏။

၅၀။ ဇိကိရ်သည် သွရီကာခေါ် တစောင်ဝုဖ်၏ အချက်အချာအဓိက ကျင့်စဉ်တစ်ခုဖြစ်၍ ဆူဖီဝလီသူတော်စင်အပေါင်းတို့၏ လမ်းစဉ်အားလုံးတွင် အစဉ်အလာတစ်ခုအဖြစ် အဓိကပါဝင်ပေသည်။ဇိကိရ်၏ တံခါးဖွင့်ပေးခြင်းခံရသော သူ၏အဖို့ အရှင်မြတ်ထံတော်သို့ အရောက်သွားရန် တံခါးပွင့်သွားခြင်းဖြစ်၏။

ဇိကိရ်ကို မေ့လျော့၍မနေကြလေနှင့်။ ရိုးရိုးဇိကိရ်ကိုဖြစ်စေ၊ သီးသန့်ဇိကိရ်ကိုဖြစ်စေ၊ တစ်မျိုးတည်းကိုဖြစ်စေ၊ လွှဲပြောင်း၍ဖြစ်စေ၊ မရေမတွက်ဘဲဖြစ်စေ၊ စိပ်ပုတီးဖြင့်ဖြစ်စေ၊ လက်ချောင်းများဖြင့် ရေတွက်၍ ဖြစ်စေ အမြဲဖတ်လျက်နေပါလေ။

ဟဒီးစ်တော်တွင် လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်သည် သုံးဦးသောသူ၏ ဒိုအာကို ပယ်ချတော်မမူပေ။ မုချလက်ခံတော်မူမည်ဖြစ်သည်။

၁။ များစွာဇိကိရ်ပြုသူ

၂။ နှိပ်စက်ခြင်းခံရသူ

၃။ ညှင်းပန်းနှိပ်စက်ခြင်း မပြုသောဘုရင် တို့ဖြစ်၏။

(အလ်မုဖီးဒ်)