Tuesday, November 26, 2013

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၎

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၎
*************************************************************
၆။ မန်ချူးတော်လှန်ရေး နှင့် ပန်လုံပန်းသေးများ
==========================
** ဤနေရာ၌ ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မဟေသီမဂ္ဂဇင်း အမှတ် ၃၁ မှ (ဦး) ရည်စိန် ရေးသားခဲ့သော “ ပန်လုံပန်းသေးတို့၏သမိုင်းဖြစ်စဉ်အကျဉ်း ” ကို ဖော်ပြခြင်းက ပိုမိုသင့်လျော်သည်ထင်၍ အရှိအတိုင်း ပြန်လည်ရေးသားတင်ပြပါသည်။ **

မြန်မာတို့က တရုတ်မုစ်လင်မ်များကို ပန်းသေး ဟုခေါ်ကြသဖြင့်၊ တရုတ်မုစ်လင်မ်တို့ကလည်း ထိုအမည်ကို လက်ခံကြသည်။ တရုတ်မုစ်လင်မ် သို့မဟုတ် ပန်းသေးတို့အနက် အချို့က မိမိကိုယ်ကို ပန်လုံပန်းသေးများဟု ခေါ်တွင်ကြ၏။
(က) ထိုသူတို့သည် အဘယ်ကြောင့် ပန်လုံ ဟူသောဒေသကို အစွဲပြု၍ ပန်လုံပန်းသေးဟု ခေါ်ဝေါ်လာကြပါသနည်း။
(ခ) သူတို့ သို့မဟုတ် သူတို့၏ဘိုးဘေးများသည် ပန်လုံဒေသမှာ နေထိုင်ခဲ့ဖူးသဖြင့် ပန်လုံကိုအစွဲပြု၍ ပန်လုံပန်းသေးဟု ခေါ်တွင်လာခြင်းဖြစ်သည်ဟု တွေးထင်နိုင်ဖွယ်ရှိ၏။ သို့ရာတွင် သူတို့ သို့မဟုတ် သူတို့၏ဘိုးဘေးများသည် အဘယ်သို့သောအကြောင်းကြောင့် ပန်လုံဒေသသို့ရောက်လာကြပါသနည်း။
(ဂ) သူတို့၏ဘိုးဘေးများသည် မည်သည့်အခါ၌ ပန်လုံသို့ ရောက်လာခဲ့ပါသနည်း။
(ဃ) သူတို့၏ဘိုးဘေးများသည် ပန်လုံသို့ရောက်မလာမီ မည်သည့်ဒေသမှာ အခြေချနေထိုင်ခဲ့ပါသနည်း။

ပန်လုံပန်းသေးတို့၏သမိုင်းဖြစ်စဉ်ကို သိသူ မများချေ။ ယခုဤနေရာ၌ သူတို့၏သမိုင်းဖြစ်စဉ်ကိုဆွေးနွေးရန် ရည်ရွယ်သည်။ အစဉ်အလာစကားအရ သူတို့၏ဘိုးဘေးများသည် တရုတ် မင်မင်းဆက် နောက်ဆုံးဧကရာဇ် ယုန်လီနှင့် ဆက်နွှယ်မှုရှိကြောင်း သိရ၏။ မင်မင်းဆက် Ming Dynasty သည် ခရစ်နှစ် ၁၃၆၈ ခုနှစ်မှတက်လာ၍ ခရစ်နှစ် ၁၆၆၂ ခုနှစ်၌ လုံးဝ ပျက်သုဉ်းသွားခဲ့သည်။ ယုန်လီသည် ခရစ်နှစ် ၁၆၄၇-၁၆၆၂ အတွင်း ထင်ရှားသောပုဂ္ဂိုလ်ဖြစ်သည်။ ယုန်လီ သည် မြန်မာရာဇ၀င်ကျမ်းလာ ရုံလှီဥတည်ဘွား ပင်တည်း။ အိမ်နိမ့်စံစဉ် ကွေ့မင်းသား ဟူသောဘွဲ့ကို ခံယူသည်။

မင်မင်းဆက်နောက်ဆုံးဧကရာဇ် ယုန်လီ
------------------------------------------
ခရစ်နှစ် ၁၆၆၄ ခုနှစ်၌ အရှေ့မြောက်ဖက်မှ မန်ချူးတို့သည် တရုတ်နိုင်ငံကို စတင်စိုးမိုးလာနေပြီဖြစ်၏။ သို့ရာတွင် မင်မင်းဆက်အဆက်အနွှယ်များသည် မိမိတို့အပေါ်သစ္စာခံသူများကို စုရုံး၍ တရုတ်နိုင်ငံတောင်ဖက်ကမ်းခြေတစ်လျှောက်၌ ဆက်လက်နေထိုင်ကြသည်။ မန်ချူးတပ်ဖွဲ့ နှင့် မင်မင်းဆက်အချောင်သမားများဖြစ်ကြသော တရုတ်အမတ်များအချို့နှင့်စစ်သူကြီးအချို့တို့ ဦးစီးသည့်တပ်ဖွဲ့တို့သည် မင်မင်းဆက်အဆက်အနွယ်နေထိုင်ရာသို့ ဆက်လက်တိုက်ခိုက်လာရာ မင်မင်းအဆက်အနွယ်တို့ဘက်မှာ တစ်ပွဲပြီးတစ်ပွဲ အရေးနိမ့်လာသည်။ နောက်ဆုံး၌ ကွေ့မင်းသားကို ဧကရာဇ်အဖြစ် နန်းတင်လိုက်သည်။ ကွေ့မင်းသည် ခရစ်နှစ် ၁၆၄၇ ခုနှစ်၌ ဧကရာဇ်ဘွဲ့ကို ခံယူ၏။ သို့ရာတွင် မန်ချူးတို့ကို တန်ပြန်စစ်ထိုးနိုင်စွမ်း မရှိချေ။ ဆက်လက်အရေးနိမ့်လာသည်။ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသမှအနောက်ဖက်သို့ တဖြည်းဖြည်း ဆုတ်ခွာလာ၏။ ခရစ် ၁၆၇၉ ခုနှစ်၌ ဧကရာဇ်ယုန်လီသည် ယူနန်နယ်သို့ ရောက်လာသည်။ ထိုအခါ မန်ချူးတို့အပေါ် သစ္စာခံယူသော မင်မင်းဆက်စစ်သူကြီးဟောင်းတစ်ဦးဖြစ်သူ ၀ူစန်းကွေ့သည် ဧကရာဇ်ယုန်လီကို အရှင်ဖမ်းမိရန် ကြံရွယ်သဖြင့် ယုန်လီရောက်သွားရာသို့ အမြဲတကောက်ကောက်လိုက်လာသည်။

ဧကရာဇ်ယုန်လီကိုပုန်ကန်သော အင်အားစုလည်း ကြီးမားလာမှုကြောင့် ယုန်လီသည် ခရစ် ၁၆၅၉ ခုနှစ် မတ်လ ၂၂ ရက်၌ ဗန်းမော်သို့ရောက်လာတော့၏။ မြန်မာနိုင်ငံ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်။ မြန်မာမင်း ပင်းတလဲမင်းလည်း ယုန်လီနောက်လိုက်အခြွေအရံများအား ဗန်းမော်မှာ လက်နက်ချစေပြီး မြန်မာနိုင်ငံသို့ဝင်ရောက်လာစေရန်ခွင့်ပြုလိုက်၏။ ထိုနှစ်ဇွန်လ ၂၇ ရက်၌ ယုန်လီသည် အခြွေအရံအချို့နှင့်အတူ စစ်ကိုင်းသို့ရောက်သည်။ လှေစီးခွင့်မရသူများက ကုန်းလမ်းဖြင့် ၀င်လာရ၏။ ဧကရာဇ်ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ခွဲကျော်ကျော်ခန့်သာနေလိုက်ရသည်။ မန်ချူးအစိုးရ၏အလိုတော်ရိဖြစ်လာသူ ၀ူစန်းကွေ့သည် ခရစ် ၁၆၆၂ ခုနှစ်၊ ဇန္န၀ါရီလ ၂၀ ရက်၌ ယခု မန္တလေးအနီးရှိ အောင်ပင်လယ်အရပ်မှာ တပ်ချကာ မြန်မာမင်းထံမှ ယုန်လီကိုတောင်းတော့သည်။ မြန်မာမင်းက မလွှဲသာသဖြင့် ပေးအပ်လိုက်ရ၏။ ထိုအခါက မြန်မာမင်းသည် ပင်းတလဲမင်း မဟုတ်တော့ဘဲ ညီတော် ပြည်မင်း ဖြစ်နေလေပြီ။

ယုန်လီသည် စစ်ကိုင်း၌ နှစ်နှစ်ကျော်ကျော်နေထိုင်ခဲ့ကြောင်း အထက်၌ဆိုခဲ့၏။ မြန်မာတို့ဖက်က ယုန်လီကို လက်ခံခဲ့သဖြင့် မြန်မာနိုင်ငံမှာ အတော်ဒုက္ခရောက်ခဲ့သည်။ ယုန်လီ၏သစ္စာကိုခံယူသော စစ်သူကြီး နှစ်ဦးသည် ယုန်လီအား စစ်ကိုင်းမှ ကယ်တင်ထုတ်ယူရန်ဟူသောအကြောင်းပြချက်ဖြင့် စစ်သည်အကြွင်းအကျန်များကိုစုရုံး၍ မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာသည်။ မြန်မာတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်မိတော့သည်။ မြန်မာတပ်ဖွဲ့က ထိုတရုတ်တပ်ဖွဲ့ကို တိုက်ထုတ်လိုက်၏။ နောက်ဆုံး၌ တရုတ်စစ်သူကြီးနှစ်ဦးစလုံး၏တပ်ဖွဲ့သည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားရ၏။ Kung Chang Wang ဘွဲ့ခံ Pai Wen Hsuan သည် ယူနန်နယ်သို့ဆုတ်ခွာသွားပြီး မန်ချူးတပ်ဖွဲ့အား အညံ့ခံ၏။ ထိုပုဂ္ဂိုလ်သည် မှန်နန်းရာဇ၀င်ကျမ်းလာ “ကုန်ဆင်ဝင်”ပင်တည်း။ အခြားစစ်သူကြီးတစ်ဦးကား Tsin Wang ဘွဲ့ခံ Li Ting Kuo ဖြစ်သည်။ မှန်နန်းရာဖ၀င်ကျမ်း၌ ထိုပုဂ္ဂိုလ်ကို “အံသီဝင်” ဟုခေါ်သည်။ Li Ting Kuo သည် ပဲခူးဖက်သို့ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ဖက်သို့ ပြန်တက်သွားသည်။ ထို့နောက် နယ်ခြားဒေသမှာ ကွယ်လွန်သွားတော့၏။ မြန်မာမင်း ပြည်မင်းသည် ခရစ် ၁၆၆၂ ခုနှစ် ဇန္န၀ါရီ ၂၂ ရက်၌ ၀ူစန်းကွေ့အား ယုန်လီမိသားစုကို အပ်လိုက်သည်။ ဇန္န၀ါရီ ၂၈ ရက်၌ ၀ူစန်းကွေ့သည် ယုန်လီမိသားစုကို ဆောင်ယူပြီး ယူနန်နယ်သို့ ထွက်ခွာသွား၏။ ယူနန်မြို့တော် ခွန်မင်းသို့ရောက်သော် မန်ချူးဧကရာဇ် Shun Chih ၏ အမိန့်အရ ယုန်လီတို့သားအဖနှစ်ဦးကို ပီကင်း(ပေကျင်း)သို့မပို့လိုက်တော့ဘဲ ခွန်မင်းမြို့မှာ အဆုံးစီရင်စေသည်။ ၀ူစန်းကွေ့က ကမ်ကျီမော်အရပ်ရှိ ဈေးထဲမှ ယုန်လီသားအဖနှစ်ဦးကို လေးကြိုးဖြင့် လည်ပင်းအားရစ်ပတ်ပြီး ညှစ်သတ်လိုက်သည်။

ယုန်လီ၏နောက်လိုက်နောက်ပါများ “ကွေ့”
---------------------------------------------
တရုတ်တပ်ဖွဲ့များသည် မြန်မာနိုင်ငံသို့ဝင်ရောက်ဖူးကြောင်း၊ မြန်မာတပ်ဖွဲ့၏တိုက်ခိုက်မှုကိုခံရကြောင်း အထက်တွင် ဆိုခဲ့၏။ ယုန်လီမိသားစုကို ၀ူစန်းကွေ့ဖမ်းဆီးသွားပြီးနောက် တရုတ်တပ်အကြွင်းအကျန်များနှင့်ယုန်လီနောက်လိုက် အခြွေအရံများ၊ အရာရှိများတို့သည် တရုတ်နိုင်ငံအတွင်းဖက်သို့ ပြန်သွားသူများရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း၌ ဆက်လက်နေထိုင်သူများလည်းရှိသည်။ မြန်မာရာဇ၀င်မှတ်တမ်းများလာ
ကွေ့ဂုဏ္ဏအိမ် သည် တရုတ်နိုင်ငံတွင်းသို့ ပြန်မသွားဘဲ မြန်မာနိုင်ငံထဲ ဆက်လက်နေထိုင်သူတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကျန်ရစ်နေသူများထဲ၌ အချို့က စဥ့်ကိုင်အရပ်မှာသော်လည်းကောင်း၊ အချို့က ညောင်ရွှေမှ ဇင်းမယ်တစ်လျှောက်သို့သော်လည်းကောင်း၊ တချို့က ၀ နယ်မှာသော်လည်းကောင်း၊ အချို့က ပဲခူးတစ်ဝိုက်မှာသော် လည်းကောင်း ပျံ့နှံ့ကာနေထိုင်လာကြ၏။ ယုန်လီအိမ်နိမ့်စံစဉ်က ကွေ့မင်းသားဖြစ်ကြောင်း အထက်၌ဖော်ပြခဲ့၏။ မြန်မာနိုင်ငံ၌ ကျန်ရစ်နေသူများကို ကွေ့ကျား (ကွေ့ မိသားစု၊ ကွေ့ မျိုးတူစု)ဟု ခေါ်တွင်လာတော့သည်။ ယုန်လီနှင့် ဆွေမျိုးမတော်စပ်သော်လည်း မန်ချူး၏လက်အောက်ခံအဖြစ်မနေလိုသောကြောင့်တစ်ကြောင်း၊ မင်မင်းဆက်ကို လွမ်းဆွတ်တသမိသောကြောင့်လည်းကောင်း၊ ယုန်လီ အိမ်နိမ့်စံချိန်က ကွေ့မင်းသားဘွဲ့ ခံယူခဲ့ခြင်းကြောင့်တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် ကွေ့ ဟူသော လူမျိုးအမည်သည် မြန်မာရာဇ၀င်မှတ်တမ်း၌ ပေါ်လာသည်။ လ၀ ဒေသတွင် နေထိုင်သူများကို ကွေ့လ၀၊ ရှမ်းပြည်မှာနေထိုင်သူများကို ကွေ့ရှမ်း၊ ပဲခူးအနီး၌နေထိုင်သူများကို ကွေ့ကရင် စသည်ဖြင့် မြန်မာရာဇ၀င်မှတ်တမ်းများ၌ ရေးသားထားသည်။ မင်မင်းဆက်နှောင်းခေတ် တနည်းအားဖြင့် ၁၆ ရာစုဦးပိုင်းအခါ၌ တရုတ်မြန်မာနယ်ခြားဒေသတွင် ပန်းသေးများ ရှိနေကြောင်း တရုတ်မှတ်တမ်းတစ်စောင်ဝယ် ဖော်ပြထားသည်။

အကြီးအကဲ တိုက်ခုန်းခုန်း နှင့် ချိန်ရှဲန်းတုန်း
---------------------------------------------
မင်မင်းဆက်နောက်ဆုံးဧကရာဇ် ယုန်လီ၏နောက်လိုက်နောက်ပါအနက် အကြီးအကဲ နှစ်ဦးရှိ၏။ တိုက်ခုန်းခုန်း Tai Kung Kung နှင့် ချိန်ရှဲန်းတုန်း chaen Hsiang Dung
(၀ါ) ချိန်ဖုမာ ဖြစ်ကြ၏။ တိုက်ခုန်းခုန်းသည် ပန်းသေး ဖြစ်၍ ချိန်ရှဲန်းတုန်းသည် ဗုဒ္ဓဘာသာဝင် ဖြစ်၏။ ယုန်လီဧကရာဇ်ပါတော်မူပြီးနောက် ၄င်းတို့နှစ်ဦးလည်း တရုတ်ပြည်သို့ ပြန်သွားခဲ့သည်။ သို့သော် ယုန်လီအသတ်ခံရသောအခါ သူတို့နှစ်ဦးသည် မိမိတို့နောက်လိုက်နောက်ပါများနှင့်အတူ ပြန်ထွက်လာရာ (ယခု)ကိုးကန့်နယ်အတွင်းသို့ ရောက်ရှိလာ၏။ နမ်ရှမ်းမော် (၀ါ) နမ့်ဟမ်မော် အရပ်၌ အခြေချ နေထိုင်လာသည်။ နမ်ရှမ်းမော်သည် ရှမ်းစကားဖြင့် “ခန်းခြောက်သောရေတွင်း” ဟု အဓိပ္ပာယ်ရသည်။ ထို့နောက် မား မျိုးနွယ်ပန်းသေးတစ်ဦးအား သိန္နီစော်ဘွားထံသို့လည်းကောင်း၊ အ၀(အင်းဝ)နေပြည်တော်ရှိ ပြည်မင်းထံသို့လည်းကောင်း စေလွှတ်၍ ကိုးကန့်နယ်မြေတွင် နေထိုင်ခွင့်ပြုရန် တင်လျှောက်ခဲ့သည်။ မြန်မာမင်း ပြည်မင်းကလည်း နေထိုင်ခွင့် ပေးသနားတော်မူသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထုံးတမ်းစဉ်လာအရ သိန္နီစော်ဘွားမှတဆင့် မြန်မာမင်းထံ လက်ဆောင်ပဏ္ဍာဆက်သရသည် ဟူ၏။

တိုက်ကျားကျိုက် နှင့် ချိန်ကြားပေါက်
--------------------------------------
ကိုးကန့်ဒေသ နမ့်ဟန်မော်အရပ်မှာ နေထိုင်ခွင့်ရလာပြီးနောက် တိုက်ခုန်းခုန်းနှင့်နောက်လိုက်များသည် တိုက်ကျားကျိုက်မြို့ကို တည်ထောင်၏။ ချိန်ရှဲန်းတုန်းနှင့်နောက်လိုက်များက ချိန်ကြားပေါက်ကို တည်ထောင်နေထိုင်၏။ ချိန်ကြားပေါက်သည် တိုက်ကျားကျိုက်နှင့်အလှမ်းမဝေးသောနေရာ၌ တည်ရှိသည်။ တိုက်ကျားကျိုက်၏လေးဖက်လေးတန်တွင် ကျုံးကြီးရှိသည်။ မြို့တွင်း၌ ရှိသော ဗလီမျှော်စင်သည် ပေပေါင်း ၅၀ ခန့် မြင့်မားသည်။ (ယခုသော် မြို့ရိုးအုတ်မြစ်သာ ကျန်တော့၏။ ကျုံးအတွင်း၌လည်း ရေမရှိတော့ချေ။) တိုက်ကျားကျိုက်သည် ပန်းသေးတို့၏အချက်အချာဒေသဖြစ်သလို ချိန်ကြားပေါက်သည်လည်း ကိုးကန့်ဒေသ ဗုဒ္ဓဘာသာဝင်တို့၏ အချက်အချာဒေသဖြစ်သည်။ ၄င်းနောက် ရောနှောနေထိုင်လာကြရာမှ ပန်းသေးတို့သည် စင်းကျိုက်၊ ယှင့်ဟိုင်၊ မုကွာကျိုက်၊ မာလီပါး စသော အနီးဝန်းကျင်မှ ရွာကြီးရွာငယ်များသို့ ပြန့်နှံ့နေထိုင်လာကြသည်။ လူဦးရေ တိုးပွားလာသည်နှင့်အမျှ အိမ်ထောင်စုပေါင်း ငါးထောင်ခန့်ရှိကြောင်း အစဉ်အလာ လူကြီးသူမတို့က ပြောပြကြသည်။

ပန်းသေး နှင့် ဗုဒ္ဓဘာသာဝင်များ သင့်မြတ်စွာယှဉ်တွဲနေထိုင်ကြခြင်း
----------------------------------------------------------------------
ဘာသာအယူဝါဒ မတူကြ၍ ပန်းသေးများက တိုက်ကျားကျိုက်၊ ဗုဒ္ဓဘာသာဝင်များက ချိန်ကြားပေါက် ဟူ၍ ခွဲခြားကာ နေထိုင်လာကြသော်လည်း နယ်မြေအုပ်ချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ကြ၏။ ဘာသာရေးပဋိပက္ခ မဖြစ်ခဲ့ဖူးချေ။ ပန်းသေးနှင့်ကိုးကန့်ဒေသဗုဒ္ဓဘာသာဝင်တို့ သင့်မြတ်စွာအတူယှဉ်တွဲနေထိုင်သောကြောင့် နယ်မြေအေးချမ်း၍ စီးပွားတိုးတက်လာကြတော့သည်။

ယန်ကျဲယ် အရေးအခင်း ပေါ်လာခြင်း
-------------------------------------
တိုက်ခုန်းခုန်း နှင့် ချိန်ရှဲန်းတုန်းတို့သည် မျိုးတူ Clans အသီးသီးကိုဦးဆောင်၍ ကိုးကန့်နယ် နမ့်ဟန်မော်ဒေသအတွင်း အေးချမ်းစွာနေထိုင်ခဲ့ပြီး ၃-၄ နှစ်အကြာတွင် ယန်ကျဲယ် Yang Jieh အမည်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံယူနန်နယ်မှ ထွက်ပြေးလာ၏။ တိုက်ခုန်းခုန်း နှင့် ချိန်ရှဲန်းတုန်းတို့နှစ်ဦးထံတွင် ခိုလှုံခွင့်တောင်း၏။ ယန်ကျဲယ်သည် အုပ်ချုပ်ရေး နှင့် စစ်ရေးပညာ၌ ကျွမ်းကျင်သူဖြစ်သဖြင့် မကြာမီပင် အကြီးအကဲနှစ်ဦး၏အားကိုးရသော လက်ရုံတစ်ဆူ ဖြစ်လာကာ ကိစ္စအ၀၀ကို ဆောင်ရွက်စေသည်။ ဤသို့ဖြင့် နယ်မြေအုပ်ချုပ်ရေးအာဏာသည် ယန်ကျဲယ်၏လက်သို့ တဖြည်းဖြည်း ရောက်သွား၏။ ၄င်းသည် ပါးနပ်သူဖြစ်သည့်အတိုင်း နောက်လိုက်နောက်ပါတို့ကို စုရုံးသည်။ ထို့နောက် ချိန်ရှဲန်းတုန်းထံ သွားရောက်ပြီး တိုက်ခုန်းခုန်းကို ဖယ်ရှားရန် လှုံ့ဆော်၏။ ချိန်ရှဲန်းတုန်းသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သော်လည်း ထိုအကြံကို လက်မခံ။ မိမိအကြံမအောင်မြင်နိုင်မှန်းသိသွားသော ယန်ကျဲယ်သည် နောက်လိုက်နောက်ပါများဖြင့် ပုန်ကန်တော့၏။ ချိန်ရှဲန်းတုန်း၏မိသားစုများ၊ နောက်လိုက်များကိုပါ သုတ်သင်လိုက်သည်။ ချိန်မိသားစုတွင်း ကလေးထိန်းတစ်ဦးမှ ချိန်မျိုးနွယ်ကလေးတစ်ဦးကို ပွေ့ချီကာ အသက်ဘေးမှလွတ်အောင် ကိုးကန့်နယ် တုန်ကျန်းမြို့ မြောက်ဖက်ရှိ ကျန်းကန်းရွာသို့ရောက်ကာ ၄င်း၌ မျိုးတူစုများဖြင့် ပေါင်းနေခဲ့ကြသည်။ ယခု မေမြို့(ပြင်ဦးလွင်မြို့) စီလမ်း၊ အမှတ် ၇၄ ၌ နေထိုင်သူ ချိန်ကြားဟွာသည် ထိုကလေး၏အဆက်အနွယ်တည်း။

ယန်ကျဲယ်၏ပုန်ကန်မှုကိုကြားသိသည်၌ အသက်အရွယ်ကြီးရင့်နေသော တိုက်ခုန်းခုန်းသည် မိမိ၏နောက်လိုက်နောက်ပါများဖြင့် တိမ်းရှောင်ခဲ့သည်။ တိမ်းရှောင်သူမှန်သမျှကို ယန်ကျဲယ်၏နောက်လိုက်များက လိုက်လံသုတ်သင်ကြသည်။ ပန်းသေးများသာမက ဗုဒ္ဓဘာသာဝင်များစွာတို့လည်း သေကြေခဲ့ကြရသည်။ တိုက်ခုန်းခုန်းသည် ပြေးလွှားတိမ်းရှောင်ရင်း ကွယ်လွန်ခဲ့သည်။ သူ၏သားသုံးဦးသည်လည်း အစာအိမ်ရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့် သေဆုံးကုန်သည်။ မျိုးဆက် မကျန်ရစ်ခဲ့ချေ။ သို့တည်းမဟုတ် အဆက်အနွယ်များမှာ အသက်ဘေးကြောင့် အခြားမျိုးနွယ်စုအမည်များ ခံယူကာ တိမ်းရှောင်နေခဲ့ခြင်းလည်း ဖြစ်ကောင်းပေမည်။ ၄င်းကို ထုတ်ဖော်ဝံ့သည့်တိုင်အောင် နောင်လာနောက်သားများ မှတ်မိချင်မှမှတ်မိပေတော့မည်။

ပြန်လည်အေးချမ်းလာခြင်း
-----------------------------
ယန်ကျဲယ်၏ရမ်းကားမှုကြောင့် အရပ်ရပ်သို့တိမ်းရှောင်ကြသဖြင့် ကိုးကန့်မာလီပါးနယ်၌ လူသူမရှိသလောက် နည်းပါးကုန်သည်။ ယန်ကျဲုယ်သည် အကြီးအကဲဖြစ်သွားသည့်အခါ တိမ်းရှောင်သူများနှင့် ပြန်လည်စေ့စပ်ရေးပြု၏၊ ကိုးကန့်နယ်သို့ပြန်လာကြရန် ဖျောင်းဖျ၏။ ထို့ကြောင့် ပန်းသေးများသည် တိုက်ကျားကျိုက်သို့လည်းကောင်း၊ အခြားသူများသည် အိုင်လာ၊ ချားဟော် နှင့် မာလီပါးသို့ ရောက်လာပြန်သည်။
ယန်ကျဲယ်ကွယ်လွန်ပြီးနောက် တိုက်ကျားကျိုက်၏အုပ်ချုပ်ရေးအာဏာသည် ပန်းသေးတို့လက်ထဲ ပြန်ရောက်လာသည်။ မား မျိုးနွယ်မှပန်းသေးတစ်ဦး(အမည်ရင်း မသိရတော့)မှ ယင်းနယ်ပယ်၏အုပ်ချုပ်ရေးအာဏာကိုဆက်ခံသည်။ ပန်းသေးတို့၏လူအင်အားနှင့်ဓနအင်အားများသည် အခြားသူတို့ထက် တောင့်တင်းသောကြောင့် အာဏာပြန်လည်ရယူနိုင်ခြင်းဖြစ်သည်ဟု ယူဆရ၏။ ကိုးကန့်နယ်တစ်ခုလုံးကိုမူ ယန်မျိုးနွယ်စုက အုပ်ချုပ်သည်။ အခွန်အတုပ်များကို ယခင်အတိုင်း သိန္နီစော်ဘွားမှတဆင့် ဆက်သကြသည်။



တင်ပြသူ ဂျူလိုင်ရဲရင့်

( ဆက်လက်ဖော်ပြပါမည် )

အလ်မုဖီးဒ်