Tuesday, November 26, 2013

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၃

ပန်းသေး (တရုတ်အနွယ်မုစ်လင်မ်) အမျိုးသားများဆင်းသက်လာပုံသမိုင်းအကျဉ်း - ၃
*************************************************************
၅။ ပန်းသေးများ မြန်မာပြည်တွင်းသို့ ၀င်ရောက်လာခြင်း
===============================
ခရစ်သက္ကရာဇ် ၁၂၅၇ ခုနှစ်တွင် မွန်ဂိုမင်း ကူဗလိုင်ခန် နန်းတက်သောအခါ တရုတ်ပြည် ယူနန်နယ်ကို တိုက်ခိုက်သိမ်းယူပြီးနောက် ခရစ်သက္ကရာဇ် ၁၂၈၄ ခုနစ် မြန်မာသက္ကရာဇ် ၆၄၃ နှစ်တွင် မြန်မာနိုင်ငံမှ မိမိအား အဖိုးတန်လက်ဆောင်ပဏ္ဍာများ ဆက်သရမည်ဟု ပုဂံပြည့်ရှင် နရသီဟပတိ ဘုရင်မင်းထံ ရာဇသံဖြင့် ရန်စကာ သံတမန်များ စေလွတ်တောင်းခံလေသည်။ တရုတ်သံတမန်များသည် မြန်မာဘုရင်ရှေ့တော်၌ မချေမငံ ပြောဆိုဆကိဆံကြသဖြင့် ရောက်လာကြသော သံအဖွဲ့အားလုံးကို တစ်ယောက်မကျန် ကွပ်မျက်လိုက်လေသည် ။ ဤအချိန်မှစ၍ တရုတ်-မြန်မာ
ပထမစစ်ပွဲ ဖြစ်လာလေသည်။ ဗန်းမော်မြို့ အမြောက်ဘက် ငဆောင်ချမ်း အရပ်၌ ဖြစ်ပွါးခဲ့ပါသည်။

ကူဗလိုင်ခန်မင်းကြီး၏ စစ်ဗိုလ်ချူပ်ကြီး နစရွတ်ဒင်းန် နှင့် တာတာရီ ၊ တူရကီ တရုတ် ရဲမက် စစ်သည်များသည် မြန်မာပြည်တွင်းသို့ အလုံးအရင်းဖြင့်
ဝင်ရောက်တိုက်ခိုက်ရာ နရပတိမင်း သည် အရေးနိမ့်ပြီး
ထွက်ပြေးတိမ်းရှောင်ရသည်။ မြန်မာရာဇ၀င်တွင် နရသီဟပတိ(နရသီဟပတော့) အား “တရုတ်ပြေးမင်း” ဟု ခေါ်တွင်ခဲ့လေသည်။

တဖန် မြန်မာသက္ကရာဇ် ၈၉၇ ခုနစ်တွင် တပင်ရွှေထီးမင်းသည် ဆင်တပ်၊ မြင်းတပ်၊ စစ်သည်ရဲမက်အင်အား ၆၀၀၀၀/ခြောက်သောင်းဖြင့် ဟံသာဝတီမြောက်ဘက်သို့ချီတက်ပြီး ကျားထိုး ဟူသော အရပ်မှနေ၍ ကူဗလိုင်ခန်မင်း၏တပ်စုကြီးကို တိုက်ခိုက်လေရာ အရေးမလှပြန်သောကြောင့် နောက်ဆုတ်ရလေသည်။ အထက်ပါ
သမိုင်းအရ နရသီဟပတေ့ မင်းနှင့် တပင်ရွှေထီးမင်းများလက်ထက်တွင် ပန်းသေးများသည် မြန်မာပြည်တွင်းသို့ ရောက်ရှိနေကြကြောင်းသိရလေသည်။ (မှန်နန်းရာဇ၀င် နှင့် မြန်မာစာညွှန့်ပေါင်းကျမ်း၊ တတိယတွဲ၊ စာမျက် နှာ ၂၄၇)

ရှေးနှစ်ပေါင်း ၇၀၀ ခန့်မှစ၍ မြန်မာပြည်သို့ရောက်ရှိလာကြသော ပန်းသေးများမှာ တရုတ်တပ်များနှင့် အတူပါလာခြင်း သို့မဟုတ် ကုန်သွယ်မှုအားဖြင့် ရောက်လာခြင်းဖြစ်သည်။ စစ်သည်အချို့သည် နေရင်းဌာနီသို့ မပြန်တော့ဘဲ
မြန်မာမင်းမှုထမ်းများအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့ပြင် မြန်မာမင်းများကလည်း တရုတ်မြန်မာ ကူးသန်းရောင်းဝယ်ဆက်ဆံရေးကို အားပေးကြသောကြောင့် ပန်းသေးကုန်သည်များသည် ပိုးထည်၊ ဖဲထည် နှင့် ရွှေ
အရောင်းအ၀ယ်များဖြင့် မန္တလေးအထိ မကြာခဏရောက်ရှိလာကြကြောင်း၊ နောက်ပိုင်းတွင် ယူနန်ပြည်တွင်း စစ်အတွင်းနှင့် စစ်ပြီးခေတ်၌ ပန်းသေးများသည် မြန်မာပြည်အတွင်းသို့ ၀င်ရောက်ခိုလှုံလာကြသည်ကို တရားဝင်ခွင့်ပြုခဲ့ကြောင်း
တွေ့ရှိရလေသည်။

ယူနန်ပြည်တွင်းစစ်ကာလက မန်ချုးလက်အောက်ခံ မလုပ်လို၍ တိမ်းရှောင်လာကြသော ပန်းသေးများကို မင်းတုန်းမင်းတရားကြီးက လက်ခံကျွေးမွေးစောင့်ရှောက်ထားတော်မူခဲ့လေသည်။ ဤသည်ကို ပခန်းမင်းကြီးက မြန်မာ နှင့် တရုတ် သဟဇာတ သင့်မြတ်နေခိုက် တရုတ်မင်းကိုပုန်ကန်၍ အရေးနိမ့်ပြီး မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြသော တရုတ်ဘုရင်၏ရန်သူများကို လက်မခံသင့်ကြောင်း မင်းတုန်းမင်းကြီးထံ လျှောက်ထားသံတော်ဦးတင်လေသဖြင့်
၎င်းပန်းသေးများကို အောက်မြန်မာပြည်ရှိမြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်စေခဲ့သည်။ ဤသို့အားဖြင့် ယူနန်ပြည်တွင်းစစ်မှ တိမ်းရှောင်လာကြသည့် ပန်းသေးများသည် အထက်မြန်မာပြည်၌သာမက အောက်မြန်မာပြည်ရှိ မြို့ရွာများထံ
အလျှိုလျှိုပျံ့နှံ့သွားခဲ့သည်။

တရုတ်-မြန်မာ ကုန်သည်များ၊ သံတမန်များသည် တရုတ်ပြည် ထန်ရွေ့ ခေါ် ထိန်ချူံးနယ် မှ မြန်မာပြည် ဗန်းမော်မြို့သို့ ကုန်းလမ်းခရီးဖြင့် ကူးလူးဆက်ဆံ သွားလာရောင်းဝယ်ရေး အစဉ်အလာများ ရှိခဲ့သည်။ တရုတ်မြန်မာစစ်ပွဲများ၌
တရုတ်တပ်တို့ချီတက်ဝင်ရောက်လာသည်မှာလည်း ယင်းလမ်းကြောင်းပင်ဖြစ်၏။ ၄င်းတို့ထဲတွင် ကုန်သည်အများစုမှာ ပန်းသေးများဖြစ်ကြလေသည်။ ရှေးဦးသံတမန်များအနက် ပန်းသေးများလည်း ပါဝင်ကြောင်း အဆိုရှိသည်။
အချို့ပန်းသေးများမှာ မြစ်ကြီးနားမှတဆင့် မိုးကောင်းမြို့သို့ သွား၍ ကျောက်စိမ်းတွင်းအရပ်၌ ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းဖြင့် အခြေစိုက်နေထိုင်ကြလေသည်။ ၄င်း ယူနန်-ဗန်းမော်လမ်းကြောင်းသည် မြန်မာပြည်သို့ ပန်းသေးများ ၀င်ရောက်ရာ ပထမဆုံးလမ်းကြောင်းအဖြစ် သမိုင်း၌အစောဆုံးတွေ့ရ၏။ သို့သော် ပြောပလောက်သော လူဦးရေ မရှိခဲ့ချေ။ ဒုတိယလမ်းကြောင်းမှာ တအုံတကျင်းဝင်ရောက်လာသည့် (ရှမ်းပြည်မြောက်ပိုင်း) ပန်လုံ လမ်းကြောင်းဖြစ်ပေသည်။

ယူနန်ပြည်တွင်းစစ်ဒဏ်ခံရသည့် အချို့တရုတ်မုစ်လင်မ်များမှာ တာ့လီမြို့မှ ယူနန်အနောက်တောင်ပိုင်းကိုဖြတ်ကျော်၍ မြန်မာပြည်၏အရှေ့မြောက်အရပ်ရှိ မိုင်းမော - မာန်ထွန်း မှ တဆင့် “၀” နယ်အတွင်းသို့ ၀င်ရောက် ခိုလှုံနေထိုင်ကြလေသည်။ ပန်းသေးများပြောင်းရွှေ့စုရုံးနေထိုင်ခြင်းကိုအကြောင်းပြု၍ “ပန်းလုံး” ဟုခေါ်၏။ “ပန်းလုံး”ဆိုသော
တရုတ်စကားမှာ “ပြောင်းရွှေ့လာပြီးပြန်လည်စုရုံးသည် ” ဟု အဓိပ္ပာယ်ရသည်။ ကာလရွေ့လျောလာသောအခါ “ပန်းလုံး” မှ “ပန်လုံ”(ယခု ရှမ်းပြည်မြောက်ပိုင်း ပင်လုံမြို့) ဟု အမည်တွင်လာလေသည်။ ၁၈၈၆ ခုနစ်တွင် အင်္ဂလိပ်တို့က အထက်မြန်မာပြည်ကိုသိမ်းပိုက်ပြီးနောက် ၁၈၈၉ ခုနှစ် တရုတ်နှင့် မြန်မာ နယ်ခြားသတ်မှတ်ရာတွင် “ပန်လုံ” မြို့အပါအ၀င် ၀ဒေသတစ်ခုလုံး မြန်မာ့နယ်နမိတ်အတွင်းပါဝင်လာအောင် ပန်းသေးများမှ
အပြင်းအထန်အတိုက်အခံပြု ကြိုးပမ်းခဲ့သည်။ (ထိုစဉ်က ၀လူမျိုးအပါအ၀င် ဒေသခံတိုင်းရင်းသားများက သံလွင်မြစ်အရှေ့မြောက်ဖက်ခြမ်းအားလုံးနီးပါးကို တရုတ်ပြည်ထဲ ထည့်သွင်းလိုခဲ့ကြသည်)။

အချို့ စစ်ပြေးဒုက္ခသည် ပန်းသေးများကမူ ယူနန်နယ်တစ်ဖက်ခြမ်း ထိုင်းနယ်စပ်၊ ၄င်းမှတဆင့် မြန်မာပြည်တွင်းသို့ အရှေ့ဘက်ပိုင်းလမ်းကြောင်းမှ ၀င်ရောက်လာပြီး ကျိုင်းတုံမြို့တွင် အခြေစိုက်နေထိုင်ကြလေသည်။

တရုတ်ပြည် ယူနန်နယ်မှ အကြောင်းအမျိုးမျိုး၊ လမ်းကြောင်းအသွယ်သွယ်ဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောက်အခြေစိုက်လာကြသော ပန်းသေးများသည် မင်းမှုထမ်းခြင်း၊ ကုန်ကူးသန်းရောင်းဝယ်မှု နှင့် ကန်ထရိုက်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်ထောင်ထူခြင်း၊ ရေကြည်ရာမြက်နုရာသို့ ရွှေ့ပြောင်းခြင်း စသည်တို့ကြောင့် နှစ်ကြာရှည်လာသည်နှင့်အမျှ နိုင်ငံအတွင်း အုပ်စုလိုက်ပြန့်ကျဲသွားခဲ့သည်။ ယခုအခါ ပန်းသေး(အများစု)ကို ဗန်းမော်၊ မြစ်ကြီးနား၊ မန္တလေး ၊ မိုးကုတ်၊ တန့်ယန်း၊ လားရှိုး၊ မေမြို့(ပြင်ဦးလွင်)၊ ကွန်လုံ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ် နှင့် ရန်ကုန် စသော မြို့ကြီးများအသီးသီးတွင် တွေ့ရှိရလေသည်။

{ မှတ်ချက် - ကျွန်တော်ကိုယ်တိုင်ပြုစုသောစာတမ်း မဟုတ်ပါ။ တောင်းဆိုကြသူ များပြားလာ၍ ကျွန်တော်၏မိတ်ဆွေဟောင်းဖြစ်သူ ဆရာမ ဒေါ်ခင်မေထွေး (ကော့သောင်း၊ တနင်္သာရီ)၏ ရေးသားတင်ပြချက်ကို အနည်းငယ်မျှ
တည်းဖြတ်ကာ အမှတ်တရ ပြန်လည်တင်ဆက်ပေးခြင်း ဖြစ်ပါသည် }

တင်ပြသူ ဂျူလိုင်ရဲရင့်

( ဆက်လက်ဖော်ပြပါမည် )

အလ်မုဖီးဒ်