Wednesday, June 5, 2013

ကနေဒါတွင် ပြုလုပ်သော ဟလာလ် အစားအသောက်ပွဲတော် ဇွန်-၄၊ ၂၀၁၃


M-Media

Halal Festival Shows Canada တိုရွန်တို။ ။ ကနေဒါနိုင်ငံတွင် ပထမဆုံးပြုလုပ်သော ဟလာလ် အစားအသောက် ပွဲတော်သည် စံချိန်တင်လောက်အောင် လူအမြောက်အများ လာရောက်ကြပြီး၊ မြောက်အမေရိကရှိ အဓိကမြို့တော်မှ ထူးခြားသော ဈေးကွက်တစ်ခုဖြစ်ခဲ့၏။

ဟာလလ် အစားအသောက် ပွဲတော် ဈေးကွက် မန်နေဂျာဖြစ်သူ စလီမာ ဂျီဗ်ရာဂ်ျ (Salima Jivraj) မှ “တိုရွန်တိုမြို့မှာ ပြုလုပ်တဲ့ ဟာလလ် အစားအသောက်ပွဲတော်ဟာ ဟလာလ် အစားအသာက်များစွာရဲ့ မြင်ကွင်းကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး၊ တိုရန်တိုမြို့ဆိုတာ မတူကွဲပြားမှု နဲ့ ခြားနားမှုတို့ရဲ့ပေါင်းစုံရာဖြစ်ကြောင်း ပြသတာဖြစ်ပါတယ် ” ဟု OnIslam.net သို့ ပြောကြားခဲ့သည်။

“အစားသောက် ပွဲတော်ပြုလုပ်ခြင်းဟာ ဟလာလ် အစားအသောက်အကြောင်း လူတွေသိရှိသွားစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဟလာလ် အစားအသောက်အမျိုးမျိုး ပြုလုပ်နိုင်တဲ့ လုပ်ငန်းတွေ ပိုမိုထွက်ရှိလာဖို့ တွန်းအားပေးနိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့မျှော်လင့်ပါတယ် ” ဟုထည့်သွင်းပြောကြားခဲ့သည်။

အစားအသောက်ပွဲတော်ကို တိုရန်တိုမြို့ရှိ အင်တာနေရှင်နယ် ခန်းမတွင်ကျင်းပပြုလုပ်ပြီး၊ တိုရွန်တိုဒေသမှ လူထောင်ပေါင်းများစွာဖြင့် ပြည့်လျှံစည်ကားသွားခဲ့သည်။ ကနေဒါ၏မြို့အသီးသီးမှ လူများသာမက၊ အမေရိကန်နိုင်ငံတစ်ဝှန်းရှိ လူများပါ လာရောက်ခဲ့ကြောင်းသိရသည်။

စနေနေ့က လူပရိသတ်များသည် ၁၀၀,၀၀၀ ပေပတ်လည်ဝန်းကျင်အထိရှိပြီး၊ ပွဲတော်ထဲသို့ဝင်ရောက်ရန် ၂ နာရီ ကျော်စောင့်ဆိုင်းခဲ့ရသည်။

foodfest2.jpg1

ပွဲတော်သို့ဖိတ်ကြားသဖြင့် ရောက်ရှိလာသော အွန်တာရီရို (Ontario) ပြည်နယ်ဝန်ကြီး ကိသ်လီန် ၀ိန်း (Kathleen Wynne) က “ အွန်တာရီရို ပြည်နယ်အတွင်းမှာ ဒီလို ဟလာလ် အစားအသောက်စက်ရုံ အမြောက်အများတိုးပွား စည်ပင်လာတာကို မြင်ရတာ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒီဖွံ့ဖြိုးကြီးထွားမှုက ဒေသတွင်း လယ်သမားတွေ၊ လုပ်ငန်းရှင်တွေကို အထောက်အကူ ရရှိစေတဲ့အပြင် စားသုံးသူတွေအဖို့လည်း ရွေးချယ်စရာ ပိုမို များပြားလာစေပါတယ်။ ဒါတင်မကသေးပါဘူး။ ဟလာလ် အစားအသောက် ပွဲတော်ဟာ ကျွန်ုပ်တို့အတူတကွ တည်ထောင်ခဲ့တဲ့ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းဟာ တောက်ပ အားကောင်းလျက်ရှိကြောင်း ထုတ်ဖော်ပြသချက် တစ်ရပ်လည်း ဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။

စံနစ်တကျအကွက်ရိုက် စီစဉ်ထားသောနေရာ၌ ၂ ရက်တိုင်ပြုလုပ်ခဲ့သည့် အစားအသောက်ပွဲတော်တွင် အစားအသောက် ဆိုင်ခန်းပေါင်း ၆၀ ကျော် ပါဝင်ပြီး၊ လာရောက်သူများသည် ကမ္ဘာအနှံ့မှ အစားအသောက်များအား ဖွယ်ဖွယ်ရာရာမြည်းစမ်းခဲ့ရကြောင်း သိရသည်။

လာရောက်သူများသည် စင်မြင့်ပေါ်တွင် ပြုလုပ်သော အစားအသောက် အကြောင်းဆွေးနွေးခြင်း၊ သရုပ်ပြခြင်းများ နှင့် ပြိုင်ပွဲများအပေါ်အလွန်နှစ်သက်ခဲ့ကြပြီး၊ ပွဲတော်ကာလတစ်လျှောက် ကနေဒါနိုင်ငံ နို့ထွက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းရှင်များမှပြုလုပ်သော ဒိန်ခဲမျိုးစုံ မြည်းစမ်းဆွေးနွေးပွဲကိုလည်း ပါဝင်ဆင်နွှဲခွင့် ရရှိခဲ့ကြသည်။

ဆိုင်ခန်းများအပြည့်ခင်းထားသော လမ်းတစ်ခုလည်းရှိပြီး၊ ကလေးများအတွက် ကစားကွင်းနေရာ နှင့် စားဖိုမှူးများမှ ဟလာလ် အစားအသောက်များကို ချက်နည်းပြုတ်နည်းပြသသော စင်တစ်ခုပါဝင်သဖြင့် အလွန်အသက်ဝင်သည့်ပြပွဲ တစ်ခု ဖြစ်ခဲ့သည်။

“ ကနေဒါမှာပြုလုပ်တဲ့ ပထမဆုံး ဟလာလ် အစားအသောက်ပွဲတော်အတွက် စပွန်ဆာ ပေးခွင့်ရတာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကနေဒါပြည်သူတွေ လိုအပ်နေတဲ့ လတ်ဆတ်ပြီး အရည်အသွေးပြည့်မှီတဲ့၊ ဟလာလ်နည်းအရ စီရင်ထားတဲ့ လက်ရာစုံကြက်သားတွေဟာ စားသုံးသူများအဖို့ အကြိုက်တွေ့စေနိုင်မှာဖြစ်တယ်” ဟု မီနာ စားသောက်ကုန်၏ ဈေးကွက်မြှင့်တင်ရေးအကြီးတန်းဒါရိုက်တာ ပါမ်ကဲလော့က် (Pam Kellogg) မှပြောကြားခဲ့သည်။

လူကြိုက်များသော လူရွှင်တော် အဇ်ဟာ အွစ္စမန်း (Azhar Usman) နှင့် မုစ်သကီးမ် (Mustaqueem)အဖွဲ့၏ nasheed (တေးလင်္ကာ) ဖျော်ဖြေမှုကိုလည်း ပွဲတော်၌ တင်ဆက်ခဲ့ကြောင်းသိရသည်။

လာရောက်သူများအနေနှင့် Muslim Welfare Center သို့ ရေရှည်ခံပစ္စည်းများအား လှူဒါန်းခွင့်လည်း ပေးခဲ့ကြောင်း သိရသည်။

တိုရန်တိုမြို့တွင် ဟလာလ်အစားအသောက်များကို ကွင်းဆင်းလေ့လာသုံးသပ်နေချိန် ဤကဲ့သို့သော ပွဲတော်အား စီစဉ်ရန် အကြံရရှိခဲ့ပါသည်ဟု ပွဲစီစဉ်သူ စလီမာ ဂျီဗ်ရာဂ်ျ က ဆိုသည်။

“ တိုရန်တိုမြိုဧရိယာမှာရှိတဲ့ ဟလာလ်အစားအသောက်တွေ၊ ဆိုင်တွေကို လွယ်လင့်တကူရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစလို့ ကျွန်မဟာ halalfoodie.ca ဆိုတဲ့ ၀က်ဆိုဒ်ကို စတင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ လေ့လာသုံးသပ်ချက်များကို လူအများက နှစ်သက်ကြိုဆိုကြပြီး၊ ဟလာလ်အစားအသောက် အမျိုးမျိုးကို ရွေးချယ်စားသောက်လိုကြတဲ့မူစလင်တွေ များသထက်များပြားလာကြောင်း တွေ့ရှိခဲ့ရတယ်။ ဟလာလ်အစားအသောက်ဆိုတာ ရှဝါမာ(Shawarma) ဒါမှမဟုတ် ဒံပေါက်ဘဲရှိတယ် ဆိုတဲ့ခေတ်ကာလတွေ ကျန်ရစ်ခဲ့ပါပြီ။ အခုဆိုယင် အီတလီ နဲ့ ဂျပန်ရိုးရာ ဟလာလ် အစားအသောက်တွေ ဟင်းလျာတွေတောင် ရရှိနိုင်ပါပြီ ” ဟု ဂျီဗ်ရာဂ်ျ က ပြောပြခဲ့သည်။

ဟလာလ်ဟူသည်မှာ အာရဗ်ဘာသာစကားအရ ခွင့်ပြုချက်ရှိ/ပြုလုပ်ပိုင်သော ဟု အဓိပ္ပာယ်ရပြီး၊ အစဉ်အလာအားဖြင့် အစားအသောက်အတွက် အသုံးများကြသည်။ မူစလင်များသည် စားပိုင်ခွင့်ရှိတိရစ္ဆာန်တို့ကို ထက်သောဓားဖြင့် လည်ပင်းအား အလ္လာဟ်နာမတော် တသ၍ လှီးဖြတ်ထားသည့် အသားသာ စားသုံးရန် ပညတ်ထားသည်။ အလ္လာဟ် ဟူသည် ကိုးကွယ်အပ်ရာဖန်ဆင်းရှင်ကို အရဗီဘာသာစကားအရ ခေါ်ဝေါ်သည့် အသုံးအနှုန်းဖြစ်သည်။

အလှကုန်များ၊ အ၀တ်အစားများ၊ ဆေးဝါးများ နှင့် ငွေကြေးဝန်ဆောင်မှုများ အပါအ၀င် အခြားသော ကုန်ပစ္စည်းနှင့်လုပ်ငန်းများကိုလည်း ဟလာလ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိနိုင်ပေသည်။

ဤပွဲတော်သည် ကနေဒါ၌ ဟလာလ်ဆိုင်ရာလုပ်ငန်းအား ပို၍တွင်ကျယ်စေရန် အထောက်အကူပြုမည်ဟု ဂျီဗ်ရာဂ်ျမှ မျှော်လင့်ထားသည်။
“ လူတွေကို သူတို့မြို့မှာရှိနေတဲ့ အရာများနဲ့ထိတွေ့နိုင်စေဖို့ ကျွန်မတို့ မျှော်လင့်ထားပါတယ်။ သူတို့ ရွေးချယ်စရာ အများကြီးရှိကြောင်း သိသွားယင် ဒါဟာ တကယ့်အောင်မြင်မှုတစ်ခုပါဘဲ။ ရွေးချယ်မှုနဲ့လွယ်ကူစွာရရှိနိုင်မှု အမြောက်အများရှိခြင်းဟာ ကုန်ထုတ်လုပ်ငန်းကိုလည်း ပိုမိုကြီးထွားလာစေမှာဖြစ်ပါတယ်ရှင် ” ဟု သူမက ပြောကြားခဲ့သည်။

မြောက်အမေရိကရှိ မြို့များအနက် Greater Toronto Area သည် မူစလင်အများဆုံးရှိသော ဒေသဖြစ်ပြီး၊ မူစလင်များနှင့်ပတ်သက်သော စုရပ် နှင့် ပွဲတော်များလုပ်ဆောင်ရန် အကောင်းဆုံးနေရာရပ်ဝန်းတစ်ခုဖြစ်နေပါသည်။

အနောက်တိုင်းရှိ မွတ်စလင်မ် တို့၏အကြီးမားဆုံး ဆုံစည်းမှုနှစ်ရပ်ဖြစ်သည့် အစ္စလာမ့် စိတ်ဓာတ်ရှင်သန်ရေး နှစ်စဉ် ညီလာခံ နှင့် မွတ်စလင်မ် များ၏နွေရာသီစားသောက်ပွဲတော် – နှစ်ခုတိုင် တိုရွန်တိုမြို့တွင် လက်ခံကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

အလ်ဗာတာ စိုက်ပျိုးရေး နှင့် စိုက်ပျိုးမြေထိန်းသိမ်းရေး (Alberta Agriculture and Rural Development) မှ လေ့လာတွေ့ရှိချက်အရ ကနေဒါပြည်တွင်းရှိ ဟလာလ် အသားဈေးကွက်မှာ $ 214 သန်းရှိကြောင်း၊ အိမ်ထောင်စု တစ်ခုလျှင် နှစ်စဉ် $ 1,623 အထိ ၀ယ်လိုအားရှိကြောင်း ခန့်မှန်းထားကြသည်။

ကနေဒါ၏ လူဦးရေ ၃၂.၈ သန်း၌ ရှိ ၁.၉ ရာခိုင်နှုန်းမှာ မူစလင်များဖြစ်ကြသည်။ နိုင်ငံအတွင်း၌ ခရစ်ယာန်မဟုတ်သော အယူဝါဒအနက် အစ္စလာမ်သည် ထိပ်ဆုံးကရှိနေသည်။

ကွင်းဆင်းလေ့လာချက်တစ်ခုအရ မူစလင်အများစုသည် ကနေဒါနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူကြောင်း တွေ့ရှိခဲ့ရသည်။


(M-Media ၏ သတင်းကို မူရင်းအတိုင်း ကူးယူတင်ပြသည်။



အလ်မုဖီးဒ် (Al-Mufeed)

Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com

နေ့စဉ် အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းတွင် ဖတ်ရှုလိုပါက Simple Islam apk ဖိုင်ကို Install 
လုပ်ထားပါ။