Wednesday, June 5, 2013

စကားပြောရာတွင် ဆောင်ရန် ရှောင်ရန် အစ္စလာမ့်အဆုံးအမများ


မွန်သခဗ် အဟာဒီးဆ်ကျမ်းမှ ကောက်နုတ်ဖော်ပြသည်။

လာယအ်နီမှဝေးစွာရှောင်ကြဉ်ခြင်း ကဏ္ဍ (ဟဒီးဆ်တော်များ)

(တမန်တော်မြတ်၏ နာမတော်နောက်တွင် ဆွလ္လလ္လာဟု အလိုင်းဟိ ၀စလ္လာမ် ဟူ၍ လည်းကောင်း ၊ ဆွဟာဗဟ် အမည်နောက်တွင် ရသွီယလ္လာဟုအန့်ဟု ဟူ၍လည်းကောင်း မေတ္တာပို့သပါ။)

၁။ အကျိုးမရှိသော စကားများကိုစွန့်လွှတ်
ဟဇရသ် အဗူဟုရိုင်ရဟ်က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်။ လူသားအဖို့ အစ္စလာမ် သာသနာ၏ ကောင်းခြင်းများနှင့် ပြည့်စုံခြင်း ရရှိရန်မှာ ၎င်းသူသည် အလဟဿ အချည်းအနှီးအကျိုးမရှိသော အလုပ်၊ အကျိုးမရှိသော စကားများကို စွန့်လွှတ်မှသာဖြစ်သည်။
ရှင်းလင်းချက်။   ။ ဆိုလိုသည်မှာ မလိုအပ်သော စကားမှရှောင်ခြင်း၊ အချည်းအနှီးအလုပ်မှ ဝေးကွာအောင်နေခြင်းသည် အီမာန်ပြည့်စုံမှု၏ လက္ခဏာနှင့် အစ္စလာမ်၏ လှပတင့်တယ်မှု ဖြစ်သည်။

၂။ ဂျန္နသ်ရရန် ကတိပြု
ဟဇရသ် စဟလ်ဗင်န်စအဒ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ အကြင်သူသည် ကျွန်ုပ်အား မိမိ၏ မေးရိုးနှစ်ခုကြားမှ အင်္ဂါအစိတ်အပိုင်းနှင့် ပေါင်နှစ်ခုကြားမှ အင်္ဂါအစိတ်အပိုင်းအား ထိန်းသိမ်းရန် တာဝန်ယူလျှင် (ဆိုလိုသည်မှာ မိမိနှုတ်လျှာနှင့် အရှက်အင်္ဂါကို လွဲမှားစွာ အသုံးမချရန် ကတိပြုလျှင်) ကျွန်ုပ်သည် ထိုသူအဖို့ ဂျန္နသ်ရရန် တာဝန်ယူလေသည်။

၃။ နှုတ်လျှာကို ကောင်းစွာထိန်းသိမ်းပါ
ဟဇရသ် ဟာရိစ်ဗင်န်ဟိရှားမ် က ဆင့်ပြန်ခဲ့သည်။ ထိုဆွဟာဗီက တမန်တော်မြတ်အား ကျွန်ုပ်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားရန် သာသနာ၏ အချက်အလက် တစ်ခုခုကို ညွှန်ပြတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ်က မိမိ နှုတ်လျှာကို ညွှန်ပြ၍ အမိန့်ရှိတော်မူသည်မှာ ၎င်းကို ကောင်းစွာထိန်းသိမ်းပါ။

၎။ အကောင်းဆုံးသော ကျင့်စဉ်
ဟဇရသ် အဗူဂျုဟိုင်ဖဟ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်က ဆွဟာဗဟ်များအား အလ္လာဟ် ထံတော်ပါးတွင် အမွန်မြတ်ဆုံးသော အမလ်ကျင့်စဉ်သည် အဘယ်အရာပါနည်းဟု မေးမြန်းတော်မူရာ အားလုံးက အဖြေမပေးဘဲ တိတ်ဆိတ်စွာ နေကြသည်။ ထိုအခါ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်။ အကောင်းဆုံးသော ကျင့်စဉ်သည် မိမိ၏နှုတ်လျှာကို ထိန်းသိမ်းခြင်းဖြစ်သည်။

၅။ အစ္စလာမ်သာသနာ၏ အနှစ်သာရကို မသိနိုင်
ဟဇရသ် အနတ်စ်ဗင်န်မာလစ်က် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ ဗန္ဒဟ်ကျေးကျွန်သည် မိမိနှုတ်လျှာကို ကောင်းစွာ မထိန်းသိန်းနိုင်သရွေ့ အစ္စလာမ်သာသနာတော်၏ အနှစ်သာရကို မသိနိုင် (မရနိုင်သေး) ချေ။

၆။ လွတ်မြောက်အောင်မြင်ရာလမ်း
ဟဇရသ် အွတ်က်ဗဟ်ဗင်န်အာမစ်ရ် က အမိန့်ရှိသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် အား မေးလျှောက်တော်မူသည်။ အို တမန်တော် လွတ်မြောက်အောင်မြင်ရာ လမ်းသည် မည်သို့နည်း။ ထိုအခါ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်။ မိမိ၏ နှုတ်လျှာကို ထိန်းသိမ်းပါ။ မိမိအိမ်မှ အရေးအကြောင်း ကိစ္စမရှိဘဲ အလဟသ အပြင်သို့မထွက်လေနှင့်။ မိမိ ကျူးလွန်မိခဲ့သော အပြစ်ဂိုနာဟ်များအတွက် ငိုနေပါ။
ရှင်းလင်းချက်။   ။ မိမိ၏ နှုတ်လျှာကို ထိန်းသိမ်းပါဟု ဆိုရာတွင် ၎င်းနှုတ်လျှာကို လွဲမှားစွာ အသုံးမပြုရန်ဖြစ်သည်။ ဥပမာ နောက်ကွယ်အတင်းပြောခြင်း၊ ကုန်းချောခြင်း၊ အလဟဿ အကျိုးမရှိသော စကားပြောခြင်း၊ မလိုအပ်ဘဲ စကားပြောခြင်း၊ သတိထားဆင်ခြင်မှု မပြုဘဲ စကားအမျိုးမျိုးပြောခြင်း၊ အရှက်အကြောက် ကင်းမဲ့သော စကားများပြောခြင်း၊ ပြဿနာ ရှာသောစကားများပြောခြင်း၊ လူနှင့် တိရစ္ဆာန်များကို ကျိန်ဆဲခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ အချိန်တိုင်း ကဗျာ၊ လင်္ကာများ သီဆိုနေခြင်း၊ သရော် ပျက်ရယ်မှုပြုခြင်း၊ လျှို့ဝှက်သတင်းကို ဖော်ကောင်လုပ်ခြင်း၊ မုသားကတိပေးခြင်း၊ မုသား ကစမ်ကျိန်ဆိုခြင်း၊ စကားနှစ်ခွပြောခြင်း၊ အကြောင်းမဲ့ လူတစ်ဖက်သားအား ချီးကျူးခြင်း၊ အကြောင်းမဲ့ မေးမြန်းခြင်းတို့ဖြစ်သည်။

၇။ အစိတ်အပိုင်းနှစ်ခု
ဟဇရသ် အဗူဟုရိုင်ရဟ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ မေးရိုးနှင့် ပေါင်နှစ်ခုကြားမှ အင်္ဂါ အစိတ်အပိုင်းများကို မကောင်းမှုများမှ ထိန်းသိမ်းပေးလျှင် (ဆိုလိုသည်မှာ နှုတ်လျှာနှင့် အရှက်အင်္ဂါဖြစ်သည်) ထိုသူသည် ဂျန္နသ်ထဲသို့ ၀င်ရောက်ရစေမည်။

၈။ ကောင်းသောစကားမှလွဲ၍
ဟဇရသ် အဗူစအီဒ်ခွဒ်ရီ က ဆင့်ပြန်ခဲ့သည်။ လူတစ်ဦးသည် တမန်တော်မြတ်ထံပါး ခစား၍ ယာရစူလလ္လာဟ် ကျွန်ုပ်အား ဆုံးမစကား  မြွက်ကြားတော်မူပါဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ်က ဆုံးမစကား အချို့ မြွက်ကြားတော်မူသည်။ ၎င်းအထဲမှ တစ်ခုသည် ဤသို့ဖြစ်သည်။ မိမိနှုတ်လျှာကို ကောင်းသောစကားမှ လွဲ၍ အခြားမည်သို့သော စကားမျိုးကို မပြောမိရန် ထိန်းသိမ်းပါ။ ဤသို့အားဖြင့် အသင်သည် ရှိုင်သွာန် မိစ္ဆာကောင်ကို လွှမ်းမိုးနိုင်လိမ့်မည်။

၉။ အနူးအညွတ်တောင်းပန်
ဟဇရသ် အဗူစအီဒ်ခွဒ်ရီ က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ လူသားသည် နံနက်ခင်းသို့ ရောက်လာလျှင် ၎င်း၏ အင်္ဂါအစိတ်အပိုင်းအားလုံးက နှုတ်လျှာကို အနူးအညွတ် ရိုကျိုးစွာဖြင့် စကားဆိုသည်။ အသင်သည် ကျွန်ုပ်တို့နှင့် ပတ်သက်၍ အရှင်မြတ်အား ကြောက်ရွံ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ အခြေအနေများသည် အသင်နှင့်ပတ်သက်နေသည်။ အကယ်၍ အသင်သည် ဖြောင့်မတ်မှန်ကန်နေလျှင် ကျွန်ုပ်တို့သည်လည်း မှန်ကန်စွာ ရှိနေလိမ့်မည်။ အကယ်၍ အသင်သည် လွဲမှားချွတ်ချော်သွားလျှင် ကျွန်ုပ်တို့သည်လည်း အသင်နှင့်အတူ လွဲမှားချွတ်ချော်သွားကြလိမ့်မည်။ (၎င်းနောက် လွဲမှားမှု၏ အစားပေးခြင်းကို ခံကြရလိမ့်မည်။)

၁၀။ သပ်က်ဝါနှင့် ကိုယ်ကျင့်သီလ
ဟဇရသ် အဗူဟုရိုင်ရဟ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်အား မည်သည့်အမလ်ကြောင့် လူအများ ဂျန္နသ်သို့ ၀င်ရောက်ရမည်နည်းဟု မေးလျှောက်ရာ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်မှာ သပ်က်ဝါ (အလ္လာဟ် အား ကြောက်ရွံ့မှု) နှင့် ကောင်းမွန်သော ကိုယ်ကျင့်သီလ တို့ဖြစ်သည်ဟု ဖြေကြားတော်မူသည်။ ၎င်းနောက် တမန်တော်မြတ် အား မည်သည့်အမလ်ကြောင့် လူအများဂျဟန္နမ်သို့ လားရမည်နည်းဟု မေးလျှောက်ရာ နှုတ်လျှာနှင့် အရှက်အင်္ဂါတို့၏ မှားယွင်းစွာ သုံးစွဲမှုကြောင့် ဖြစ်သည်ဟု ဖြေကြားတော်မူသည်။

၁၁။ ဂျန္နသ်သို့ ၀င်ရောက်နိုင်ရန်
ဟဇရသ် ဗရာအ်ဗင်န်အာဇိဗ် က ဆင့်ပြန်ခဲ့သည်။ ကျေးတောသား တစ်ဦးသည် တမန်တော်မြတ် ထံပါး ၀င်ရောက်ခစားပြီး ယာရစူလလ္လာဟ် ကျွန်တော်မျိုး ဂျန္နသ်သို့ ၀င်ရောက်နိုင်ရန်အတွက် မည်သည့် အမလ်ကို ပြုကျင့်ရမည်ကို ညွှန်ပြတော်မူပါ ဟု လျှောက်ထားရာ တမန်တော်မြတ် က အချို့အချို့သော အမလ်များကို ဖြေကြားတော်မူပါသည်။ ယင်းတို့အထဲတွင် ကျေးကျွန်များကို သူကောင်းပြုခြင်း၊ အကြွေးတင်နေသောသူ၏ ကြွေးများကို ဆပ်ပေးခြင်းဖြင့် ၎င်း၏တာဝန်ကို ပေါ့ပါးအောင် ကူညီပေးခြင်း၊ မိမိတိရစ္ဆာန်၏ နို့ဖြင့် အခြားသူများ အကျိုးခံစားစေရန်ပေးခြင်း၊ ၎င်းအပြင် အခြားအလုပ်များကိုလည်း ညွန်ပြတော်မူပြီးနောက် အမိန့်ရှိတော်မူသည်။ အသင်သည် ဤသည်များကို မပြုကျင့်နိုင်ပါက အနည်းဆုံးအားဖြင့် မိမိနှုတ်လျှာကို ကောင်းမွန်သော စကားများမှလွဲ၍ အခြားမည်သည့် စကားမျှ မဆိုမိရန် ထိန်းသိမ်းထားပါ။

၁၂။ ကောင်းသောစကားသာပြောဆိုပါ။
ဟဇရသ် အတ်စ်ဝဒ်ဗင်န်အဆ်ွရမ် က ဆင့်ပြန်ခဲ့သည်။ သခင်သည် တမန်တော်မြတ် ထံပါး ၀င်ရောက်ခစားပြီး ကျွန်ုပ်အား ဆုံးမစကားမြွက်ကြားပါဟု လျှောက်ထားရာ အမိန့်ရှိတော်မူသည်မှာ မိမိလက်များကို ထိန်းသိမ်းပါ။ (ဆိုလိုသည်မှာ လက်ဖြင့် အခြားသူတစ်ပါးအား ဒုက္ခမဖြစ်နှင့်) ကျွန်ုပ်က လျှောက်ထားသည်။ မိမိလက်ကိုပင် မထိန်းနိုင်လျှင် အခြားမည်သည့်အရာကို ထိန်းနိုင်ဦးမည်နည်း။ လက်ကိုတော့ ထိန်းချုပ်ထားနိုင်ပါသည်။ တမန်တော်မြတ်က မိမိနှုတ်လျှာကို ကောင်းစွာထိန်းသိမ်းပါ။ ထိုအခါ ကျွန်ုပ်က မိမိနှုတ်လျှာကို ကောင်းစွာ မထိန်းသိမ်းနိုင်ပါက အခြားမည်သည့် အရာကို ထိန်းနိုင်ဦးမည်နည်း။ (သဘောက မိမိနှုတ်လျှာကို ထိန်းထားနိုင်ပါသည်ဟု လျှောက်ထားသည်) ထိုအခါ တမန်တော်မြတ်က မိမိလက်များကို ကောင်းသော လုပ်ငန်းများ၌သာ အသုံးချပါ။ မိမိနှုတ်လျှာဖြင့် ကောင်းသောစကားများကိုသာ ပြောပါ။

၁၃။ နှုတ်လျှာ၏ အာကြမ်းလျှာကြမ်းမှု
ဟဇရသ် အတ်စ်လမ် က ဆင့်ပြန်ခဲ့သည်။ ဟဇရသ် အဗူဗကရ် သည် မိမိနှုတ်လျှာကို ဆွဲကိုင်နေသည်ကို ဟဇရသ် အုမရ်က တွေ့မြင်သောအခါ အလ္လာဟ့်ရစူလ်၏ ခလီဖဟ်၊ အသင် ဤအမှုကို အဘယ်ကြောင့် ပြုနေပါသနည်းဟု မေးမြန်းရာ ဟဇရသ် အဗူဗကရ် က ဤနှုတ်လျှာသည်ပင်လျှင် ကျွန်ုပ်အား ပျက်စီးစေမည့် အမှုကိစ္စများ၌ နစ်မွန်းစေရန် ဆွဲခေါ်လေ့ရှိသည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ နှုတ်လျှာ၏ မကောင်းပြောဆိုမှု (အာကြမ်းလျှာကြမ်းမှု) နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခြင်း မပြုသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းဟူ၍ မရှိချေ။

၁၄။ အစ္စသစ်ဂ်ဖာရ်
ဟဇရသ် ဟုဇိုင်ဖဟ် က အမိန့်ရှိသည်။ ကျွန်ုပ်သည် မိမိနှုတ်လျှာဖြင့် မိမိအိမ်သူ အိမ်သားများကို များစွာ မကောင်း ပြောဆိုလေ့ ရှိခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည် တမန်တော်မြတ်ထံပါး၌ ကျွန်ုပ်၏ နှုတ်လျှာသည် ကျွန်ုပ်ကို ဂျဟန္နမ်သို့ ဆွဲချသွားမည်ကို အလွန်ကြောက်ရွံ့နေပါသည်ဟု လျှောက်ထားရာ တမန်တော်မြတ်က အသင်သည် အစ္စသစ်ဂ်ဖာရ် (တောင်းပန်မှု) ကို မည်သည့်နေရာ၌ ထားလိုက်သနည်း။ (ဆိုလိုသည်မှာ အစ္စသစ်ဂ်ဖာရ် အဘယ်ကြောင့် မပြုသနည်း) ဤသို့ဖြင့် အသင်၏ နှုတ်လျှာ၏ ပြုပြင်မှုရနိုင်မည်။ ကျွန်ုပ်ကိုယ်တိုင်သည် နေ့စဉ် အစ္စသစ်ဂ်ဖာရန်(၁၀၀) ဖတ်လေ့ရှိသည်။

၁၅။ နဖူးစာကောင်းခြင်းနှင့် နဖူးစာဆိုးခြင်း
ဟဇရသ် အဒီဗင်န်ဟာသင်မ် က အမိန့်ရှိသည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်မှာ လူသားအဖို့ နဖူးစာကောင်းခြင်းနှင့် နဖူးစာဆိုးခြင်းသည် ထိုသူ၏ မေးရိုးနှစ်ခုကြားတွင်ရှိသည်။ (ဆိုလိုသည်မှာ နှုတ်လျှာကို ကောင်းမွန်မှန်ကန်စွာ အသုံးခြင်းသည် နဖူးစာကောင်းခြင်းနှင့်နှုတ်လျှာကို လွဲမှားစွာ အသုံးချခြင်းသည် နဖူးစာဆိုးခြင်း၏ အကြောင်းခံ များဖြစ်သည်။)

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို အထက်ပါ ဟဒီးဆ်တော်များအတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ ။ အာမီးန်။

(မွန်သခဗ် အဟာဒီးဆ်ကျမ်းမှ ကောက်နုတ်တင်ပြသည်)

အလ်မုဖီးဒ် (Al-Mufeed)

Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com

နေ့စဉ် အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းတွင် ဖတ်ရှုလိုပါက Simple Islam apk ဖိုင်ကို Install 
လုပ်ထားပါ။