Monday, June 17, 2013

အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း (အပိုင်း - 1 -)

 နိဒါန်း
ကမ္ဘာပေါ်တွင် အစ္စလာမ်သသနာတော် စတင်ခဲ့သည့် ကမ္ဘာဦးစ လူသားဖခင်ကြီး တမန်တော် အာဒမ် (အာလိုင်ဟိစ္စလာမ်) သခင်မှ သည်နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင် (ဆွလ်လလ္လာဟုအာလိုင်ဟိဝစ္စလာမ်)ထိ တမန်တော်များ၏ ဗီဇတော်များအနက် အလွန်ထင်ရှား ပေါ်လွင်လှသည့် မုတ်ဆိတ်နှင့် ပါးသိုင်းမွှေးထားခြင်း သည် ကိယာမသ် ကမ္ဘာပျက်မည့်နေ့တိုင် အစ္စလာမ်သာသနာတော်၏ မည်သို့သော ကျင့်စဉ် တစ်ရပ်ဖြစ်ကြောင်းကို မွတ်စလင်မ်များသိရှိကြရန် အလွန်အရေးကြီးလှပေသည်။
 မျက်မှောက်ခေတ်ကာလတွင် မုတ်ဆိတ်ထားခြင်းသည် မွတ်စလင်မ်များအဖို့ သာသနာတော်၏မပြုမနေပြုကျင့်ရမည့် တာဝန်တစ်ရပ် ဖြစ်ကြောင်း အသိများကွယ်ပျောက်လုနီးဖြစ်နေသည်မှာ မုချပင်။ အချုပ် မွတ်စလင်မ်များသည် မုတ်ဆိတ်ထားခြင်းမှာ - အာရဗ်ယဉ်ကျေးမှုတစ်ရပ်ဟူ၍လည်းကောင်း - အနောက်တိုင်းယဉ်ကျေးမှုဟူ၍လည်းကောင်း - လောကီရေးရာများကိုစွန့်ကာ တရားကျင့်ကြံအားထုတ်နေ၍ မအားလပ်သည့်အတွက် မရိတ်ဘဲ မုတ်ဆိတ်ထားနေခြင်းဟူ၍လည်းကောင်း - အချို့ ပညာမဲ့သူများက လိင်ကိစ္စအတွက် မုတ်ဆိတ်ထားသည်ဟူ၍လည်းကောင်း စသည်ကဲ့သို့ တလွှဲတချော် မှတ်ယူနေကြသည်။ ထို့ကြောင့်ပင်ယင်းကဲ့သို့ထင်မြင်ယူဆကြသော မွတ်စလင်မ်များသည် မုတ်ဆိတ်ရိတ်ခြင်း၏ ဂိုနာဟ်ကဗီရဟ် ကြီးလေးသော ပြစ်မှုကြီးကို နေ့စဉ် ကျူးလွန်မှန်းမသိ ကျူးလွန်နေလျက်ရှိနေကြ၏။ သို့ဖြစ်ပေရာ အခါအားလျော်စွာ အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း ဟူ၍ ခေါင်းစဉ်ဖြင့် အပိုင်းများခွဲ၍ တင်ပြပေးသွားမည်။ သတိပေးလိုသည်မှာ ရိုင်းပျသော ကွန်မန်းများပေးခြင်းအား ကရုစိုက်မည်မဟုတ်ပေ။ ပြန်လည် အဖြေပေးမည်မဟုတ်ကြောင်း ဦးစွာသတိပေးလိုပေသည်။ လူ့အဖွဲ့အစည်း၏ အုပ်စုအသီးသီး၌ ၀ိသေသလက္ခဏာအမှတ်အသား သင်္ကေတများရှိကြသည်။ အစ္စလာမ်သာသနာတွင်လည်း အစ္စလာမ်သာသနာဝင်ပီသစေရန် သင်္ကေတများရှိ၏။ ယင်းတို့အနက် မုတ်ဆိတ်ထားခြင်းသည် အဓိကကျသော အမှတ်အသားတစ်ရပ်ဖြစ်ကြောင်း ကုရ်အာန်၊ ဟဒီစ်၊ အိဂ်ျမာအ်၊ ဖိကဟ်တို့၌ အောက်ပါအတိုင်းတွေ့ရှိရ၏။

 ကျမ်းတော်မြတ်ကုရ်အာန်မှ မုတ်ဆိတ်အကြောင်း - .......... 

၁။ ကုရ်အာန်ကျမ်းတော်မြတ်တွင် စူရဟ်သွာဟာ၏ အာယသ်တော် အမှတ်စဉ် -၉၄- ၌ တမန်တော် ဟာရူးန် (အာလိုင်ဟိစ္စလာမ်)သည် မိမိ၏ညီတော် တမန်တော်မူစာ (အာလိုင်ဟိစ္စလာမ်) အား ..... အို . . . ကျွန်ုပ်မိခင်၏သား (ညီတော်) အသင်သည် ကျွန်ုပ်၏ မုတ်ဆိတ်ကိုလည်းကောင်း ဦးခေါင်းကိုလည်းကောင်း ဆွဲကိုင်ခြင်းမပြုပလေနှင့် (ကုရ်အာန် ၂၀း ၉၄) ဟူ၍ ဖော်ပြထားသည်။ ဤအချက်ကို လေ့လာခြင်းဖြင့် တမန်တော်များသည် မုတ်ဆိတ်ထားခဲ့ကြောင်းမုတ်ဆိတ်ထားခြင်းသည် ကုရ်အာန်မှ ပြဆိုထားသော အစ္စလာမ်၏ လမ်းစဉ်တစ်ရပ်ဖြစ်ကြောင်း သိရပေသည်။

၂။ အီမာမ်အဟ်မဒ် အိဗ်နုဟန် (မ်) ဘလ်သခင်အား တစ်ဦးတစ်ယောက်သောသူက မုတ်ဆိတ်ထားခြင်းနှင့်ပတ်သက်၍ ကုရ်အာန် ကျမ်းတော်မြတ်မှ အထောက်အထားထုတ်နှုတ်ပြပါရန် လျှောက်ထားခဲ့ရာ သခင်က ..... ထို့အပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်ကပေးခဲ့သည်ကို ယူကြလေကုန်၊ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တာမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ (ကုရ်အာန် ၅၉း ၇) ကိုတင်ပြခဲ့၏။ ဤအာယသ်တော်တွင် မုတ်ဆိတ်ထားရန် အမိန့်ပါရှိ၏။ အဘယ့်ကြောင့်ဆိုသော် . . . . . ကျွန်ုပ်တို့အား မုတ်ဆိတ်ထားရန် တမန်တော်မြတ်မှ ညွှန်ကြားထားသည့် မိန့်ခွန်းတော်များ မြောက်မြားစွာလာရှိထားပေသည်။ ဤအာယသ်တော်တွင် ကျွန်ုပ်တို့အား တမန်တော်မြတ်၏ ညွှန်ကြားချက်ကို လိုက်နာရန် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် အမိန့်ပေးထားကြောင်း ထင်ရှားလျှက်ရှိပေသည်။ ထို့ကြောင့် သခင်ကြီးက ဤအာယသ်တော်ကို ထုတ်နှုတ်တင်ပြခဲ့ခြင်းဖြစ်သည်။ အင်ရှာအလ္လာဟ် အပိုင်း (2) အားဆက်လက် တင်ပေးသွားမည်။ ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)