Tuesday, June 18, 2013

စကားပြောရာတွင် ဆောင်ရန် ရှောင်ရန် အစ္စလာမ့်အဆုံးအမများ (၃)


၂၁။ ပြောဆိုသော စကားများသည်လည်း
ဟဇရသ် မုအာဇ် က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်အား ကျွန်ုပ်၏ ပြောဆိုသော စကားများသည်လည်း ကျွန်ုပ်၏ အမလ်စာရင်းတွင် ရေးမှတ်ခြင်းခံရပါမည်လော။ (၎င်းအတွက် အပြစ်ပေးခံရမည်လော) ဟု မေးမြန်းလျှောက်ထားရာ တမန်တော်မြတ်က အမိန့်ရှိတော်မူသည်။ သင့်အတွက်နှင့် သင့်မိခင် မျက်ရည်ကျပါစေ။ (အရဗီသီးသန့် အသုံးဖြစ်သည်။ ချစ်ခင်မှုဖြင့်လည်း ဆိုခြင်းဖြစ်သည်။ ကျိန်ဆဲသည့် အသုံးမဟုတ်ပါ။) ဆိုလိုသည်မှာ ကောင်းစွာနားလည်သဘောပေါက်ထားပါ။ လူသားကို ဂျဟန္နမ်အတွင်းသို့ ကျရောက်စေသော အရာသည် ၎င်း၏ နှုတ်လျှာမှ ထွက်သည့် မကောင်းသော စကားများဖြစ်သည်။ အသင်သည် နှုတ်ဆိတ်စွာ နေသမျှ နှုတ်လျှာ၏ မကောင်းမှုများမှ ရှောင်ရှားနိုင်မည်။ အကယ်၍ အသင့်နှုတ်လျှာမှ စကားဆိုမူ ထိုစကားဖြင့် အသင်အကျိုးဆ၀ဗ် (သို့မဟုတ်) အပြစ်ဂိုနာ ရေးမှတ်ခြင်း ခံရပေမည်။

၂၂။ အများဆုံးသော မှားယွင်းမှု
ဟဇရသ် အဗ်ဒွလ္လာဟ် က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် အမိန့်ရှိတော်မူသည်။ လူသား၏ အများဆုံးသော မှားယွင်းမှုသည် ယင်း၏ နှုတ်လျှာကြောင့်ဖြစ်သည်။

၂၃။ အချို့သော စကားများကြောင့်
ဟဇရသ် အဗူလ်ဟကမ်၏ သမီး၏ ကျွန်မ က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် ဤသို့အမိန့်ရှိသည်ကို ကြားခဲ့သည်။ လူတစ်ဦးသည် ဂျန္နသ်သို့ လက်တစ်ကမ်းမျှအထိ နီးကပ်စွာ ရောက်ရှိသွားသည်။ ပြီးနောက် အချို့သော စကားပြောဆိုမိသောကြောင့် ဂျန္နသ်နှင့်  ထိုသူသည် မဒီနာမှ ဆွန္နအအ်(ယမန်နိုင်ငံရှိ မြို့တစ်မြို့၏အမည်) အထိ အကွာအဝေးထက်ပို၍ ဝေးကွာသွားရတော့သည်။

၂၄။ အရှင်မြတ် နှစ်သက်သောစကား
ဟဇရသ် ဗိလာလ်ဗင်န်ဟာရစ်မုဇနီ က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ် အမိန့်ရှိတော်မူသည်ကို ကြားခဲ့သည်။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် အရှင်မြတ်အလွန် နှစ်သက်စေသည့် စကားပြောမိသည်။ ထိုသူသည် မိမိပြောဆိုမှုကို များစွာ လေးးနက်သည်ဟု မထင်မှတ်ချေ။ သို့ရာတွင် အရှင်မြတ်က ထိုပြောဆိုမှု၏အစား ထိုပြောသူကို ကိယာမသ်နေ့အထိ ကျေနပ်နှစ်သက်တော်မူကြောင်း အမိန့်ချမှတ်တော်မူသည်။ ထို့အပြင် အသင်တို့ အထဲမှ အချို့သူသည် အရှင်မြတ်ကို မနှစ်မြို့စေသော စိတ်ဆိုးစေသော စကားကို ပြောမိသည်။ ၎င်းပြောသူ ကိုယ်တိုင်ကပင် မိမိ၏ စကားကို များစွာ လေးနက်သည်ဟု မထင်မှတ်ချေ။ သို့ရာတွင် အရှင်မြတ်က ထိုစကားကြောင့်ပင် ထိုသူအား ကိယာမသ်နေ့ အထိ စိတ်ဆိုးတော်မူကြောင်း အမိန့်ချမှတ်မူသည်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့ကို အထက်ပါ ဟဒီးဆ်တော်များအတိုင်း လိုက်နာကျင့်သုံးနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ ။ အာမီးန်။

(မွန်သခဗ် အဟာဒီးဆ်ကျမ်းမှ ကောက်နုတ်တင်ပြသည်)

အလ်မုဖီးဒ် (အစ္စလာမ့်ရေးရာသိမှတ်ဖွယ်များ)
အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။