Tuesday, June 4, 2013

ကောင်းမြတ်သော စာရိတ္တရရေးအတွက် လိုအပ်ချက် (၁)


ကောင်းမြတ်သော စာရိတ္တရရေးအတွက် လိုအပ်ချက် (၁)

တမန်တော်မြတ်၏ သြ၀ါဒတော်
တမန်တော်မြတ်က "မြင့်မားသည့် စာရိတ္တရှင်ကို မွတ်စလင်မ်ဟုခေါ်ပြီး၊ မုအ်မင်န် အီမာန်ရှင်များအနက် အကောင်းဆုံး အမြင့်မားဆုံး မုအ်မင်န်သည် အကောင်းဆုံးသော စာရိတ္တရှင်ဖြစ်သည်။" ဟုမိန့်တော်မူခဲ့၏။
ဆိုးရွားသည့် အကျင့်များကို ဖယ်ရှားပြီး မွန်မြတ်မြင့်မား သည့် စာရိတ္တများကို ဖန်တီးရယူထားခြင်းကို သာသနာဟုခေါ်၏။ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ဤလောကသို့ စေလွှတ်တော်မူခဲ့သည့် ရည်ရွယ်ချက်သည်ပင်လျှင် လူတို့အားမြင့်မားကောင်းမြတ်သော စာရိတ္တများကို လက်ပွန်းတတီး သင်ကြားပို့ချပြသတော်မူရန်ဖြစ်၏။
ကောင်းမြတ်သောစာရိတ္တဟူသည်
အရဗီဝေါဟာရတွင် ခလ်က် နှင့် ခုလွတ်က် ဟူစကားနှစ်လုံးရှိ၏။ ခလ်က် ဟူသည်မှာ ပြင်ပသဏ္ဍန်ကို ခေါ်ပြီး၊ ခုလွတ်က် ဟူသည်မှာ အတွင်းသဏ္ဍန်ကိုခေါ်၏။ အလ္လာဟ် အရှင်မြတ်က လူသားတို့အား မျက်စိဖြင့် မြင်တွေ့နိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းများ ( ခြေ၊ လက်၊ မျက်စိ၊ နား၊ နှာခေါင်း စသည်တို့)ဖြင့် ဖန်ဆင်း ထားတော်မူသကဲ့သို့၊ သာမန်မျက်စိဖြင့် မမြင်နိုင်ပဲ နှလုံးသား၏ မျက်စိဖြင့်သာ မြင်တွေ့နိုင်သော ၀ိညာဉ်ကိုလည်း ဖန်ဆင်းတော်မူထား၏။ ဤသို့ ဖန်ဆင်းခြင်းနှစ်မျိုးတွင် အလ္လာဟ်အရှင်မြတ်က လူတို့၏ အပြင်သဏ္ဍန်ကိုလည်း အမျိုးမျိုး ဖန်ဆင်းတော်မူပြီး အတွင်းသဏ္ဍန်ကိုလည်း အဖုံဖုံ ဖန်ဆင်းတော်မူထား၏။ အချို့သူများသည် အတွင်းသဏ္ဍန် (စာရိတ္တ) နှင့် အပြင်သဏ္ဍန်(ရုပ်) နှစ်မျိုးလုံး လှပကြ၏။ အချို့မှာ အတွင်းသဏ္ဍန် (စာရိတ္တ) နှင့် အပြင်သဏ္ဍန် (ရုပ်) နှစ်မျိုးလုံး ရုပ်ဆိုးကြ၏။ အချို့မှာ အတွင်းသဏ္ဍန် (စာရိတ္တ) လှပပြီး အပြင်သဏ္ဍန် (ရုပ်) မလှပေ။ အချို့သည်ကား အပြင်သဏ္ဍန်(ရုပ်) လှသော်လည်း အတွင်းသဏ္ဍန် (စာရိတ္တ) မလှကြချေ။ အရဗီ ဝေါဟာရတွင် ပြင်ပသဏ္ဍန်ကို စူရသ်ဟုခေါ်ပြီး၊ အတွင်းသဏ္ဍန်(စာရိတ္တ)ကို စီရသ် ဟုခေါ်၏။ စီရသ် စာရိတ္တ အဆင့်အတန်းသည် စူရသ် ထက် မြင့်မား၏။ ထို့ကြောင့် အလ္လာဟ် အရှင်မြတ်က ကုရ်အာန် ကျမ်းတော်မြတ်တွင် " နဖွခ်သုဖွီးဟိ မစ်ရ်ရူးဟီ “ လူအတွင်း၌ ရှိသော ၀ိညာဉ်သည် ငါအရှင်မြတ်၏ ၀ိညာဉ်ဖြစ်၏။" * ဟု မိန့်တော်မူထား၏။  ၀ိညာဉ်နှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ်၏ တစ်နေရာ၌ "ကုလစ်ရ်ရူးဟု မင့်န်အမ်ရိရဗ်ဗီ”  ၀ိညာဉ်သည် ငါအရှင်မြတ်၏ အမိန့်သာဖြစ်သည်"  ဟု မိန့်တော်မူထား၏။ ပြင်ပသဏ္ဍန်(ရုပ်)သည်ကား လူတို့၏ အောက်၌ရှိသော မြေကြီးဖြင့် ဖန်ဆင်းထားသည့် အရာဖြစ်၏။ ထို့ကြောင့် ၀ိညာဉ်သည် ရုပ်ထက်သာမြတ်၏။ ကုရ်အာန်ကျမ်းတော်မြတ်တွင် အလ္လာဟ်အရှင်မြတ်က လူ့ခန္ဓာကိုယ်ကို မြေကြီးဖြင့်ဖန်ဆင်းထားတော်မူကြောင်း အောက်ပါအတိုင်းမိန့်ဆိုထား၏။
"အင်းနီ ခါးလိကွန် ဗရှရန် မင်န်သွီးန်"
ဝိညာဉ်သာလျှင် အဓိက
ဝိညာဉ်သည် အလ္လာဟ်အရှင်မြတ်က တိုက်ရိုက်ချီးမြှင့်သည့် တရားကို မိမိ၌ရှိသည့် အရည်အချင်းအရ လိုက်နာကျင့်သုံးလေ့ရှိ၏။ ထို့ကြောင့် ရုပ်ကိုဦးစားပေးဆောင်ရွက်သည်ထက် ပို၍၀ိညာဉ်ကို ဦးစားပေးကာ မြှင့်တင်သင့်၏။ ကြပ်မတ်ပဲ့ပြင်သင့်၏။ အတွင်းပိုင်းဆိုင်ရာ ၀ိညာဉ်(စာရိတ္တ) မကောင်းသမျှ လူတစ်ဦးကို စာရိတ္တကောင်းမြတ်သူဟု မဆိုနိုင်ပေ။

( မုဖ်သီနူးရ်မိုဟမ္မဒ်၏ အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် - စာအုပ်မှ ကူးယူတင်ပြသည် ) သဗ်လီးဂေဒီးန် (အူရဒူ) မော်လာနာ အာရှစ်က် အေလာဟီ - အရ်ဗအီးန် (အရဗီ) အေမာမ် ဂဇာလီ ။

အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းထဲတွင် နေ့စဉ် လေ့လာလိုပါက Simple Islam v2.apk ဖိုင်ကို ရယူ၍ Install လုပ်ထားပါ။ 

အလ်မုဖီးဒ် (ယခင် Simple Islam)  နှင့်ဆက်သွယ်ရန်
Email : haroonrangoni@gmail.com
Website : http://aaitee.blogspot.com (Simple Islam)