Monday, June 17, 2013

အစ္စလာမ်သာသနာတော်မြတ် နှင့် မုတ်ဆိတ်ထားခြင်း (အပိုင်း - 2 -)

ဟဒီးစ်ကျမ်းတော်လာ မုတ်ဆိတ်

(ဟဒီးစ်)   အဗူဟိုရိုင်ရဟ် (ရသွီ့)သခင်မှ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) မိန့်တော်မူသည်မှာ
     “ အသင်တို့သည် နှုတ်ခမ်းမွှေးများကို ညှပ်ကြပြီး မုတ်ဆိတ်များကို ထားကြလျှက် “မဂျူစီ” များကို ဆန့်ကျင်ကြကုန်။” (မွတ်စ်လင်မ်ကျမ်း)
နောက်လည်း မုတ်ဆိတ်ထားရန်အမိန့်ပေးထားသော ဟဒီးစ်အမြောက်အမြားရှိနေပေသေးသည်။

တမန်တော် မုဟမ္မဒ် (ဆွ) ၏ မုတ်ဆိတ်တော်

ဟဒီးစ်တော်တွင်လာရှိသည်မှာ - . . . . .
တမန်တော်မြတ် (ဆွ) ၌ ရွှေရင်တော်အပြည့် ဖုံးလွှမ်းအောင်ထူထဲလှသော မုတ်ဆိတ်တော်ရှိခဲ့၏။  (ရှမာအိလေ သိရ်မိဇီကျမ်း)

ဆွဟာဗာ သာဝကကြီးများ၏ မုတ်ဆိတ်တော်

၁။  သာဝကကြီး ဂျာဗိရ် (ရသွီ့)သခင်မိန့်တော်မူခဲ့သည်မှာ . . . .
    ကျွန်ုပ်တို့ ဆွဟာဗာများသည် ဟဂ်ျ သို့မဟုတ် အွမ္မရဟ် ပြုချိန်မှအပ မုတ်ဆိတ်မွှေးရှည်နေသည်များ ကို မရိတ်ဖြတ်ခဲ့ကြပါ။ ဟဂ်ျ သို့မဟုတ် အွမ္မရဟ်ပြုချိန်မှသာ လက်တစ်ဆုပ်မှအပ ပိုသော မုတ်ဆိတ်မွှေး များကို ဖြတ်တောက်ကြ၏။

၂။  တတိယမြောက် ခလီဖွာကြီးဖြစ်သော အွတ်စ်မားန် (ရသွီ့)သခင်အား ပုန်ကန်သူများသည် မဒီနဟ်မြို့တော်သို့ ၀င်လာကြသောအခါ သူပုန်တစ်ယောက်က သခင်ကြီး၏
     မုတ်ဆိတ်တော်ကို လက်ဖြင့်ဆွဲကိုင်သည်ဟူ၍ သခင်ကြီး၏ အတ္ထုပ္ပတ္တိတွင် တွေ့ရှိရသည်။ ဤအချက်ကို သုံးသပ်ခြင်းဖြင့် သခင်ကြီးတွင် ထူထဲပြည့်ဝသော မုတ်ဆိတ်တော်
     ရှိကြောင်း သိသာနိုင်ပေသည်။   (သဖ်စီရ်အိဗ်နု ကစီးရ်ကျမ်း)

၃။  သာဝကကြီး အုမရ် (ရသွီ့) သခင်ကြီး၌လည်း ပြည့်ဝ၍ များပြားလှသော မုတ်ဆိတ်တော်ရှိကြောင်း၊ လက်တစ်ဆုပ်ထက်ပိုသော မုတ်ဆိတ်တော်ကို ဖြတ်တောက်တော်မူကြောင်း
     “ဖသ်ဟုလ် ကဒီးရ်” ကျမ်းတွင် တွေ့ရှိရပေသည်။

အိမာမ်ကြီးလေးပါး၏အဆို -

ဟန္နဖီ-ရှာဖိအီ-ဟန်မ်ဗလီ-မာလိကီ  မဇ်ဟဗ်ကြီးလေးခုစလုံး၏ ခေါင်းဆောင်ကြီးများဖြစ်ကြသော အိမာမ်ကြီးလေးပါးထံ၌ မုတ်ဆိတ်မွှေးရိတ်ခြင်းသည် တစ်ညီတစ်ညွတ်တည်း ဟရာမ်
ဖြစ်ကြောင်းအောက်ပါအတိုင်းတွေ့ရှိရပေသည်။

ဟန္နဖီ မဇ်ဟဗ်

အမျိုးသားများအဖို့ မုတ်ဆိတ်ရိတ်ခြင်းသည် ဟရာမ်ဖြစ်၏။ ထို့အတူ လက်တစ်ဆုပ်စာမျှမပြည့်သေးသော မုတ်ဆိတ်မွှေးကို အနောက်နိုင်ငံသားများကဲ့သို့ လည်းကောင်း၊ မိန်းမရှာများကဲ့သို့
လည်းကောင်း ညှပ်ခြင်းသည် မပြုနိုင်သောအချက်ဖြစ်သည်။   (ဖသ်ဟုလ်ကဒီးရ်ရေမုခ်သားရ်ကျမ်း)

ရှာဖိအီ မဇ်ဟဗ်

အိမာမ် အိဗ်နုရိဖ်အဟ် သခင်တင်ပြခဲ့သည်မှာ . . . .
ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာမရှိဘဲ မုတ်ဆိတ်ရိတ်ခြင်းသည် “ဟရာမ်” ဖြစ်၏။ ဤအချက်ကို အိမာမ်ရှာဖိအီသခင်ကြီးသည် “အွမ်” ဟူသောကျမ်းတွင် ရှင်းလင်းပြတ်သားစွာ ရေးသားထား၏။

ဟန်မ်ဗလီ မဇ်ဟဗ်

မုတ်ဆိတ်မွှေးရိတ်ခြင်းသည် ဟရာမ်ဖြစ်ကြောင်းမှာ ခိုင်လုံသည့်အဆိုဖြစ်သည်။
ထိုအဆိုကိုဆန့်ကျင်သည့် မည်သည့်အဆိုမျှမရှိကြောင်း အင်န်ဆွာဖ်ကျမ်းရှင်က ရေးသားထားပေသည်။

မာလိကီ မဇ်ဟဗ်

မုတ်ဆိတ်မွှေးကို ရိတ်ခြင်းနှင့် ပုံစံပျက်အောင် ဖြတ်တောက်ခြင်းသည် ဟရာမ် ဖြစ်သည်။  (အလ်အိဗ်ဒါအု ဖွီမနာရိလ် အိဘ်သေဒါးအ်ကျမ်း)

မှတ်ချက် ။        ။ ပုံစံပျက်အောင် ဖြတ်တောက်ခြင်းဆိုသည်မှာ . . . တရားတော်မှ ပြဌာန်းထားသော အသွင်ကို ပြောင်းလဲဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

မုတ်ဆိတ်ထားခြင်း၏ အကျိုးကျေးဇူးများ-

    မုတ်ဆိတ်ထားသူသည် တမန်တော်မြတ် မုဟမ္မဒ် (ဆွ)၏ မိန့်ကြားချက်ကို နာခံရာရောက်သည်။ တမန်တော်မြတ် (ဆွ)၏ လမ်းစဉ်ကို မြတ်နိုးရာရောက်၏။ ထို့အတူ ယခုမျက်မှောက်ကာလတွင်
တိမ်ကောပျောက်ကွယ်နေသော တမန်တော်မြတ်၏ ကျင့်စဉ်တော်တစ်ရပ်အား ရှင်သန်အောင် အကောင်ထည်ဖော်ခြင်းသည် ရှဟီဒီပေါင်း (၁၀၀)၏ အကျိုးကျေးဇူးကို ရရှိပေသည်။
    မုတ်ဆိတ်ထားသဖြင့် မျက်မြင်လောကတွင်လည်း များစွာသော အကျိုးသက်ရောက်မှုရှိကြောင်း “ဒေါက်တာဟိုမဲရ်”ကတင်ပြထားသည်။ မုတ်ဆိတ်ထားခြင်းသည်  . . . .
သတ္တိပြောင်မြောက်ခြင်း၊
ရဲရင့်ခြင်း၊
ယောင်္ကျားပီသခြင်း၊
အမျိုးသားတစ်ယောက်၏ ဂုဏ်အင်္ဂါရပ်နှင့် ညီခြင်း၊  စသည့်အချက်များကို ထင်ရှားစေသည်။

ယူနန်ဆေးပညာရှင်များ၏အဆိုအရ မုတ်ဆိတ်ကို ကြိမ်ဖန်များစွာ ရိတ်ခဲ့သော် မျက်ကြောများထိခိုက်စေ၏။ မျက်စိအားနည်းစေ၏။ မုတ်ဆိတ်ထားသူသည် ထိုဝေဒနာမှ ကင်းလွတ်၏။

ဖိကဟ်ဥပဒေအရ . . . .
တမြန်တော်မြတ် (ဆွ)၏ အမိန့်တစ်စုံတစ်ရာနှင့် ပတ်သက်၍ တမန်တော်မြတ်၏ အခြားအမိန့်တစ်စုံတစ်ရာ မရှိသရွေ့အထိ မူလတမန်တော်မြတ်၏ အမိန့်အားလုံးနာခံရန်မှာ ၀ါဂျိဗ်တာဝန် ဖြစ်သည်။ (နူရွလ်အန်ဝါရ်ကျမ်း)

သို့ဖြစ်၍ မုတ်ဆိတ်ထားရန်မှာ “၀ါဂျိဗ်” တာဝန်တစ်ရပ်ဖြစ်သည်။ ထို့ကြောင့် မုတ်ဆိတ်မွှေးရိတ်ခြင်းသည်
ဟရာမ်ဖြစ်၍ (ဂိုနာကဗီရဟ်) ကြီးလေးသော ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။

အချိန်တိုင်းဂိုနာဟ်

ဂိုနာကဗီရဟ် ခေါ် ကြီးလေးသော ပြစ်မှုတိုင်းသည် အလ္လာဟ်အရှင်မနှစ်မြို့သော လုပ်ရပ်များဖြစ်၍ လုံးဝရှောင်ကြဉ်ရမည့် အချက်များဖြစ်သည်။ ကျူးလွန်မိပါက ချက်ချင်း သောင်ဗဟ် အမှားဝန်ချတောင်းပန်မှု ပြုလုပ်ရပေမည်။
ဥပမာ - ခိုးဝှက်ခြင်း၊ အရက်သောက်ခြင်း၊ လောင်းကစားခြင်း၊ မိဘကိုပုန်ကန်ခြင်း၊ ဇေနာပြုခြင်း၊ အတင်းအဖျင်းပြောခြင်း၊ ဂုံးချောခြင်းနှင့် ဆဲရေးတိုင်းထွာခြင်း စသည်တို့သည် ဂိုနာကဗီရာဟ်များဖြစ်သည်။ မွတ်စလင်မ်တိုင်းရှောင်ကြဉ်ကြရန်
အထူးလိုအပ်ပါသည်။ သို့သော် ဖေါ်ပြပါပြစ်မှုများသည် ကျူးလွန်နေဆဲ အချိန်၌သာ ကောင်းကင်တမန်များ၏ ရေမှတ်ခြင်းခံရသည်။ ပြီးဆုံးသွားပါက ကောင်းကင်တမန်များ၏ ရေမှတ်ခြင်းလည်းရပ်တန့်သွား၏။
ဥပမာ - လူတစ်ယောက် ဇေနာကျူးလွန်၏  ထိုအချိန်၌ ရေးမှတ်ခံရ၏။ ပြီးဆုံးချိန်၌ ကောင်းကင်တမန်များ၏ ရေးမှတ်မှုရပ်တန့်သွား၏။
    မုတ်ဆိတ်ရိတ်သူ တစ်ဦး၏ ပြစ်မှုမှာ ထိုကဲ့သို့ မဟုတ်ချေ။
    မုတ်ဆိတ်ရိတ်ပြီးနောက် ၂၄-နာရီလုံး စက္ကန့်တိုင်း၊ မိနစ်တိုင်း၌ ဖြစ်မှုမြောက်နေလေ၏။ ဖွရ်သ်ွနမားဇ်ဖတ်နေသည်ဖြစ်စေ၊ ၀ါဂျိဗ်၊ စွန္နသ်နမားဇ်များ ဖတ်နေသည်ဖြစ်စေ၊ ဘိုင်သွလ္လာဟ်အား သွဝါးဖ်လှည့်နေသည်ဖြစ်စေ တစ်ဘက်က
ကောင်းမှုအတွက် ကောင်းမှုစာရင်းရေးမှတ်နေငြားသော်လည်း အခြားတစ်ဘက်မှ မုတ်ဆိတ်ရိတ်ထားသည့်ဂိုနာဟ် ကြောင့် မကောင်းမှုပြစ်ချက်ကို ကောင်းကင်တမန်များက ရေးမှတ်နေပေသည်။

ထို့ကြောင့် မုတ်ဆိတ်ရိတ်သော ပြစ်မှုသည် အချိန်ပြည့် ကျူးလွန်နေသော ဂိုနာဟ်ဖြစ်ကြောင်းထင်ရှားလှပေသည်။

“သတိပြုရန်”

ကျွန်ုပ်တို့ မွတ်စ်လင်မ်များသည် မိမိတို့၏ အလွန်ကြီးကြယ်လှသော အမလ်အေဘာဒသ် ကုသိုလ်ကောင်းမှုတစ်ရပ်ဖြစ်သည့် နမားဇ်တွင် ရကအသ်တိုင်း၌
“အို . . . အလ္လာဟ်အရှင်မြတ် - - - ကျွန်တော်မျိုးတို့အား အရှင်မြတ်၏ အမျက်တော်စူးရှခံထားရသော ယဟူဒီများ၏လမ်းစဉ်၊ လမ်းလွှဲသူများဖြစ်ကြသော နဆွာရာများ၏ လမ်းစဉ်မှ၊ ဖယ်ရှားတော်မူပါ . . . ဟု တောင်းဆိုနေကြသော်ငြားလည်း
ယင်း ယဟူဒီများနှင့် နဆွရာများ၏ လမ်းစဉ်ကို လိုလားနှစ်ခြိုက်စွာ ကျင့်သုံးသောအားဖြင့် မုတ်ဆိတ်ရိတ်နေကြသည်မှာ အလွန်အံသြဖွယ်ကောင်းလှပေသည်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်အပါအ၀င် မွတ်စ်လင်မ်များအား အလ္လာဟ်နဲ့ အလ္လာဟ်ရစူလ် ကျေနပ်နှစ်သက်တဲ့ အတိုင်း ဘ၀ဇင်န်သကီကို ဖြတ်သန်းလျှောက်လှမ်းနိုင်တဲ့ သောင်ဖီးက် ပေးသနားတော်မူပါစေ (အာမီးန်)

အင်ရှာအလ္လာဟ် အပိုင်း (3) အားဆက်လက် တင်ပေးသွားမည်။

ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။