Saturday, June 22, 2013

အစ္စလာမ်သာသနာတော်မြတ်နှင့် ဆွောင်မ် ခေါ် ဥပုဒ်သီလဆောက်တည်ခြင်း (အပိုင်း - 1 -)




နိဒါန်း

မွတ်စလင်မ်သူတော်စဉ်အပေါင်းတို့ခင်ဗျား -
    များမကြာမီကာလတွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် “ရမ်ဿွာန်” လမြတ်နှင့် ကြုံကြိုက်ခွင့် ရရှိပါတော့မည်။ ဦးစွာ (ရမ်ဿွာန်ဆိုသည်မှာ အဘယ်နည်း ဆွောင်မ် (သို့) ဆွီယာမ် ဆိုသည်မှာ အဘယ်နည်း) သိရှိထားရန် မွတ်စလင်မ်များအတွက် လွန်စွာအရေးကြီးလှပေသည်။
အာရဗီ စာပေ၌ ဥပုဒ်ဆောင်တည်ခြင်းကို “ဆွောင်မ်” ဟူ၍လည်းကောင်း၊ “ဆွီယာမ်” ဟူ၍လည်းကောင်းခေါ်ဆို၏။ ထိုပုဒ်များ၏ မူရင်းအဓိပ္ပါယ်မှာ ဆိုင်းငံ့ခြင်း၊ တားဆီးခြင်းဟူ၍ဖြစ်သည်။ အစ္စလာမ့်တရားတော် ကျင့်စဉ်များတွင် ဥပုဒ်ဆောင်တည်ခြင်း၏ အနက်သဘောမှာ
 အောက်ပါအတိုင်းဖြစ်သည်။

     “ဆွောင်မ်” ဟူသည် စိတ်ပြဋ္ဌာန်းချက်ဖြင့် နေ့အချိန်၌ စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းများမှ ဆိုင်းငံ့ခြင်းကိုဆိုလိုပါသည်။                                                          ကြည့် (ဟိဒါယဟ်ကျမ်း)

     “ရမ်ဿွာန်” လမြတ်သည် အစ္စလာမ်သာသနာတော်၏ လများအနက် န၀မမြောက်လဖြစ်သည်။ “ရမ်ဿွာန်” ဟူသော ပုဒ်သည် လောင်ကျွမ်းခြင်း အနက်အဓိပ္ပါယ်ပေးသော  (ရမဿွ) ဟူသောစကားမှ ဆင်းသက်လာသည်။ “ရမ်ဿွာန်”ဟူ အမည်မှည့်ခေါ်ရခြင်းအကြောင်းမှာ ယင်းလတွင် ဥပုဒ်ဆောက်တည်ခြင်းသည်လည်းကောင်း၊ ဥပုဒ်ဆောက်တည်ခြင်းဖြင့် အပြစ်ဒုစရိုက်များ လောင်ကျွမ်းသွားသည်ကို အကြောင်းပြု၍သော်လည်းကောင်း “ရမ်ဿွာန်”ဟူ၍ အမည်နာမ မှည့်ခေါ်ခြင်း ဖြစ်တန်ရာ၏။                               ကြည့် (ဗယာနွလ် ကုရ်အာန်ကျမ်း)
   
    “ဆွီယာမ်” ဥပုဒ်ဆောက်တည်ခြင်းသည် အစ္စလာမ်သာသနာ၏ မဏ္ဍိုင်ကြီး (၅)ခုတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်က မိန့်မြွတ်ထားသည်မှာ -

အို . . . အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အလျင်ရှိခဲ့ကြကုန်သော သူတို့အပေါ်ဝယ် ဥပုဒ်သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူဘိသကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုဒ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုဒ်သီတင်းဆောက်တည်မှသာလျှင်)
အသင်တို့သည် (ပြစ်မှုဒုစရိုက်တို့မှ) ရှောင်ကြဉ်မှုရရှိပေအံ့။ (ကုရ်အာန်ကျမ်း)

“ဟဒီးစ်”     ဟဒီးစ်တော်တွင်လာရှိသည်မှာ -

    ဥပုဒ်ဆောက်တည်ခြင်းမှအပ လူသားတို့၏ အမလ်ကျင့်ဆောင်မှုများသည် ကျင့်ဆောင်သူတို့အဖို့သာဖြစ်သည်။ ဥပုဒ်ဆောက်တည်ခြင်းမှာမှုကား ငါအရှင်မြတ်နှင့်သာသက်ဆိုင်၏ ထိုဥပုဒ်ဆောက်တည်ခြင်း၏ အကျိုးစ၀ါးဗ်ကိုလည်း ငါအရှင်မြတ်ကိုယ်တော်တိုင် ချီးမြှင့်တော်မူအံ့။                                                              ကြည့် (မိရှ်ကားသ်ကျမ်း)

ဥပုဒ်သီတင်းဆောက်တည်ကြသူများသည် အထူးသဖြင့် မိမိတို့ နုတ်လျှာများကို မုသားပြောခြင်း၊ လိမ်လည်ခြင်း၊ ဂုန်းချော ဂုန်းတိုက်ခြင်းများမှ အထူးရှောင်ကြဉ်ရမည်။ ဟဒီးစ်တော်တွင်လာရှိသည်မှာ -
    အကြင်သူတစ်ဦးတစ်ယောက်သည် ဥပုဒ်ဆောက်တည်နေပါလျှက် မုသားပြောဆိုခြင်း၊ လိမ်လည်းခြင်းအမှုတို့ကိုပြုအံ့ ထိုသူ၏ အစားအသောက်ဖြတ်ထားခြင်း (ဥပုဒ်ဆောက်တည်ခြင်း)ကို အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မမူချေ။    ကြည့် (မိရှ်ကားသ်ကျမ်း)


အင်ရှာအလ္လာဟ် ဆက်လက်တင်ပြပါဦးမည်။
ဗန္ဒာဟ် စလာမသွလ္လာဟ် (မုဟမ္မဒီ)

အလ်မုဖီးဒ် (Al-mufeed)
ဆက်သွယ်ရန်
ဖုန်းထဲတွင် ထည့်သွင်းရန် Simple Islam.apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။