Friday, June 7, 2013

ကောင်းမြတ်သော စာရိတ္တ ရရေးအတွက် လိုအပ်ချက် (၂)


ဝိညာဉ်(စာရိတ္တ)၏ အင်္ဂါရပ်များ
ပြင်ပဆိုင်ရာ ရုပ်၌ ခန္ဓာကိုယ် အစိတ်အပိုင်းများရှိသကဲ့သို့ ၀ိညာဉ်(စာရိတ္တ) ကိုလည်း အလ္လာဟ်အရှင်မြတ်က အောက်ပါအတိုင်းအစိတ်အပိုင်းလေးခု ချီးမြှင့်တော်မူထား၏။
(၁) အသိပညာ၏ စွမ်းပကား
(၂) ဒေါသ၏ စွမ်းပကား
(၃) တဏှာရာဂ၏ စွမ်းပကား
(၄) မျှတခြင်း၏ စွမ်းပကား

ဖေါ်ပြပါ စွမ်းပကားလေးမျိုးတို့သည် နည်းလည်းမနည်း များလည်းမများဘဲ မျှတစွာဖြင့် အနေတော် ဖြစ်နေပါက ယင်းသို့မျှတသည့် စွမ်းပကားပိုင်ရှင်အား ကောင်းမြတ်သော စာရိတ္တရှင်ဟု ခေါ်ဆိုအသိမှတ်ပြုနိုင်၏။ ဤသို့မဟုတ်ဘဲ များပြားသည့် စွမ်းပကားကများပြီး နည်းပါးသည့် စွမ်းပကားက နည်းပါးသည် ဆိုပါက ယင်းသို့သော စာရိတ္တရှင်အား ကောင်းမြတ်သော စာရိတ္တရှင်ဟု ခေါ်ဆိုမှတ်တမ်းတင်နိုင်မည်မဟုတ်ပေ။

အလ္လာဟ်အရှင်မြတ်က ချီးမြှင့်တော်မူသော စွမ်းပကားများသည် လိုအပ်သည့်အတိုင်းအတာထက် နည်းလည်းမနည်း၊ များလည်းမများရန် အထူးလိုအပ်ပေသည်။ လိုအပ်သည်ထက် လျော့နည်းနေလျှင်၊
သို့မဟုတ်လိုအပ်သည်ထက်များပြားနေလျှင်၊ ယင်းသို့သော စွမ်းပကားရှင်အား စာရိတ္တမွန်မြတ်သူဟု မခေါ်နိုင်ပေ။ခန္ဓာ ကိုယ်အစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခု ပြေပြစ်မှသာလျှင် ချောမောလှပသူဟုခေါ်နိုင်ပေသည်။ အကယ်၍ ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု မပြေပြစ်ဘဲရှိနေပါက  ချောမောလှပသူဟူ၍ ခေါ်နိုင်မည်မဟုတ်ပေ။ ထိုနည်းအတိုင်းပင် ဒေါသစွမ်းပကားရှိအပ်သည်ထက် နည်းနေပြီး တဏှာရာဂ စွမ်းပကားသည် လိုအပ်သည်ထက် များနေလျှင် ယင်းသို့သော စွမ်းပကားရှင်အား စာရိတ္တကောင်းမြတ်သူဟူ၍ မခေါ်နိုင်ပေ။

ကောင်းမြတ်သောစွမ်းပကားဟူသည်
ကောင်းမြတ်၍ မျှတသော ပညာစွမ်းပကား ဟူသည်မှာ အောက်ပါအရည်အချင်းများရှိနေခြင်းကို ခေါ်၏။
(၁) စကားအရာတွင် အမှန်နှင့်အမှားကို ခွဲခြားသိနိုင်ခြင်း၊
(၂) ယုံကြည်ချက်ပိုင်းဆိုင်ရာတွင် အမှန်နှင့်အမှားကို ခွဲခြားနိုင်ခြင်း၊
(၃) ကျင့်စဉ်ပိုင်းဆိုင်ရာတွင် အကောင်းနှင့်အဆိုးကို ခွဲခြားသိနိုင်ခြင်း။
ဖော်ပြပါ အရည်အချင်းများကို ဟစ်က်မသ် အသိပညာ ကြွယ်ဝခြင်းဟုခေါ်၏။ ဤအရည်အချင်းများကို အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်တွင် အောက်ပါအတိုင်းဖွင့်ဆိုထားတော်မူ၏။
"အကြင်သူသည် ဟစ်က်မသ် ဥာဏ်အမြော်ကို ရရှိထားပါက ၄င်းသည် ကောင်းခြင်းအဖြာဖြာကို ရရှိထားခြင်းဖြစ်၏။"

စင်စစ် အသိညာကြွယ်ဝခြင်းသည် ဗရ်ကသ် ကောင်းချီး မင်္ဂလာ အဖြာဖြာတို့၏ အရင်းအမြစ်ဖြစ်၏။
ကောင်းမြတ်သောစွမ်းပကားနှင့် တဏှာရာဂစွမ်းပကား
ကောင်းမြတ်၍ မျှတသော ဒေါသစွမ်းပကားနှင့် တဏှာရာဂ စွမ်းပကားဟူသည်မှာ အောက်ပါအရည်အချင်းများဖြင့် ပြည့်စုံခြင်းကိုခေါ်၏။
(၁) ယင်းစွမ်းပကား နှစ်ရပ်လုံးသည် အသိဥာဏ်ပညာနှင့် ရှရီအသ် တရားတော်နှင့် ကိုက်ညီစွာရှိခြင်း၊
(၂) ယင်းစွမ်းပကားနှစ်ရပ်လုံးကို လေ့ကျင့်သင်ကြားပေးထားသည့် သားလိုက်ခွေးတစ်ကောင်ကဲ့သို့ ထိန်းချုပ်ထားနိုင်ခြင်း၊ ရှရီအသ် တရားတော်နှင့်ကိုက်ညီသောနေရာမျိုးတွင် ယင်းတို့ကို အသုံးချနိုင်ပြီး၊ ရှရီအသ် တရားတော်နှင့်ဆန့်ကျင်သောနေရာမျိုးတွင် ထိန်းချုပ်ထားနိုင်ခြင်း။

မျှတခြင်းစွမ်းပကား
မျှတခြင်းစွမ်းပကားသည် အသိဥာဏ်၏ ရှေ့ပြေးဖြစ်သည့် အားလျော်စွာ ဒေါသစွမ်းပကား၊ တဏှာရာဂ စွမ်းပကားတို့ကို အသိဥာဏ်၏ အမိန့်စေခိုင်းချက်အတိုင်း ထိန်းချုပ်ထားလေ့ရှိ၏။ ဒေါသစွမ်းပကားနှင့် တဏှာရာဂ စွမ်းပကားတို့ကလည်း မျှတခြင်း စွမ်းပကားကို အကြောင်းပြု၍ စေခိုင်းချက်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။

ဖော်ပြပါစွမ်းပကားများသည် အပိုအလိုမရှိ စွမ်းဆောင်ကြပြီး စိတ်ချယုံကြည်ရသည့်အခြေအနေသို့ ရောက်ရှိသည့်အခါ ကောင်းမြတ်သောစွမ်းပကားများဖြစ်သည့်အတွက် ယင်းသို့ကောင်းမြတ်သည့် စွမ်းပကားရှင်လူသားကို ကောင်းမြတ်သောစာရိတ္တရှင် ဟူ၍ခေါ်နိုင်၏။
မျှတသောဒေါသစွမ်းပကားနှင့် ယင်း၏ရလဒ်
အလ္လာဟ်အရှင်မြတ်သည် မျှတသော ဒေါသစွမ်းပကားကို နှစ်သက်မြတ်နိုးတော် မူပြီး၊ ယင်းသို့မျှတသည့် ဒေါသစွမ်းပကားကို သူရသတ္တိနှင့် ပြည့်စုံခြင်းဟုခေါ်၏။

မျှတသော ဒေါသစွမ်းပကား(သူရသတ္တိ)ကြောင့်-
(၁) နူးညံ့သိမ်မွေ့ခြင်း၊
 (၂) သနားတတ်ခြင်း၊
 (၃) သတ္တိရှိခြင်း၊
 (၄)ဥာဏ်ပညာထက်မြတ်ခြင်း၊
 (၅) သည်းခံခြင်းတရားထားရှိခြင်း၊
 (၆) စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်ခြင်း၊
 (၇) ဒေါသကို တိန်းချုပ်နိုင်ခြင်း၊
 (၈) အမြော်အမြင်ကြီးခြင်း။ ဟူသည့် ရလဒ်ကောင်းများရရှိနိုင်သည်။
လိုအပ်သည်ထက်ပိုသော ဒေါသနှင့် ယင်း၏ရလဒ်
ဒေါသစွမ်းပကားသည် လိုအပ်သည့် အတိုင်းအတာထက် ပိုပါက ယင်းသို့ပိုသည့်ဒေါသကို မိုက်မဲခြင်း၊ အရှက်အကြာက်ကင်းမဲ့ခြင်းဟုခေါ်၏။ ဤသို့သောဒေါသကို အလ္လာဟ် အရှင်မြတ်နှစ်သက်တော်မမူပေ။

လိုအပ်သည်ထက်ပိုသော ဒေါသကြောင့်-
(၁) အမြော်အမြင်ကင်းမဲ့ခြင်း၊
(၂) ကြွားဝါစိတ်များဖြစ်ပေါ်ခြင်း၊
(၃) ဒေါသူပုန်ထခြင်း၊
(၄) မိမိကိုယ်မိမိ အထင်ကြီးခြင်း (စိတ်ကြီးဝင်ခြင်း)
(၅) မာန်မာန ထောင်လွှားခြင်း ဟူသည့်ရလဒ်ဆိုးများပေါ်ပေါက် နိုင်သည်။
လိုအပ်သည့်အတိုင်းအတာမျှ ဒေါသမရှိခြင်းနှင့် ယင်း၏ရလဒ်
လိုအပ်သည့် အတိုင်းအတာမျှ ဒေါသမရှိကလည်း မကောင်းပေ။ ယင်းသို့သောအခြေအနေကို သတ္တိမရှိခြင်းဟုခေါ်၏။ ယင်းအခြေအနေကိုလည်း အလ္လာဟ်အရှင်မြတ်နှစ်သက်တော်မမူပေ။

လိုအပ်သည့်အတိုင်းအတာမျှ ဒေါသမရှိခြင်းကြောင့်-
(၁) ကြောက်ရွံ့စိတ် ရှိခြင်း၊
(၂) အောက်တန်းကျခြင်း၊
(၃) မခံချင်စိတ်ပျောက်ဆုံးခြင်း၊
(၄) စိတ်ယုတ်မာခြင်း စသည့် မကောင်းသော ရလဒ်များဖြစ်ပေါ်တတ်၏။
တဏှာရာဂ စွမ်းပကားကို မျှတစွာသုံးခြင်းနှင့် ယင်း၏ရလဒ်
တဏှာရာဂ စွမ်းပကားကို မျှတစွာ အသုံးပြုခြင်းကို မကောင်းမှု ပြစ်မှုဒုစရိုက် ရှောင်ကြဉ်ခြင်းဟု ခေါ်၏။ ဒုစရိုက် လုပ်ငန်းများမှ ရှောင်ကြဉ်ခြင်းကို အလ္လာဟ် အရှင်မြတ်ကနှစ်သက်တော်မူ၏။

ရာဂစွမ်းပကားကို တရားမျှတစွာအသုံးပြုခြင်းကြောင့်-
(၁) ရက်ရောခြင်း၊
(၂) အရှက်တရားရှိခြင်း၊
(၃) သည်းခံခြင်းတရားရှိခြင်း၊
(၄) ရောင့်ရဲတင်းတိမ်ခြင်း၊
(၅) အပြစ်ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်း၊
(၆) လောဘစိတ်ပပျောက်ခြင်း၊
(၇) သူတပါးအားကူညီတတ်ခြင်း ဟူသည့် ရလဒ်ကောင်းများဖြစ်ပေါ်နိုင်သည်။

တဏှာရာဂကို မမျှမတသုံးစွဲခြင်းနှင့် ယင်း၏ရလဒ်
တဏှာရာဂ စွမ်းပကားကို မမျှမတ အသုံးပြုခြင်းကြောင့်-
(၁) လောဘကြီးခြင်း၊
(၂) သူတပါးအကြိုက် လိုက်ပြောခြင်း၊
(၃) သူဌေးသူကြွယ်များ ရှေ့တွင် အောက်တန်းကျခြင်း၊
(၄) သူဆင်းရဲများအားသေးသိမ်သည့် အကြည့်ဖြင့်ကြည့်ခြင်း၊
(၅) အရှက်တရားကင်းမဲ့ခြင်း၊
(၆) ဖြုန်းတီးခြင်း၊
(၇) ပြစားခြင်း၊
(၈) သဘောထားသေးခြင်း၊
(၉) ယောင်္ကျားမပီသခြင်း၊
(၁၀) မနာလိုဝန်တိုခြင်း ဟူသည့် ရလဒ်ဆိုးများ ဖြစ်ပေါ်တတ်၏။

မျှတသောဥာဏ်ပညာ စွမ်းပကားနှင့်ယင်း၏ရလဒ်
ဥာဏ်ပညာစွမ်းပကားသည် မျှတစွာရှိနေခြင်းဖြင့်-
(၁) တွေးတောကြံဆတတ်ခြင်း၊
(၂) စီမံခန့်ခွဲတတ်ခြင်း၊
(၃) ဥာဏ်ပညာ ထက်မြက်ခြင်း၊
(၄) အကြံကောင်းပေးတတ်ခြင်း၊
(၅)ကိစ္စရပ်တိုင်း၌ စိတ်ပါဝင်စားခြင်း၊ ထက်မြက်ခြင်းဟူသည့် ရလဒ်ကောင်းများဖြစ်ပေါ်တတ်၏။

တရားမမျှတသော ဥာဏ်ပညာစွမ်းပကားနှင့် ယင်း၏ရလဒ်
ဥာဏ်ပညာစွမ်းပကားသည် တရားမျှတစွာ ရှိမနေဘဲ လိုအပ်သည့် အတိုင်းအတာထက် ပိုခြင်းဖြင့်-
(၁) လှည့်ဖြားခြင်း၊
(၂) ကောက်ကျစ်စဉ်းလဲခြင်း၊
(၃) ဖြားယောင်းသွေးဆောင်ခြင်းဟူသည့် ရလဒ်ဆိုးများ ပေါ်ပေါက်နိုင်၏။
အသိပညာစွမ်းပကားသည် လိုအပ်သည့်အတိုင်းအတာထက် နည်းပါးခြင်းဖြင့်-
(၁) ဥာဏ်ထိုင်းခြင်း၊
(၂) အသိဥာဏ်မဲ့ခြင်း၊
(၃) သူတပါး၏ လှည့်စားခံရခြင်း ဟူသည့် ရလဒ်ဆိုးများဖြစ်ပေါ်နိုင်၏။

အလယ်အလတ်ကျင့်ထုံး အကောင်းဆုံး
အချုပ်ဆိုရသော် အထက်ပါစွမ်းပကားတို့သည် တရားမျှတသည့် အတိုင်းအတာတွင်း၌ ရှိခဲ့သော် အဆိုပါစွမ်းပကားရှင်အား ကောင်းမြတ်သော စာရိတ္တရှင် ဟုခေါ်နိုင်သည်။ အဆိုပါစွမ်းပကားသည် လိုနေလျှင်သောလည်းကောင်း၊ ပိုနေလျှင်သော်လည်းကောင်း စာရိတ္တ ကောင်းခြင်းမဖြစ်နိုင်တော့ချေ။
"ခိုင်းရွလ် အုမူးရိ အောင်စသွုဟာ" ကျင့်စဉ်များအနက် အကောင်းဆုံးသည် အလယ်အလတ် ကျင့်စဉ်ဖြစ်၏။

အလ္လာဟ်အရှင်မြတ်က" နှမြောတွန့်တိုခြင်း ဖြစ်လောက်အောင်လည်း လက်ကို လည်ကုပ်နှင့် ချည်နှောင်မထားလေနှင့်၊ ဖြုန်းတီးခြင်းဖြစ်လောက်အောင်လည်း လက်မဖွာနှင့် "ဟုမိန့်တော်မူထား၏။
တစ်ဖန်အလ္လာဟ်အရှင်မြတ်က" ငါအရှင်မြတ်၏ ဗန်ဒဟ်ကျေးကျွန်များသည် ဖြုန်းတီးခြင်းကိုလည်း မပြု၊ နှမြောတွန့်တိုခြင်းကိုလည်းမပြုဘဲ အလယ်အလတ်တန်း အခြေအနေကိုသာ လက်ကိုင်ပြု၏" ဟု မိန့်တော်မူထား၏။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အထက်ပါဝိညာဉ်၏ စွမ်းပကားများကို မျှတစွာအသုံးပြုနိုင်သည့် သောက်ဖီးက် ပေးသနားတော်မူပါစေ။ အာမီးန်။
အစ္စလာမ်နှင့်သူတော်ကောင်းကျင့်စဉ် မှ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြသည်။

အလ်မုဖီးဒ် (Al-Mufeed)
google တွင်ရှာရန် အလ်မုဖီးဒ် ဟုရိုက်၍ရှာပါ။
Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com

နေ့စဉ် အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းတွင် ဖတ်ရှုလိုပါက Simple Islam apk ဖိုင်ကို Install 
လုပ်ထားပါ။