Tuesday, June 4, 2013

မိန်းကလေးများ ကိုယ်မသန့်သည့်အချိန် ဇိကိရ် ပြုခွင့်ရှိသလား


မိန်းကလေးများ ကိုယ်မသန့်သည့်အချိန် ဇိကိရ် ပြုခွင့်ရှိသလား
မိန်းကလေးများအနေဖြင့် တစ်လတွင် အနည်းဆုံး ၃ ရက်မှအများဆုံး ၁၀ ရက်အထိ လစဉ် သွေးဆင်းသည့်အခါ ရှရီအသ်၏ အမိန့် များအနက်မှ အချို့အမိန့် များသည် လုပ်ဆောင်ခွင့်မရှိတော့ပေ။
သို့သော် လုပ်ဆောင်ခွင့် မရှိသော (ရှောင်ရန်) အမိန့်များမှာ အနည်းငယ်သာဖြစ်ပြီး လုပ်ဆောင်သင့်သည့် (ဆောင်ရန်) အချက်များမှာ များစွာရှိပေသည်။
မိန်းကလေးများအနေဖြင့် ရှောင်ရန် အချက်များကိုမူ အလေးထား လုပ်ဆောင်ကြသော်လည်း  ဆောင်ရန် ကိစ္စများကိုပါ ရောပြီး ရှောင်နေကြသဖြင့် အသိပေးတင်ပြလိုက်ရပါသည်။
မိန်းကလေးများအနေဖြင့် မသန့်သော အခြေအနေသို့ ရောက်ရှိပါက မိမိကိုယ်ကို ပိုပြီး ဂရုတစိုက် နေထိုင်ရပေမည်။ သာသနာ့ အမိန့်များမှ အနည်းငယ် ခွင့်လွှတ်ပေးခြင်းကို အကြောင်းခံပြီး ကျန်ရှိသော အမိန့်များနှင့် အမလ်များကို လက်မလွှတ်ရပေ။ ရှရီအသ်၏ အမိန့်အချို့ မိမိနှင့်ဝေးကွာသွားခြင်းကို အစ္စလာမ် သာသနာနှင့် အမိန့်များအားလုံး မိမိအပေါ်တွင် တာဝန်မရှိတော့ဟု မမှတ်ယူရပေ။ မသန့်သော အခြေအနေတွင်ပြုလုပ်သော ဂိုနာသည်လည်း ဂိုနာသာဖြစ်ပြီး ကုသိုလ်ဖြစ်မလာပါ။

ကိုယ်မသန့်သော ကာလတွင် လုပ်ဆောင်ခွင့်မရှိသည့်အချက်များ
၁။ နမာဇ်ဖတ်ခွင့်မရှိပေ။ (သန့်ရှင်းသွားသည့်အခါ ကဇွာပြန်ဖြည့်ရန်တာဝန်မရှိ။ ဖရပ်ဇ် နမာဇ်ဖတ်နေရင်း သွေးဆင်းလာပါက ထိုဖရပ်ဇ်နမာဇ်ကို ပြန်ဖြည့်ရန် မလိုအပ်ပေ။ သို့သော် စွန္နသ် (သို့မဟုတ်) နဖိလ်နမာဇ် အတွင်းသွေးဆင်းခဲ့ပါမူ ထိုစွန္နသ် နဖိလ်ကို ကဇွာပြန်ဖြည့်ရန် ၀ါဂျိဗ်ဖြစ်သည်။)
၂။ ရိုဇာ စောင့်ခွင့်မရှိပေ။ သန့်ရှင်းသွားသောအခါ ကဇွာပြန်ဖြည့်ရမည်။ ဖရပ်ဇ် နဖိလ် ၀ါဂျိဗ် အားလုံးပြန်ဖြည့်ရမည်။
၃။ ဇနီးမောင်နှံ ပေါင်းသင်း ဆက်ဆံခွင့်မရှိပေ။ ဟရာမ်ဖြစ်၏။ (ကျန်သည့်ကိစ္စများ အားလုံးပြုပိုင်ပြီး ဟလာလ်  ဖြစ်၏)
၎။ ကုရ်အာန်ကျမ်းမြတ် ဖတ်ခွင့်မရှိ။ သို့သော် ကုရ်အာန်တွင် ပါဝင်သော ဒိုအာများ ကို ဒိုအာ၏ နိယသ်ဖြင့် ဖတ်ရွတ်ခွင့် ရှိသည်။ စူရာဖာသိဟာ မိုအောဝ်၀ိဇသိုင်းန် အာယသွလ်ကုရ်စီ တို့ကို ဒိုအာ၏ နိယသ်ဖြင့်ဖတ်ခွင့်ရှိသည်။ သိလာဝသ်၏ နိယသ်ဖြင့် ဖတ်ခွင့်မရှိပေ။
၅။ ကုရ်အာန်ကျမ်းမြတ်ကို လက်ချည်း သက်သက်ဖြင့် ထိတွေ့ကိုင်တွယ်ခွင့်မရှိပါ။ ပုဝါ (သို့မဟုတ်) အ၀တ် တစ်ခုခုဖြင့် ကိုင်တွယ်နိုင်ပေသည်။  အ၀တ် ဟုဆိုရာတွင် မိမိကိုယ်နှင့် ထိကပ်နေသော အ၀တ်မဖြစ်ရပေ။ (ပမာအားဖြင့် ၀တ်ထားသော အင်္ကျီ၏ လက်အနားစ။ ဦးခေါင်း၌ ဆောင်းထားသည့် ပုဝါအနားစ စသည်တို့ဖြင့် ကိုင်တွယ်ခွင့်မရှိပေ။)
၆။ ကအ်ဗာဟ် ကျောင်းတော်အား သွဝါးဖ်ပြုခွင့်မရှိပေ။

ကိုယ်မသန့်သော ကာလတွင် လုပ်ဆောင် ကျင့်သုံးရမည့်အချက်များ
- မိန်းကလေးများ အနေဖြင့် ကိုယ်မသန့်သည့် အချိန်တွင် အတတ်နိုင်ဆုံး ၀ူဇူဖြင့်နေသင့်ပေသည်။
- နမာဇ်အချိန် ကျရောက်တိုင်း ၀ူဇူပြုလုပ်၍ သန့်ရှင်းသည့် နေရာ (ဥပမာ ဂျာအေ နမာဇ်ပေါ်) တွင်ထိုင်ကာ ဇိကိရ်၊ အိစ်သိဂ်ဖာရ် ဒရူးဒ်များ ဖတ်သင့်သည်။ ကိုယ်မသန့်ချိန်တွင် ဇိကိရ်ပြုခြင်းသည် ဟရာမ်မဟုတ်ပါ။ ပြုပိုင်သည်သာမက ပြုသင့်သော ကိစ္စလည်းဖြစ်သည်။
- မိမိ အမြဲဖတ်ရွတ်နေကျ ၀ဇီဖဟ်များ ရှိပါကလည်း ဖတ်ရွတ်ခွင့်ရှိပေသည်။ (၀ဇီဖဟ်သည် အလ္လာဟ် ဂုဏ်တော်များ၊ ဇိကိရ်၏စာလုံးများသာ ဖြစ်ရပေမည်။ ကုရ်အာန်၏အာယသ်ဖြစ်ပါက ဖတ်ခွင့်မရှိပေ။)
- သအ်လီးမ်စာအုပ်များ ကိုလည်း ဖတ်ရွတ်ခွင့်ရှိပေသည်။ (ထိုအထဲတွင် ကုရ်အာန် အာယသ်ပါလာပါက မရွတ်ဖတ်ပဲ အဓိပ္ပာယ်ကိုသာ ဖတ်သွားရမည်။)
- ကိုယ်မသန့်သည့် အမျိုးသမီးက ဇဗာဟ်ပြုလုပ်ထားသော အသားသည်လည်း ဟလာလ်ပင်ဖြစ်သည်။ ၎င်းချက်ပြုတ်ထားသော ထမင်းဟင်း စားသောက်ဖွယ်ရာ အားလုံး တို့သည်လည်း ဟလာလ်ပင် ဖြစ်ပေသည်။ သာမာန် အမျိုးသမီး ချက်ပြုတ်ထားသည်ကို စားခြင်းနှင့် မည်သို့မျှကွာခြားမှုမရှိပေ။
- ဇနီးမောင်နှံများအတွက် ထိုကဲ့သို့သော အခြေအနေတွင် ဇနီးက ထမင်းခွန့်ကျွေးခဲ့ပါက ၎င်းထမင်းလုတ်ကို စားသုံးခွင့်ရှိပြီး ခေါင်းဖီးပေးခြင်း စသည့်ကိစ္စရပ်များ အားလုံးပြုပိုင်ပေသည်။
- ကိုယ်မသန့်ဖြစ်နေသော မိန်းကလေးအား သာမာန် မိန်းကလေး တစ်ဦးကဲ့သို့ပင် ဆက်ဆံရမည်။ ၎င်း၏ လုပ်ရပ်များကို ရွံရှာသည့် အကြည့်ဖြင့် ကြည့်ခွင့်မရှိပေ။ အစ္စလာမ်သည် ထိုသို့သောလုပ်ရပ်ကို တားမြစ်ထားသည်။
- ဟဂ်ျပြုလုပ်ရာတွင် သွဝါးဖ် ပြုလုပ်ခြင်းမှအပ ကျန်ကိစ္စရပ်များအားလုံး ပြုပိုင်သည်။ စအီ၊ ၀ုကုဖေ အရဖားသ်၊ ရမီ စသည်များ၊ အဲ့ဟ်ရာမ်ဝတ်ခြင်း နှင့် ဟဂ်ျ၏အရေးကြီးသည့် လုပ်ဆောင်ချက်အားလုံးကို သာမာန်ဟာဂျီ တစ်ဦး ကဲ့သို့ပင် ပြုလုပ်ရမည်။ မွန်မြတ်သော နေရာများတွင် ဒိုအာတောင်းခံခြင်း၊ သလ်ဗီယာ ဖတ်ရွတ်ခြင်း များကိုပြုရပေမည်။
- သောကြာည ရှဗေဗရာသ့် အီးဒ် ကဒရ် အစရှိသည့် မွန်မြတ်သည့် ညများကို မသန့်သည့်အခြေအနေနှင့် ကြုံတွေ့ ခဲ့ပါကလည်း မည်သို့မျှ ဆုံးရှုံးမှု မရှိပေ။ ၀မ်းနည်းရန်လည်း မလိုအပ်ပေ။ အချို့မိန်းကလေးများသည် ထိုညများ မရောက်ခင် ကြိုတင်၍ မတည့်သည့် အစာများ စားသုံးပြီး သွေးဆင်းနေခြင်းကို ရပ်တန့်သွားစေရန် ကြိုးပမ်းလေ့ရှိကြသည်။ ဤသို့ပြုလုပ်ခြင်းမှာ စ၀ါးဗ်မရသည့်အပြင် ဂိုနာဟ်ဖြစ်စေသည့်လုပ်ရပ်ပင်ဖြစ်သည်။ အစ္စလာမ်သည် လွယ်ကူမှုများ ချီးမြှင့်ထားသော သာသနာဖြစ်သည်။ ထိုကြောင့် ယင်းကဲ့သို့ ကြုံတွေ့ ခဲ့ရပါကလည်း နမာဇ် ကုရ်အာန် ဖတ်ခြင်းမှအပ ကျန်အမလ် အားလုံးကို ပြုလုပ်ရပေမည်။ ဇိကိရ် ဒရူးဒ် အိစ်သိဂ်ဖာရ်များနှင့် ဒိုအာတောင်းခံခြင်းတို့ကို ပြုလုပ်နေရပေမည်။ အထူးသဖြင့် ထိုညများသည် ဒိုအာကဗူလ်ဖြစ်သော ညများဖြစ်၍ ဒိုအာတောင်းခံခြင်းကို အထူးသဖြင့်ပြုလုပ်ရပေမည်။
- ဤအမိန့်တို့သည် ဟိုင်းဇ်(ရာသီသွေး) နှင့် နိဖားဆ်(မီးတွင်းသွေး) ဆင်းသူများအတွက်ဖြစ်သည်။
- အိစ်သိဟာဇွာ(ရောဂါသွေး) ဆင်းနေသူများအတွက် သာမာန်ကိုယ်သန့်သော အမျိုးသမီးနှင့် အမိန့် အတူတူပင် ဖြစ်သည်။ နမာဇ် ရိုဇာ ကုရ်အာန်သိလာဝသ် ဇနီးမောင်နှံနေထိုင်ခြင်း သွဝါးဖ် စသည့်အမိန့်များ အားလုံးသည် ရောဂါသွေး ဆင်းနေသူပေါ် ၌လည်း တာဝန်ရှိပေသည်။
(ကိုးကားသောကျမ်းများ - ကုဒူရီ၊ ဗဟစ်ရှ်တီဇေ၀ရ်)
အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လိုက်နာကျင့်သုံးနိုင်စွမ်း ပေးသနားတော်မူပါစေ။ အာမီးန်။

အလ်မုဖီးဒ် (almufeed) (အကျိုးရှိမည့်ဗဟုသုတများ)
Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com
မိမိဖုန်းထဲတွင် နေ့စဉ် သအ်လီမ်များကို ဖတ်ရှုလေ့လာလိုပါက Simple Islam apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။