Sunday, May 26, 2013

မြန်မာစကားပြောသူ အားလုံးအား သောင်ဝ်ဟီးဒ်ဘက်သို့ ဖိတ်ခေါ်ပါသည်

မြန်မာစကားပြောသူ မြန်မာနိုင်ငံသား အားလုံးအား သောင်ဝ်ဟီးဒ်ဘက်သို့ ဖိတ်ခေါ်ပါသည်
လေးစားအပ်ပါသော မြန်မာစကားပြောသူ ချစ်မိတ်ဆွေခင်ဗျား

သင့်ကို သောင်ဝ်ဟီးဒ်အကြောင်းပြောကြား၍ သောင်ဝ်ဟီးဒ်ဘက်သို့ဖိတ်ခေါ်ပါသည်။

သောင်ဝ်ဟီးဒ်ဆိုသည်မှာ အသင်နှင့် ကျွန်ုပ်အပါအ၀င် သင့်မိဘနှစ်ပါး၊ ကျွန်ုပ်၏မိဘနှစ်ပါး ၊ သူတို့၏ ဘိုးဘေးများ ၊ သင်နှင့် ကျွန်ုပ်နေထိုင်ရာ မြေကြီး၊ မော့ကြည့်ရာကောင်းကင်၊ အလင်းရောင်ပေးသောနေမင်း၊ အေးမြသောလမင်း၊ သုံးစွဲရာရေ၊ ရှူရှိုက်ရာလေ၊ စားသုံးရာသီးနှံ၊ သတ္တ၀ါအလုံးစုံ နှင့် သက်ရှိသက်မဲ့၊ ဒြပ်ရှိဒြပ်မဲ့၊ မြင်နိုင်သမျှအရာအားလုံး၊ မမြင်နိုင်သမျှအရာအားလုံး၊ ဖော်ထုတ်ပြီးသော နိယာမများ၊ မဖော်ထုတ်ရသေးသော နိယာမများ၊ သင် - ကျွန်ုပ် ခန္ဓာကိုယ်ထဲရှိဝိညာဉ်၊ သေခြင်း - ရှင်ခြင်း၊ စိတ် - စေတသိက်နှင့် နိဗ္ဗာန် - ငရဲ၊ ကောင်းကျိုး - ဆိုးကျိုးကို ပိုင်စိုးတော်မူသော၊ နိုင်နင်းတော်မူသော၊ ပြုလုပ်စီရင်တော်မူသော အရှင်သည်တစ်ဆူတည်းတည်ရှိတော်မူကြောင်း နှုတ်လျှာမှဝန်ခံ၊ ဦးဏှောက်မှ လက်ခံ၊ နှလုံးသားကယုံကြည်ခြင်းကို သောင်ဝ်ဟီးဒ်ဟုခေါ်ပေသည်။
ထိုအရှင်၏ နာမတော်မှာ အလ္လာဟ် ဟူ၍ဖြစ်သည်။ ထိုအရှင်သည်သာလျှင် ခ၀ပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသည်။ ကုသိုလ်ကောင်းမှု၏ အကျိုးကျေးဇူးကိုလည်းကောင်း၊ မကောင်းမှုအကုသိုလ်၏ ဆိုးကျိုးကိုလည်းကောင်း ထိုအလ္လာဟ်အရှင်မြတ်က ပင်လျှင် ပေးနိုင်တော်မူသည်။

ထိုအရှင်သည် မိမိကို ယုံကြည်သူများကိုရော မယုံကြည်သူများကိုပါ မဟာကရုဏာတော်ဖြင့် ဆက်ဆံတော်မူသည်။ ထိုအရှင်သည် တစ်ဆူတည်းဖြစ်တော်မူ၏၊ ထိုအရှင်သည် လိုလားတောင့်တခြင်း ကင်းရှင်းတော်မူသော အရှင်ဖြစ်တော်မူ၏။ မည်သူ့ကိုမှ မွေးဖွားတော်မူခဲ့သည်မဟုတ်ပေ၊ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပေ၊ ထိုမှတပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြား ခ၀ပ်ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင်မရှိ။ ထိုအရှင်သည် တစ်ဆူတည်းဖြစ်တော်မူ၏။ တုဖက်နှိုင်းပြိုင်နိုင်သူဟူ၍မရှိ။ ဂုဏ်ပြုထောမနာဟူသမျှသည် ထိုအရှင်မြတ်အဖို့ဖြစ်၏။ သေခြင်းတရား၊ ရှင်ခြင်းတရားသည် ထို အလ္လာဟ်အရှင့် လက်ဝယ်ရှိ၏။ ကောင်းမှုကောင်းရာအဖြာဖြာသည် ထိုအလ္လာဟ်အရှင့်လက်ဝယ်ရှိ၏။ မည်သည့် ၀တ္ထုပစ္စည်းတစ်စုံတစ်ရာမှ ထိုအရှင်နှင့်တူသည်ဟူ၍မရှိ။ အားလုံးထက် သီးခြား ထူးသန့်တော်မူ၏။ မည်သည့်အရာမှ ထိုအရှင်၏ အသိဥာဏ်တော်မှ လွတ်ကင်းသည်ဟူ၍မရှိ။ အရာရာတိုင်းကို အကြွင်းမဲ့ မြင်တော်မူ၏။ ကြားတော်မူ၏။ စကြ၀ဠာအနန္တကို control လုပ် ထိန်းသိမ်းထားတော်မူ၏။ ထိုအရှင်မြတ်သည် လူတို့အား ဝေဖန်ပိုင်းခြားစိတ်ဖြာနိုင်သည့် အသိတရား နှင့် စီရင်ဆုံးဖြတ်နိုင်သည့် စွမ်းအား (အခွင့်အာဏာ) ကိုပေးသနားတော်မူခဲ့၏။ လူသားတို့သည် ထိုအသိတရားနှင့် အခွင့်အာဏာကို အသုံးပြု၍ ကောင်းမှုနှင့် မကောင်းမှုတို့ကို မိမိတို့ဆန္ဒအလျောက် မိမိတို့သဘောဖြင့် လွတ်လပ်စွာ ပြုမူကြကုန်၏။ သို့ရာတွင် လူတို့တွင် မည်သည့်အမှုကိစ္စကိုမျှ ပြုလုပ်ဖန်ဆင်းနိုင်စွမ်းမရှိချေ။ အလ္လာဟ်က အင်အားပေးတော်မူမှသာ ပြုလုပ်နိုင်ကြပေသည်။
ကောင်းမှုများကို အလ္လာဟ်အရှင်မြတ်က နှစ်သက်တော်မူ၍ မကောင်းမှုများကို နှစ်သက်တော်မမူချေ။ မကောင်းသောအရာကို စီရင်ဖန်ဆင်းရာ၌ နက်နဲလှသော ဟစ်က်မသ်ခေါ် အထူးအမြော်အမြင်ရှိပေသည်။ (လူတို့အသိဥာဏ်ဖြင့်မမှီချေ)။ ထိုအရှင်မြတ်က လူတို့တရားရစေရန် (ဖန်ဆင်းရှင်ကိုသိစေရန်) အလို့ငှာ လူသားထဲမှ အချို့လူသားများကို တမန်တော်အဖြစ် ဂုဏ်ထူးပေးအပ်၍ အလ္လာဟ်အရှင်မြတ်နှင့် လူသား - ဆက်သွယ်ပေးခဲ့သည်။ တစ်နည်းအားဖြင့် သောင်ဝ်ဟီးဒ်၏ဖိတ်ခေါ်သံ လူသားတို့ထံပို့ခဲ့သည်။ ထိုတမန်တော်များအနက် အချို့တမန်တော်များအပေါ်သို့ ကောင်းကင်ကျ ကျမ်းများ ပေးအပ်ခဲ့သည်။ ထိုကျမ်းများအနက် ကုရ်အာန်ကျမ်းသည် မူရင်းအတိုင်း တစ်လုံးတစ်ပါဒမှ မပြောင်းလဲဘဲ ယနေ့အထိ၊ နောင်ကမ္ဘာတည်သရွေ့ ဆက်လက် မှန်ကန်စွာရှိနေဦးမည့်ကျမ်း ဖြစ်သည်။ ယနေ့ခေတ်တွင် သောင်ဝ်ဟီးဒ် လက်ခံသူများကို မွတ်စလင်မ်ဟု ခေါ်ပြီး ထိုမုစ်လင်မ်များအားလုံးသည် ကုရ်အာန်ကျမ်းလာ ပညတ်တော်များကို လိုက်နာကျင့်သုံးရန်တာဝန်ရှိသည်
အလ္လာဟ်အရှင်မြတ်တွင် လူသားတမန်တော်များရှိသလို မလာအိကဟ် ခေါ်ကောင်းကင်တမန်တော်များလည်းရှိသည်။ လူသည် တစ်နေ့သေဆုံးရမည်။ သေဆုံးပြီးနောက် တစ်နေ့ ရှင်ပြန်ထရဦးမည်။ ထိုနေ့ကို ကိယာမသ်နေ့ဟုခေါ်သည်။ ရှင်ပြန်ထပြီးနောက်တွင်မှ လောကီတွင်လုပ်ထားသော ကောင်းမှု မကောင်းမှုတို့ကို ချိန်တွယ်ခြင်းခံရမည်။ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက်ရမည်။ သောင်ဝ်ဟီးဒ်ကို လက်ခံသူများသည် အပြစ်ရှိက ငရဲတွင် ခဏကျ၍ သုခဘုံတွင်ထာဝရ နေရမည်။ အပြစ်များကို ၀န်ချတောင်းပန်ခဲ့ပါက ငရဲမခံရ။ သောင်ဝ်ဟီးဒ်ကို လက်မခံခဲ့ (ငြင်းပယ်ခဲ့) သူများသည် ငရဲတွင် ထာဝရခံရမည်။

ကျွန်ုပ်သည် အဘယ့်ကြောင့် အသားလွတ်ကြီး သောင်ဝ်ဟီးဒ်ဆိုသော သစ္စာမဏ္ဍိုင်ကို မိတ်ဆွေကို ရှင်းပြရသနည်းဆိုသော် ကျွန်ုပ်လည်း လူ၊ သင်လည်းလူ။ သင်လည်း ငရဲကြောက်သလို ကျွန်ုပ်လည်း ကြောက်သည်။ သောင်ဝ်ဟီးဒ်တရားမရှိလျှင် ငရဲလားမည်အမှန်ဖြစ်သည်။ ကျွန်ုပ်သည် သောင်ဟီးဒ်ကို စားသုံးဖူးပြီ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်အလိုတော်ဖြင့် သောင်ဝ်ဟီးဒ်အပေါ်မှာ ရပ်တည်နေသည်။ သင်လည်း ရပ်တည်ရန်ဖိတ်ခေါ်သည်။ ကျွန်ုပ်နှင့် သင်၏ ပိုင်ရှင်ကိုသာလျှင် ကိုးကွယ်ကြစို့။ ကျွန်ုပ်တို့ပိုင်ဆိုင်သောအရာများကို မကိုးကွယ်ကြကုန်လင့်။ အကောင်းအဆိုးပေးနိုင်သော အရှင်ကိုသာကိုးကွယ်ကြစို့၊ ဘာမှမပေးနိုင်သော အရာများကိုကိုးကွယ်ခြင်းမှ စွန့်လွှတ်လော့။ မိမိကို အသက်ဝိညာဉ် ပေးအပ်ထားသည့်အရှင်ကို ကိုးကွယ်စို့။ မိမိက အသက်သွင်းရသည့်အရာကို မကိုးကွယ်ကြစို့။ မိမိကို ကာကွယ်ပေးမည့်အရှင်ကို ကိုးကွယ်စို့ ။ မိမိက အကာအရံလုပ်ပေးရသည့် အရာကိုမကိုးကွယ်ကြကုန်လင့်။

ဥပမာတစ်ခုပေးမည်။ လူသားဖြစ်သောအသင့်ကို မည်သူပြုလုပ်သနည်း။ သင့်မိခင်လော။ သင့်ဖခင်လော။ အကယ်၍ သူတို့သင့်ကိုပြုလုပ်လျှင် အလုပ်ရှုတ်သည့် စအိုဝကို အဘယ့်ကြောင့်ထည့်သွင်းခဲ့လေသနည်း။ သင့်မိခင်ရော ဖခင်ရော သင့်ကို မပြုလုပ်သည်မှာ မှန်ပေသည်။ သင်သည် သားအိမ်တွင် မည်သို့မည်ပုံဖြစ်ပေါ်လာသည်ကို သင့်မိခင်သည်ပင် မသိရှိပေ။ ထိုသို့ သူ့မှာ သိခွင့်ရှိခဲ့ပါက သင့်ကို စိုင်းစိုင်းခမ်းလှိုင်လောက် ၊ မိုးယုစံလောက် ချောလှအောင်ပြုလုပ်ခဲ့မည်ပင်။ ဒါဆို သင့်ကို ဘယ်သူပြုလုပ်သနည်း။ သဘာဝလော။ သဘာဝသည် အလိုအလျောက်ဖြစ်တတ်လျှင် သင့်ဖုန်းသည်လည်း အလိုအလျောက် ခဏခဏမြည်နေပေမည်။ သင့်ကို ပြုလုပ်သူ အမှန်ပင်ရှိချေသည်။ ထိုအရှင်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအလ္လာဟ်အရှင်မြတ်ကိုသာလျှင် တစ်ဆူတည်းသော ကိုးကွယ်ရာ၊ အားထားရာအဖြစ် လက်ခံခြင်း၊ ယုံကြည်ခြင်းကို သောင်ဝ်ဟီးဒ်ဟုခေါ်သည်။
နောက်ထပ် ဥပမာတစ်ခု - သံပတ်အော်တိုနာရီတွင် လက်တံ ၃ ခုစည်းချက်ညီညီလှုပ်ရှားနေသည်။ စက္ကန့်မရွေး အချိန်မှန်ပြနေသည်။ သဘာဝလော။ နာရီထုတ်လုပ်သူက နိယာမတစ်ခုအရ စည်းဝါးကိုက်အောင် စက်များစီမံထားခဲ့သည်။ Gear wheel များကို နေရာချထားသည်။ သင့်လက်မှာ ပတ်ထားသလောက် နာရီမှန်အောင်လုပ်ထားသည်။ သူတော့အနားမှာမရှိ။ သူလုပ်တဲ့စက်က အချိန်မှန်ပြသည်ကို သင်လက်ခံသည်။ နေသည် အရှေ့ဘက်မှ ထွက်၍ အနောက်ဘက်သို့ဝင်သည်။ ကမ္ဘာလည်နေသည်။ ဂြိုဟ်တွေ လမ်းမှန်နေရာမှန်သွားနေသည်။ သူတို့လဲ သဘာဝပဲလား။ လူလုပ်နာရီထက် တိကျသော နိယာမဖြင့် လှုပ်ရှားနေသည်။ တစ်ပေခန့် တိမ်းစောင်းသည်နှင့် မတွေးရဲသော အရာတွေဖြစ်လာမည်။ ထို နိယာမကို မည်သူထိန်းချုပ်ထားသနည်း။ နာရီကတော့ လူလုပ်တာ။ ကမ္ဘာကတော့သဘာဝပဲ ဆိုရင်တော့ သင်ဟာ သင့်ကိုယ်သင် လိမ်သော လူလိမ်ဖြစ်ပေမည်။ ကြီးလွန်းလျှင်မမြင်တတ်ဟူသော စကားရှိသည်။ သင့်ကို လက်စွပ်ဝယ်ပေးသူကို ကျေးဇူးတင်လိမ့်မည်။ သို့သော် လက်စွပ်ဝတ်နိုင်ရန် လက်ကို ဖန်ဆင်းပေးထားသော အရှင်ကို ကျေးဇူးတင်ဖို့ မမြင်တတ်ပေ။ သိပ်ကြီးသောကျေးဇူးကို မမြင်ပေ။

ထပ်မံအသိပေးပါရစေ။ စကြ၀ဠာ၏ ဖန်ဆင်းရှင်တကယ်ရှိသည်။ သင့်ကိုဖန်ဆင်းသည့်အရှင်တကယ်ရှိသည်။ သက်သေတွေ ပြပြီးပြီ။ ထိုအရှင်ကို ယုံကြည်ခြင်းကို သောင်ဝ်ဟီးဒ်ဟုခေါ်သည်။ သင့်ကို သောင်ဝ်ဟီးဒ်ဘက်သို့ ဖိတ်ခေါ်ပါသည်။ သောင်ဝ်ဟီးဒ်ကို လက်ခံပါလော့။ သင့်ယုံကြည်ကိုးကွယ်မှုများကိုစွန့်၍ အမှန်တရားဘက်သို့ မျက်နှာမူလော့။ မသေမီအမှန်မြင်လော့။

သောင်ဟီးဒ်ကိုလက်ခံလျှင် **** လားအိလားဟ အိလ္လလ္လာဟု မုဟမ္မဒုရ် ရစူးလွလ္လာဟ် ။ ****** လားအိလားဟ အိလ္လလ္လာဟု ၀ဟ်ဒဟူ လာရှရီးကလဟူ ***** အရှ်ဟဒု အန်လ္လားအိလားဟ အိလ္လလ္လာဟု ၀အရှ်ဟဒုအန္န မုဟမ္မဒန် အဗ်ဒုဟူ ၀ရစူးလုဟူ****** ဟူသောစာပိုဒ်များကို ရွတ်ဆိုရသည်။ အဓိပ္ပာယ်ကိုတော့ နီးစပ်ရာ မွတ်စလင်မ်မိတ်ဆွေများထံမှာ မေးပါ။ ကျတော့်ဆီကို မေးမြန်းလို့လဲရပါတယ်။ tm4487@gmail.com မှာအသံနဲ့ စကားပြောနိုင်ပါတယ်။ chat လို့လဲရပါတယ်။

မည်သူမဆို မိမိဝေါလ်ပေါ်တွင် ပြန်လည်ကူးယူ မျှဝေနိုင်သည်။
စေတနာဖြင့်
- သောင်ဝ်ဟီးဒ်ဘက်တော်သား
- အလ္လာဟ့်ကျွန် မိုဟမ္မဒ် ဘိလာလ် ဘက်မှ ဒအ်ဝသ်ပေးသည်။

Simple Islam (aaitee.blogspot.com)