Thursday, May 30, 2013

အလှုဒါနပြုသူတို့ လိုက်နာအပ်သည့်ဝတ္တရား(၅)ပါး (၃၊ ၄၊ ၅)


တတိယ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် တတိယ ၀တ္တရားမှာ မိမိအကြိုက်ဆုံး အနှစ်သက်ဆုံး ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ် အတွက် စွန့်လှူရန်ဖြစ်၏။ မိမိမနှစ်သက် မလိုလားသည့် ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ် အတွက် ပေးကမ်းစွန့်ကြဲခြင်းမှာ မသင့်လျော်သည့် အလှူဒါနဖြစ်၏။ အလှူဒါနပြုခြင်း၏ ရည်ရွယ်ချက်သည် မိမိအား မွေးမြူဖန်ဆင်းကာ လိုလေသေးမရှိ ပြုစုစောင့်ရှောက်တော်မူသော၊ တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြောင်း သက်သေထူခြင်းဖြစ်သဖြင့် မိမိအနှစ်သက်ဆုံး ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ်အတွက် ပေးလှူသင့်သည်။ မိမိ မနှစ်သက် မလိုအပ်သည့် ပစ္စည်းဥစ္စာကို အလ္လာဟ်အရှင်မြတ်အတွက် စွန့်လှူခြင်းမှာ မိမိ နှလုံးသားတွင် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးစိတ် မည်မျှရှိသည်ကို မိမိ ကိုယ်တိုင် ဆန်းစစ် ဝေဖန်ကြည့်နိုင်၏။
          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ အကောင်းဆုံးသော အနှစ်သက်ဆုံးသော ပစ္စည်းဥစ္စာများဖြင့် အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

စတုတ္ထ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် စတုတ္ထ ၀တ္တရားမှာ မိမိ ပေးလှူသည့် အလှူကို ရက်ရောစွာ ပေးကမ်း လှူဒါန်းရခြင်းဖြစ်၏။ တွန့်တိုစိတ်၊ နှမြောစိတ်ဖြင့် လှူဒါန်းမှု မပြုသင့်။ တမန်တော်မြတ်က " ဒစ်ရ်ဟမ် ငွေဒင်္ဂါးတစ်ပြား၏ အလှူဒါနသည် ငွေင်္ဒါးအပြားတစ်သိန်း အလှူဒါနထက်ပို၍မြတ်သည်" ဟု မိန့်တော်မူခဲ့၏။ *
          ရက်ရက်ရောရော သဒ္ဓါစိတ်ဖြင့် လှူဒါန်းသည့် ငွေဒင်္ဂါးတစ်ပြားသည် နှမြောတွန့်တိုစိတ်ဖြင့် ငွေဒင်္ဂါး အပြားတစ်သိန်း လှူဒါန်းသည်ထက် ပို၍မြတ်၏။ ** (အောက်ခြေမှတ်စုတွင် ဖော်ပြထားသည်မှာ  ဤသို့ဆိုခြင်းကြောင့် နှလုံးသားအတွင်း၌ နှမြောတွန့်တိုမှုရှိနေသမျှ မလှူတန်း မပေးကမ်းအပ်ဟု မယူဆသင့်။ အစ ကနဦးတွင် နှမြောတွန့်တိုမှု ရှိမည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤသို့သော အချိန်တွင် နှလုံးသားအတွင်းရှိ နှမြောတွန့်တိုမှုကို ဆန့်ကျင်ကာ စွန့်စား၍ ပေးကမ်း လှူတန်းခြင်းမှာ ကြီးမြတ်သော တိုက်ပွဲပင်ဖြစ်ပြီး နှလုံးသား ဆန္ဒနှင့် ဆန့်ကျင်၍ စွန့်လှူရသဖြင့် ပို၍ပင် အကျိုးစ၀ါးဗ် ကြီးမားပေမည်။)
          အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား နှလုံးသား၏ နှမြောတွန့်တိုမှုများကို ဆန့်ကျင်၍ စွန့်စွန့်စားစား အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

ပဉ္စမ၀တ္တရား
          အလှူဒါနပြုရာတွင် လိုက်နာအပ်သည့် ပဉ္စမ၀တ္တရားမှာ အကောင်းဆုံး ၊ အထိုက်တန်ဆုံး နေရာကို ရှာဖွေဆန်းစစ်ကာ လှူဒါန်းခြင်း ဖြစ်၏။ မိမိ လှူဒါန်းသည့် ပစ္စည်းဥစ္စာကို အကောင်းဆုံး အမြတ်ဆုံးနေရာတွင် စွန့်ကြဲ လှူဒါန်းရပေမည်။ ကိုယ်ကျင့်တရား ကောင်းမြတ်သည့် အာလင်မ် သာသနာ့ပညာရှင်အား ပေးလှူခြင်းဖြင့် အာလင်မ်ပညာရှင်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင်လည်းကောင်း၊ သပ်က်ဝါ ရှောင်ကြဉ်ခြင်းတရား လက်ကိုင်ထားရာတွင် လည်းကောင်း အထောက်အပံ့ရပေမည်။ သို့မဟုတ် မိသားစုရှိသည့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် သာမာန်မွတ်စလင်မ် တစ်ဦးဦးအား ပေးကမ်း စွန့်ကြဲခြင်းဖြင့်လည်း မိမိ အလှူဒါနကို တန်ဖိုးရှိအောင် ပြုနိုင်ပေသည်။ ဖော်ပြပါ အရည်အချင်းကောင်းများ တစ်ဦးတစ်ယောက် တည်း၌တွေ့ရသော် ယင်းပုဂ္ဂိုလ်အား လှူဒါန်းခြင်းမှာ အကောင်းဆုံးဖြစ်၏။ အဆိုပါ အရည်အချင်းကောင်းများ အနက် အရည်အချင်းကောင်း တစ်ခုခုသာလျှင် တစ်ဦးတစ်ယောက်၌ ရှိနေပါကလည်း ၄င်းပုဂ္ဂုလ်အား ပေးကမ်း စွန့်ကြဲခြင်းပြုကာ မိမိပစ္စည်းကို သန့်ပြန့်အောင် ပြုနိုင်ပေသည်။ လောကီသက်တမ်းသည် မတည်မြဲသည့် သက်တမ်းဖြစ်ပြီး လောကီစည်းစိမ်ဥစ္စာသည်လည်း ထာဝရမဟုတ်ပဲ လောကုတ္တရာ အရောက် ခရီးနှင်ရာတွင် မရှိမဖြစ် လိုအပ်သည့် အသုံးအဆောင် မျှသာဖြစ်၏။ သပ်က်ဝါ တရားလက်ကိုင်ပြုကာ လောကီသက်တမ်းကို ယာယီတည်းခိုစခန်းဟု မှတ်ယူလျက် လောကုတ္တရာခရီးကို နှင်နေသည့် သူတော်စင် သူတော်မြတ်တို့ကိုသာ ရွေးချယ်လှူဒါန်းသင့်ပေသည်။ သီလကောင်းခြင်း၊ ကိုယ်ကျင့်တရား မွန်မြတ်ခြင်းတို့ကို အဓိကထား လှူဒါန်းသင့်၏။ ဤသည်တို့ကြောင့်ပင် တမန်တော်မြတ်က အလှူဒါနပြုခြင်းနှင့် ပတ်သက်၍ "သင်တို့သည် ကိုယ်ကျင့်တရား ကောင်းမြတ်သူများ ၊ သီလသမာဓိနှင့် ပြည့်စုံသူများကို ကျွေးမွေးကြကုန်၊ အီမာန် သက်ဝင် ယုံကြည်သူများအား ပေးကမ်း လှူဒါန်းကြကုန်" ဟူ မိန့်တော်မူခဲ့၏။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ထိုက်တန်သောနေရာတွင် ထိုက်တန်သော သူအား အလှူဒါန ပြုနိုင်စွမ်း ပေးသနားတော်မူပါစေ ။ အာမီးန်။

( မုဖ်သီနူးရ်မိုဟမ္မဒ်၏ အစ္စလာမ်နှင့် သူတော်ကောင်းကျင့်စဉ် - စာအုပ်မှ ကူးယူတင်ပြသည် ) သဗ်လီးဂေဒီးန် (အူရဒူ) မော်လာနာ အာရှစ်က် အေလာဟီ - အရ်ဗအီးန် (အရဗီ) အေမာမ် ဂဇာလီ ။

အစ္စလာမ့် သအ်လီမ်များကို မိမိဖုန်းထဲတွင် နေ့စဉ် လေ့လာလိုပါက Simple Islam v2 .apk ဖိုင်ကို ရယူ၍ Install လုပ်ထားပါ။ 

Simple Islam နှင့်ဆက်သွယ်ရန်
Email : haroonrangoni@gmail.com
Website : http://aaitee.blogspot.com (Simple Islam)