Friday, May 31, 2013

ဟဇရသ်အလီ၏ ဆုံးမစကား အချို့ (နေ့စဉ်ဖတ်ဖို့သိမ်းထားပါ) (မဖျက်ပစ်ပါနဲ့)



အကြင်သူဟာ မကောင်းမှုရဲ့ ဆုံးရှုံးမှုကို မသိရင် မကောင်းမှုကြောင့် ကျရောက်လာမယ့် အန္တရာယ်ကိုလည်း မရှောင်ကြဉ်နိုင်ဘူး။ အကြင်သူဟာ ကောင်းမှုရဲ့အကျိုးကို မသိဘူးဆိုရင် ကောင်းမှုကြောင့် ရရှိလာမယ့် အကျိုးအမြတ်ကိုလည်း ရယူလုပ်ဆောင်နိုင်စွမ်းမရှိဘူး။
အကြင်သူဟာ အပြစ်ဒုစရိုက်တွေနဲ့ ကင်းမယ်ဆိုရင် အဲဒီ့သူဟာ ရဲရင့်တဲ့သူဖြစ်ရလိမ့်မယ်။ အကြင်သူမှာ အပြစ်ဒုစရိုက်တွေ ရှိနေမယ်ဆိုရင် သူဟာ လူကြောက်ဖြစ်ရလိမ့်မယ်။
အသိဉာဏ်မရှိတဲ့ သူတွေကိုရှောင်။ ထိုသူတွေနဲ့ ဝေးဝေးနေပါ။ သူတို့ကိုလည်း ဝေးဝေး မှာထားပါ။ ဘာကြောင့်လည်းဆိုရင် အသိဉာဏ် မရှိတဲ့သူတွေဟာ များစွာသော အသိဉာဏ်ရှိသူတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။
အကြင်သူဟာ သေခြင်းကို ယနေ့နက်ဖြန် ရောက်လာမယ့် အကြောင်းကဲ့သို့ အမှတ်ထားနေမယ်ဆိုရင် သေခြင်းတရား သူ့ထံ ဆိုက်ရောက်လာရင်လည်း သေခြင်းရဲ့ ဒုက္ခကိုခံစားရမှာမဟုတ်ပါဘူး။
အကြင်သူဟာ ကျေးဇူးပြုသူရဲ့ ကျေးဇူးကို မသိတတ်ဘူးဆိုရင် နောက်နောင်ကို ဒီလိုကျေးဇူးမျိုးနဲ့ ဝေးရလိမ့်မယ်။
အကြင်သူဟာ မိမိရဲ့နှိုးကြားမှုနဲ့ အကူအညီကို မယူဘူးဆိုရင် စောင့်ရှောက်သူများရဲ့ စောင့်ရှောက်မှုနဲ့လည်း အကျိုးမခံစားရဘူး
အကြင်သူဟာ သေးတဲ့ဒုက္ခကို ကြီးတယ်လို့ မှတ်ယူရင် ကြီးတဲ့ဒုက္ခတွေထဲမှာပဲ အရှင်မြတ်က နစ်မွန်းစေလိမ့်မယ်။
အကြင်သူဟာ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ့်ဟာကို မသိဘူးဆို အခြားသူကလည်း ကိုယ့်ရဲ့တန်ဖိုး ကို သိမှာမဟုတ်ဘူး။ (ကိုယ်ကိုကိုယ် တန်ဖိုးမထားတဲ့သူကို အခြားသူကလည်း တန်ဖိုးထားမှာ မဟုတ်ဘူး)
အကြင်သူဟာ ကောင်းကောင်းဆက်ဆံလို့ မဖြောင့်ဘူးဆိုရင် ဆိုးဆိုးဆက်ဆံရင် ဖြောင့်သွားနိုင်တယ်။
ဒွန္နယာ (လောကီ မျက်မှောက်) နဲ့ အာခေရသ် (သေပြီးတမလွန် - လောကုတ္တရာ) ရဲ့ ပမာဟာ ဒီလိုရှိတယ်။
လူတစ်ယောက်မှာ ဇနီးနှစ်ယောက်ရှိပြီး တစ်ယောက်ကိုပဲ ပျော်အောင်လုပ်မယ်ဆိုရင် နောက်တစ်ယောက်က မပျော်ဘူး။
သင်ဟာ "ခါလစ်က်" (ဖန်ဆင်းရှင်) ကို ကြောက်ရွံ့ လာပြီဆိုရင် "ခါလစ်က်"ဆီကိုဘဲ ပြေးပါ။ (ဒီနေရာမှာ ကြောက်ရွံ့လာတယ်ဆိုတာ သားသမီးက မိဘကိုကြောက်သလိုမျိုး၊ တပည့်က ဆရာကိုကြောက်သလိုမျိုး၊ အထက်အရာရှိကို အမှုထမ်းက ကြောက်သလိုမျိုး - ဂုဏ်ပေး လေးစားသောအားဖြင့် ကြောက်ခြင်းကို ဆိုလိုပါသည်။)
"မခ်လူးက်" (ဖန်ဆင်းခံ) ကို စိုးရိမ်လာပြီဆိုရင်တော့ "မခ်လူးက်"နဲ့ ဝေးဝေးဆီကို ပြေးပါ။ (ဒီနေရာမှာ စိုးရိမ်တယ်ဆိုတာက အနိုင်အထက်လုပ်မှာ၊ မတရားပြုမူခံရမှာ ၊ ကြီးနိုင်ငယ်ညှဉ်းလုပ်မှာ စတဲ့ အန္တရာယ်တွေကိုဆိုလိုပါတယ်)
လူရဲ့အရည်အချင်းဆိုတာ သူ့ရဲ့နှုတ်ပေါ်မှာ မရှိဘူး။ (သဘောက လုပ်ရပ်ပေါ်မှာရှိတယ်)
သီးခံခြင်းဟာ ဘယ်တော့မှ ခလုတ်မတိုက်တဲ့ အစီးအနင်းတစ်ခုဘဲ။
ခွင့်လွှတ်ခြင်းဟာ အကောင်းဆုံးသော လက်စားချေခြင်းဘဲဖြစ်တယ်။
ရန်သူရဲ့ကောင်းစွာ ဆက်ဆံမှုအပေါ်မှာ ယုံကြည်ကိုးစားမှု မပြုလေနဲ့။ ဘာကြောင့်လဲဆိုရင် ရေကိုမီးနဲ့ ဘယ်လောက်ပဲ ပူအောင်လုပ်ပါစေ။ အဲဒီရေဟာ မီးကိုငြိမ်းသတ်ဖို့ လုံလောက် ပါတယ်။
လူတွေရဲ့ရှေ့မှာ ဆုံးမခြင်းဟာ တစ်နည်းအားဖြင့် အပြစ်တင်ခြင်းတစ်မျိုးပဲ။
အပြစ်ကို ၀န်ခံခြင်းဟာ ကျူးလွန်မှုအတွက် အကောင်းဆုံးရှေ့နေပါပဲ။
ရန်သူဆိုတာ တစ်ယောက်ဆိုရင်လည်း အများကြီးပဲ။ မိတ်ဆွေဟာ ဘယ်လောက်ပဲများများ နည်းပါတယ်။
ပညာဟာ ဥစ္စာထက်မြတ်တယ်။ ပညာက သင့်ကိုစောင့်ရှောက်တယ်။ သင်က ဥစ္စာကို စောင့်ရှောက်ရတယ်။
ရန်သူရဲ့ အနီးအနားမှာ နေရတဲ့သူဟာ စိုးရိမ်စိတ်မချမ်းမြေ့မှုနဲ့ပဲ ခန္ဓာကိုယ်ဟာ ပိန်ချုံးလျက်ရှိမယ်။
အပြစ်ရှာတဲ့သူအဖို့ အပြစ် တစ်ခုမဟုတ် တစ်ခု တွေ့ကိုတွေ့မယ်။
ဒုက္ခအပေါ်မှာ ကြောက်ရွံ့ခြင်းဟာ ကြီးမားတဲ့ဒုက္ခကြီးတစ်ခုပဲ။
အဆင်းရဲဆုံးသူဟာ မိတ်ဆွေသင်္ဂဟကင်းတဲ့သူပဲဖြစ်တယ်။
ပညာအကြောင်းပြောတဲ့သူတွေ တော်တော်များပဲရှိပါတယ်။ ဒါပေမယ့် အဲဒီ့ပညာကို ကျင့်သုံးပြီး ထိန်းသိမ်းတဲ့သူဟာ တော်တော်ပဲ နည်းတယ်။
ပညာဟာဥစ္စာဓနကြွယ်ဝသူတွေအတွက်ကတော့ ပကာသနနဲ့ အလှအပတစ်ခုပါပဲ။
ဆင်းရဲကျပ်တည်းသူတွေအတွက်ကတော့ ချောင်လည်ချမ်းမြေ့ဖွယ်ရာ တစ်ခုဖြစ်ပါတယ်။
သေခြင်းတရားထက် မှန်တဲ့အရာဟာ ဘယ်မှာမှမရှိဘူး။ မျှော်လင့်ချက်ထက် မှားတဲ့အရာ ဆိုတာလည်း ဘယ်မှာမှမရှိဘူး။
ဒွန္နယာ (မျက်မှောက် လောကီ) ဟာ ဒီလိုအိမ်ဖြစ်တယ်။ ဘယ်လိုအိမ်လည်းဆိုရင် အကြင်အိမ်ရဲ့အစဟာဒုက္ခ၊ အဆုံးဟာ ပျက်စီးခြင်း၊ သူရဲ့ ဟလာလ် (တရားဝင် သန့်ရှင်းသော) ပစ္စည်းအတွက်လည်း အစစ်ဆေးခံရမယ်။
အဲဒီ့အိမ်မှာ ချမ်းသာတဲ့ သူဟာလည်း အများအားဖြင့် ပြဿနာတွေထဲမှာပဲ နစ်မွန်းလျက်ရှိမယ်။ ဆင်းရဲ တောင့်တ၊ ကြောင့်ကျရသူ ဟာလည်း သောကထဲမှာပဲ နစ်မွန်းလျက်ရှိမယ်။
ဒွန္နယာ လာပြီဟေ့ဆိုရင် လာလျက်ပဲရှိမယ်။ သွားပြီဟေ့ဆိုရင်လည်း ပြန်မကြည့်တဲ့သွားခြင်းနဲ့ သွားမယ်။
ဒွန္နယာဟာ မကုန်ဆုံးနိုင်တဲ့ ကြီးမားတဲ့ ဒုက္ခတွေရဲ့ အစုအဝေးတစ်ခုဖြစ်တယ်။
သာသနာရဲ့ ပြုပြင်မှု (သာသနာ့အဆုံးအမ ကျင့်စဉ်အတိုင်း နေထိုင်နိုင်ရန် အားထုတ်ကြိုးပမ်းမှု) ဟာ ဒွန္နယာရဲ့ဆုံးရှုံးမှုနဲ့သာ ရနိုင်တယ်။
ဒွန္နယာဟာ တစ်ဦးတစ်ယောက်ကို လှည့်ပြီဆိုရင် တစ်ခြားသူတွေရဲ့ အရည်အချင်းတွေကို အဲဒီ့သူကို လွှမ်းခြုံပေးလိုက်တယ်။ ဒွန္နယာဟာ တစ်ဦးတစ်ယောက်ထံက ခွာပြီဆိုရင်လည်း သူ့ရဲ့အရည်အချင်းတွေကိုပါ ချွတ်ယူသွားတယ်။
လောဘနဲ့တော့ ရိုဇီရိက္ခာဟာ တိုးပွားပြီးမလာနိုင်ပါဘူး။ ဒါပေမယ့် ထိုသူ့ရဲ့ သိက္ခာကတော့ လျော့ကျသွားမယ်။
မတရားခြင်းဟာ "နစ်အ်မသ်"တွေကို ဝေးစေတယ်။
အမိန့်ဖီဆန်ခြင်းဟာ "အဇာဗ်"တွေကို ခေါ်လာတယ်။
ဒေါသက ရှောင်ပါ။ ဒေါသရဲ့အစဟာ ရူးသွပ်ခြင်းကို ဖြစ်စေတယ်။
ဥစ္စာငွေကြေးကို စွန့်ကြဲဖို့ အတွန့်တိုဆုံးသောသူဟာ မိမိရဲ့ သိက္ခာကို စွန့်ကြဲဖို့ အရက်ရောဆုံးသူပဲ ဖြစ်ပါတယ်။
အပြစ်အပေါ်မှာ ရှက်ကြောက်ခြင်းဟာ အပြစ်တွေကို ပယ်ဖျက်ပစ်လိုက်တယ်။
ကောင်းမှုအပေါ်မှာ ၀ံ့ကြွားခြင်ဟာ ကောင်းမှုတွေကို ပယ်ဖျက်ပစ်လိုက်တယ်။
ငါ၏ပိုင်ဆိုင်မှု ဟူသရွေ့သည် လူတိုင်း၏ ပိုင်ဆိုင်မှုသာ ဖြစ်ချေသည်။
ဟဇရသ်အလီ သခင်အမိန့်ရှိတယ်။ လူတစ်ယောက်ကို သုံးပုံပုံလျှင် တစ်ပုံဟာ အလ္လာဟ်အရှင်သာ လျှင်ပိုင် (ရူဟ်ဝိညာဉ်) တစ်ပုံကို မြေကြီးက ပိုင်လိုက်တယ်
(ကိုယ်ကာယ) တစ်ပုံကို မိမိသာလျှင် ပိုင်ဆိုင်တယ် (အီမာန်နဲ့ အမလ်) (ပမာပြဆိုချက်) (တကယ်တော့အားလုံးကို အလ္လာဟ်ပိုင်ပါတယ်)
အသိဥာဏ်ရှိတဲ့သူက မိမိကိုယ်ကို နှိမ့်ချပြီးတော့ မြင့်မားတဲ့ အဆင့်ကို ရရှိတယ်။ အသိဉာဏ် မရှိသူက မိမိကိုယ်ကို ဘ၀င်မြင့်ပြီး
သေးသိမ်နိမ့်ကျတဲ့အဆင့်ကို ရောက်သွားတယ်။
အပြစ်များ ကျူးလွန်ပြီးနောက် နောင်တရလျှင် အပြစ်များ ပပျောက်သွားမည်။ ကောင်းမှုပြုပြီးနောက် ဘ၀င်မြင့်လျှင် ကောင်းမှုများ ပပျောက်သွားမည်။
တွန့်တိုတဲ့သူဟာ လောကမှာ ဆင်းရဲသားများကဲ့သို့ နေထိုင်ရပြီး နောင်တမလွန်တွင် သူဋ္ဌေးများကဲ့သို့ စာရင်းပေးရလိမ့်မည်။
လူတို့နှင့် စကားပြောဆိုလျှင် သူတို့၏ဥာဏ်ရည်အဆင့်နှင့် နားလည်သဘောပေါက်မှုအဆင့်ကို သတိထား၍ လိုက်လျောညီထွေစွာ စကားပြောဆိုပါ။ သင်၏ပြောဆိုမှု မြင့်မားမှုကြောင့် လူတို့သည် သဘောမပေါက်ဘဲ အလ္လာဟ်နှင့်ရစူလ်ကို ငြင်းဆန်ကြမည်ကို စိုးရိမ်ရသည်။
ယဉ်ကျေးသူသည် ဆာလောင်မွတ်သိပ်သောအခါမှသာ ထိန်းမနိုင် သိမ်းမရဖြစ်တတ်သည်။ ယဉ်ကျေးမှုမရှိသူ လူမိုက်သည် ၀မ်းဝသောအခါ ထိန်းမနိုင်သိမ်းမရ ဖြစ်တတ်သည်။
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်သလို နှလုံးသားကလည်း ပင်ပန်းနွမ်းနယ်တတ်သည်။ ထို့ကြောင့် နှလုံးသားများကိုလည်း အနားပေးပါ။
သူတို့အတွက် ယဉ်ကျေးသိမ်မွေ့တဲ့ ရယ်ရွင်ဖွယ်ရာများကို ရှာဖွေပါ။
"နဖ်စ်" (စိတ်ဝိညာဉ်) ဟာ ဆန္ဒများကို ဦးစားပေးတတ်တယ်။ လွယ်ကူမှုနဲ့ပျင်းရိမှုကို ရွေးချယ်တတ်တယ်။ ကစားခုန်စားမှုကို ခုံမင်တတ်တယ်။ မကောင်းမှုကို လှုံ့ဆော်တတ်တယ်။ မကောင်းမှုဟာ သူ့အတွင်းဝင်ဆံ့နိုင်တယ်။ သာယာမှုကို လိုလားတယ်။ အလုပ်ကို ခိုတတ်တယ်။ အကယ်၍ အတင်းအကျပ် ပြုမယ်ဆိုလျှင် ပိန်ချုံးသွားမယ်။ လုံးဝစွန့်လွှတ်ထားလျှင်လည်းပျက်ဆီးသွား လိမ့်မယ်။
စာရိတ္တနဲ့ ရိုသေမှုဟာ ခဏခဏအသစ်လဲရတဲ့ ၀တ်စုံများပမာ ဖြစ်တယ်။
ဦနှောက်အသိဥာဏ်ဟာ သန့်ရှင်းကြည်လင်တဲ့ မှန်ပမာဖြစ်တယ်။

(ဖတ်ပါ မှတ်ပါ လိုက်နာကျင့်သုံးပါ စာအုပ်မှ ကူးယူ တင်ပြသည်)

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား အထက်ပါ အကြောင်းအရာများအပေါ်မှာ လက်တွေ့လိုက်နာနိုင်စွမ်း သောင်ဖီးက် ပေးသနားတော်မူပါစေ။ (အာမီးန်)

Simple Islam
Web: http://aaitee.blogspot.com
Email: haroonrangoni@gmail.com
မိမိဖုန်းထဲတွင် နေ့စဉ် သအ်လီမ်များကို ဖတ်ရှုလေ့လာလိုပါက Simple Islam apk ဖိုင်ကို ကူးယူ Install လုပ်ထားပါ။ မွတ်စလင်မ်ညီနောင် မောင်နှမတို့ကိုလည်း မျှဝေပေးပါ။