Saturday, May 25, 2013

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ.....(၃)

အလ္လာဟ်အရှင်မြတ်တည်ရှိကြောင်း သက်သေနိမိတ်လက္ခဏာများ.....
=======================================

တတိယအကြောင်းခံ
----------------------
တိရစ္ဆာန်များတွင်Instinct နှိုးဆွ ထိန်းကြောင်း ပေးနေသော ပင်ကိုယ်ဉာဏ် ရှိနေခြင်းသည် ဖန်ဆင်းရှင် တည်ရှိကြောင်း ကြေညာ နေခြင်းဖြစ်သည်။ 

အဘယ် ကြောင့်ဆိုသော် တိရစ္ဆာန် များအား အလိုအလျောက် စေ့ဆော်ပေးနေသောပင်ကိုယ် အသိဉာဏ်ကို အလ္လာဟ် အရှင်မြတ် ချီးမြှင့်ထားခြင်းမရှိလျှင် ၎င်းတို့ အသက်ရှင် ရပ်တည်နိုင်ဖို့ဆိုသည်မှာ အလွန်မှပင် ခက်ခဲသွားပါလိမ့် မည်။

Salmon ဟူသော ပင်လယ်ငါးသလောက်မျိုး သည် သားပေါက်အရွယ်ကပင် မွေးရပ်မြေကို စွန့်လွှတ် ထွက်ခွာသွားကြသည်။ နှစ်၊ လ ကြာညောင်းသည်အထိ ပင်လယ်သမုဒ္ဒရာအတွင်း၌ နေထိုင်ကျက်စားကြသည်။ ထို့နောက် လမ်းပြသူတစ်စုံတစ်ဦးမပါဘဲ ဝေးလံသည့် ၎င်း၏မွေးရပ်နေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်မှာ အလွန်မှပင် အံ့ဩဖွယ်ကိစ္စဖြစ်သည်။ ထိုငါးသည် မိမိမွေးရပ်ဒေသကို ပြန်လာရန်အတွက် ခိုင်မာသော ရည်ရွယ်ချက်အပြည့်ဖြင့် ပင်လယ်လှိုင်းတံပိုးများကို ကျော်လွှားရင်း မြစ်ငယ်အတွင်းသို့ဝင်ရောက်လာသည်။ ထိုမြစ်သည် ၎င်း၏မွေးရပ်ဒေသကိုသွားရာလမ်းကြောင်း ဖြစ်သည်။ အကယ်၍သင်သည် ထိုငါးကို ဖမ်း၍ အခြားဝေးလံသော မြစ်တစ်ခုသို့ သွားလွှတ်ခဲ့မည်ဆိုလျှင် သူသည် မွေးရပ်ဒေသသို့ ရောက်ရှိနိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားနေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုထက်ပို၍ eel ဟူသောငါးရှဥ့်မျိုးသည် ပို၍ ပင်အံ့ဩဖွယ်ကောင်းသည်။ အရွယ်ရောက်ပြီးသည့် နောက် မိမိနေထိုင်သည့် မြစ်သို့မဟုတ် ရေကန်များမှ ထွက်ခွာ၍ မိုင်ထောင်ချီ၍ဝေးသော ဗာမြူဒါကျွန်းအနီး နက်ရှိုင်းသော ပင်လယ်ကြမ်းပြင်၌ နေထိုင်ကျက်စားကြ သည်။ ထိုပင်လယ်အောက်၌ပင် ဥချ၍ သားပေါက် ကြသည်။
ငါးရှဥ့်ကြီးများမှာမူ ထိုနေရာ၌ပင် သေဆုံး ကြသည်။ သို့သော် ၎င်းတို့၏သားပေါက်ကလေးများသည် သူတို့၏မိဘများ စွန့်ခွာခဲ့သည့် ဇာတိမြေနေရာကို သိရှိ နိုင်ရန် မည်သည့်ပစ္စည်းအကူအညီမျှမပါဘဲ အလွန်ကျယ် ဝန်းသော ပင်လယ်ကြီးကို ကျော်ဖြတ်ကာ မိဘတို့ နေထိုင်၍ ထွက်ခွာလာခဲ့ သည့်မြစ်၊ ရေကန်သို့ တည့်တည့်မတ်မတ်ရောက်ရှိ သွားကြသည်။ ထိုငါးရှဥ့် သားပေါက်များ ဖြတ်သန်း လာသည့်ခရီးမှာ မည်မျှတိကျမှန်ကန်သည်ဟူမူ ယနေ့ အထိ မည်သူကမျှ အမေရိကငါးရှဥ့်ကို ဥရောပ၌ မတွေ့ဘူးပါ။ ထိုနည်းတူစွာ ဥရောပငါးရှဥ့်ကိုလည်း အမေရိက၌ မတွေ့ဘူးကြပါ။
ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်က အံ့ဩဖွယ် အစီအမံတစ်ခုကို ပြုလုပ်ပေးထားသေးသည်။ ငါးရှဥ့်ချင်း တူပါလျက် ဥရောပငါးရှဥ့်ကို တစ်နှစ်သားအရွယ်ကျမှ အရွယ်ရောက်စေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကထက် ဥရောပခရီးက ပို၍ဝေးသည့်အတွက် ဖြစ်သည်။ သို့မှသာ အမေရိကငါးရှဥ့်ရော ဥရောပငါးရှဥ့်ပါ မိမိတို့ မိဘများ၏မွေးရပ်မြေကို အရွယ်ရောက်သည်နှင့် တစ်ပြိုင်နက် ဝင်ရောက်နိုင်ကြရန်ဖြစ်သည်။
ဤသို့အံ့ဖွယ်ကောင်းလောက်အောင် ငါးရှဥ့် သားပေါက်များ မိမိတို့ မိဘမွေးရပ်မြေကို ရောက်နိုင်ရန် လမ်းညွှန်ချက်ကို မည်သူကဖန်တီးပေးပါသနည်း။

Wasp ဟူသောနကျယ်ကောင်သည် အဆိပ် ဆူးဖြင့်ထိုးတတ်သော ပိုးကောင်တစ်မျိုးဖြစ်သည်။ နကျယ် ကောင်သည် အလွန်ကျွမ်းကျင်စွာဖြင့် နှံကောင်ကို အဆိပ် ဆူးထိုး၍ဖမ်းသည်။ ထိုသို့ဖမ်းရာ၌ နှံကောင်သတိလစ် မေ့မြောသွားလောက်အောင်သာ အဆိပ်ကိုထိုးနှံသည်။ ထို့နောက် အရှင်လတ်လတ်သတ္တဝါ၏အသားကို လတ်လတ်ဆတ်ဆတ်စားနိုင်ရန် မြေကြီး၌တွင်းတူး၍ ထိန်းသိမ်းထားသည်။ အဘယ်ကြောင့်ဆိုသော် အဆိပ် ထိုးသွင်းခံရ၍ သေဆုံးသွားသော အသေကောင်အသား ကိုစားလျှင် ၎င်းကိုယ်တိုင်သေဆုံးနိုင်ပါသည်။
ထိုထက်ပို၍အံ့ဩစရာကောင်းသည်မှာ သားပေါက်များ ပေါက်လာသည်နှင့် မိခင်သည် ထို သားပေါက်များကိုစွန့်လွှတ်၍ ထွက်ခွာသွားပါသည်။ သားပေါက်များမှာ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့များကို သင်ယူဆည်းပူးခွင့်မရကြပါ။ သို့သော် ၎င်းသားပေါက်များ မှာ မည်သည့် နကျယ် တစ်ကောင်ကောင်ကမျှ သင်ကြားပေးခြင်းမရှိဘဲ နကျယ်မျိုးရိုး၏ အကျင့်ဓလေ့ အပြည့်အဝတို့ဖြင့် ကြီးပြင်း ကျက်စားတတ်ကြပါသည်။
ကျွန်ုပ်မေးလိုသည်မှာ မည့်သည့်ပတ်ဝန်းကျင်က ၎င်းကို ဤနည်းပညာနှင့် အကျင့်ဓလေ့များကို သင်ကြား ပေးလိုက်ပါသနည်း။
ဤသည်မှာ ကိုယ်ပိုင်အကျင့်ဓလေ့ မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်က ချီးမြှင့်သင်ကြားပေးလိုက်သော အကျင့်ဓလေ့ပင်ဖြစ်ပါသည်။

ဤသို့သော သက်ရှိတို့၏ ရှင်သန်ရပ်တည် နေသည့်ဖြစ်အင်ကြီးသည် သဘာဝအလျောက်တိုက်တိုက် ဆိုင်ဆိုင် အတိအကျ ဖြစ်ပျက်နေရခြင်းပါဟု ဒွိဟစိတ်ဖြင့် ထင်မှတ်နိုင်ရန် အပုံဆယ်သိန်းပုံတစ်ပုံ ခန့်မျှပင် မဖြစ်နိုင်စကောင်းပါ။



အစ္စလာမ့်ရေးရာ ဒအ်ဝါဂရုပ်မှ တင်ပြသည်။ - Simple Islam - Islamic Teachings - http://aaitee.blogspot.com