Wednesday, September 9, 2015

အနည်းငယ်စားသောက်ခြင်း၏ ရလဒ်ကောင်းများ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ပြန်ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/820634784723779:0

* ဗိုက်အပြည့် စားသောက်ခြင်းအကြောင်း 
ဗိုက်အပြည့်စားသောက်ခြင်းသည် ရှိုက်သာန်၏လှည့်ကွက် ဖြားယောင်းမှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်၏။ ဗိုက်အပြည့်စားခြင်းဖြင့် တဏှာကာမစိတ်ကို ထကြွစေသည်။ ဤ တဏှာကာမတည်းဟူသော ရာဂသည် ရှိုက်သာန်၏ လက်နက်ကြီးတစ်ခုပင်ဖြစ်ပေသည်။

တစ်နေ့ အိဗ်လီးစ်မိစ္ဆာကောင်သည် တမန်တော်ယဟ်ယာ အလိုင်ဟိစ္စလာမ်ထံသို့ လူယောင်ဆောင်၍ ရောက်ရှိလာ၏။ ထို့နောက် ရှိုက်သာန်က ပြောသည်မှာ ..... ကျွန်ုပ်သည် တဏှာကာမဖြင့် လူသားများကို ဖျက်ဆီး၏။ ထိုအခါ တမန်တော်ယဟ်ယာ အလိုင်ဟိစ္စလာမ်က.... အသင် ကျွန်ုပ်ကိုလည်း တဏှာကာမစိတ်ဖြင့် ဖျက်ဆီးရန် ကြိုးစားခဲ့ဘူးပါသလော ဟု မေးလိုက်သည်။ အိဗ်လီးစ်က အဖြေပေးသည်မှာ အသင်နှင့် ပတ်သက်၍ ဤကဲ့သို့အခွင့်အရေးအများအပြားကို ကြုံခဲ့၏။ အသင်သည် ဗိုက်အပြည့်စားပြီး စည်းစိမ်ယစ်မူးလျှက် အိပ်ပျော်သွားခဲ့သောကြောင့် နမားဇ်နှင့်ဇိကိရ် မပြုလုပ်နိုင်ခဲ့ပေ။
တမန်တော်ယဟ်ယာ အလိုင်ဟိစ္စလာမ်က ထပ်မေးသည်မှာ .... ကျွန်ုပ်ကို တခြား မည်သည့်နည်းလမ်းများဖြင့် ဖျက်ဆီးရန် ကြိုးပမ်းခဲ့ပါသနည်း။ ရှိုက်သာန်က အဖြေပေးသည်မှာ အသင်နှင့်ပတ်သက်၍ ကျွန်ုပ်သည် အဆိုပါကိစ္စကိုသာလျှင် ပြုလုပ်နိုင်ခဲ့သည်။ ၎င်းအပြင် တခြားမည်သည့်ကိစ္စကိုမျှ မပြုလုပ်နိုင်ခဲ့ပါ။
ထိုအချိန်ပင် တမန်တော်ယဟ်ယာအလိုင်ဟိစ္စလာမ်သည် ကစမ်ကျိန်ဆို၍ ကျွန်ုပ်ယခုမှစ၍ နောင်တွင် မည်သည့်အခါမျှ ဗိုက်ပြည့်ဝအောင် စားသောက်မည် မဟုတ်တော့ပါ ... ဟု ပြောဆိုလိုက်သည်။ ရှိုက်သာန်သည် ဤကျိန်ဆိုတိုင်တည်မှု စကားရပ်ကိုကြားပြီးနောက် နဖူးထုလျက်ပြောဆိုသည်မှာ .... ကျွန်ုပ်သည် ယနေ့မှစ၍ မည်သည့်မုစ်လင်မ်တစ်ဦးတစ်ယောက်ကိုမျှ ဆုံးမမှုပြုမည်မဟုတ်တော့ပါ။

* သိမှတ်ဖွယ် 
အစားများများစားခြင်းဖြင့် ရှိုက်သာန်၏ရည်ရွယ်ချက် အောင်မြင်ရန် ထောက်အကူရရှိသည်။ အဘယ့်ကြောင့်ဆိုသော် များများစားခြင်းဖြင့် လူသားသည် တဏှာစိတ်ဖြစ်ပေါ်လာသည်။ တဏှာစိတ်လွှမ်းမိုးလာသောအခါ ရှိုက်သာန်သည် တစ်ချိန်လုံးတိုက်ခိုက်နှိုးဆော်နေမည်။ " ဒီလို " လုပ်ရပ်တွေ လုပ်လိုက်ပါ။ " ဤလို " လုပ်ရပ်မျိုးကို လုပ်လိုက်ပါ၊ ဟူသော အတွေးအခေါ်အမျိုးမျိုးကို စိတ်အတွင်း ထည့်သွင်းလေသည်။ ထိုအတွေးများဖြင့် အကြီးမားဆုံးအပြစ်ကို ကျူးလွန်လိုက်ကြသည်။ တစ်ကြိမ် ကြိမ်တွင် ၎င်းတဏှာစိတ်ကြောင့် လူသားသည် လုံးဝ ပျက်ဆီးသွားလေတော့သည်။

ထို့ကြောင့် အစားလောဘကြီးခြင်း၊ အစားကိုမက်မောခြင်းတို့မှ ရှောင်ရမည်။ အစ္စလာ့မ်ပညာရှင်ကြီးများနှင့် သူတော်စင်ကြီးများက အစားမက်မောခြင်းကြောင့် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားပါသည်။

* ဗိုက်အပြည့်စားသောက်ခြင်း၏ ဆုံးရှုံးမှု အန္တရာယ်များ 
ပညာရှင်ကြီးအေဘာသွန်သခင်က ဗိုက်အပြည့်စားခြင်း၏ ဆုံးရှုံးမှုများကို အောက်ပါအတိုင်း ဖော်ပြထားသည်။
(၁) ဗိုက်အပြည့်စားခြင်းကြောင့် နှလုံးသားထဲတွင် အလ္လာဟ်အရှင်မြတ်ကို ကြောက်သည့်စိတ် ထွက်သွား၏။
(၂) နှလုံးသားထဲတွင် အဖန်ဆင်းခံအချင်းချင်း ကိုယ်ချင်းစာနာမှုစိတ်၊ သနားကြင်နာသောစိတ်၊ လျော့နည်းပျောက်ကွယ်သွားတတ်၏။ အခြားသူများကိုလည်း မိမိကဲ့သို့ပင် ဗိုက်ဝသူများဟု အထင်လွဲမှားနေမည်။
(၃) ဗိုက်အပြည့်စားခြင်းဖြင့် ထိုင်းမှိုင်းမှု၊ ပျင်းရိမှုများ လွှမ်းမိုးနေပြီး နမားဇ် အစရှိသောခဝပ်မှုများတွင် အဟန့်အတားဖြစ်ပေါ်စေသည်။
(၄) တမလွန်နှင့် ပတ်သက်သည့် စကားရပ်များ၊ တရားစကားများနှင့် ကောင်းသောစကားရပ်များ ကြားရသော်လည်း နှလုံးသားတွင် နူးညံ့မှုမဖြစ်လာသည့်အပြင် မည်သည့်ခံစားချက်မှလည်း ရှိမည်မဟုတ်တော့ပေ။
(၅) ဗိုက်အပြည့်စားသောက်ခြင်းဖြင့် အခြားသူများအား ဆုံးမတရားချမည်ဆိုလျှင်လည်း အခြားသူများ၏ နှလုံးသားများအပေါ် မည်သည့်အကျိုးအာနိသင်မျှ သက်ရောက်နိုင်မည် မဟုတ်တော့ပေ။
(၆) ဗိုက်အပြည့်အဝ စားသောက်ခြင်းဖြင့် ကိုယ်ခန္ဓာ၌ ရောဂါဝေဒနာ တစ်စုံတစ်ရာ ဖြစ်ပေါ်စေတတ်၏။
[အစ္စလာမ့်ရှုထောင့် ဂျင်ရှိုက်သာန်လောက စာအုပ်]

* များစွာစားသောက်ခြင်းနှင့် အစားကောင်းများကိုသာ ရမ္မက်ထားခြင်း 
အလွန်အကျူးစားသောက်ခြင်းနှင့် ဝမ်းဗိုက်အပြည့်စားသောက်ခြင်းတို့သည် ဒုစရိုက်များ၏ ရေသောက်မြစ်ပင် ဖြစ်သည်။ အကြောင်းမှာ များစွာစားသောက်လိုက်ခြင်းကြောင်း ကာမစိတ်ကို နိုးကြွစေနိုင်၏။ ကာမစိတ်နိုးကြွလာပါက ပစ္စည်းဥစ္စာရှာဖွေရန် အလိုဆန္ဒဖြစ်ပေါ်ရပေသည်။ အကြောင်းမှာ ရမ္မက်ဆန္ဒများကို ဖြည့်ဆည်းရာ၌ ဥစ္စာပစ္စည်းမရှိဘဲ မဖြစ်နိုင်ပေ။ ၎င်းနောက် ရာထူးရာခံကို လိုလားတပ်မက်သူ ဖြစ်လာပေမည်။ အဘယ့်ကြောင့်ဆိုသော် ရာထူးရာခံမရှိဘဲ ဥစ္စာပစ္စည်းရှာဖွေရန် ခဲယဉ်းလှ၏။ ထိုသို့ ပစ္စည်းဥစ္စာနှင့် ရာထူးအဆင့်အတန်းကို တပ်မက်သူ ဖြစ်သွားပါက မာန်မာနထောင်လွှားမှု၊ ပြစားမှု၊ မနာလိုဝန်တိုမှုနှင့် ကောက်ကျစ်စဉ်းလဲသော စိတ်များသည် တစ်ပြိုင်တည်း စိတ်နှလုံးအတွင်းသို့ ဝင်ရောက်ကိန်းအောင်းလာပေတော့သည်။

ထို့ကြောင့်ပင် တမန်တော်မုဟမ္မဒ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သြဝါဒတော်များ၌ ဆာလောင်စွာနေခြင်းက ပို၍ ထူးမြတ်မှုရှိကြောင်း ဖော်ပြထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ လူသားတို့အဖို့ရာ ပြည့်အောင်ဖြည့်ရန် ဝမ်းဗိုက်မှလွဲ၍ အခြားသော အဆိုးရွားဆုံး ခွက်ယောက်ဟူ၍ မရှိချေ။ (သမုဒ္ဒရာဝမ်းတစ်ထွာဟူသည့် ဆိုရိုးကဲ့သို့ သမုဒ္ဒရာ တစ်ခုလုံးကို တစ်ထွာခန့်မျှသာရှိသည့် လူသား၏ဝမ်းဗိုက်အတွင်း ထည့်မည့်ဆိုပါကလည်း ယင်းဝမ်းဗိုက်သည် ပြည့်နိုင်ဦးမည် မဟုတ်ချေ။) လူသားများအနေနှင့် အသက်ရှင် ရပ်တည်နိုင်ရန်အတွက် အနည်းငယ်မျှသာ စားသောက်ခြင်းသည် လုံလောက်ပေသည်။ ထို့ထက်ပို၍ စားသောက်လိုပါက ဝမ်းဗိုက်ကို သုံးပိုင်းသတ်မှတ်လိုက်ရမည်။ တစ်ပိုင်းမှာ အစား၊ နောက်တစ်ပိုင်းမှာ ရေ၊ ကျန်ရှိသောအပိုင်းကို အသက်ရှုရန်အတွက် နေရာချန်လှပ်ထားရမည်။

* အနည်းငယ်စားသောက်ရာမှ ရရှိသော အကျိုးထူးများ 
ဆာလောင်စွာနေခြင်းနှင့် အနည်းငယ်မျှသာ စားသောက်ခြင်းတွင် မရေမတွက်နိုင်သော အကျိုးထူး မြောက်မြားစွာရှိပါသည်။ ၎င်းတို့အနက်မှ အရေးပါအရာရောက်သော အချက်အလက်အချို့ကို တင်ပြပါမည်။ နောင်တမလွန်၏ ကောင်းကျိုးတရားများကို ရရှိနိုင်ရန်အတွက်လည်း ယင်းအချက်အလက်များက အထောက်အကူပြုပေမည်။

[၁] နှလုံးသားအတွင်း စင်ကြယ်မှုရှိပြီး အသိတရားအာရုံကို ပွင့်လင်းစေသည်။
အဘယ့်ကြောင့်ဆိုသော် ဝမ်းဗိုက်အပြည့် စားပိုးနင့်အောင် စားသောက်ခြင်းဖြင့် ပျင်းရိမှုကို ဖြစ်ပေါ်စေပြီး အသိဉာဏ်ကို ထုံထိုင်းစေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် စပ်လျဉ်း၍ သိရှိရမည့် အသိတရားများ လျော့နည်းသွားရပေသည်။ (အလ္လာဟ်ကိုသိခြင်းဟူသည့် ရသအာရုံကို နှောင့်နှေးစေသည်။)

[၂] နှလုံးသားတွင် သိမ်မွေ့နူးညံ့မှု ဖြစ်ပေါ်လာသည့်အပြင် ဆုတောင်းမှုပြုရာ၌လည်း ရသအာရုံကို ခံစားရရှိပေသည်။
ဝမ်းဗိုက်ဟာနေမှသာ မိမိ၏အရှင်သခင်ရှေ့ဝယ် အသနားခံခြင်းနှင့် ဒုအာတောင်းဆိုရာတွင် ထူးကဲသော အရသာကို ခံစားရရှိပေမည်။ ထို့ပြင် ရိုသေကြောက်ရွံ့မှုနှင့် ရို့ကျိုးမှုတို့ကိုလည်း ဖြစ်ပေါ်စေမည်။

[၃] စိတ်၏ ဆိုးသွမ်းမှုကို ချုပ်တည်း အနိုင်ရရှိမည်။ တစ်နည်း .... မေ့လျော့မှု၏ တံခါးပေါက် ပိတ်သွား၍ အလ္လာဟ်အရှင်မြတ်ဘက်သို့ အသိအာရုံလှည့်လာမည်။
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ လောကနှင့် လောက၏စည်းစိမ်အလုံးစုံကို အပ်နှံသောအခါ ကိုယ်တော်သည် လက်ခံတော်မူခြင်း မရှိခဲ့ပေ။ ထို့နောက် ကိုယ်တော်သည် တစ်ရက်စားသောက်၍ ရှုကုရ်ပြု ကျေးဇူးသိပြီး၊ တစ်ရက်အငတ်နေခြင်းဖြင့် ဆွဗရ်ခန္တီတရားကို ရယူမည်ဟု အလ္လာဟ်အရှင်မြတ်ကို လျှောက်တင်လိုက်သည်။

[၄] နောင်တမလွန်၏ ပြစ်ဒဏ်များနှင့် ဒုက္ခ၏ဒဏ်ကို ဤလောက၌လည်း အနည်းငယ် မြည်းစမ်းသိရှိရသည်။ သို့မှသာ ယင်းပြစ်ဒဏ်များ၏ဒုက္ခနှင့် စိတ်ဆင်းရဲရမည်များကို သတိရ၍ ကြောက်ရွံနေမည်။ ထို့ပြင် လူသားအတွက် ဆာလောင်မွတ်သိပ်ခြင်းထက်ပို၍ ဒုက္ခခံစားရသောအရာ တခြားမရှိချေ။
ဆာလောင်နေခြင်းဖြင့် အလ္လာဟ်ပေးမည့်ပြစ်ဒဏ်အား အချိန်တိုင်းလိုလိုပင် သိရှိခံစားနေရသောကြောင့် အပြစ်ဒုစရိုက်များဘက်သို့ အာရုံမပြုဝံ့တော့ချေ။

[၅] လောကကို လိုလားသည့် ရမ္မက်အားလုံး လျော့နည်းသွားပေမည်။
ဤသို့ စိတ်၏အလိုရမ္မက်များ မကျန်ရှိသောအခါ လောကကို ချစ်ခင်တွယ်တာသော စိတ်သည်လည်း နှလုံးသားမှ ထွက်သွားပေမည်။ မုအ်မင်န်တို့၏ မိခင်ကြီး အာအေရှာသခင်မက ကိုယ်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မရှိသည့်နောက် ပထမဦးဆုံး နည်းသစ်ထွင်ခြင်းမှာ ဗိုက်အပြည့် စားသောက်ခြင်းသာ ဖြစ်သည်... ဟု မိန့်တော်မူထားသည်။ ဝမ်းဗိုက်အပြည့်စားလိုက်သောအခါတွင် ၎င်းသူ၏ စိတ်သည် လောကဘက်သို့ ဆွဲဆောင်မှု ပြုလေတော့သည်။

[၆] အစားနည်းသွားခြင်းဖြင့် အအိပ်လည်းနည်းသွားမည်။
ဝမ်းဗိုက်အပြည့်စားသောက်ခြင်းကို မက်မောသူသည် များစွာအိပ်စက်ခြင်းကိုလည်း မက်မောသူ ဖြစ်သည်။ အလွန်အကျူးအိပ်စက်ခြင်းဖြင့် သက်တမ်းကို ဆိတ်သုဉ်းစေပြီး ခဝပ်မှုပြုရာ၌လည်း ပျင်းရိပေါ့လျော့လာပေမည်။
အဗူဆိုလိုင်မာန် ဒရာနီသခင်က မိန့်ခဲ့သည်မှာ .... ဝမ်းဗိုက်အပြည့် စားသောက်သူတို့တွင် အောက်ပါဆိုးကျိုး ခြောက်ခု စွဲကပ်သွားပေသည်။
(က) ဝတ်ပြုမှုများ၌ စိတ်အာရုံစူးစိုက်မှု လျော့နည်းပပျောက်သွားခြင်း၊
(ခ) အသိဉာဏ် မှေးမှိန်ထုံထိုင်းသွားခြင်း၊
(ဂ) အဖန်ဆင်းခံများအပေါ် သနားကြင်နာစိတ် လျော့နည်းလာခြင်း၊
(ဃ) အစာအိမ်လေးလံ၍ ထိုင်းမှိုင်းခြင်း၊
(င) စိတ်၏ အလိုရမ္မက်များ တိုးပွားလာခြင်း၊
(စ) အိမ်သာသို့ မကြာခဏသွားရခြင်း ..... တို့ဖြစ်ပေသည်။

[၇] လောက၏ စည်းစိမ်များအပေါ်ထားရှိသော သောကများ လျော့နည်းသွားပေမည်။
အဘယ်ကြောင့်ဆိုသော် အနည်းငယ်စားသောက်ခြင်းနှင့် ဆာလောင်စွာနေခြင်း၏ အလေ့အထကို ရရှိသူသည် လောကအပေါ်တွင် ဝိသမလောဘ ခင်တွယ်မက်မောနေခြင်းမရှိတော့ဘဲ အနည်းငယ်မျှသောအရာပေါ်၌သာ ရောင့်ရဲတင်းတိမ်သွားပေသည်။

* စားသောက်ခြင်း၏ အတိုင်းအတာ 
လူအများစု၌ ဝမ်းဗိုက်အပြည့်စားသောက်လေ့ရှိသော အကျင့်အမူ ရှိနေကြသည်။ ယင်းအကျင့်ကို တစ်ကြိမ်တည်းတွင် အပြီးစွန့်လွှတ်လိုက်ရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့် မိမိစားနေကျ အစားအစာအနက်မှ နေ့စဉ်နှင့်အမျှ အစားတစ်လုပ်စီ လျှော့စားသွားပါက တစ်လအတိုင်းအတာ ပြည့်သောအခါ ထမင်းတစ်ပန်းကန်စာခန့် လျော့နည်းသွားပေမည်။ ထိုသို့အလေ့အကျင့်ရရှိသွားသောအခါ (၁) စားသောက်ရမည့် အတိုင်းအတာ (၂) စားရမည့်အချိန် (၃) အစားအသောက်အမျိုးအစား ... ဟူ၍ သုံးမျိုးပိုင်းခြားထားသောအရာများဘက်သို့ ထပ်မံ၍ အာရုံပြုရပေမည်။

* (၁) စားသောက်ရမည့်အတိုင်းအတာ 
ပထမအဆင့် (အကောင်းဆုံးအဆင့်) စစ်ဒီကီးန် သစ္စာဝါဒီများ၏ အစားအသောက်အတိုင်းအတာ ဖြစ်၏။ အလိုသဘောမှာ အသက်ရှင်နေနိုင်ရန်သာ သို့မဟုတ် ဦးနှောက်မှတ်ဉာဏ်၏ အင်အား လျော့နည်းမှုမဖြစ်နိုင်ရန်သာ စားသောက်ခြင်းမျိုးဖြစ်သည်။ ထို့ထက် အနည်းငယ်ပို၍ စားသောက်ခြင်းမှာ ဝမ်းဗိုက်ပြည့်စားသောက်ခြင်းနှင့် တူပေမည်။ စဟလ်သပ်(စ)သရီသခင်က မိန့်သည်မှာ ကျွန်ုပ်ထံပါး၌ ဆာလောင်ခြင်းကြောင့် အားနည်းစွာထိုင်၍ ဝတ်ပြုသောနမားဇ်သည် ဝမ်းဗိုက်အပြည့်စားသောက်၍ အားအင်တောင့်တင်းစွာ မတ်တပ်ရပ်ဝတ်ပြုသော နမားဇ်ထက် ပို၍ထူးမြတ်ပေသည်။

အလယ်အလတ်တန်းစား စားသောက်သောအတိုင်းအတာမှာ နေ့စဉ်နေ့တိုင်း (၂၂)ကျပ်ခွဲသား စားသောက်ခြင်းဖြစ်သည်။ အုမရ်သခင်နှင့် ဆွဟာဗာကြီးများ စားသောက်သော အတိုင်းအတာမှာ အပတ်စဉ် ပြောင်းဆန်တစ်ပိဿနှင့် တစ်ဆယ်ကျပ်သားသာ ဖြစ်ပြီး ထို့ထက်ပို၍ မစားသောက်ပေ။

အနိမ့်ဆုံးအဆင့် စားသောက်သော အတိုင်းအတာမှာ နေ့စဉ်နေ့တိုင်း ၅၅ကျပ်သား အလေးချိန်ခန့်မျှ စားသောက်ပါ။ အကယ်၍ ထို့ထက်ပို၍ စားသောက်ပါက ဝမ်းဗိုက်၏ကျေးကျွန် ဖြစ်သွားပေမည်။

သတိပြုရမည်မှာ စားသောက်ရာတွင် လူတို့၏စိတ်ဓါတ်နှင့် အခြေအနေများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိကြချေ။ သို့ဖြစ်၍ အားလုံးအတွက် အတိုင်းအတာတစ်ခုတည်းကိုသာ သတ်မှတ်၍ မရနိုင်ပါ။ ထို့ကြောင့် အားလုံးအတွက် ချင့်ချိန်အပ်သော နည်းဥပဒေတစ်ရပ်မှာ မှန်ကန်သော ဆာလောင်မှုဖြစ်ပေါ်လာပါက စားသောက်ရန်လက်လှမ်း (စားရန်ပြင်ဆင်)ပြီး စိတ်အာသီသမပြည့်မီအလျင် လက်ကိုဖယ်လိုက်ရမည်။ (စားခြင်းကို ရပ်တန့်လိုက်ရမည်။)
မှန်ကန်သော ဆာလောင်မှု၏ အမှတ်အသားမှာ ထမင်းပန်းကန် ရှေ့သို့ရောက်လာသည်နှင့် ၎င်းကို ဟင်းမပါဘဲ စားသောက်ရန် ဆန္ဒဖြစ်ပေါ်နေရမည်။ အဘယ့်ကြောင့်ဆိုသော် ထမင်းချည်းသက်သက် ဟင်းမပါဘဲ စားသောက်ရန်မှာ လူတိုင်းအဖို့ မဖြစ်နိုင်ပါ။ အကယ်၍ မိမိစိတ်မှ ထိုသို့ထမင်းချည်းသက်သက် စားရန် ဝန်လေးမှုဖြစ်ပေါ်လာပါက ဤသည် စစ်မှန်သော ဆာလောင်ခြင်း မဟုတ်သေးပေ။ လူ၏စိတ်ဆန္ဒသည် ဝမ်းဗိုက်အပြည့်စားပြီးနောက်တွင်လည်း သစ်သီးဝံလံအဖွယ်ဖွယ်ကို ထပ်မံစားသုံးလိုသောစိတ် ဖြစ်ပေါ်လာကာ လျှာအရသာခံရန်အတွက် ထပ်တောင်းနေပေမည်။

* (၂) စားသောက်ရမည့် အချိန်အကန့်အသတ် 
အမြင့်ဆုံးအဆင့်မှာ သုံးရက်ဆက်တိုက် အငတ်ခံ၍ စတုတ္ထမြောက်ရက်မှသာ စားသောက်ရမည်။ အဗူဗက္ကရ်သခင်သည် ခြောက်ရက်ဆက်တိုက် အစာခံ၍ နေလေ့ရှိသည်။ ထို့ပြင် အချို့သော သူတော်စင်ကြီးများသည် ရက်ပေါင်း လေးဆယ်တိတိ အစာရေစာမစားဘဲ နေထိုင်တရားကျင့်ကြသည်။ မည်သူမဆို ရက်ပေါင်းလေးဆယ်တိုင်အောင် အစာရေစာမစားဘဲ အငတ်ခံမည်ဆိုပါက ဖရစ်ရှ်သာကောင်းကင်တမန်များနှင့် လျှို့ဝှက်ဆန်းကြယ်ရာများအနက်မှ အရည်အချင်းတစ်ခုခုအား ရရှိပေမည်။ သို့သော်လည်း ထိုကဲ့သို့အရည်အချင်းမျိုး ရရှိနိုင်ရန်မှာ လူတိုင်းအဖို့ မလွယ်ကူလှပေ။ သို့ဖြစ်၍ တဖြည်းဖြည်းအစာခံနိုင်ရန် အကျင့်ပြုလုပ်ပေးရမည်။

အလယ်အလတ်တန်းစား အဆင့်မှာ နှစ်ရက် အစာငတ်ခံ၍ တစ်ရက်စားသောက်ရမည်။

အနိမ့်ဆုံးအဆင့်မှာ နေ့စဉ်နေ့တိုင်း တစ်ကြိမ်သာလျှင် စားသောက်ရမည်။ အဘယ့်ကြောင့်ဆိုသော် မနက်၊ ည နှစ်ကြိမ်စားခြင်းဖြင့် ဆာလောင်ခြင်းဟူသော ဆန္ဒ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိတော့ပေ။

* (၃) စားသောက်ရမည့် အစားအစာ အမျိုးအစား 
အဆင့်အမြင့်ဆုံးအစာမှာ ဂျုံဖြင့်ပြုလုပ်ထားသည့် မုန့်ချပ်ကို ဟင်းရည်နှင့်အတူ စားသောက်ခြင်းဖြစ်သည်။ အနိမ့်ဆုံးအဆင့်မှာ ဆန်ကြမ်းဖြင့် ပြုလုပ်ထားသည့်မုန့်ချပ်ကို ဟင်းရည်မပါဘဲ စားသုံးခြင်းဖြစ်သည်။

* တရားကျင့်သောပုဂ္ဂိုလ်များအတွက် အရသာရှိသောအရာများမှ ရှောင်ကြဉ်ခြင်း 
တရားအားထုတ်ကျင့်ကြံသော အာဗစ်ဒ်ပုဂ္ဂိုလ်များသည် ဟင်းလျာကိုမဆိုလေနှင့်၊ ရှိရှိသမျှသော ရသာဖွယ်ရာများနှင့် စိတ်၏အလိုရမ္မက်များမှ ရှောင်ရှားကြသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိန့်ခဲ့သည်မှာ ...... ငါတမန်တော်၏ နောက်လိုက်သားများအနက် အဆိုးရွားဆုံးသောသူတို့မှာ ၎င်းတို့၏ကိုယ်ခန္ဓာများသည် တန်ဖိုးကြီးသောအဝတ်အစားနှင့် အရသာအမျိုးမျိုးရှိသော အစားအစာတို့ဖြင့် ရမ္မက်ကြီးပွား စားသောက်ကြီးထွားခဲ့သည့် ခန္ဓာကိုယ်ပိုင်ရှင်များ ဖြစ်ကြပေသည်။ ထိုကဲ့သို့သောသူများသည် အမျိုးမျိုးသော အစားအစာများနှင့် အရောင်အဆင်းအမျိုးမျိုးရှိသော အဝတ်အထည်များဘက်သို့သာ အာရုံအမြဲရှိနေကြသည်။ စကားအရာမှာကား ကြီးကြီးကျယ်ကျယ်စကားလုံးများဖြင့် သုံးနှုန်းပြောဆိုကြသော်လည်း လက်တွေ့ဟူ၍ မည်သည့်အလုပ်မျှ မပြုလုပ်ကြချေ။
[အိမာမ်ဂဇာလီသခင်ကြီး၏ ကမ္ဘာကျော် ဝိဉာဉ်အထူးကုကျမ်း]

* ကုသိုလ်လည်းရ လူလည်းလှ 
အစားလျှော့စားရန် နည်းစနစ်တစ်ခုမှာ ရိုဇာစောင့်ထိန်းခြင်းဖြစ်သည်။ ရိုဇာဖြင့် စိတ်၏ တောင်းဆိုချက်များကို အထူးပင်ချိုးနှိမ်နိုင်ပေသည်။ အစ္စလာမ်တွင် ရိုဇာဟူသည် ရမ်ဇာန်တစ်လတည်း စောင့်ထိန်းရသည်မဟုတ်ပါ။ ရမ်ဇာန်၏ ရိုဇာသည် ဖရဇ်ဖြစ်ပြီး အခြားသောလတိုင်း အပတ်တိုင်းတွင်လည်း ရိုဇာများစောင့်ထိန်းနိုင်သေးသည်။ ထို့အတူ ဖြည့်စွက်ရန်ရှိသည့် ရိုဇာများကိုလည်း ရမ်ဇာန်မဟုတ်သည့် အခြားလများရောက်မှ ဖြည့်စွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ရိုဇာစောင့်ခြင်းဖြင့် တစ်ဖက်တွင် ကုသိုလ်လည်းရမည်။ စိတ်၏ လောဘရမ္မက်၊ လျှာအရသာခံခြင်းတို့ကို တဖြည်းဖြည်းချိုးနှိမ်သွားနိုင်မည်။ ထို့အတူ အစားလျှော့ခြင်းကြောင့် လူလည်းလှလာမည် ဖြစ်ပေသည်။
ရိုဇာသည် ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး အစာအိမ်ကို အားဖြစ်စေပါသည်။ ဖရဇ်ရိုဇာအပြင် နဖိလ်ရိုဇာများစွာကိုပါ စောင့်ထိန်းသွားမည်ဆိုပါက တမလွန်တွင် ကုသိုလ်များစွာကိုလည်း အဆင်သင့်ရရှိမည် ဖြစ်သည်။ လောက၏ နှုတ်အရသာခံလိုမှုကို အနည်းငယ်လျှော့ချရုံဖြင့် ဂျန္နသ်၏ စမ်းရေများကို သောက်သုံးခွင့်ရမည့် အထူးအခွင့်အရေးလည်း ဖြစ်ပေသည်။

* နဖိလ်ရိုဇာများ 
အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့တွင် နဖိလ်ရိုဇာစောင့်ထိန်းနိုင်သည်။ အရဗီလတိုင်း၏ အလယ်ရက်များဖြစ်သော ၁၃၊ ၁၄၊ ၁၅ သုံးရက်ကို အမြဲရိုဇာစောင့်ထိန်းနိုင်ပါသည်။ ၎င်းသုံးရက်ကို အိုက်ယာမေဗီးဇ်ဟု ခေါ်သည်။ ဇိလ်ဟဂ်ျလ၏ တစ်ရက်နေ့မှစ၍ ကိုးရက်နေ့အထိ (ရိုဇာကိုးလုံး) နဖိလ်ရိုဇာစောင့်ထိန်းနိုင်သည်။ အင်မတန်မှ ထူးမြတ်၍ ကုသိုလ်လည်း ရရှိပါသည်။ မုဟ်ရမ်လတွင် အာရှုရာရက်အပါအဝင် ရိုဇာနှစ်လုံးစောင့်ထိန်းနိုင်သည်။ ရဂျဗ်၊ ရှအ်ဗာန်လများတွင် နဖိလ်ရိုဇာများစွာကို စောင့်ထိန်းနိုင်သည်။ ဤနဖိလ်ရိုဇာများကို တမန်တော်မြတ်ကြီးကိုယ်တိုင်လည်း စောင့်ထိန်းခဲ့ပေသည်။ ထို့ကြောင့် တမန်တော့်စွန္နသ်တစ်ခုကို အကောင်အထည်ဖော်ကျင့်သုံးခြင်း၊ နဖိလ်ကုသိုလ်ရရှိခြင်း၊ အစားလျှော့ခြင်း၏ ကောင်းကျိုးများကို ရရှိခြင်းအပြင် ကျန်းမာရေးဆိုင်ရာတွင်လည်း အထူးကောင်းမွန်မှု ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် အစားလျှော့စားခြင်းကို ကုသိုလ်လည်းရ လူလည်းလှမည့်ပုံစံဖြင့် ကျင့်သုံးကာ နှလုံးသားအတွင်းမှ အလ္လာ့ဟ်ကို သိမြင်နိုင်မည့် နူရ်များရရှိရန် ပြုလုပ်ကြပါဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

** ဆာမှစား၊ နည်းနည်းစား၊ ဖြည်းဖြည်းစား၊ ဝါးစား **

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/ ၁၉/ ယောင်မုလ်ဂျွမ်အာ/ ဟီဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။