Tuesday, September 8, 2015

ဂျင်ရှိုက်သာန်နှင့် လူရှိုက်သာန်တို့ တွေ့ကြခြင်း

မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ပြန်ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/818265558294035:0

ဂျင်ရှိုက်သာန်သည် အိဗ်လီးစ်ကို ဆိုလိုပါသည်။ လူရှိုက်သာန်၏ သဘောမှာ လူထဲတွင်လည်း ရှိုက်သာန်၏အရည်အချင်းများရှိနေလျှင် ၎င်းကိုလည်း ရှိုက်သာန်ဟုပင် ရည်ညွှန်းသည်။ ရှိုက်သာန်၏အရည်အချင်းများရှိသော လူပေါင်းများစွာ ကမ္ဘာ့သမိုင်းတွင်ရှိခဲ့ကြပေသည်။ အိဗ်လီးစ်၏လမ်းစဉ်အပေါ်လျှောက်လှမ်းကာ ကောင်းမွန်သူတို့ကို ဒုက္ခကြီးငယ်ပေး၍ အလ္လာ့ဟ်ကို စိန်ခေါ်ရာဝယ် သူမတူအောင် ထူးခြားကြသော လူ့ရှိုက်သာန်ကြီးများသည် တမန်တော်တိုင်း၏ အခါသမယတွင် အသီးသီးရှိခဲ့ကြ၏။ အိဗ်လီးစ်ကလည်း မိမိ၏ရာထူးကို ဆက်ခံသူ လူ့ရှိုက်သာန်များပေါများလာခြင်းကို အလွန်နှစ်သက်သလို ထိုသူများကိုလည်း ကြုံလျှင် ကြုံသလို ပညာပေးခြင်းများလည်း ရှိခဲ့ပေသည်။ ယခု လူ့ရှိုက်သာန်ကြီးများထဲမှ တစ်ဦးဖြစ်သော ဖိရ်အောန်ဘုရင်နှင့် ဂျင်ရှိုက်သာန်တို့၏ခေါင်းဆောင် အိဗ်လီးစ်တို့ တွေ့ဆုံကြခြင်းအကြောင်းကို တင်ဆက်ပါမည်။ တမန်တော်မူစာ အလိုင်ဟိစ္စလာမ်ခေတ်၌ ရှိခဲ့သော ဖိရ်အောန်ဖြစ်သည်။ ဤအကြောင်းအရာကို "နဗီတမန်တော်များ အတ္ထုပတ္တိ အတွဲ ၂" မှ ကောက်နှုတ်တင်ဆက်ခြင်းဖြစ်ပါသည်။

အိဗ်လီးစ်နှင့် ဖစ်ရ်အောန်
ဖစ်ရ်အောန်ဘုရင်သည် မိမိကိုယ်ကို ကိုးကွယ်ရာအရှင် "အလ္လာဟ်" ဖြစ်သည်ဟူ၍ အရေးဆို ကြေညာထားသည်။ ထိုသို့ကြေညာခဲ့သောကြောင့် အိဗ်လီးစ်မိစ္ဆာကောင်က အလွန်ဝမ်းသာအားရ ရှိခဲ့ပေသည်။ အိဗ်လီးစ်မိစ္ဆာကောင်သည် ဖစ်ရ်အောန်ဘုရင်မှာ အလ္လာဟ်မဟုတ်ကြောင်းကို အတွင်းအပြင်ကောင်းစွာသိရှိပါသည်။ သို့ရာတွင် လူသားတို့၏ လမ်းမှားမှုနှင့် ဒုက္ခများမှာ အိဗ်လီးစ်မိစ္ဆာကောင်အတွက် စိတ်ချမ်းသာဖွယ်ရာများ ဖြစ်ပါသည်။ သို့ပါ၍ ဤကဲ့သို့အကွက်များကို ၎င်းက လှိုက်လှဲစွာ ကြိုဆိုလေ့ရှိခဲ့ပါသည်။ ဤနေရာတွင် ဖစ်ရ်အောန်မင်းဆိုးကြီးနှင့် ပတ်သက်၍ အိဗ်လီးစ်မိစ္ဆာကောင်၏ အချို့သောလုပ်ရပ်များကို ရေးသားတင်ဆက်ပါမည်။

(၁)
တစ်နေ့သောအခါ အိဗ်လီးစ်မိစ္ဆာကောင်က လူယောင်ဆောင်၍ ဖစ်ရ်အောန်မင်းဆိုးကြီးထံသို့ လာရောက်ပြီး ၎င်းအား အို... ဖစ်ရ်အောန်! အသင်မှာ ခိုဒါအရှင်ဖြစ်ပါသလောဟု မေးမြန်းလေသည်။ ဘုရင်ဖစ်ရ်အောန်က ကြေညာထားသည့်အတိုင်း မိမိမှာ ခိုဒါအရှင်ဖြစ်သည်ဟူ၍ ဖြေကြားပေသည်။

အိဗ်လီးစ်မိစ္ဆာကောင်က ဖစ်ရ်အောန်၏ဖြေကြားချက်ကို နားထောင်ပြီး အကယ်၍ အသင်မှာ အလ္လာဟ်ဖြစ်ပါက မိမိဗန်ဒါဟ်(အဖန်ဆင်းခံ)များ၏ အကြောင်းအရာများကို သိရှိပါသလောဟု မေးမြန်းရာ ဖစ်ရ်အောန်က သိပါသည်ဟု ဖြေကြားလေ၏။ အိဗ်လီးစ်မိစ္ဆာကောင်က မိမိလက်ကို ဆုပ်ပြီး ဤလက်ဆုပ်ထဲတွင် အဘယ်အရာရှိသည်ကို သိပါသလောဟု မေးမြန်းလေသည်။

ဖစ်ရ်အောင်က ဖြေကြားရန်အတွက် စဉ်းစားရင်းဖြင့် အချိန်ကြာမြင့်သွားသောအခါ အိဗ်လီးစ်မိစ္ဆာကောင်က အို ... ဖစ်ရ်အောန်! အလ္လာဟ်အရှင်မြတ်သည် အကွယ်ကိုလည်း သိရှိတော်မူ၏။ အသင်မှာ ခိုဒါဖြစ်သည်ဟု ကြေညာခဲ့ပါသည်။ အကယ်၍အသင်မှာ အမှန်ပင်ခိုဒါဖြစ်ပါလျှင် ကျွန်တော့်လက်ဆုပ်ထဲတွင်ရှိသော အရာကို မသိနိုင်ရန် အကြောင်းမရှိပါဟု စောဒကတတ်ခဲ့သည်။ သို့သော်လည်း ဖစ်ရ်အောန်က အိဗ်လီးစ်မိစ္ဆာကောင်၏ လက်ထဲတွင် အဘယ်အရာရှိသည်ကို ပြောပြနိုင်ခြင်း မရှိခဲ့ပေ။

ထိုအချိန်တွင် အိဗ်လီးစ်မိစ္ဆာကောင်က မိမိလက်ဆုပ်ထဲတွင် ဒီနားရ် ရွှေဒင်္ဂါးတစ်ပြားရှိသည်ကို ဖွင့်ပြပြီး အို ဖစ်ရ်အောန် အလ္လာဟ်သည် တစ်ဆူတည်းသောအရှင်ဖြစ်ပါသည်။ ထိုအရှင်နှင့် တုပနှိုင်းပြိုင်နိုင်သူဟူ၍ အလျဉ်းမရှိပါ။ လက်ဆုပ်ထဲတွင်ရှိသောအရာကို မသိနိုင်သည့် မျက်နှာရှင်က ခိုဒါအရှင် ဖြစ်နိုင်ပါသလောဟု မေးမြန်းသောအခါ ဖစ်ရ်အောန်က ရှက်ရွံ့ပြီး တိတ်ဆိတ်သွားလေ၏။ ထိုအချိန်တွင် အိဗ်လီးစ်မိစ္ဆာကောင်က လက်ဖြင့် ဖစ်ရ်အောန်၏ဦးခေါင်းကို ပြင်းထန်စွာရိုက်နှက်ပြီး ထွက်ခွာသွားလိုက်သည်။

(၂)
တစ်နေ့သောအခါ အိဗ်လီးစ်မိစ္ဆာကောင်သည် လူကောင်းယောင်ဆောင်၍ ဖစ်ရ်အောန်ထံသို့လာပြီး မိမိဘက်မှ အယုံသွင်းကာ သလဲသီးကျွေးခိုင်းခဲ့သည်။ ဘုရင်ဖစ်ရ်အောန်က မိမိကိုယုံကြည်သော ဗန်ဒါအတွက် ချက်ခြင်းပင် သလဲသီးများယူဆောင်လာစေပြီး ၎င်းအား သလဲသီးကျွေးခဲ့ပါသည်။

ထိုအချိန်တွင် သလဲသီးစားနေသော အထူးဗန်ဒါက သလဲသီးအစေ့များကို စု၍ အို .... အလ္လာဟ်! ဤအစေ့များထဲမှ အသီးများထုတ်ပေးပါ ဟူ၍ ဖစ်ရ်အောန်ထံ လျှောက်တင်လေသည်။ ဖစ်ရ်အောန်က ထိုလျှောက်တင်ချက်ကိုကြားပြီး ၎င်းအား အကယ်၍ အသင်သည် နောက်ထပ်သလဲသီးများစားလိုပါလျှင် ငါသည်အသင့်အတွက် သလဲသီးများ မှာပေးနိုင်၏။ သို့ရာတွင် ဤအစေ့များထဲမှာ အသီးများထွက်နိုင်မည်မဟုတ်ပါဟု ဖြေလေသည်။ အိဗ်လီးစ်မိစ္ဆာကောင်က ၎င်းအား အို... ဖစ်ရ်အောန် သလဲသီးစားလိုသောကြောင့် အသင့်ထံသို့ လာခဲ့ခြင်းမဟုတ်ပါ။ ကျွန်တော် လာရခြင်း၏ရည်ရွယ်ချက်မှာ အသင် ခိုဒါအရှင်ဖြစ်ခြင်း၏ပွဲကို ကြည့်လို၍ပင်ဖြစ်သည်ဟု ပြောဆို၍ ဖစ်ရ်အောန်၏ခါးကို ခြေထောက်ဖြင့် ပြင်းထန်စွာကန်ကျောက်ပြီး ထွက်ခွါသွားလိုက်သည်။

(၃)
တစ်နေ့သောအခါ အိဗ်လီးစ်မိစ္ဆာကောင်က သူတော်စင်ကြီးတစ်ပါးယောင်ဆောင်ပြီး ဖစ်ရ်အောန်ထံသို့လာ၍ အို.... ဖစ်ရ်အောန်! အသင်မှာ မိမိကိုယ်ကိုယ် ခိုဒါအရှင်ဖြစ်သည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် အသင့်ထံတွင် မိမိခန့်အပ်ထားသော တမန်တော်ရှိပါသလာ ဟု မေးမြန်းလေသည်။

ဖစ်ရ်အောန်က ယင်းအကြောင်းကို စဉ်းစားပြီး ကျွန်တော်သည် ယခုအချိန်အထိ မည်သူ့ကိုမျှ တမန်တော်အဖြစ် ခန့်အပ်ခြင်းမရှိသေးပါဟု ဖြေကြားလေ၏။ တဖန်အိဗ်လီးစ်က အကယ်၍အသင်သည် မိမိအတွက်ကောင်းကျိုးကို လိုလားပါလျှင် ကျွန်တော့်အား တမန်တော်အဖြစ် ခန့်အပ်လိုက်ပါဟု အကြံပေးခဲ့သည်။ ဖစ်ရ်အောန်က အိဗ်လီးစ်မိစ္ဆာကောင်၏ အကြံပေးချက်ကို ဝမ်းသာအားရစွာလက်ခံပြီး ၎င်းအား မိမိတမန်တော်အဖြစ် ခန့်အပ်လိုက်လေသည်။
အိဗ်လီးစ်မိစ္ဆာကောင်သည် ထိုနေ့မှစ၍ မကြာခဏ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖစ်ရ်အောန်ထံသို့ အသွားအလာပြုလုပ်လေ့ရှိခဲ့ပေသည်။

(၄)
ဖစ်ရ်အောန်က အိဗ်လီးစ်ကို မိမိတမန်တော်အဖြစ်ခန့်အပ်ပြီးနောက် ၎င်းအား အလွန်ရိုသေလေးစားလျက် ရှိခဲ့ပါသည်။ တစ်နေ့သောအခါ အိဗ်လီးစ်က အို ဖစ်ရ်အောန် အသင်၏အကြောင်းအရာများအားလုံးကို ကျွန်ုပ်သိရှိပါသည်။ အသင် ခိုဒါအရှင်ဖြစ်နေခြင်း၏ အရည်အချင်းများမှာလည်း ကျွန်ုပ်အမြင်ထဲမှာ ကွယ်နေခြင်းမရှိပါ။ ကျွန်တော်သည် အသင်၏အတွင်းအပြင်အားလုံးကို အသေးစိတ် ကောင်းမွန်စွာ သိရှိပါသည်။

ထို့ကြောင့်အသင်သည် ကျွန်တော့်ထံမှာ အကျိုးခံစားရန်အတွက် ဆန္ဒတစ်စုံတစ်ရာရှိပါက ပြောပြပါဟုဆိုလေ၏။ ထိုအခါဖစ်ရ်အောန်က မိမိတမန်တော်အား ကျွန်ုပ်ကို လူပျိုပြန်ဖြစ်အောင် လုပ်ပေးပါဟုအမိန့်ရှိရာ အိဗ်လီးစ်က ဤကိစ္စမှာ ကျွန်တော့်အတွက်လွယ်ကူပါသည်။ အသင်သည် နက်ဖြန်ခါ၌ လူပျိုဖြစ်သွားမည်ဟုဆိုကာ ထွက်သွားလေသည်။ ညအချိန်ရောက်သော အိဗ်လီးစ်က ဖစ်ရ်အောန်အိပ်ပျော်နေချိန်၌လာရောက်ပြီး ဖစ်ရ်အောန်၏မုတ်ဆိတ်နှင့် ဆံပင်များကို ဆိုးဆေးအနက်များ လိမ်းကျံပေးလိုက်သည်။ နံနက်မိုးလင်း၍ ဖစ်ရ်အောန်က အိပ်ယာမှနိုးထသောအခါ မုတ်ဆိတ်နှင့် ဆံပင်များသည် မဲနက်နေသည်ကိုတွေ့မြင်ပြီး မိမိမှာ လူပျိုပြန်ဖြစ်သွားသည်ဟု ထင်မှတ်ကာ မိမိ၏တမန်တော်ဖြစ်သူ အိဗ်လီးစ်မိစ္ဆာကောင်ကို မြောက်မြားစွာကျေးဇူးတင်ခဲ့လေသည်။

(၅)
တစ်နှစ်သောအခါ မိုးခေါင်၍ လယ်ယာကိုင်းကျွန်းများ ခြောက်သွေ့သွားခဲ့၏။ လယ်သမားဦးကြီးများသည် ယင်းကိစ္စကို မိမိတို့၏ခိုဒါအရှင်ဖြစ်သူ ဖစ်ရ်အောန်မင်းဆိုးကြီးထံသို့ လျှောက်တင်ကြပေသည်။

လယ်သမားဦးကြီးများ ဖစ်ရ်အောန်ထံမှထွက်ခွာသွားသောအခါ အိဗ်လီးစ်မိစ္ဆာကောင်က ချက်ချင်းပင် ၎င်းထံသို့ဝင်လာခဲ့ပေသည်။ ဖစ်ရ်အောန်က မိမိတမန်တော်ကို တွေ့မြင်၍ အလွန်ဝမ်းသာအားရစွာဖြင့် ကြိုဆိုပြီး မိုးရေနှင့်ပတ်သက်၍ ၎င်းထံမှ အကူအညီတောင်းခံလေ၏။ အိဗ်လီးစ်မိစ္ဆာကောင်က ညအချိန်တွင် မိုးရွာသွန်းပေးမည်ဟုဆိုကာ ကတိကဝတ်ပြု၍ ထွက်ခွာသွားသည်။

ဖစ်ရ်အောန်၏တမန်တော်ဖြစ်သူ အိဗ်လီးစ်မိစ္ဆာကောင်က မိမိ၏တပည့်တပန်းများအား လေဟာပြင်သို့တက်၍ အီဂျစ်နိုင်ငံပေါ်သို့ တစ်ညလုံးသေးပေါက်ချရန်အတွက် အမိန့်ပေးလိုက်သည်။ ထိုနေ့၏ညတွင် အိဗ်လီးစ်မိစ္ဆာကောင်၏တပည့်များသည် လေဟာပြင်ပေါ်သို့တက်၍ တစ်ညလုံး အီဂျစ်နိုင်ငံပေါ်သို့ သေးရေများ ရွာသွန်းချပေးကြပေသည်။ ဖစ်ရ်အောန်ဘုရင်နှင့် မြို့သူမြို့သားများမှာ မိုးရွာနေသည်ဟုပင် ထင်မှတ်၍ ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြလေသည်။

နံနက်မိုးသောက်သောအခါ တစ်မြို့လုံး သေးစော်နံပြီး လယ်ယာကိုင်းကျွန်းများမှာလည်း ယခင်ထက်ပိုမိုပျက်စီးသွားခဲ့၏။ ထို့ကြောင့် အိဗ်လီးစ်မိစ္ဆာကောင်က ဖစ်ရ်အောန်ဘုရင်ထံသို့ရောက်ရှိလာသောအခါ ဖစ်ရ်အောန်က ၎င်းအား အိုတမန်တော် အဘယ်သို့သောမိုးရေများကို ကျွန်တော်တို့အပေါ်ရွာသွန်းစေခဲ့ပါသနည်း ဟုမေးရာ အိဗ်လီးစ်က အဖြေပေးသည်မှာ အို ဖစ်ရ်အောန်! အသင်ကဲ့သို့ခိုဒါနှင့် ကျွန်ုပ်ကဲ့သို့ တမန်တော်ရှိသောနေရာတွင် မိုးရေမှာလည်း ထိုကဲ့သို့ပင် ရွာသွန်းရမည်။ တမန်တော်ထံမှ အကူအညီတောင်းခံသောပုဂ္ဂိုလ်မှာလည်း အလ္လာဟ်ဖြစ်နိုင်ပါသလော ဟုဆိုကာ ဖစ်ရ်အောန်ကို ပြင်းထန်စွာပါးရိုက်ပြီး ထွက်ခွာသွားခဲ့လေသည်.....။

[နဗီတမန်တော်များ၏အတ္ထုပတ္တိ၊ အတွဲ ၂]

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/ ၁၅/ ယောင်မုလ်အိစ်နိုင်းန်/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။