Friday, September 4, 2015

မုအ်မင်န်၏ အရည်အချင်းများအနက်မှ တစ်ခု


وَٱلَّذِينَ هُمْ عَنِ ٱللَّغْوِ مُعْرِضُونَ
၎င်းပြင် ထို(မုအ်မင်န် သက်ဝင်ယုံကြည်) သူတို့သည် အချည်းနှီး အကျိုးမဲ့ အမှုကိစ္စတို့မှ ရှောင်ဖယ်သူများလည်း ဖြစ်ကြကုန်၏။

◆ အချည်းအနှီး အကျိုးမဲ့ ကိစ္စအဝဝကို ရှောင်ခြင်း ◆
"လဃ်ဝ" ဟူသည် လောကီရေးတွင်သော်လည်းကောင်း၊ လောကုတ္တရာရေးတွင်သော်လည်းကောင်း၊ မည်သို့မျှ အကျိုးမရှိသော၊ အချည်းအနှီးဖြစ်သော အပြောအဆို၊ အပြုအမူ၊ ကိစ္စဟူဟူသမျှတို့ကို ဆိုလိုသည်။

လူ၏သက်တမ်း၊ အသက်၊ အချိန်များသည် အဖိုးတန်လှသည်။ အဖိုးမဖြတ်နိုင်ပေ။ ယင်းသို့ အဖိုးထိုက်တန်လှသော သက်တမ်း၊ အသက်၊ အချိန်များကို အချည်းအနှီးသော အကျိုးမရှိသောကိစ္စများတွင် ဖြုန်းတီးရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
မုအ်မင်န်များသည် အချည်းနှီး အကျိုးမဲ့သော ကိစ္စများကို ဝေးစွာရှောင်ကြဉ်ကြပေသည်။ ယင်းသို့သောကိစ္စများတွင် မိမိတို့၏ အဖိုးထိုက်တန်လှသော အချိန်များကို မဖြုန်းတီးကြပေ။ မုအ်မင်န်များသည် အလ္လာဟ်အရှင်မြတ်၏ အဆုံးအမများနှင့်အညီ အခါခပ်သိမ်း လိုက်နာကျင့်သုံး သွားလာနေထိုင်လျက် ရှိကြပေရာ ၎င်းတို့၌ ယင်းသို့သော အချည်းနှီးအကျိုးမဲ့ ကိစ္စများတွင် အချိန်ဖြုန်းရန်အတွက် အဘယ်မှာလျှင် အချိန်ပိုရှိနိုင်အံ့နည်း။

အကျိုးမရှိသော ကိစ္စများတွင် နစ်မွန်းနေသည်နှင့်အမျှ အကျိုးရှိသောကိစ္စများကို သယ်ပိုးဆောင်ရွက်နိုင်မည် မဟုတ်။ ဤသို့အကျိုးရှိသော ကိစ္စများကို မဆောင်ရွက်နိုင်ခြင်းမှာ ဆုံးရှုံးမှုပင် ဖြစ်သည်။ ဆုံးရှုံးစေသော အမှုကို ပြုခြင်းသည် မုအ်မင်န်၏အလုပ်မဟုတ်ပေ။
(ကုရ်အာန်အလင်းပြကျမ်း)
* မုစ်လင်မ်တိုင်းတွင် မိမိကို အလ္လာဟ်အရှင်မြတ်က ပေးထားသည့် အသက်၊ ခန္ဓာ၊ ကျန်းမာရေး၊ အချိန်၊ ပစ္စည်း၊ ဥစ္စာ၊ သားသမီး၊ ငွေကြေး၊ ပညာ စသည့်အရာတိုင်းကို မှန်ကန်စွာ အသုံးချရန် တာဝန်အပြည့်ရှိ၏။
* အသက်ရှင်နေစဉ် ရရှိပိုင်ဆိုင်ထားသည့် အရာတိုင်းသည် အမာနသ် (အပ်နှံထားသည့်အရာ) ဖြစ်၏။ ထိုအမာနသ်ကို မှန်ကန်စွာ သုံးစွဲရမည်ဖြစ်သည်။
* ယနေ့ကာလတွင် အချိန်ဖြုန်းရန် ပစ္စည်းကိရိယာမျိုးစုံ ပေါ်ထွက်နေသည်။ မုစ်လင်မ်တို့သည်လည်း ယင်းအရာများဖြင့် အချိန်ဖြုန်းနေကြ၏။ ယင်းအချိန်ဖြုန်းသည့် လုပ်ရပ်များသည် မိမိအတွက်လည်း အကျိုးမရှိသလို သူတပါးအတွက်လည်း အကျိုးမရှိသည်များသာ ဖြစ်၏။
* ထို့ကြောင့် မိမိ၏ လုပ်ဆောင်ချက်တိုင်းကို စိစစ် စဉ်းစားပါ။ လောကီအတွက် အကျိုးရှိသည့်လုပ်ရပ်လား၊ အာခိရသ်အတွက် အကျိုးရှိသည့်လုပ်ရပ်လား ၊ ကျန်းမာရေးအကျိုးပြုလား၊ လူသားထုကို အကျိုးပြုလား၊ ဒီးန်မှာ အကျိုးပြုလား၊ မိမိရဲ့ မိတ်ဆွေများကို အကျိုးပြုလားဟူသည်ကို သေချာစွာ စဉ်းစားပါ။
* အစ္စလာမ်တွင် ဖြုန်းတီးခြင်းကို လုံးဝခွင့်မပြုထားပေ။ ပိုက်ဆံဖြုန်းသည်ဖြစ်စေ၊ အချိန်ဖြုန်းသည်ဖြစ်စေ၊ လူသား၏စွမ်းအင်ကို မထိုက်သင့် မသင့်တော်သည့်နေရာတွင် ဖြုန်းသည်ဖြစ်စေ မည်သည့်ဖြုန်းတီးခြင်းကိုမှ ခွင့်မပြုထားပေ။ ဖြုန်းတီးသူသည် ရှိုက်သွာန်၏ ညီအစ်ကိုပင် ဖြစ်ပေသည်။
((ဤလင့်မှ ပြန်လည်မျှဝေနိုင်ပါသည်။
~ အလ်မုဖီးဒ် ~
ရဂျဗ်/ ၁၂/ ယောင်မုစ်စဗ်သိ(စနေနေ့)/ ဟစ်ဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ်၏ Link များ 
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။