Tuesday, September 8, 2015

ဒေါသအကြောင်း


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://www.facebook.com/almufeed.mm/posts/813065922147332:0

ဒေါသဟူသည် လူသား၏ နှလုံးသားထဲသို့ ရှိုက်သာန်ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်ပေသည်။ ဒေါသကြောင့် လူသား၏ ဉာဏ်အမြော်အမြင်သည် အားနည်းသွား၏။ ကလေးများသည် အချင်းချင်း ကစားဖော်ကစားဖက် ဖြစ်သကဲ့သို့ ရှိုက်သာန်သည်လည်း ထိုအချိန်၌ ၎င်းသူတို့နှင့် ကစားဖော်ဖြစ်လာသည်။

ရှိုက်သာန်သည် တမန်တော်မူစာ(အလိုင်ဟိစ္စလာမ်)ထံသို့ ရောက်ရှိလာစဉ်က အလ္လာဟ်အရှင်မြတ် ထံတော်ပါးတွင် ကျွန်တော်အမှားဝန်ချမှု ပြုလုပ်ရန်အတွက် လျှောက်ထားပေးပါ...ဟု တောင်းဆို၏။ တမန်တော်မူစာ(အလိုင်ဟိစ္စလာမ်)က တမန်တော်အာဒမ်၏ သင်္ချိုင်းကို စဂ်ျဒါဦးချမှု ပြုမှသာလျှင် အသင်၏ အမှားဝန်ချမှုကို အလ္လာဟ်အရှင်မြတ် လက်ခံတော်မူမည် ... ဟုမိန့်လိုက်သည်။ ထိုအခါ ရှိုက်သာန်က အဖြေပေးသည်မှာ ... အာဒမ်ကို အသက်ထင်ရှား ရှိခဲ့စဉ်ကပင် ကျွန်ုပ်သည် စဂ်ျဒါဦးမချခဲ့ပါ။ ယခုကွယ်လွန်သေဆုံးပြီးဖြစ်သော ဝိဉာဉ်မဲ့ အာဒမ်၏ခန္ဓာအား အဘယ့်ကြောင့် ဦးချမှုပြုရမည်နည်း ... ရှိုက်သာန်က တမန်တော်မူစာကို ဆက်ပြောသည်မှာ .... လူသားသည် ဒေါသအမျက်ထနေလျှင် ကျွန်ုပ်သည် ၎င်းသူ၏ခန္ဓာကိုယ်ထဲတွင် သွေးလှည့်ပတ်သကဲ့သို့ လှုပ်ရှားပြေးလွှားနေသည်ကို သတိပြုပါ။

 သူရဲကောင်း 
တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က ... တစ်ဦးတစ်ယောက်ကို နပန်းလုံး၍ လှဲချအနိုင်ယူလိုက်သူသည် သူရဲကောင်းမမည်ချေ။ ဒေါသအမျက်ထွက်ချိန် မိမိ၏ ဒေါသဟူသည့်စိတ်ရိုင်းကို ချုပ်တည်းနိုင်သူသာလျှင် သူရဲကောင်းမည်၏ .... ဟူ၍ သူရဲကောင်းအစစ်ကို ဖော်ညွှန်းမိန့်ဆိုထားပေသည်။ ဆိုလိုသည်မှာ လူ့စိတ်အတွင်းရှိ ဒေါသမီးက အခြားသူတို့ကို မလောင်မြိုက်မီ တားဆီးချုပ်တည်းနိုင်သူသည် သူရဲကောင်းတစ်ဦးပင် ဖြစ်၏။

 ဒေါသကိုမျိုသိပ်ရန် 
ဒေါသဟူသည့် စိတ်ဓါတ်ကို သူ့နေရာနှင့်သူအသုံးချပြီး မသုံးသင့်သည့်နေရာတို့တွင် မသုံးရန်အထူးဂရုစိုက်ကြိုးပမ်းရပေမည်။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်တွင် လူသုံးမျိုး၏ အရည်အချင်းသုံးမျိုးကို မိန့်ထားသည်မှာ .... {ဝလ်ကာဇွိမီးနလ် ဂိုင်းဇွ ဝလ်အာဖီးန အနင်န်နားစ် ဝလ်လာဟု ယုဟစ်ဗ်ဘုလ် မုဟ်စီနီးန်}
- ဝလ်ကာဇွိမီးနလ် ဂိုင်းဇွ ... ဒေါသကိုချုပ်တည်း မျိုသိပ်သူများ
- ဝလ်အာဖီးန အနင်န်နားစ် ... အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများ၏ အပြစ်ကို ခွင့်လွှတ်သူများ
- ဝလ်လာဟု ယုဟစ်ဗ်ဘုလ် မုဟ်စီနီးန် ... အပြစ်ကိုခွင့်လွှတ်ရုံမျှမက ကျေးဇူးတစ်စုံတစ်ရာပင် ပြုလိုက်သူများ၊ ယင်းသို့သောပုဂ္ဂိုလ်မွန်များကို အလ္လာဟ်အရှင်မြတ်သည် အထူးချစ်ခင်မြတ်နိုးတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ အထက်ပါမိန့်ခွန်းတော်တွင် ဝလ်ကာဇွိမီးနလ် ဂိုင်းဇွ ... အကြင်လူသားသည် ဒေါသကို မျိုသိပ်လိုက်ကြသည် ဟူ၍ လူသား၏ စိတ်အတွင်းရှိ ရောဂါဆိုးတစ်ခု၏ ကုထုံးကို ထည့်သွင်း မိန့်ကြားထားပေသည်။ ယင်းမိန့်ခွန်းမှ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ဒေါသကို ချုပ်တည်းသူ၊ မျိုသိပ်သူကို နှစ်သက်ကြောင်း သိရှိရပေသည်။

ဒေါသစိတ်သည် လူ့ဗီဇ၏အတွင်းဓာတ်ခံသဘောတွင် ပါဝင်သည့်အရာတစ်ခုဖြစ်သည်။ ဒေါသဓါတ်မရှိပါက လူသားသည် သူရဲဘောကြောင်သူ သတ္တိနည်းသူတစ်ဦးဖြစ်သွားပေမည်။ ဒေါသဓါတ်များပါကလည်း အတ္တကြီးသူဖြစ်ရပေသည်။ ထို့ကြောင့် လူ့စိတ်တွင်ရှိသော ဒေါသကို သုံးစွဲသည့်နေရာသည် မှန်ကန်ရမည်။ ဒေါသဟုဆိုရာတွင် စိတ်တိုတတ်ခြင်းသည် ထိပ်ဆုံးမှပါဝင်သည်။ ထို့အတူ ဘဝင်မကျခြင်း၊ သည်းခံနိုင်မှုနည်းခြင်း၊ အပြစ်မြင်ခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း စသည်တို့အားလုံးသည်လည်း ဒေါသဓါတ်မှ ပေါက်ဖွားလာသည့် စိတ်အမျိုးအစားများ ဖြစ်ပေ၏။ ၎င်းစိတ်တို့၏ အကျိုးဆက်အဖြစ် ခိုက်ရန်ဖြစ်ခြင်းများ၊ မလိုလားအပ်သည့် အညှိုးအတေးများမှစ၍ ခန္ဓာကိုယ်၏ ကျန်းမာရေးအထိ ထိခိုက်လာရပေသည်။ ထို့ကြောင့် ဒေါသဓါတ်ကို တရားသဘောနှင့်အညီ သုံးစွဲရပေမည်။

 ဒေါသစိတ်ကို အပြီးတိုင်ဖျောက်ရန် မလိုအပ်ခြင်း 
အလ္လာဟ်အရှင်မြတ်က ဒေါသကို ချုပ်တည်း မျိုသိပ်သူများဟု မိန့်ထား၏။ သဘောမှာ ယင်းဒေါသကို ဖျောက်ပစ်ရန် လုံးဝမရှိရန် ကြိုးပမ်းရန်မလိုအပ်။ မသုံးသင့်သည့်နေရာတွင် မသုံးစွဲရန်သာဖြစ်ပေသည်။ အကယ်၍ ဒေါသလုံးဝမရှိခဲ့ပါက ရန်သူနှင့် ရင်ဆိုင်သည့်အခါ မည်သို့ရင်ဆိုင်မည်နည်း။ ထိုသို့သောအခါမျိုးတွင် ဒေါသကို သုံးရမည်သာဖြစ်၍ ယှဉ်ချင်တဲ့သူရှိရန် ထွက်ခဲ့ဟု စိတ်ဓါတ်မာမာဖြင့် စိန်ခေါ်ရမည်သာဖြစ်၏။ ယခုဤနေရာ၌ အလ္လာဟ်အရှင်မြတ်မိန့်သည်မှာ မသုံးရမည့်အခြေအနေမျိုးတွင် လူသားသည် ဒေါသထွက်သော်လည်း ယင်းဒေါသစိတ်ကို မျိုသိပ်ချုပ်ထိန်းနိုင်ရန်ဖြစ်ပြီး ယင်းသို့ပြုမူသူကိုလည်း အလ္လာဟ်အရှင်မြတ်က နှစ်သက်သည်ဟု မိန့်ထား၏။ ထို့ကြောင့် ဒေါသစိတ်ကို အပြီးတိုင်ချေမှုန်းဖျောက်ပစ်ရန်မလိုအပ်ဘဲ မလိုအပ်မသုံးရမည့်နေရာတွင် ချုပ်ထိန်းမျိုသိပ်နိုင်ဖို့သာ လိုအပ်ပေသည်။

 ဒေါသအတွက်နေရာ 
ဝိဉာဉ်အထူးကုဆရာကြီးများက လမ်းညွှန်ပေးထားသည်မှာ ဒေါသကို မိမိကိုယ်ကျိုးအတွက် မသုံးစွဲရပေ။ ဥပမာ တစ်စုံတစ်ယောက်က မိမိကို မကောင်းပြောသည်နှင့် ပေါက်ကွဲ၍ ဒေါသူပုန်ထတော့၏။ တစ်ဦးဦးက ဒုက္ခပေးလိုက်သည်နှင့် သည်းခံခြင်းတရားကို အဝေးသို့လွှင့်ပစ်လိုက်ပြီး ဒေါသကို အသုံးချလိုက်သည်။ အိမ်သူအိမ်သားများအတွင်း မိသားစုအရေးကိစ္စ ညှိနှိုင်းရာတွင်လည်းကောင်း မိမိလက်အောက်ခံက ပြောသည့်အတိုင်း မလုပ်ဆောင်လျှင်သော်လည်းကောင်း ဒေါသကိုရှေ့တန်းတင်ကာ ဆောင်ရွက်မှုပြုကြသည်။ အမှန်မှာ ထိုသို့သော အရေးကိစ္စများတွင် ဒေါသကို သုံးစွဲရမည်မဟုတ်ဘဲ မျိုသိပ်ရမည်။ စိတ်ရှည်ရမည် ဖြစ်၏။ ဒေါသစိတ်ဓာတ်ကို ပြုပြင်လိုက်သည့်အခါ ထိုဒေါသသည်ပင် လမ်းကြောင်းပြောင်းသွားကာ အရှင်မြတ်၏ အမိန့်ဖီဆန်မှုအပေါ် ဒေါသဖြစ်လာသည်။ အရှင့်ရန်သူတို့ကိုသာ အမုန်းထားတော့သည်။ မိမိစိတ်ရိုင်းက မကောင်းမှုဆောင်ရွက်လိုလျှင် ဒေါသကို အသုံးချ၍ .. ဟေ့စိတ် !! မင်းကို ငါ ဒုစရိုက်လုပ်ခွင့် လုံးဝမပေးနိုင်ဘူး ဟူ၍ ဒေါသဓါတ်ရှိသော်ငြားလည်း ကောင်းသောလမ်းကြောင်းသို့ ပြောင်းလိုက်သည့်အခါ ယင်းဒေါသသည် ချစ်ခင်နှစ်သက်ဖွယ် ဖြစ်သွားရတော့သည်။

 ဒေါသစိတ် ရှိနေရမည့်သဏ္ဍာန် 
ပမာပြရသော် သခင်က အမဲလိုက်ခွေးကို ပြေးခိုင်းလျှင် အပြေးအလွှားပြေး၍ တစ်ဦးတစ်ယောက်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် မတွန့်မဆုတ် တိုက်ခိုက်မည်။ ထိုသို့မဟုတ်က ယင်းခွေးသည် တိတ်တဆိတ် ထိုင်၍သာ နေလေသည်။ အမျက်ဒေါသသည်လည်း ဤအခြေအနေအတိုင်းသာ ရှိရပေမည်။

 ဒေါသမျိုသိပ်လျှင် ရရှိမည့် ဆုလာဘ်များ 
တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်၏ သြဝါဒတော်များ၌ ဒေါသမျိုသိပ်လျှင် ရရှိမည့်ဆုလာဘ်များကို ဖော်ပြမိန့်ထားပေသည်။
ပထမသြဝါဒတော် … အကြင်သူသည် တုံ့ပြန်နိုင်စွမ်းရှိပါလျက် ဒေါသမျိုသိပ်ခဲ့ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏နှလုံးသားအား အီမာန်နှင့် တည်ငြိမ်မှုဖြင့် ဖြည့်စွက်ပေးတော်မူမည်။ အလိုသဘောမှာ လူတစ်ဦးသည် အခြားတစ်ဦးအပေါ် ဒေါသထွက်ခဲ့ပြီး ဒေါသအလျှောက် စိတ်ရှိသရွေ့ပြုနိုင်သော်လည်း အရှင်မြတ်၏ ကြောက်စိတ်ဖြင့် ဒေါသမျိုသိပ်ခဲ့သော် အရှင်မြတ်သည် ၎င်းသူ၏နှလုံးသားကို တည်ငြိမ်မှု၊ အေးချမ်းမှုနှင့် အီမာန်ကို အစားထိုးပေးလိုက်မည်။ ဤသည်ကား ဒေါသမျိုသိပ်ခြင်း၏ ကြီးမားသောဆုလာဘ်ပင် ဖြစ်သည်။ သူတော်စင်တို့က … ဒေါသမျိုသိပ်သူအတွက် ယင်းဒေါသဓါတ်တို့သည် (နူးရ်)လင်းဝင်းသောရောင်ခြည်အဖြစ် ပြောင်းလဲသွားသည်ဟု မိန့်ထားသည်။

ဒုတိယသြဝါဒတော် … အကြင်သူသည် မိမိ၏ဒေါသကို ချုပ်တည်းခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့တွင် မိမိ၏ပြစ်ဒဏ်ကို ၎င်းသူအတွက် ထိန်းချုပ်တော်မူမည်။ သိသာထင်ရှားလှသည်မှာ ဒေါသကို ချုပ်တည်းသောကိစ္စသည် လွယ်ကူသည်မဟုတ်ပါ။ ယင်းသို့ပြုနိုင်သောသူသည် အရှင့်အတွက် ထိုခက်ခဲမှုကို ခံယူခြင်းဖြစ်ပေရာ ယင်းစိတ်ဓါတ်ချိုးနှိမ်မှုအစား ဤမျှကြီးမားသောဆုလာဘ်ချီးမြှင့်ခြင်း ဖြစ်သည်။ **ဤသို့သောစိတ်ဓါတ်ကို တည့်မတ်ပြုပြင်နိုင်ရန် အလ္လာ့ဟ်အချစ်တော်များအသိုင်းအဝိုင်း၏ ဘရကသ်ဖြင့် လွယ်ကူမှုရသည်။

 ဒေါသ၏ဖျက်ဆီးမှု 
ပျားရည်ကို ဆေးခါးကြီးက ဖျက်ဆီးသကဲ့သို့ပင် ဒေါသသည်လည်း အီမာန်ကိုဖျက်ဆီးရာတွင် အလွန်ပင်အစွမ်းထက်လှသည်။ ဆေးခါးကြီးဟူသည် အလွန်မှပင်ခါးသော ဆေးတစ်မျိုးဖြစ်၏။ ၎င်းကို ထောင်းနေလျှင် အဝေးမှပင်ပါးစပ်မှ အခါးဓါတ်ရနေသည်။ တစ်အောင်စခန့်ရှိသောပျားရည်တွင် ယင်းဆေးခါးအနည်းငယ်မျှထည့်ရုံဖြင့် ပျားရည်အားလုံးခါးသွားမည်။
ထိုနည်းအတိုင်းပင် ဒေါသသည် အီမာန်၏ချိုမြိန်သော အရသာကိုခါးသက်စေသည်။ ဒေါသရှင်တို့သည် အလ္လာအရှင်မြတ်ကို ချစ်ခင်ခြင်း၏အရသာ၊ ခဝပ်မှု၏အရသာ၊ သိလာဝသ်၏အရသာ စသည့်အရသာများ ခံစားရမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ၎င်းဒေါသသည် အီမာန်၏ထူးမြတ်မှုနှင့် လင်းဝင်းမှုတို့ကို ဖျက်ဆီးပစ်လိုက်သောကြောင့် ဖြစ်သည်။

 ရှိုက်သာန်အတွက်တံခါးပေါက် 
တမန်တော်မြတ်ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်က ဒေါသ၏ပင်ရင်းနှင့် အစိတ်အပိုင်းတို့သည် မီးမှဖြစ်ကြောင်းဤသို့ ဖော်ညွှန်းမိန့်ဆိုထားသည်။ … ဒေါသကို ရှောင်ကြဉ်ကြ၊ ဒေါသသည် မီးဖြစ်သောကြောင့် အာဒမ်၏သားသမီးများ (လူ)၏ စိတ်နှလုံးတွင် တောက်လောင်စေ၏။ ..ဆက်လက်မိန့်သည်မှာ ဒေါသထွက်သူ၏ အကြောများထောင်၍ မျက်လုံးများ နီမြန်းနေသည်ကို အသင်တို့ မမြင်ကြပါ၏လော၊ ဤသည်မှာ အမှန်ပင် နှလုံးသားအတွင်း တောက်လောင်နေသောမီးဖြစ်သည်။ ရဲရဲတောက်၍နေသည်က ပထမအထောက်အထားဖြစ်၍ အကြောများထောင်နေသည်က ဒုတိယအထောက်အထားပင် ဖြစ်၏။
ဆိုလိုသည်မှာ ဒေါသသည် မီးဖြစ်၍ ရှိုက်သာန်သည် မီးမှဖြစ်သောကြောင့် လူသည်ဒေါသကိုအကြောင်းပြု၍ ရှိုက်သာန်စိတ်ဝင်ရောက်ကာ ရှိုက်သာန်လုပ်ရပ်များ လုပ်ရန် မခဲယဉ်းတော့ပါ။ ထို့ကြောင့် မူစာနဗီနှင့် ရှိုက်သာန်တွေ့စဉ်က လူသားသည် ဒေါသအမျက်ထနေလျှင် ကျွန်ုပ်သည် ၎င်းသူ၏ခန္ဓာကိုယ်ထဲတွင် သွေးလှည့်ပတ်သကဲ့သို့ လှုပ်ရှား ပြေးလွှားနေသည်ကို သတိပြုပါဟု ရှိုက်သာန်က ပြောပြခြင်းဖြစ်၏။

 ဒေါသကိုကုသရန် 
[၁] တရားကျင့်မှုဖြင့် ဒေါသကိုချိုးနှိမ်ရမည်။ ချိုးနှိမ်ရမည့်သဘောမှာ လုံးဝမကျန်ရှိရန် အမြစ်မှလှန်လိုက်ခြင်းမဟုတ်ဘဲ ဖြစ်ပေါ်လာသည့် စိတ်ဓါတ်ကို ထိန်းချုပ်ရန်ဖြစ်၏။ ဒုစရိုက်သမားများ၊ တရားသစ်တီထွင်သူတို့၏ အစ္စလာမ်နှင့်ဆန့်ကျင်သည့် စကားရပ်လုပ်ရပ်များကို မနှစ်မြို့ခြင်းကို ထုတ်ဖော်ရမည်။ သဘောမှာ ရှရီအသ်ကိုဆန့်ကျင်နေခြင်း၊ ပြစ်မှုဒုစရိုက်များကျူးလွန်ခြင်းနှင့် မကောင်းသည့်လိုအင်ဆန္ဒများကို တားမြစ်ရာတွင် ဒေါသကိုအသုံးချပါ။

[၂] အသိပညာဖြင့် ကုစားခြင်း။ ဒေါသထွက်သည့်အချိန် ဘာ့ကြောင့်ဒေါသဖြစ်ရသည်ကို စဉ်းစားပါ။ မိမိစိတ်ကြိုက်ဖြစ်မလာရခြင်းကြောင့် ဒေါသထွက်နေလျှင် အသိဉာဏ်ပျောက်နေသည့်လုပ်ရပ်သာဖြစ်သည်ဟု သိမှတ်ရမည်။ မုစ်လင်မ်သည် အကြောင်းကိစ္စရပ်အားလုံးသည် အလ္လာဟ်အရှင်မြတ်အမိန့်ကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ထားသူဖြစ်ရာ ယခု မိမိဆန္ဒနှင့် မကိုက်ညီ၍ ဒေါသူပုန်ထနေခြင်းသည် စင်စစ်တွင် မည်သူ့ကို ဒေါသူပုန်ထနေခြင်း ဖြစ်ဘိသနည်း။

[၃] ကျင့်စဉ်ပိုင်းဆိုင်ရာ ကုစားနည်း။ ဒေါသထွက်နေချိန် ဤဒုအာကို ရွတ်ဆိုပါ။ "အအူးဇု ဗိလ်လာဟိ မိနရှ် ရှိုင်သွားနိရ်ရဂျီးမ်"

[၄] လုပ်ရပ်ဖြင့် ကုစားနည်း။ ဒေါသဖြစ်သူနှင့် ခပ်ဝေးဝေးရှောင်ပါ။ ကိုယ်တိုင်ဒေါသဖြစ်နေလျှင် ရေအေးသောက်ပါ။ ဝုဇူပြုပါ။ မိမိဆန္ဒနှင့် မကိုက်ညီသဖြင့်၊ သို့မဟုတ် ချမှတ်ထားသည့် စည်းကမ်းကို မလိုက်နာသဖြင့် ဒေါသတကြီးအော်ဟစ်ကြိမ်းမောင်းနေပြီး ကလဲ့စားချေရန်၊ ဒေါသအလျောက်ပြုမူရန်စိတ်များဖြစ်နေလျှင် ချက်ခြင်းစဉ်းစားလိုက်ပါ။ အလ္လာ့ဟ်အမိန့်ကို ကျွန်ုပ်မည်မျှနာခံခဲ့ပြီး မည်မျှဖီဆန်ခဲ့သနည်း။ ကိယာမသ်နေ့ အလ္လာ့ဟ်၏အမျက်ဒေါသနှင့် အရေးယူမည့်ကိစ္စကို တွေးတောပါ။

 ဒေါသလျော့နည်းရန် ကျင့်စဉ်တစ်ရပ် 
နမားဇ်ပြီးတိုင်း ဗိစ်မိလ်လာ ဟိရ်ရဟ်မာန် နိရ်ရဟီးမ် ကို (၂၁)ကြိမ်ဖတ်၍ မိမိကိုယ်ကိုယ် မန်းမှုတ်ပါ။ အစားစားချိန်တွင် ရေနှင့်အစာကို (၃)ကြိမ်မန်းမှုတ်ပါ။ ဤသို့ကျင့်ကြံခြင်းဖြင့် အလ္လာဟ်၏ရဟ်မသ်တည်းဟူသော နေမင်းသည် ဖတ်ရွတ်သူအပေါ် မိမိ၏အလင်းတန်းကို ဖြန့်ဝေပေးလိမ့်မည်။ ရဟ်မသ်၏အလင်းတန်းအချို့ကို ရရှိခြင်းဖြင့် အင်န်ရှာအလ္လာဟ် ဒေါသငြိမ်းအေးလာပေမည်။ မသုံးသင့်သည်နေရာတွင် ဒေါသမထွက်တော့ပါ။ ၂၁ ကြိမ်မရလျှင် ၇ကြိမ်ဖတ်ပါ။ ထိုမျှလည်းမအားလျှင် သုံးကြိမ်ဖတ်ပါ။

အချုပ်ဆိုရသော် ရှိုက်သာန်သည် လူ့စိတ်၏ပင်ကိုယ်ဗီဇတွင်ပါဝင်သည့် စိတ်ဓါတ်တို့ကို အစ္စလာမ့်ကတားထားသည့်နေရာများ၊ ပြစ်မှုဖြစ်မည့်နေရာတို့တွင် အသိတရားလက်လွတ်၍ အလ္လာဟ်အမိန့်ဖီဆန်မှုဖြစ်သွားရန် စေ့ဆော်ပေးလေးသည်။ အရှိန်တက်လာအောင် ဆွပေးသည်။ အသိဉာဏ်က မထိန်းနိုင်အောင် စိတ်ကို ပြင်းထန်အောင်ပြုပေးသည်။ အဆုံးတွင် လူသားသည် ပြင်မရတော့သည့် အမှားများကိုပြုလုပ်၍ လောကတွင်လည်း မိမိကိုယ်ကိုယ် သိက္ခာကျစေလိုက်သည်။ သေပြီးနောက်တွင်လည်း အကျိုးယုတ်အောင်ပြုလိုက်သူ ဖြစ်ရလေတော့သည်။ ထိုသို့သော အမှားများကို မကျူးလွန်မိစေရန် အသိနှင့် သတိကိုလက်ကိုင်ပြုကာ ဝိဉာဉ်ကုသမားတော်များ၏ ဆေးနည်းများကို အမြဲပင်မှီဝဲ၍ ရှိုက်သာန်ကိုတွန်းလှန်ရမည်သာ ..... ဖြစ်ပေသည်။

[မော်လာနာရဖီးက်အဇီဇီ ဘာသာပြန်ဆိုသည့် ဒေါသကုထုံး၊ ကမ္ဘာကျော်ဝိညာဉ်အထူးကုကျမ်းနှင့် အစ္စလာမ့်ရှုထောင့် ဂျင်န် ရှိုက်သွာန်လောက စာအုပ်တို့ကောက်နှုတ်၍ ဆီလျော်အောင် ပြန်လည်တင်ဆက်ပါသည်။]

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/ ၄/ ယောင်မွလ်ခမီးစ်/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ်၏ Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။