Tuesday, September 8, 2015

နှလုံးသားအတွင်းသို့ ရှိုက်သွာန်ဝင်ရောက်သော သူခိုးတံခါးပေါက်များ


((မိမိတို့၏ မိတ်ဆွေများကို အောက်ပါလင့်မှ ရှဲပေးနိုင်ပါသည်။

ကမ္ဘာကြီး၏ သာယာစိုပြေမှုအတွက် လူသားသည် အဓိကကျပေသည်။ လူသားတစ်ဦး၏ သာယာစိုပြေမှုအတွက် နှလုံးသည် အဓိကကျ၏။ လူတစ်ယောက် ကိုယ်ခန္ဓာတစ်ခုလုံးကောင်းမွန်နေပြီး သူ့၏နှလုံး အလုပ်မလုပ်တော့လျှင် ထိုလူကို စည်းကားသိုက်မြိုက်သည့် လူ့အသိုင်းအဝိုင်းတွင် မထားတော့ပေ။ သေသူဟုခေါ်၍ သက်ဆိုင်ရာ နေရာသို့ အမြန်ပင်ပို့ဆောင်ပေးလိုက်သည်။

နှလုံးသည် ရှင်ခြင်းတရားနှင့် သေခြင်းတရားကို ခွဲခြားသည့် အရာတစ်ခုဖြစ်သလို ရှင်နေစဉ်၏ အရေးကိစ္စအားလုံးသည်လည်း ၎င်းနှလုံးအပေါ်တွင် မူတည်ပေသည်။ နှလုံးဟူသည် စိတ်၊ ခံစားချက်၊ လိုလားချက်တို့ စတင်ဖြစ်ပေါ်ရာနေရာဖြစ်သည်။ ယင်းနှလုံးတွင်ဖြစ်သည့် စိတ်နေသဘောအတိုင်း ဦးနှောက်မှ ဆက်လက်တွေးခေါ်ကာ လက်ခြေနားမျက်စိတို့မှ ဆက်လက်၍ ဖြစ်လိုသောအကြောင်းအရာကို အကောင်အထည်ဖော်ပေးသည်။

ကျန်းမာရေးတွင် နှလုံးကျန်းမာလျှင် လူချမ်းသာပင်ဖြစ်၏။ သဘောမှာ ကျန်းမာရေးကဏ္ဍတွင် နှလုံးသည် အခရာပင်ဖြစ်ပေသည်။ သွေးတို့စီးဆင်းလည်ပတ်ရာ အဓိကဌာနချုပ်ဖြစ်၏။ ထို့အတူ စီးပွားရေးတွင်လည်း နှလုံးသည် ရင်းမြစ်ဖြစ်၏။ နှလုံးမှဖြစ်ပေါ်သည့် စိတ်တွင် အများကောင်းကျိုးလိုလားလျှင် ရလဒ်ဖြစ်သည့် စီးပွားရေးသည်လည်း အများကို အကျိုးပြုမည်။ နှလုံးမှဖြစ်သည့် စိတ်သည် ကိုယ့်ကောင်းကျိုးသာ လိုလားပြီး တခြားသူဖြစ်ချင်ရာဖြစ်ဟူသည့် စိတ်ရှိပါကလည်း ၎င်း၏ရလဒ်အဖြစ် ကျန်ရှိလူအများက ဆိုးကျိုးခံစားရမည်။ နိုင်ငံရေးတွင်လည်း နှလုံးသည် အလွန်ကိုအရေးပါ အရာရောက်သော ကဏ္ဍမှ ပါဝင်သည်။ မိမိအုပ်ချုပ်သည့်တိုင်းပြည်ကို မည်သို့ဖြစ်စေချင်၍ အုပ်ချုပ်ခံပြည်သူကို အဘယ်ပုံဖြစ်စေလိုခြင်းသည် အုပ်ချုပ်နေသူ၏ နှလုံးအတွင်းမှ ဖြစ်လာသည့် စိတ်အပေါ် အခြေခံပေသည်။ အိမ်ထောင်ရေးတွင်လည်း ဇနီးမောင်နှံ ချစ်ကြည်ပြေလည်နေပါက ကျန်ကိစ္စအားလုံး ဘဝင်ကျနေမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးကြား စိတ်မတိုက်ဆိုင်မှုများ ဖြစ်လာလျှင်တော့ အသံတိတ်စစ်တိုက်မှုများမှစ၍ ပန်းကန်ပြားပျံပွဲများအထိ တွေ့ရှိရတတ်သည်။ ဤသည်လည်း နှလုံးသားစတင်သည့် အရာများပင်။ ဘာသာရေးတွင် နှလုံးသား၏ စိတ်ထားမှန်ကန်ပြည့်ဝမှုကို အပြည့်အဝပင်ဦးစားပေးထား၏။ လူတစ်ယောက် ကောင်းမှုတော့ပြုသည်။ သို့သော်စိတ်ထားက ကြွားဝါလိုခြင်းဖြစ်လျှင် ၎င်းသူအတွက် ရလဒ်မဲ့ပင်ဖြစ်၏။ ဘာသာတရားကို နှုတ်ကတော့သက်ဝင်သည်။ သို့သော်စိတ်ထဲမှ စိုးစေ့မျှမယုံကြည်လျှင်လည်း ဘာမှအသုံးမဝင်ချေ။ ဤသည်အားလုံးတို့သည် ခန္ဓာကိုယ်အတွင်းမှ အသားစိုင်တစ်ခုဖြစ်သော နှလုံးနှင့် ယင်းနှလုံးမှဖြစ်ပေါ်သည့် စိတ်ဆန္ဒတို့အပေါ် မူတည်နေသည်။

စိတ်ဆန္ဒမှ ကောင်းသည့်အရာဖြစ်လျှင် လက်တွေ့တွင် ကောင်းခြင်းများဖြစ်ပြီး မကောင်းသည့်အရာကို စိတ်ဆန္ဒမှဖြစ်လျှင် မကောင်းခြင်းများ ဖြစ်လာပေမည်။ ယင်းစိတ်၏ နှလုံးအတွင်းသို့ မကောင်းခြင်းတို့သည် မည်သည့်အကြောင်းခံဖြင့်ရောက်လာသနည်း။

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ကမ္ဘာ့နောက်ဆုံးကောင်းကင်ကျကျမ်းဖြစ်သော ကုရ်အာန်ထဲတွင် "လူသားတို့၏ အကြီးဆုံးသော ရန်သူမှာ ရှိုက်သာန်(စေတန်)ပင်ဖြစ်၏" ဟု နေရာပေါင်းများစွာ၌ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သတိပေးမိန့်ထားပေသည်။ တစ်နည်းဆိုရသော် ရှိုက်သာန်သည် မဟာလူသားတို့ကို အကြီးမားဆုံးဒုက္ခပေးသည့် အဖျက်အင်အားစုပင် ဖြစ်၏။ ထိုရှိုက်သာန်သည် လူသားတို့ကို နှောက်ယှက်ဒုက္ခပေး၍ လမ်းမှားသို့တွန်းပို့ရာ၌ အစွမ်းကုန်အင်အားသုံးခွင့်ကိုလည်း ရရှိထားသည်။ ရှိုက်သာန်သည် လူ့ခန္ဓာ၏ အဓိကသော့ချက်ဖြစ်ပြီး နောင်တမလွန်၌ ခံစားစံစားရမည့်အရာများကို လုပ်ဆောင်ရန် တွန်းအားပေးမည့် နှလုံးသား ဟူသည့် အသားစိုင်အတွင်းသို့ ခိုးဝင်ကာ လူ့၏လုပ်ဆောင်ချက်တို့ မှားယွင်းပျက်စီးသွားစေရန် ကြံဆောင်အားထုတ်လေသည်။

နှလုံးသားအတွင်းသို့ ရှိုက်သာန်ခိုးဝင်နိုင်မည့် တံခါးပေါက်များရှိလေသည်။ မည်သို့သော အကြောင်းကိစ္စတို့သည် ရှိုက်သာန်ဝင်နိုင်သည့် တံခါးသဖွယ် ဖြစ်သွားရသနည်းဟူသည်ကို "အစ္စလာမ့်ရှုထောင့် ဂျင်န် ရှိုက်သွာန်လောက" စာအုပ်၌ပါရှိသော "နှလုံးသားအတွင်းသို့ ရှိုက်သွာန်ဝင်ရောက်သော သူခိုးတံခါးပေါက်များ" အခန်းတွင် ရှင်းလင်းစွာ ရေးသားပေးထားသည်။ စာဖတ်သူအနေဖြင့် ထိုသူခိုးတံခါးပေါက်များကို သိရှိထားပါက မိမိ၏နှလုံးသားကို ရှိုက်သာန်အဖျက်သမား၏ရန်မှ လုံခြုံစွာထိန်းသိမ်းကာကွယ်နိုင်ပေမည်။ နှလုံးသားသည် ရှိုက်သာန်အဖျက်သမား၏ သွေးထိုးနှောင့်ယှက်မှုမှ ကင်းလွတ်သွားလျှင် အလ္လာဟ်အရှင်နှင့်နီးစပ်မှုအပါအဝင် ကျန်ရှိသည့် စိတ်နှလုံးသားနှင့်သက်ဆိုင်သည့် ကိစ္စရပ်အားလုံးတွင် အောင်မြင်မှုကို ဆွတ်ခူးရန် တတ်လှမ်းနိုင်မည် ဖြစ်ပေသည်။

နှလုံးသားအတွင်းသို့ ရှိုက်သွာန်ဝင်ရောက်သော တံခါးပေါက်များမှာ .......
(၁) မနာလိုဝန်တိုခြင်းနှင့် လောဘ
(၂) ဒေါသနှင့် တဏှာစိတ်
(၃) ဝမ်းဗိုက်အပြည့် စားသောက်ခြင်း
(၄) အလှအပ ပစ္စည်းများဖြင့် လှည့်ဖျားမှု
(၅) ရာထူးဂုဏ်သိက္ခာကို မက်မော၍ ၎င်းကို ပိုင်ဆိုင်လိုစိတ်
(၆) သံသယကြောင့် အသိတရား ကင်းမဲ့မှုဖြစ်ခြင်း
(၇) ပစ္စည်းဥစ္စာများနှင့် လောကစည်းစိမ်များကို မက်မောစိတ်
(၈) စဉ်းစားဆင်ခြင်မှုလွန်ကဲစေခြင်း ..... တို့ဖြစ်သည်။
တစ်ခုခြင်း၏ အကျယ်ရှင်းပြခြင်းတို့ကို အင်န်ရှာအလ္လာဟ် ဆက်လက်တင်ဆက်သွားပါမည်။

အလ်မုဖီးဒ်
ရှောက်ဝါလ်/ ၂၆/ ယောင်မွလ်အရ်ဗာအ်/ ဟိဂ်ျရီ ၁၄၃၆

အလ်မုဖီးဒ်၏ Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။