Tuesday, September 8, 2015

တဏှာစိတ်အကြောင်း


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်သည်။
https://www.facebook.com/almufeed.mm/posts/817478041706120:0

နှလုံးသားအတွင်းသို့ ရှိုက်သာန်ဝင်သည့် သူခိုးတံခါးပေါက်များအနက်မှ တံခါးတစ်ခုမှာ တဏှာပင်ဖြစ်ပေသည်။ တဏှာဟူသည် လူ၏ပင်ကိုယ်တွင် ပါရှိသော စိတ်တစ်မျိုးဖြစ်သည်။ ထိုနည်းတူ ဒေါသစိတ်၊ လောဘ၊ မောဟ၊ မနာလိုမှု၊ စားခြင်း၊ သောက်ခြင်းနှင့် မေထုံမှီဝဲခြင်း စသည်တို့သည်လည်း လူတွင်ပါရှိပြီးသား စိတ်များပင် ဖြစ်၏။ ရှိုက်သာန်သည် လူသား၏ ပင်ကိုယ်တွင်ပါရှိသော ယင်းစိတ်တို့ကို များပြားပြင်းထန်လာအောင် လှုံဆော် နှိုးဆွပေးလေသည်။ လူသားတွင် ထိုရှိုက်သာန်၏ ထိုးဆွမှုကို ခံနိုင်ရည်ရှိသော ကာကွယ်ဆေးများ မှီဝဲထားခြင်း၊ မိမိ၏ စိတ်ကို ရှိုက်သာန်၏ရန်ပြုမှုမှ လုံခြုံစွာကာထားပေးနိုင်သည့် ခံတပ်တို့မရှိခဲ့ပါမူ ယင်းလူသားသည် စိတ်၏ပြင်းထန်မှုကို ထိန်းကွပ်မထားနိုင်တော့ဘဲ အမှား၏ မှောင်မိုက်သောလမ်းသို့ မျက်ကမ်းပမာ တိုးဝင်သွားလေတော့သည်။ နောက်ဆုံး အလ္လာဟ်အရှင်မြတ်သခင် မနှစ်မြို့၊ တားမြစ်ထားသည့် ပြစ်မှုများကို ကျူးလွန်လေတော့သည်။

ရှိုက်သာန်၏ အဓိကရည်ရွယ်ချက်မှာ လူသား၏ နှလုံးသားအတွင်းသို့ အီမာန်မရောက်ရန်နှင့် နှလုံးသားအတွင်း ရှိပြီးသား အီမာန်ကို ထုတ်ယူရန်ဖြစ်သည်။ ရှိုက်သာန်က မိမိရည်ရွယ်ချက်ပြည့်ဝရန် နည်းမျိုးစုံသုံး၍ လူသားကို ဖျက်ဆီးနှောက်ယှက်သည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကမ္ဘာဦးအစကျမ်းမှ နောက်ဆုံးကျမ်းချုပ်ဖြစ်သော ကုရ်အာန်အထိ ရှိုက်သာန်သည် အသင်လူသားတို့၏ ကြီးမားသောအထူးရန်သူကြီးပင် ဖြစ်၏ဟု အထပ်ထပ်အခါအခါ သတိပေးထားသည်။ အလ္လာဟ်အရှင်မြတ်ဘက်မှ ရွေးချယ်စေလွှတ်သော တမန်တော်တိုင်းသည်လည်း ဤရှိုက်သာန်၏ ရန်ပြုမှု နည်းအသွယ်သွယ်တို့ကို လူသားတို့သတိပြုနိုင်ရန်အတွက် ဖော်ဆောင် မိန့်ကြားခဲ့သည်။ ရှိုက်သာန်၏ ရန်ပြုနှောင့်ယှက်မှုတို့ကို ဆန့်ကျင်၍ အလ္လာ့ဟ်အချစ်ကို ရရှိသွားသည့် သူတော်စင်များကလည်း ကျန်သူတို့ စံစားနိုင်ရန်အလို့ငှာ ဆေးနည်းများ၊ ကာကွယ်နည်း၊ ခုခံနည်းများကို ကျမ်းအသွယ်သွယ်တို့တွင် ရေး၍တဖုံ၊ သိသမျှကို ပြော၍တလှည့်ဖြင့် ကျွန်ုပ်တို့ ရလဒ်ကောင်းထွက်ရန် နည်းလမ်းများ ချပြပေးခဲ့သည်။ သို့ရာတွင် ငမိုက်သား ကျွန်ုပ်တို့မှာမူ မျက်ကန်း တစ္ဆေမကြောက်ဆိုသကဲ့သို့ပင် မည်မျှပင်ကြီးကျယ်သူတို့က မည်သို့ပင်ပြောနေပါစေ ကြားရစကား နားဝတွင်သာထား၍ နှလုံးမမူ အာရုံမစိုက် စုံလုံးကန်းနေကြသည်မှာ ယနေ့အထိပင်။

ရှိုက်သာန်က မိမိအဓိကလိုလားသည့် အီမာန်မဝင်ရန်နှင့် အီမာန်ထွက်ရန်အချက်နှစ်ရပ်ကို ပြုမူရန်အတွက် လူ့ခန္ဓာကိုယ်၏ အဓိကအစိတ်ပိုင်းဖြစ်သော နှလုံးသားကို အသုံးချထားပေသည်။ နှလုံးဟူသည် လောကီ လောကုတ္တရာနှစ်ခုစလုံးအတွက် အဓိကပင်ဖြစ်သည်။ နှလုံးကျန်းမာ လူချမ်းသာပင်ဖြစ်ပေသည်။ နှလုံးကျန်းမာခြင်းဟူသည် လောက၏ ကျန်းမာရေးသာမကဘဲ လောကုတ္တရာအတွက်ပါ ကျန်းမာမှာသာလျှင် စစ်မှန်သည့် ချမ်းသာခြင်းမည်ပေသည်။ လောကတွင် နှလုံးကျန်းမာရန်အတွက် ကျွန်ုပ်တို့ ရှိရှိသမျှ ဓနငွေကြေးအကုန်ပေး၍ ဆေးရုံအစုံသို့ လိုက်လံပြသနေကြသည်။ ဓာတ်စာများ မှီဝဲ၏။ လောကီ၏ နှလုံးရောဂါနှင့် မတည့်သည့်အစာဆိုလျှင် မည်မျှပင် အသက်ထွက်အောင် နှစ်သက်နေပါစေ။ အသက်ရှည်ရန် လုံးဝမထိမတို့တော့ပေ။ ကျွန်ုပ်တို့ မေ့နေသည်မှာ လောက၏ နှလုံး မည်သို့ပင်ကျန်းမာ၍ မည်မျှပင်အသက်ရှည်နေပါစေ။ တစ်နေ့တစ်ချိန်ကျလျှင်တော့ဖြင့် ယင်းနှလုံးသည် မုချရပ်သွားမည်သာဖြစ်၏။ လောကုတ္တရာ၏ နှလုံးမှာမူကား အဆုံးမရှိသော သက်တမ်းတစ်ခုပင်ဖြစ်သည်။ ထိုသက်တမ်းတွင် ရရှိမည့်နှလုံးသည် ကျန်းမာရေးကောင်းမွန်နေရန် ကျွန်ုပ်တို့ မည်မျှကုသပြီးပါသနည်း။ လောကုတ္တရာ၏ နှလုံးအတွက် မည်သည့်အထူးကု၊ ဆေးခန်း၊ ဆေးဝါးများ၊ ဆောင်ရန် ရှောင်ရန်တို့ကို လိုက်နာကျင့်သုံးပြီးပါသနည်း။ လောကုတ္တရာ၏ နှလုံးအတွက် အားဆေးကို အဘယ်မျှသောက်သုံးပြီးပါသနည်း......။ အလ္လာဟ်အရှင်မြတ်၏ မဟာကျေးဇူးတော်များအနက်မှ ကျေးဇူးတစ်ရပ်မှာ ကျွန်ုပ်တို့မမြင်ရသည့် လောကုတ္တရာသည် မည်သို့ရှိမည်ကို ကိုယ်တော်တိုင် ပြောပြထားသည်။ ယင်းလောကုတ္တရာအတွက် မည်သို့သော ဆောင်ရွက်ချက်တို့က အသုံးဝင်၍ အဘယ်သို့သော လုပ်ဆောင်မှုတို့က အသင့်၏ လောကုတ္တရာကို အကျည်းတန်စေမည်တို့ကိုလည်း အသေးစိတ်ပင် မိန့်ထားပေးသည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်ဆိုင်ရမည့် လောကုတ္တရာကို မိမိတို့၏လုပ်ရပ်တို့ဖြင့် အကျည်းတန်စေသလား သို့မဟုတ် လှပနေစေသလားဆိုသည်ကို ကိုယ်တိုင်ဆင်ခြင်သင့်လှပေသည်။ ဤဆင်ခြင်မှုက အသင့်၏လောကုတ္တရာ တစ်နည်း မနက်ဖြန်ဘာဖြစ်မည်ကိုမသိသည့် အသင့်၏အနာဂတ်ကို အထူးပင်အကျိုးပြုပေလိမ့်မည်။
တမန်တော်မြတ် မုဟမ္မဒ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က လူ၏ခန္ဓာကိုယ်တွင် အသားတုံးတစ်တုံးရှိသည်။ ထိုအသားတုံးက အလ္လာဟ်ချစ်စိတ်ကြောက်စိတ်ဖြင့် အီမာန်အပေါ်တွင် မှန်ကန်စွာရှိနေပါက ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မှန်ကန်မှု၏လမ်းကြောင်းပေါ်တွင် ရှိနေမည်ဖြစ်ပြီး ထိုအသားတုံး ပျက်စီးသွားပါက ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားမည်ဖြစ်သည်။ ယင်းအသားတုံးသည် နှလုံးသားပင် ဖြစ်ပေသည် ဟု မိန့်ကြားထားသည်။ သဘောမှာ လူတွင် အဓိကမှာ နှလုံးသားဖြစ်ပြီး လူသား၏ အောင်မြင်ခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်း၏ တံခါးပေါက်သည်လည်း ဤနှလုံးသားပင်ဖြစ်သည်။ ထို့ကြောင့် စာရှုသူအနေဖြင့် မိမိနှလုံးသားသည် မှန်ကန်မှု၏ လမ်းကြောင်းပေါ်သို့ အဘယ်မျှရောက်ရှိပြီးသနည်းကို သက်ဆိုင်ရာ ဝိဉာဉ်ကုဆရာဝန်ထံသွား၍ ပြသမေးမြန်းရပေမည်။ အဘယ့်ကြောင့်ဆိုသော် အတွင်းစိတ်ထားဆိုင်ရာရောဂါကို အပြင်ခန္ဓာကိုယ်ကု သမားတော်ဖြင့် ပြသ၍မရပါ။

လူသား၏ ပင်ကိုယ်ဗီဇတွင် ဒေါသ၊ လောဘ၊ မောဟ၊ တဏှာတို့သည် နဂိုကတည်းက ပါဝင်ပြီးသားဖြစ်ပေရာ ယခုရှိုက်သာန်ကလည်း ထိုစိတ်ထားများကိုပင် ၎င်းဝင်ရောက်ရာ တံခါးပေါက်အဖြစ် အသုံးချမည်ဟုဆိုနေပြန်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ဗီဇတွင်ရှိသော စိတ်များကို အပြီးတိုင် နှိမ်နင်းလိုက်ရမည်လောဟု အတွေးပေါ်စရာပင်။ ထိုသို့မဟုတ်ပါ။ အပြီးတိုင် နှိမ်နင်းရန်လည်း မလိုအပ်ပါ။ ယင်းစိတ်တို့မှ တောင်းဆိုလိုက်သည့် အလိုဆန္ဒတို့ကို မမှန်သောနေရာတွင် အသုံးမပြုရန်သာ အရေးကြီး၏။ ဝိဉာဉ်အထူးကုသမားတော်ကြီး မော်လာနာထာနဝီသခင်က ... စရိုက်ဆိုးများကို ဖျောက်ရန်အဓိကမဟုတ်။ လမ်းကြောင်းပြောင်းရန်သာ အဓိကဖြစ်သည်ဟု အမိန့်ရှိခဲ့သည်။ ထို့ကြောင့် ယင်းစိတ်ထားများ ရှိနေခြင်းက ကောင်းခြင်းတစ်မျိုးဖြစ်၍ ၎င်းတို့ကို နေရာမှန်တွင် မသုံးတတ်ခြင်းကသာ မကောင်းခြင်းဖြစ်ပေသည်။ အထက်ပါစိတ်ထားများကို ကောင်းသည့်နေရာတွင် အသုံးချခြင်းဟူသည်မှာ ပမာအားဖြင့် ဒေါသကို မကောင်းမှုကျူးခြင်း၊ အလ္လာဟ်အမိန့်ဖီဆန်ခြင်း၊ စစ်တိုက်ခြင်းစသည်တို့၌သာ အသုံးချမည်။ မကောင်းမှုရှောင်ခြင်းတွင် လောဘထားမည်။ တဏှာကို နိကာဖြင့်သာအသုံးချမည်။ သို့ဆိုလျှင် ယင်းဗီဇတို့သည် မကောင်းမဖြစ်ရုံမျှမက ကုသိုလ်ပင်ရပေဦးမည်။

ယခုဤနေရာတွင် ရှိုက်သာန်ချောင်းမြောင်းနေသည့် တံခါးများအနက်မှ "တဏှာ" အကြောင်းကို တင်ဆက်မည်ဖြစ်သည်။ တဏှာ၏ အဓိပ္ပါယ်မှာ တပ်မက်ခြင်းဖြစ်၍ ရာဂဟူသသောစကားလုံးသည်လည်း ယင်းအဓိပ္ပါယ်သာဖြစ်ပါသည်။ တဏှာရာဂဟူသည့်စကားလုံးကို ဆန့်ကျင်ဖက်လိင်ကို လိုလားလာသည့်အခါတွင် အသုံးများသည်။ လူသားအနေဖြင့် မိမိတွင်ရှိသော တဏှာကို ရှိုက်သာန်၏ အသုံးချခံမဖြစ်အောင် အဘယ်သို့ ကာကွယ်မည်နည်း။

*တဏှာနှင့် နိကာ 
အစ္စလာမ်တွင် လူသား၏တဏှာစိတ်ကို မှန်ကန်သောနည်းစနစ်ဖြင့် အသုံးချရန်၊ တနည်း ဆန့်ကျင်ဖက်လိင်ခြင်း လိုလားတပ်မက်လာသည့်အခါ ကျင့်သုံးနိုင်သည့် နည်းလမ်းကို နိကာ(တာဝန်ယူမှုအပြည့်ဖြင့် ထိမ်းမြားခြင်း) ဖြင့် ပြသထားသည်။ အစ္စလာမ့်၏ နိကာစနစ်တွင် ယောကျာ်းမြင်တိုင်း မိန်းမမြင်တိုင်းလည်း နိကာပြုခွင့်မရှိသူများကို အတိအကျပြသထားသည်။ ထို့အတူ လိင်တူလည်း နိကာလုပ်ခွင့်မရှိပါ။ မုစ်လင်မ်ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ မိမိတွင်ရှိသည့် တဏှာစိတ်ကို အစ္စလာမ့်နည်းကျ နိကာဖြင့် အသုံးချပါက ၎င်း၏လောကီတွင်လည်း အကျိုးရလဒ်ကောင်းများရရှိမည်ဖြစ်ပြီး လောကုတ္တရာအတွက်လည်း ကုသိုလ်ပေါင်းများစွာဖြင့် ချယ်သပေးထားနိုင်မည်ဖြစ်ပေသည်။ နိကာရှိထားသော လင်မယားအဖို့ အပြန်အလှန် ကြည့်ခြင်း၊ အပြုံးများဖလှယ်ခြင်း၊ လက်ဆောင်ပေးခြင်း၊ တစ်ဦးနှစ်သက်အောင် နောက်တစ်ဦးကကြိုးစားခြင်းစသည်တို့သည် ကုသိုလ်ရရန်အကြောင်းခံများပင် ဖြစ်ပေတော့သည်။ ထို့အတူ နိကာဖြင့်ကလေးရလျှင်လည်း မိဘနှစ်ပါးအဖို့ မရည်မတွက်နိုင်သော ကုသိုလ်များကိုလည်း ရရှိပေမည်။ နိကာ၏ လောကီအကျိုးအမြတ်ကား စိတ်တည်ငြိမ်ခြင်း၊ လူက လူပီသလာခြင်း၊ တာဝန်ယူတတ်ခြင်း၊ တာဝန်သိစိတ်ရှိခြင်း၊ မျိုးရိုးမှန်သည့် ကလေးကို ရရှိခြင်း၊ မျိုးရိုးသန့်ပြန့်ခြင်း၊ ကျန်းမာရေးကောင်းမွန်စေခြင်း၊ စိတ်၏ခံစားမှုများကို မှန်ကန်သည့်နည်းလမ်းဖြင့် မျှဝေပေးနိုင်ခြင်း စသည့်ရလဒ်ကောင်းများကို ရရှိမည်ဖြစ်၏။ ဤသည်မှာ တဏှာကို မှန်ကန်သည့် နိကာနည်းဖြင့် အသုံးချခြင်းဖြစ်ပေသည်။

*တဏှာနှင့် ဇိနာ 
နိကာ၏ ဆန့်ကျင်ဖက်သည် ဇိနာဖြစ်သည်။ ဇိနာဟူသည် ဆန့်ကျင့်ဖက်လိင်ကို တာဝန်ယူစိတ်ဖြင့်မဟုတ်ဘဲ စိတ်ဖြေဖျော်ရာသက်သက်အဖြစ်သာ အသုံးချခြင်းဖြစ်သည်။ ဇိနာသည် နိကာ၏ဆန့်ကျင့်ဖက်ဖြစ်ရာတွင် လောကီ၊ လောကုတ္တရာနှစ်ခုလုံးတွင် ရရှိမည့်ရလဒ်တို့အထိ ဆန့်ကျင်ဖက်ဖြစ်သွားသည်။ ဇိနာသည် မကောင်းမှုဖြစ်သည်။ မကောင်းခြင်းအပေါင်းကို ဆွဲဆောင်၏။ လောကီတွင်လည်း စိတ်တည်ငြိမ်မှုမရှိခြင်း၊ ဆန့်ကျင်ဖက်လိင်ကို တန်ဖိုးမထားခြင်း၊ ကုမရသည့်ရောဂါဆိုးများရရှိခြင်း၊ မျိုးရိုးမစစ်သည့် ကလေးများမွေးလာခြင်း၊ စိတ်ဖြေဖျော်ခြင်းဖြစ်ရာ ကလေးရခဲ့လျှင်လည်း လူသားခြင်းမစာနာစွာဖြင့် သတ်ပြစ်ခြင်း စသည့်မကောင်းခြင်းများကို ရရှိပြီး လောကုတ္တရာတွင်မူကား ဆိုဖွယ်ရာမရှိအောင်ပင် ငရဲများကို ခံရမည်သာဖြစ်ပေသည်။

*ဇိနာ၏အစ 
ချစ်ခြင်းအစ မျက်စိကဟု ဆိုလျှင် ဇိနာအစ မျက်စိကဟုပင် ထပ်ဆိုရမည်သာဖြစ်၏။ ဇိနာ၏ အစပျိုးရာနေရာသည် မျက်စိဖြစ်၍ တစ်နည်း ကြည့်ခြင်းက အစပြုပေသည်။ အီမာန်ရှင်တို့ကို မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ဇိနာ၏မကောင်းမှုအတွင်း မသက်ဆင်းရန် ဇိနာ၏အစဖြစ်သော မျက်စိ၏အကြည့်ကိုထိန်းသိမ်းဖို့ ကုရ်အာန်တွင် ဤသို့မိန့်ထားသည်။ {{ ကုလ်လိလ် မုအ်မီနီးန ယဂွတ်ဒူးန မင်န်အဗ်ဆွာရိဟိမ်}} အိုတမန်တော် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အသင်သည် အီမာန်ယုံကြည်သူများကို ဟောကြားပါ။ ၎င်းတို့သည် မိမိတို့၏ မျက်လွှာကိုချထားကြရမည်။ ထပ်မံ၍ {{ဝကုလ်လိလ်မုအ်မိနားသိ ယဂ်ဒုဒ်န မင်န်အဗ်ဆွာရိဟင်န်န}} အိုတမန်တော် (ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်) အသင်သည် အီမာန်ယုံကြည်သူ အမျိုးသမီးများကို ဟောကြားပါ။ သူမတို့သည် မိမိတို့၏မျက်လွှာကို ချထားကြရမည်ဟု အမျိုးသား၊ အမျိုးသမီးသီးသန့်ပြုလျှက် အထူးပင်မိန့်ထားသည်။ မုစ်လင်မ်ဖြစ်သော ယောက်ျား၊ မိန်းမ နှစ်မျိုးလုံးသည် မိမိတို့၏ အကြည့်ဖြစ်မည့် မျက်လွှာကိုထိန်းသိမ်းရမည်။
ဤနေရာ၌ တစ်ခုကွဲပြားရမည်မှာ မြင်ခြင်း နှင့် ကြည့်ခြင်းသည် မတူညီပါ။ မြင်ခြင်းဟူသည် မျက်လုံးမှ တခဏတာ မြင်လိုက်ခြင်းဖြစ်၏။ လူလား နွားလား ယောက်ျား မိန်းမ စသဖြင့် ခွဲခြားလိုက်သည်။ မြင်ခြင်းဟူသည့်အဓိပ္ပါယ် ပြည့်စုံပြီ။ ကြည့်ခြင်းသည် မြင်ပြီးနောက် ဆက်လက်၍ လိုက်လံခွဲခြားစိတ်ဖြာ ကြည့်ရှုနေခြင်းဖြစ်သည်။ မိန်းမဟု မြင်ပြီးလျှင် မျက်လုံးမလွှဲဘဲ ဆက်ကြည့်ခြင်းဖြစ်သည်။ ယောက်ျားဟု မြင်ပြီးလျှင်လည်း ဆက်ကြည့်နေခြင်းဖြစ်သည်။ ဤသည်ကို အကြည့်ဟုခေါ်သည်။ သို့ဖြစ်ရာ အခွင့်မပိုင်သော အရာများကိုကြည့်ရှုနေကြသူများသည် ကုရ်အာန်ကျမ်းလာ ယတိပြတ်တားမြစ်ချက်ကို ဆန့်ကျင်သူများဖြစ်သည်။ ကုရ်အာန်၏ တားမြစ်ချက်ကို ကျောခိုင်းလျှက် ဟရာမ်ကို ကျူးလွန်ဖောက်ပြားသူများဖြစ်ပေသည်။ ထို့ကြောင့် မုစ်လင်မ်ယောက်ျားမိန်းမတိုင်းသည် မိမိနိကာပြုထားသူမှအပ အခြားသူများကို အကြည့်မရောက်ရန် မျက်လွှာကိုထိန်းရမည်။ နိကာမရှိသူများသည် နိကာပြုခွင့်ရှိသည့် သူစိမ်းများကို ကြည့်ခြင်းမှ အပြည့်အဝရှောင်ကြဉ်ရမည်။

*အကြည့်သည် ရှိုက်သာန်၏ မြှားတစ်ခုဖြစ်ခြင်း 
အကြည့်ဟူသည် ရှိုက်သာန်၏ အဆိပ်လူးထားသောမြှားများအနက်မှ မြှားတစ်ခုဖြစ်၏။ စိတ်မှ ကြည့်လိုစိတ်ဖြစ်နေပါလျှက် မျက်စိ၏အကြည့်ကို လွှဲလိုက်လျှင် ထိုသူသည် ယင်းလုပ်ရပ်၏ရလဒ်အဖြစ် မြဲမြံသောအီမာန်ကို ချီးမြှင့်မည်။ ၎င်းသည် ထိုအီမာန်၏ နှစ်သက်ဖွယ်အရသာကို စိတ်အတွင်းမှခံစားရရှိမည်ဖြစ်သည် ဟု တမန်တော်မြတ်က မိန့်တော်မူထားပေသည်။
အလီသခင်၏ ဆင့်ပြန်မှုတွင် ... မြင်ခြင်းကို ခွင့်လွှတ်ထားသည်။ နောက်တစ်ကြိမ် ထပ်ကြည့်ခြင်းက ပြစ်မှုဖြစ်သည်ဟု ပါရှိသည်။ သဘောမှာ ပထမဦးဆုံးမြင်ခြင်းသည် ရည်ရွယ်ချက်မရှိ။ ရုတ်တရက်မြင်သွားခြင်းဖြစ်၍ ခွင့်လွှတ်ပေးထားခြင်းဖြစ်သည်။ အကယ်၍ ပထမဦးဆုံးအကြိမ်ကတည်းက ရည်ရွယ်ချက်ရှိရှိ (မြင်ခြင်းမဟုတ်ဘဲ) ကြည့်ခြင်းဖြစ်ခဲ့လျှင် ခွင့်လွှတ်မှုရမည်မဟုတ်ပါ။ ပြစ်မှုမြောက်သည်။ ထို့ကြောင့် မိမိမျက်စိ၏လုပ်ဆောင်ချက်သည် မြင်ခြင်းလား၊ ကြည့်ခြင်းလားဟူသည်ကို ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်ပေသည်။ ဇိနာအစ မျက်စိကဖြစ်သဖြင့် လူသားသည် ကြည့်ခြင်းမှစ၍ ထိန်းသိမ်းမှသာလျှင် အဆုံးသတ်ဇိနာဖြစ်သော အရှက်အင်္ဂါ၏ ဇိနာအမှုကို ထိန်းနိုင်မည်သာဖြစ်သည်။

*အပ်နှံသည့်အရာကို အလွဲသုံးစားပြုသူ 
ခွင့်မပိုင်သည့်အရာကို ကြည့်ရှုသူသည် အလ္လာဟ်အရှင်က လွှဲအပ်ထားသည့် အမာနသ်ကို ခယာနသ်ပြုရာရောက်ပေသည်။ အလ္လာဟ်အရှင် မိန့်ထားသည်မှာ {{ယအ်လမို့ ခါအိနသလ် အအ်ယုနိ ဝမာသုခ်ဖှိ ဆုဒူးရ်}} အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်သည် မျက်စိဖြင့် ကြည့်ရှုလျှက် ကျူးလွန်ဖောက်ပြားသော အလွဲသုံးစားပြုခြင်းကိုလည်းကောင်း၊ နှလုံးသားအတွင်းမှ လျှို့ဝှက်စွာကြံစည်သော ရမ္မက်ဆန္ဒများကိုလည်းကောင်း အကြွင်းမဲ့သိတော်မူသည်။ အလ္လာဟ်ကိုယ်တိုင်ညွှန်းဆိုနေသည်မှာ ကျွန်ုပ်တို့သည် မိမိတို့၏မျက်စိများကို ပိုင်ဆိုင်ထားသူများ မဟုတ်ကြ။ အပ်နှံခံရသူများသာ ဖြစ်သည်။ လောကတွင်ပင် မိမိက လူတစ်ဦးကိုယုံကြည်၍ ပစ္စည်းအချို့အပ်နှံထားပြီး လက်ခံထားသူက တလွဲအသုံးချ၍ ဖျက်ဆီးပြစ်လိုက်လျှင် အသင်မည်သို့အရေးယူမည်နည်း။ ယခုအသင့်ကို အလ္လာဟ်ကိုယ်တိုင် အပ်နှံနေခြင်းဖြစ်၍ အလ္လာ့ဟ်၏အပ်နှံပစ္စည်းကို အလွဲသုံးစားလုပ်လျှင် အဘယ်မျှအထိအရေးယူခံရမည်ကို စဉ်းစားရပေမည်။

*ကျိန်စာထိုက်သည့် လုပ်ရပ် 
ခွင့်မပိုင်သည့်အရာကို ကြည့်သူများ၊ ပြသူများနှင့် ပတ်သက်၍ တမန်တော်မြတ်က {{လအ်နလ်လာဟွန်(န) နာဇွိရ၊ ဝလ်မန်(န)ဇူးရ အိလိုင်းဟ်}} ကြည့်ရှုသူနှင့် ကြည့်ရှုခံရသူ နှစ်ဦးစလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်၏လအ်နသ် ကျရောက်စေတော်မူပါ ဟုမိန့်ထားသည်။ ဆိုလိုသည်မှာ ကြည့်ပိုင်ခွင့်မရှိသောအရာကို ကြည့်သူအပေါ်သို့လည်း အလ္လာ့ဟ်လအ်နသ်ကျပါစေ၊ အကြည့်ခံရန်အတွက် ပြင်ဆင်သူ၊ ပြသသူအပေါ်သို့လည်း လအ်နသ်ကျပါစေသား။ အကယ်၍သာ ကြည့်ရှုခြင်းသည် သာမာန်မျှသော ပြစ်မှုမျိုးဖြစ်ပါက ကမ္ဘာ့ကရုဏာရှင်က ဤသို့ကျိန်စာမျိုးကို ပေးလိမ့်မဟုတ်ပါ။ တမန်တော်မြတ်၏ ကျိန်စာပြုခြင်းသည် အဆိုပါအပြုအမူမှာ အဆုံးစွန်အထိ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း အထောက်အထားဖြစ်စေသည်။
လအ်နသ်သည် ရဟ်မသ်မှ ဝေးကွာစေခြင်းဖြစ်သည်။ အလ္လာဟ်ရဟ်မသ်မှဝေးလျှင် အီမာန်ရှင်အဖို့ အီမာန်ကိုပင် ထိန်းသိမ်းရန် အင်မတန်ခက်ခဲပေလိမ့်မည်။
ယနေ့ကာလတွင် မုစ်လင်မ်အမျိုးသား၊ အမျိုးသမီးတို့သည် အထက်ပါ ကြည့်ခြင်းနှင့် ပြခြင်းအမှုကို အတိုင်းအဆမရှိကျူးလွန်နေကြပေသည်။ ရုပ်ရှင်အဖြစ်ကြည့်နေကြသည်။ နေ့စဉ်ညတိုင်းပင်။ ဓါတ်ပုံအဖြစ်ပြနေကြသည်။ ဓါတ်ပုံအဖြစ်ပြခြင်းကို ပြစ်မှုဟုပင်မမှတ်ယူတော့ပါ။ ယခု အထက်ပါတမန်တော်၏မိန့်ချွေမှုကို တမန်တော့်အချစ်ဖြင့် ပြသည့်အလုပ်များ၊ ကြည့်သည့်အလုပ်များကို အလ္လာဟ်နှစ်သက်ရန် စွန့်လွှတ်ကြပါဟု ပန်ကြားအပ်ပါသည်။ အခွင့်မရှိသည့်အရာတိုင်းကို ကြည့်ခြင်း၊ ပြခြင်းတိုင်းသည့် အလ္လာ့ဟ်အမျက်တော် လအ်နသ်ထိနေသည့်ကိစ္စဖြစ်သည်။ ကျွန်ုပ်တို့သည့် အလ္လာ့ဟ်လအ်နသ်ကို နေ့စဉ်ခံယူ၍ ဘေးဒုက္ခများခံရသည့်အခါ ငါတို့မုစ်လင်မ်တွေပဲဖြစ်ရသလားဟု မကြေမချမ်းဖြစ်ကြသည်။ ငါတို့မုစ်လင်မ်တွေပဲ မဖြစ်ခြင်လျှင် ရဟ်မသ်မှဝေးမည့် လအ်နသ်များကို ရှောင်ပါ။ ရှဟ်ဝသ်(တဏှာ)၏တောင်းဆိုမှုကို နိကာ၏စနစ်ဖြင့်သာ ဖြည့်စည်းကြပါ။

*အကြည့်မထိန်းရာမှ ကျေးဇူးကန်းသည်အထိ ဖြစ်သွားခြင်း 
တားမြစ်ထားသော စည်းကမ်းကိုကျော်၍ မကြည့်ပိုင်သောအရာကို ကြည့်ခြင်းဖြင့် ကျေးဇူးကန်းခြင်းဖြစ်ပေါ်လာသည်။ မိန်းမချောကိုတွေ့၍ အိမ်ရှိနိကာပြုထားသော ဇနီးကို အမြင်မကြည်တော့ပေ။ ရုပ်ရှင်ထဲမှ မင်သားကိုကြည့်ရင်းဖြင့် နိကာပြုထားသောခင်ပွန်းအပေါ် စွဲလမ်းမြတ်နိုးမှုလျော့ပါးလာသည်။ နိကာဟူသည် လူကရေးသားနိုင်သည့် ဖူးစာမဟုတ်။ အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကြောင့်ရရှိသော စုံတွဲဖြစ်၏။ အလ္လာ့ဟ်ချီးမြှင့်မှုကို ယခုကြည့်ခွင့်မရှိသည့် ယောက်ျားမိန်းမတို့ကို ကြည့်ပြီး မလှဘူး၊ မချောဘူးဟု ကျေးဇူးကန်းတော့သည်။ အိမ်ထောင်ရေးတွင် အဖျက်ပိုးဝင်လာတော့သည်။ စည်းဖောက်ထားသော မျက်လုံးမှတဆင့် ကျေးဇူးကန်းသောနှလုံးသားအထိ ရောက်ရှိသွားပြီး လအ်နသ်ထိသူအဖြစ် ရှင်သန်နေပေတော့သည်။ အိမ်ထောင်ရေးတစ်ခုတွင် ခင်ပွန်းက ဇနီးကို အကောင်းမမြင်တော့လျှင်၊ ဇနီးက ခင်ပွန်းကို မစွဲလန်းမနှစ်သက်တော့လျှင် ယင်းအိမ်ထောင်ရေးသည် စစ်မြေပြင်၏ အစပျိုးရာနေရာပင်ဖြစ်ပေတော့မည်။ မိသားစုအတွင်း စိတ်ချမ်းမြေ့မှုရလိုလျှင် လင်မယားခြင်း အချစ်မလျော့လိုလျှင် ယောက်ျားမိန်းမနှစ်ဦးစလုံးသည် အလ္လာဟ်အရှင်တားမြစ်ထားသည့် လုပ်ရပ်များမှရှောင်ကြဉ်၍ လအ်နသ်ထိုက်မည့် အဖြစ်မျိုးမှ မိမိကိုယ်ကိုထိန်းသိမ်းရပေမည်။

*အတွင်းမျက်စိကိုလည်း ထိန်းသိမ်းပါ 
အချို့သူတို့သည် မျက်စိအရှုကိုတော့ ထိန်းသိမ်းကြသည်။ စိတ်နှလုံးသားကမူ ကစားနေကြသည်။ ဆိုလိုသည်မှာ စိတ်နှလုံးသားက အလှအပ အကောင်းအမွန်များကို လိုလားတောင့်တနေသည်။ ဤကဲ့သို့ စိတ်ကူးဖြင့် ဖောက်ပြန်မှုများသည် ရင်တွင်းမှနေကာ အတွင်းပိုင်းကို အလွန်ပင်ပျက်စီးစေပေသည်။ ထိုသို့ စိတ်နှလုံးပျက်စီးရာမှတဆင့် အပြင်မျက်စိများလည်း လိုက်ပါပျက်စီးရသည်။ စိတ်နှလုံးနှင့် မျက်စိတို့သည် တစ်ခုနှင့်တစ်ခု ထူးခြားသောဆက်သွယ်မှုရှိသည်။ သို့ဖြစ်ရာ မျက်စိနှစ်ကွင်း၏ အမြင်အာရုံကို ထိန်းသိမ်းရန် အရေးကြီးတာဝန်ဖြစ်သည့်နည်းတူ အတွင်းမျက်စိဖြစ်သော စိတ်နှလုံး၏ အမြင်အာရုံကိုလည်း ထိန်းသိမ်းရန် အရေးကြီးပေသည်။ အဘယ်ကြောင့်ဆိုသော် မျက်စိကို အလွဲသုံးခြင်းနှင့် နှလုံးသားကို အလွဲသုံးခြင်း နှစ်ခုစလုံးသည် ကုရ်အာန်ကျမ်းတော်လာ ဟရာမ်တားမြစ်ချက် အမိန့်ပညတ်များချည့်ဖြစ်လေသည်။

*မျက်စိမထိန်းသူ၏ အနံ 
တစ်ခါက အုစ်မာန်သခင်(ရသွီယလ္လာဟုအန်ဟု)ထံသို့ မျက်စိမထိန်းသူတစ်ဦးရောက်ရှိလာရာ သခင်ကြီးက မျက်စိမှ ကာမေသုဇိနာ ဖိတ်ယိုကျနေသောသူများ၏အခြေအနေကား မည်သို့ရှိပါအံ့နည်းဟု မိန့်ဆိုခဲ့သည်။ အလ္လာဟ်အချစ်ထားရှိသူ သူတော်စင်များ၏ မျက်စိမှ အလ္လာ့ဟ်၏နူရ်ရောင်ခြည်ကွန့်မြူးသည်ကို သိရှိခံစားနိုင်ပါသည်။ လောကီကိုအချစ်ထားသူ ချစ်သူများ၏မျက်ဝန်းမှမူကား လူသေကောင်ပုပ်နံ့သာ ထွက်ပါသည်။

*ဇိနာ၏ ပြစ်ဒဏ် 
ကိယာမသ်နေ့တွင် ဇိနာကျူးလွန်သော အမျိုးသားအမျိုးသမီးတို့၏ အရှက်အင်္ဂါများတွင် မီးလောင်နေမည်။ လည်ပင်းများတွင် မီးကွင်းများနှင့် ခြေထောက်များတွင် မီးသံကြိုးများ ရှိပေမည်။ တာဝန်ခံကောင်းကင်တမန်သည် ၎င်းတို့ကို ဂျဟန္နမ်ဘက်သို့ဆွဲခေါ်လာရာ ဟရှရ်ကွင်းရှိလူတိုင်းသည် ယင်းတို့၏ ဆိုးရွားလှသော အနံ့ဆိုးနှင့်ပတ်သက်၍ တိုင်တန်းမှုပြုကြမည်။ ထိုအခါ ကောင်းကင်တမန်များက ယင်းအနံဆိုးသည် လောကတွင် ဇိနာပြုခဲ့သောသူတို့၏ အရှက်အင်္ဂါမှထွက်သော အနံဆိုးပင်ဖြစ်၏ ဟု ဖြေလိမ့်မည်။
တမန်တော်မြတ်သည် မိအ်ရာဂ်ျညတွင် ဂျဟန္နမ်၏ အချို့သော ကြေးနီဖိုများကို တွေ့မြင်တော်မူခဲ့သည်။ ယင်းဖိုများ၏အဝသည် ကျဉ်း၍ ဝမ်းဗိုက်သည် အလွန်ကျယ်ဝန်းသည်။ ယင်းဖိုထဲတွင် မြောက်မြားစွာသောသူတို့သည် မြွေ၊ ကင်းများနှင့်အတူ ချုပ်နှောင်ခြင်း ခံထားရပေသည်။

*ဇိနာမှရှောင်လျှင်
ကိယာမသ်နေ့၏ ပြင်းထန်မှုတို့မှ လူ ခုနှစ်မျိုးသည် လွတ်ကင်းကြမည်။ ၎င်းတို့သည် အရရှ်၏အရိပ်အောက်တွင် ခိုလှုံခွင့်ရကြမည်။ ၎င်းခုနှစ်မျိုးအနက်မှ တစ်မျိုးသည် အလွန်ချောမောလှပသောအမျိုးသမီးတစ်ဦးက အခြားမည်သူမျှမရှိချိန်တွင် သူမ၏အလိုဆန္ဒဖြည့်ဆည်းရန် အကြပ်ကိုင်မြူဆွယ်သော်လည်း အလ္လာဟ်အရှင်မြတ်ကို ကြောက်စိတ်ဖြင့် အလွတ်ရုန်းထွက် ရှောင်ကြဉ်နိုင်သူဖြစ်ပေသည်။ ဇိနာမှ အတတ်နိုင်ဆုံးနည်းဖြင့် ရှောင်သူတို့ကို အလ္လာဟ်အရှင်မြတ်ကလည်း အကောင်းဆုံးသော ဆုလာဘ်များ ချီးမြှင့်ပေးရန် အဆင်သင့်ပင်ဖြစ်ပေသည်။ အလ္လာဟ်ပေးသည့် ဆုကိုရရှိရန် ကြိုးစားရပေမည်။

*မျက်စိ၏တဏှာ၊ အကြည့်၏ ဇိနာမှရှောင်ရန် နည်းလမ်း 
ကြည့်ရှုရန်မထိုက်သော အရာများကို ကြည့်ရှုခြင်းမှ ရှောင်ရှားရန်အတွက် "ဤသည်မှာ ကုရ်အာန်ကျမ်းမြတ်၏ ယတိပြတ်တားမြစ်ချက်ကို ဆန့်ကျင်ခြင်းဖြစ်သည်" ဟူသောအချက်ကို အစဉ်တစိုက်စဉ်းစားတွေးတောခြင်းသည်ပင်လျှင် လုံလောက်ပေသည်။ တဏှာ၏အကြောင်းတွင် အကြည့်ကို အထူးတင်ပြရခြင်းမှာ အကြည့်သည့် ဇိနာ၏အစပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ဇိနာ၏အနီးသို့ပင်မချဉ်းကပ်ကြနှင့်ဟု မိန့်ထားသည်။ လူသားအနေဖြင့် အလွယ်ကူဆုံးထိန်းသိမ်းနိုင်သည့် မျက်စိကို ကြည့်မပိုင်သည့်အရာများကို ကြည့်ခြင်းမှ ထိန်းသိမ်းသွားမည်ဆိုပါက အဆုံးသတ်၏ဇိနာကို ကျူးလွန်တော့မည်မဟုတ်ချေ။ ထို့အတူ ကြည့်ခြင်း၊ ပြခြင်း၊ အကြည့်ခံရအောင်ပြုခြင်းအပေါင်းသည်လည်း အလ္လာ့ဟ်လအ်နသ်ထိုက်သည့်ကိစ္စဖြစ်သည့်အပြင် ယင်းအမှုကို ကျူးလွန်ရန် မျက်စိ၏အကြည့်ကိုသာ အသုံးချမည်ဖြစ်သဖြင့် အရင်းခံဖြစ်သော အကြည့်ကိုထိန်းမည်ဆိုပါက ကျန်ရှိသော မကောင်းမှုများနှင့် စိတ်၏မတည်ငြိမ်မှုများကို ခံစားရတော့မည်မဟုတ်သလို အလ္လာဟ်ချီးမြှင့်မည့် အီမာန်၏အရသာကိုပါ စံစားရရှိမည် ဖြစ်ပေသည်။ ထို့ကြောင့် မျက်စိဇိနာများမှတဆင့် လက်တွေ့ဇိနာများသို့မကူးမီ မိမိတို့၏ မျက်လုံးများကို ဇိနာကျူးလွန်းခြင်းမှ ထိန်းသိမ်းကြပါ ..ဟုရေးသားရင်း အဆုံးသတ်လိုက်ပါသည်။

[ကျမ်းကိုး။ မအာရိဖုလ်ကုရ်အာန်၊ တဏှာမျက်လုံးအရှုံး ၁၄ခု၊ သူတော်ကောင်းတို့၏ထိုင်ဝိုင်းများ(စူဖီပုလဲကုံးစာစဉ်၎)၊ သွရီကသ်၏သရုပ်မှန် အစစ်အမှန်နှင့် အတုအယောင်၊ ဟရှရ်ဂျန္နသ်၊ ဂျဟန္နမ်အကြောင်းသိကောင်းစရာ]

အလ်မုဖီးဒ်
ဇိလ်ကအ်ဒါ/၁၃/ယောင်မုလ်စဗ်သိ/ဟိဂျရီ၁၄၃၆


အလ်မုဖီးဒ်၏ Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။