Friday, September 4, 2015

နှာချေခြင်း၊ သန်းဝေခြင်းနှင့်သက်ဆိုင်သည် စည်းကမ်းချက်များ


အလ္လာဟ်အရှင်မြတ်သည် နှာချေခြင်းကို နှစ်သက်တော်မူ၍ သန်းဝေခြင်းကို မနှစ်သက်ကြောင်း ဟဒီးစ်တော်တွင် လာရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် နှာချေခြင်းသည် ကျန်းမာရေးရရှိခြင်းနှင့်၊ ကျန်းမာခြင်း၏ လက္ခဏာဖြစ်၍ သန်းဝေခြင်းမှာမူ ပျင်းရိဖျင်းတွဲခြင်း၏ လက္ခဏာဖြစ်ပေသည်။ ဟဒီးစ်တော်တစ်ပုဒ်တွင် အသင်တို့သည် သန်းဝေသည့်အချိန် " ဟား၊ ဝါး" ဟု အသံထွက်ပါက ရှိုက်သွာန်က ရယ်မောလေသည် ဟု လာရှိပေသည်။

နှာချေသည့်အချိန် ပြုလုပ်ရမည့် စည်းကမ်းချက်များ
၁။ နှာချေလျှင် အလ်ဟမ်ဒုလစ်(လ)လာဟ် ဆိုပါ။ ၎င်း၏ (အလ်ဟမ်ဒုလစ်(လ)လာဟ်) ဆိုသံကို ကြားသူများက ယရ်ဟမု ကလ်လာဟ် ဟု အဖြေပေးရမည်။ ထို့နောက် နှာချေသူက ပြန်ဖြေသည့်အနေဖြင့် ယဟ်ဒီးကုမုလ်လာဟု ဝယုဆ်ွလိဟု ဗာလကွမ်း(မ) ဟု ပြောရမည်။ (ဗုခါရီကျမ်း)
{ ဒုအာများကို အောက်တွင် ပုံဖြင့် ပြပေးထားပါသည်။}


၂။ နှာချေသူက အလ်ဟမ်ဒုလစ်(လ)လာဟ် မဆိုခဲ့လျှင် အနီးအနားရှိ (နှာချေသံကြားသူတို့က) ယရ်ဟမု ကလ်လာဟ် ဟု အဖြေပေးရန်အရေးမကြီးပါ။
(အချို့သူတို့တွင် နောက်ပြောင်သည့်အနေဖြင့် တစ်ယောက်နှာချေလိုက်လျှင် ဘေး၌ရှိသူက အလ်ဟမ်ဒုလစ်(လ)လာဟ် အရင်ဆိုလိုက်ပြီး နှာချေသူကိုယ်တိုင်က ယရ်ဟမု ကလ်လာဟ်ဟု ပြန်ဆိုလေသည်။ ဤသည်မှာ စွန္နသ်တော်ကို လှောင်ပြောင် ပျက်ရယ်ပြုခြင်းဖြစ်ပြီး နည်းစနစ်ရှိသည်ကို ကပြောင်းကပြန်ပြုခြင်းပင်ဖြစ်လေသည်။ ထိုသို့သော လုပ်ရပ်မျိုးကို ရှောင်ကြဉ်ရမည်။ တားမြစ်ရပေမည်။)
၃။ အကယ်၍ သုံးကြိမ်နှာချေပါက သုံးကြိမ်စလုံး အဖြေပေးရမည်။ (ဆိုလိုသည်မှာ နှာချေသူ၏ အလ်ဟမ်ဒုလစ်(လ)လာဟ် ဆိုသံကို သုံးကြိမ်လုံးကြားပါက ထိုသုံးကြိမ်လုံးအတွက် အဖြေပေးနေရမည်။)
* သုံးကြိမ်ပြီးနောက် ထပ်၍နှာချေနေပါက အဖြေပေးခြင်းတွင် ရွေးချယ်နိုင်သည်။ ပေးလျှင်လည်း ရသည်။ မပေးလျှင်လည်း ရသည်။ (သိရ်မီဇီကျမ်း) တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ မုစလ်မာန်သည် မိမိညီနောင်၏ နှာချေခြင်းကို သုံးကြိမ်အထိ (ဖြစ်ပေါ်ပါက) အဖြေပေးရမည်။ ထို့ထက်ပို၍ နှာချေပါက ၎င်းအရာသည် နှာစေးခြင်း (နှာခေါင်းနှင့်သက်ဆိုင်သည့်ရောဂါ) ဖြစ်ပေသည်။ (အဗူဒါဝူးဒ်ကျမ်း)
၎။ နှာချေလျှင် ပါးစပ်ကို လက်ဝါး သို့မဟုတ် အဝတ် (လက်ကိုင်ပုဝါ) ဖြင့် အုပ်လိုက်ပါ။ နှာချေသည့်အသံကို (အတတ်နိုင်ဆုံး ကျယ်လောင်မှုမဖြစ်စေရန်) ထိန်းပါ။
၅။ အမျိုးသားတို့သည် နိကဟ်ပြုခွင့်မရှိသည့် သွေးရင်းအမျိုးသမီးများကို နှာချေခြင်း (အလ်ဟမ်ဒုလစ်(လ)လာဟ်) ၏အဖြေကို ပေးခွင့်ရှိသည်။ နိကဟ်ပြုခွင့်ရှိသည့်အမျိုးသမီးများကို အဖြေမပေးရပေ။ (အမျိုးသမီးများအတွက်လည်း ထိုအတိုင်းဖြစ်၏။)

သန်းဝေသည့်အခါ ပြုလုပ်ရမည့် စည်းကမ်းချက်များ
၁။ သန်းဝေခြင်းကို ရှိုက်သွာန်ဘက်မှ ဖြစ်ပေါ်သည်ဟုမိန့်ထားသဖြင့် တတ်နိုင်သလောက် သန်းဝေခြင်းကို ထိန်းရမည်။
၂။ သန်းဝေမှုဖြစ်လာလျှင် မိမိလက်ကို ပါးစပ်ပေါ်တွင် အုပ်ထားလိုက်ရမည်။ ထိုသို့ပြုလုပ်ရခြင်းမှာ သန်းသည့်အချိန် ပါးစပ်ဟသွားသည့်အခါ ရှိုက်သွာန်ဝင်ရောက်ခြင်းကြောင့် ဖြစ်လေသည်။ (ထိုသို့မဝင်နိုင်ရန် ပါးစပ်ကို ပိတ်ထားလိုက်ရခြင်း ဖြစ်၏။) (မုစ်လင်မ်ကျမ်း)
၃။ သန်းဝေမှုဖြစ်လာသည့်အခါ "ဟား ဟား၊ ဝါး ဝါး"ဟု အသံမထွက်ရပါ။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က အသင်တို့ "ဟား ဟား၊ ဝါး ဝါး" အသံထွက်လျှင် ရှိုက်သွာန်ရယ်သည်ဟု မိန့်တော်မူထားသည်။
* သန်းဝေမှုဟူသည် ပျင်းရိဖျင်းတွဲမှု၏ လက္ခဏာတစ်ခုပင် ဖြစ်သည်သာမက ရှိုက်သွာန်၏ လုပ်ရပ်ဖြစ်ပေသည်။ သန်းဝေမှုဟူသည် ဖြတ်လတ် တတ်ကြွမှုမရှိသည့် လူများတွင် ဖြစ်ပေါ်ပေသည်။ ထို့ကြောင့် သန်းဝေမှုဖြစ်လာလျှင် မိမိအခြေအနေကို ပြောင်းလိုက်ပါ။ ဝုဇူပြုလိုက်ပါ။ အလုပ်လုပ်တခုခုကို လုပ်ကိုင်လိုက်ပါ။ လာဟောဝ်လာ ဝလာကူဝသ အစ်လ်လာ ဗိလ်လာဟိလ် အလီယစ်လ်အဇွီးမ်ကို ဖတ်လိုက်ပါ။
(နဗီတမန်တော်များကို သတိရလိုက်ပါ။ အဘယ့်ကြောင့်ဆိုသော နဗီများ၏သက်တမ်းတခုလုံးတွင် သမ်းဝေမှုမဖြစ်ခဲ့ပေ။ တစ်နည်း ရှိုက်သွာန်က နှောင့်ယှက်မှုမပြုနိုင်ခဲ့ပေ။) ထိုသို့ပြုလုပ်လိုက်ခြင်းဖြင့် ရှိုက်သွာန်ဘက်မှ နှောင့်ယှက်နေမှု ဖယ်ရှားသွားပေမည်။
(သန်းဝေမှု ဖြစ်ပြီးသည့်အခါ အိစ်သိဂ်ဖါရ် ဖတ်ရပါမည်။)

"မုဇာကရေးဟီး မုဇာကရေး" စာအုပ်မှ ကောက်နှုတ်ပြန်ဆိုသည်။
ဤလင့်မှ မျှဝေနိုင်ပါသည်။
https://www.facebook.com/almufeed.mm/photos/a.518624321591495.1073741829.383183328468929/759905710796687/?type=1

~ အလ်မုဖီးဒ် ~
ရဂျဗ်/ ၁၄/ ယောင်မုလ်အစ်(စ)နိုင်း(န)/ ဟစ်ဂ်ျရီ ၁၄၃၆
အလ်မုဖီးဒ်၏ Link များ 
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။