Tuesday, September 8, 2015

မနာလိုဝန်တိုခြင်းနှင့် လောဘ


မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ပြန်ရှဲပေးနိုင်သည်။
https://www.facebook.com/almufeed.mm/posts/810248732429051:0

နှလုံးသားအတွင်းသို့ ရှိုက်သွာန်ဝင်ရောက်သည့် သူခိုးတံခါးပေါက်များကို ဖော်ပြရာတွင် "အစ္စလာမ့်ရှုထောင့် ဂျင်န် ရှိုက်သွာန်လောက" ကျမ်းရှင်က မနာလိုဝန်တိုခြင်းနှင့် လောဘကို သူခိုးဝင်ရာ တံခါးပေါက်အဖြစ် ဦးဆုံးဖော်ပြထားသည်။ ထိုသို့ဖော်ပြရခြင်း၏ အကြောင်းခံတစ်ခုမှာ ယင်းမနာလိုခြင်းနှင့် လောဘဟူသည့် စိတ်ထားနှစ်မျိုးသည် လူတန်းစားအလွှာအသီးသီး၏ နှလုံးအတွင်းသို့ ပုံသဏ္ဍာန်တစ်မျိုးစီဖြင့် ခိုးဝင်ကိန်းအောင်းကာ လူ့၏စိတ်ထားကို နိမ့်ကျဒုက္ခရောက်အောင် ပြုလုပ်လေသည်။ လူတို့တွင်အမြတ်ဆုံးဟုသတ်မှတ်သည့် သူတော်စင်များမှစ၍ သက်ဆိုင်ရာပညာရပ်များ၏ ပညာရှင်များ ဘာသာရေးတတ်ကျွမ်းသည့် ပညာရှင်များအပါအဝင် သာမန်လူများအထိ၊ သမ္မတမှ သူတောင်းစားအထိ ယင်းစိတ်ထားမှ မကင်းလွတ်ကြချေ။ မနာလိုခြင်း လောဘတက်ခြင်းတို့သည် လူတို့ထံ မသိမသာခိုအောင်းက အတွင်းလှိုက် ဒုက္ခပေးသည့် ရောဂါတစ်မျိုးပင် ဖြစ်သည်။ မနာလိုဝန်တိုခြင်းနှင့် လောဘဟူသော စိတ်ရိုင်းနှစ်မျိုးကို ထိန်းချုပ်ကျော်လွှားနိုင်သူသည် ယခုအခါသမယတွင် အင်မတန်မှ နည်းပါးလှရပေသည်။

"အစ္စလာမ့်ရှုထောင့် ဂျင်န် ရှိုက်သွာန်လောက" ကျမ်းရှင်က ယင်းမနာလိုခြင်းနှင့် လောဘအကြောင်းကို အကျယ်တဝင့် ဤသို့ရှင်းပြထားသည်။

လူသားသည် မနာလိုဝန်တိုစိတ်နှင့် လောဘစိတ်တို့ကြောင့် မျက်ကန်းပမာ၊ နားပင်းပမာ ဖြစ်သွားတတ်သည်။ ရှိုက်သာန်သည် လူသား၏နှလုံးသားမှ နှစ်သက်နိုင်သည့်အကြောင်းကိစ္စ၊ အရာဝတ္ထုတို့ကို လောဘတက်ချင်စရာ မက်မောမှုဖြစ်ချင်စရာ နည်းစနစ်တို့ဖြင့် မျှားခေါ်ပြီးနောက် ထိုအကြောင်းခံကို အခွင့်ကောင်းယူ၍ နှလုံးသားအတွင်းသို့ဝင်ရောက်ကာ စိတ်နေသဘောထားကို ဖျက်ဆီးပစ်လိုက်လေတော့သည်။ လူသား၏နှလုံးသားကို ပြစ်မှုဒုစရိုက်ကွင်းပြင်တွင် ဘောလုံးကစားသကဲ့သို့ ကိုင်တွယ်လှုပ်ရှားလေသည်။

ဆင့်ပြန်ချက်တစ်ရပ်တွင် လာရှိသည်မှာ တမန်တော်နူးဟ်(အလိုင်ဟိစ္စလာမ်)သည် လှေပေါ်တွင် စီးနင်းသည့်အချိန် ရှိုက်သာန်သည်လည်း လိုက်ပါလာ၏။ ထိုအခါ တမန်တော်နူးဟ်(အလိုင်ဟိစ္စလာမ်)က " အသင် အဘယ့်ကြောင့် လိုက်ပါလာရသနည်း" ဟု မေးသည်။ ရှိုက်သာန်က အဖြေပေးသည်မှာ " လူသားသည် နှလုံးသားပိုင်ဆိုင်ရာတွင် ကျွန်ုပ်၏ မိတ်ဆွေဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာတွင် အသင်၏ ကလိမာတော်ကို ဖတ်ကြ၏။" ထိုအခါ တမန်တော်နူးဟ်(အလိုင်ဟိစ္စလာမ်)က မိန့်သည်မှာ "ဟေ့၊ သူယုတ်မာ အသင် ဤနေရာမှ ထွက်သွားပါ။"..... ထိုအခါ ရှိုက်သာန်က ဤသို့လှည့်ဖျားပြောဆိုလေသည်။ ....."လူသားသည် လောက၌ အချက်ငါးချက်ကြောင့် ပျက်စီးသွားရသည်။ ထိုအချက်ငါးချက်မှ သုံးချက်ကို အသင့်အား ပြောပြပါမည်။" ..... ထိုအချိန်၌ပင် တမန်တော်နူးဟ်ထံသို့ ဝဟီဖြင့်အသိပေးသည်မှာ "ရှိုက်သာန်ပြောမည့် အကြောင်းအရာများမှ အချက်နှစ်ချက်ကို မေးလိုက်ပါ။ ၎င်းပြောပြမည့် သုံးချက်သည် အသင်နှင့် မသက်ဆိုင်ပေ။" ..... ထို့ကြောင့် တမန်တော်နူးဟ်က အခြားအချက်နှစ်ချက်ကို မေးလိုက်သည်။ ရှိုက်သာန်က .... " ၎င်းနှစ်ချက်မှ ပထမအချက်သည် မနာလိုဝန်တိုမှုဖြစ်သည်။ ထိုမနာလိုမှုကြောင့် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ထံပါးမှ ကျိန်စာထိပြီး နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ဒုတိယအချက်သည် လောဘဖြစ်သည်။ တမန်တော်အာဒမ် အလိုင်ဟိစလာမ်သည် လောဘမရှိခဲ့လျှင် ဂျန္နသ်ဥယျာဉ်မှ နှင်ထုတ်ခံရမည် မဟုတ်ပေ။" ဟု ... ပြောပြလေသည်။

ကမ္ဘာကျော်ဝိဉာဉ်အထူးကုဆရာဝန်တစ်ပါးဖြစ်သော ပညာရှင်ကြီး မုဟမ္မဒ်အရှ်ရဖ်အလီ(ထာနဝီ) ရဟမသုလ်လာအလိုင် သခင်၏ အလွန်ထင်ရှားလှသော ကျမ်းတစ်စောင်ဖြစ်သည့် ဗဟစ်ရှ်သီးဇေဝရ်၌ မနာဝန်တိုစိတ်ရှိသူ၏ စိတ်ထားသဏ္ဍာန်ကို ရေးပြထားသည်မှာ "သူတစ်ပါး စားနိုင်သောက်နိုင်ဖြစ်နေခြင်း၊ ဂုဏ်သတင်းကျော်ဇော်နေခြင်း၊ သိက္ခာရှိစွာနေထိုင်နိုင်ခြင်းတို့ကိုကြည့်ပြီး (မနာလိုမရှုစိမ့်ဖြစ်သူ၏)စိတ်အတွင်းဝယ် သောကမီး တမြိုက်မြိုက်လောင်ကျွမ်းနေပေသည်။ မိမိမနာလိုသူ ဒုက္ခရောက်သည်ကို တွေ့မြင်ကြားသိရမှ စိတ်ချမ်းမြေ့မှုရလေသည်။ ထိုသို့သောစိတ်ထားမျိုးကို မနာလိုဝန်တိုတတ်သည့် စိတ်ထားဟု ခေါ်ဆိုပြီး ၎င်းစိတ်သည် အလွန်ကိုစပ်စုပ်ရွံရှာဖွယ်ရာပင် ဖြစ်ပေသည်။"

မနာလိုစိတ်ထားခြင်းသည် ပြစ်မှုမြောက်၍ အပြစ်ထိုက်၏။ လောကတွင် ရှင်နေစဉ် ရရှိမည့် ပြစ်ဒဏ်တစ်မျိုးကား မိမိမနာလိုသူ အဘယ်သို့ဖြစ်နေဘိသနည်းဟူသည့် သောကဖြင့် အချိန်တိုင်း ၎င်းသူအကြောင်းသာ စဉ်းစားနေမည်။ မိမိဘာဖြစ်နေသည် ဘာလိုအပ်နေသည်ကို မစဉ်းစားနိုင်ပေ။ အခြားသူအတွက် စိတ်သည်လောင်ကျွမ်းနေပြီး ကိုယ်ကိုယ်တိုင်အတွက်ပါ လောင်ကျွမ်းသွားပေတော့သည်။ ထိုစိတ်ထားပိုင်ရှင်တို့သည် မည်သည့်အခါမျှ စိတ်ချမ်းသာစွာမနေထိုင်ရပေ။ ရှင်နေစဉ်တွင် ရှင်ခြင်း၏ အရသာကို မပိုင်ဆိုင်နိုင်သကဲ့သို့ သေပြီးနောက်တွင်လည်း သုခစည်းစိမ်တို့မှ လက်မဲ့ဖြစ်ရပေမည်။ သေပြီးနောက် ရရှိမည့် ပြစ်ဒဏ်ကား မိမိမနာလိုခဲ့သူအား မိမိ၏ကုသိုလ်များပေးလိုက်ရပေမည်။ အဘယ်မျှပင် ဆိုးရွားဘိသနည်း။ ရှင်ခြင်းတွင်လည်း အရသာမဲ့ပြီး သေပြီးနောက်တွင်လည်း ကုသိုလ်မဲ့ရလေတော့သည်။

 မနာလိုဝန်တိုခြင်းအား ကုသနည်း 
ဗဟစ်ရှ်သီးဇေဝရ်ကျမ်း၌ပင် ကုသနည်းကို ဆရာကြီးက ဆက်လက်သင်ပြထားသည်မှာ .... ဤမနာလိုဝန်တိုခြင်းသည် ဆိုးရွားသည့်ရောဂါများထဲမှ တစ်ခုပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ယင်းရောဂါကို ကုသရန် အထူးကြိုးစားရမည်။ ကုသနည်းမှာ ..... မနာလိုဝန်တိုမှုကို ပြုလုပ်ခြင်းတွင် မိမိကို မည်သို့ဒုက္ခရောက်စေသည်ကို သိမြင်ရပေမည်။ သူတစ်ထူးကို မနာလိုမရှုစိမ့်ဖြစ်နေခြင်းကြောင့် မိမိ အပတ်တကုတ် ကြိုးစားအားထုတ်ထားသည့် ကောင်းမှုအလီလီတို့သည် သဲထဲရေသွန်ဖြစ်သွားသည်။ မြတ်နဗီဆွလ်လလ်လားဟုအလိုင်းဟိဝစလ္လမ်က မိန့်ခြွေထားသည်မှာ "မီးက သစ်သားကိုလောင်ပြီး သုံးမရအောင် ပြုလိုက်သကဲ့သို့ပင် မနာလိုဝန်တိုခြင်းသည်လည်း မိမိကျင့်ကြံအားထုတ်ခဲ့သည့် ကောင်းမှုအပေါင်းအား တမဟုတ်ခြင်းပင် လောင်ကျွမ်းစေကာ အသုံးမဝင်အောင် ပြုလိုက်သည်။" သဘောမှာ မိမိ၏ ကောင်းမှုအပေါင်းသည် မနာလိုခြင်းခံရသူထံသို့ ပေးဆပ်လိုက်ရပြီး မိမိအတွက် ဘာမျှမကျန်တော့ပေ။ ထို့ကြောင့် မိမိထံရှိနေသည့် မနာလိုဝန်တိုခြင်းဟူသည့် ရှိုက်သာန်အကြိုက် တံခါးပေါက်ကို ပိတ်ဖို့ ကြိုးပမ်းရပေမည်။

ဆက်လက်ပြီး .... မိမိက မနာလိုမရှုစိမ့်ဖြစ်သောပုဂ္ဂိုလ်ကို အောက်ပါအတိုင်း ပြုမူဆက်ဆံပါ။ (၁) ၎င်းနှင့် တွေ့ဆုံသည့်အခါ မိမိကဦးစွာ စလာမ်ဆိုပါ။ ၎င်းကို ဂုဏ်ပေး၍ ဆက်ဆံပါ။ မိမိက ကျိုးနွံနှိမ့်ချစွာနေပါ။ (၂) မိမိခရီးသွားမည်ဆိုလျှင် ၎င်းနှင့် တွေ့ဆုံပြီးမှ သွားပါ။ ၎င်းထံမှ ဒုအာဆုပတ္ထနာကို ရယူပါ။ (၃) ခရီးမှပြန်လာလျှင် ၎င်းအတွက် လက်ဆောင်ယူလာပါ။ (လက်ဆောင်ပေးခြင်းဖြင့် ချစ်ခင်မှု တိုးပွားသည်။) (၄) မကြာခဏဆိုသလို ၎င်းနှင့် တွေ့ဆုံပါ။ နံနက်စာဖြစ်စေ နှစ်ဦးအတူ လက်ဆုံစားပါ။ (၅) အခြားမိတ်ဆွေများနှင့် စကားပြောဆိုရင်း ၎င်းသူအကြောင်းရောက်ပါက ထိုသူနှင့်ပတ်သက်၍ ချီးကျူးစကားဆိုပါ။ အလ္လာဟ်အရှင်မြတ်က သူ့ကို များစွာသော စည်းစိမ်များ ချီးမြှင့်ပေးထား၏။ အလ္လာဟ်အရှင်သည် မိမိ၏ကျေးဇူးတော်ကို ထိုသူ့အပေါ် နှစ်ဆတိုးပေးတော်မူပါဟု တောင်းဆုပြုပေးပါ။

 ကုသခြင်း၏ ရလဒ် 
ဤကုသနည်းကို မှီဝဲသုံးစွဲလျှင် အစပထမတွင်တော့ ရောဂါ၏ တန်ပြန်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားရမည်။ စိတ်နှလုံးသားမှ မလိုလားသည့်အရာကို မိမိကသွတ်သွင်းပေးနေသည်ဖြစ်ရာ မြင်းရိုင်းပမာ ကန်ကျောက်နေမည်သာဖြစ်၏။ သို့သော် တမလွန်အရေးမျှော်တွေး၍ ဆေးခါးကိုသာ နာနာတိုက်ပါ။ တဖြည်းဖြည်းနှင့် ကျင့်သားရပြီး စိတ်နှလုံးသားမှပင် စတင်ကာ လက်ခံလာပေမည်။ ယခင်က မနာလိုခဲ့သူကို ဤဆေးမှီဝဲပြီးပါက မိမိမှစတင်ကာ ချစ်ကြည်ခင်တွယ်လာပေမည်။ ဤသို့ဖြင့် မိမိ၏ရှင်ခြင်းနှင့် သေခြင်းတွင် အရသာကောင်းများကို ပိုင်ဆိုင်ရပေမည်။

 လောဘ 
"အစ္စလာမ့်ရှုထောင့် ဂျင်န် ရှိုက်သွာန်လောက" ကျမ်းတွင် လောဘအကြောင်းကို ဆက်လက်ရှင်းပြထားသည်မှာ ..... ရှိုက်သာန်သည် လူ့စိတ်တွင်းဝယ် ပစ္စည်းဥစ္စာလိုလားနေသည်ကို တွေ့မြင်လျှင် ချက်ခြင်းပင် အင်အားကုန်သုံးပြီး လူ့စိတ်ကို အပြီးချုပ်ကိုင်၍ အမှားအမှန်ခွဲခြားခြင်းကို အပြီးတိုင် ရိုက်ချိုးဖျက်ဆီးလိုက်ပေသည်။ ထို့နောက်တွင် လူသည် နေ့၊ ည ပစ္စည်းဥစ္စားတိုးပွားရေးကိုသာ အာရုံစိုက်နေတော့၏။ စည်းစိမ်ဟူသည့်အရာသည်လည်း လောင်စေသည့် သတ္တိရှိပေသည်။ စည်းစိမ်ရရန်ကြိုးပမ်းရင်းဖြင့် လောကနှင့် လောကအတွင်းရှိအရာတို့၏ ကောင်းကျိုးဆိုးပြစ်ကို ဘာမျှမခွဲခြားနိုင်တော့ပဲ ဥစ္စာဓနရရန်သာ ကြံရွယ်နေတော့သည်။ လောဘ၏ ကြောက်မက်ဖွယ်အခြေအနေတစ်ခုမှာ အစ္စလာမ်မှပြသည့် ဟလာလ် ဟရာမ်ကို မခွဲခြားနိုင်တော့ပေ။ ကြီးနိုင်ငယ်ညှင်း ဖြစ်နေသည်ကို မမြင်နိုင်။ စိတ်တွင်းဝယ်ဖြစ်ပေါ်လာသည့် လောဘ၏ငတ်မွတ်မှုကို ဖြည့်စည်းပေးရန်သာ အတွေးရှိတော့သည်။ တခါတရံတွင် လူသည် လောဘ၏တောင်းဆိုမှုများကို ပြည့်ဝအောင်ပြုရင်းဖြင့် အလ္လာဟ်အရှင်မြတ်ကို ခဝပ်မှုများပင်မရှိတော့ဘဲ ပြစ်မှုများ၏အမှောင်အတွင်း လျှောက်လှမ်းရင်း သေတွင်းသို့ ဆိုက်ရောက်သွားလေတော့သည်။ လူသားသည် ထိုအခြေအနေသို့ ဆိုက်ရောက်သွားလျှင် မဟာရန်သူတော်ကြီး ရှိုက်သာန်က အလွန်ပင် ဝမ်းသာပီတိဖြစ်ဘိသတည်း။

ထို့ကြောင့် ကျွန်ုပ်တို့သည် ရန်သူပျော်မည့် အခြေအနေသို့ မဆိုက်ရောက်အောင် မိမိကိုယ်ကိုယ် အထူးကာကွယ်ထိန်းသိမ်းရပေမည်။ လောဘဟူသည့်စိတ်သည် အကြောင်းကိစ္စအမျိုးမျိုးတွင် ဖြစ်ပေါ်ပေသည်။ အစားအသောက်အအိပ်မှစ၍ စားဝတ်နေရေးဟူသည့် အရေးသုံးပါးတွင်သာမက ပညာရေး တရားရေး အချစ်ရေး နိုင်ငံရေး စသည့်အရေးများအထိ လောဘသည် လိုက်လံ နှောင့်ယှက်ပေသည်။ အစားအသောက် လောဘတက်လျှင် ကျန်းမာရေးချို့ယွင်းသည်။ အအိပ်လောဘတက်လျှင် ဉာဏ်ထိုင်း၏။ စား၊ ဝတ်၊ နေရေးသုံးပါးတွင် လောဘတက်လျှင် အမှန်အမှား ကောင်းဆိုးမခွဲခြားနိုင်တော့ပဲ ရဖို့သာစဉ်းစားပေတော့မည်။ လောဘတက်သလောက် မရခဲ့လျှင် ရသူတို့ကို မနာလိုတော့မည်။ ဤသို့နှင့် မနာလိုခြင်းနှင့် လောဘဟူသည့် ထောင်ချောက်အတွင်းသို့ လူသည် ရောက်မှန်းမသိ ရောက်သွားပေတော့သည်။

ထို့ကြောင့် လူသားအနေဖြင့် နှလုံးသားကြည်လင်သန့်ရှင်းရန် အထူးသဖြင့် နှလုံးအတွင်းမှဖြစ်သည့် စိတ်ဝိဉာဉ်သည် လှပလန်းဆန်းနေစေရန် အမြဲပင် ဂရုတစိုက်ထိန်းသိမ်းနေရမည်။ စိတ်နှလုံး၏ လှပကြည်လင်မှုကို ဖျက်ဆီးမည့်ရန်သူ ဝင်ရောက်နိုင်သည့် တံခါးများကို မိမိအသိဉာဏ် ဆင်ခြင်တုံတရားဖြင့် သော့ခတ်ပိတ်ထားရပေမည်။ ယင်းတံခါးတို့ပွင့်နေပြီး ဝိဉာဉ်တွင် ရှိုက်သာန်၏ဒုက္ခပေးမှုကြောင့် ရောဂါရနေပြီဆိုပါက ဝိဉာဉ်ကုသည့်ပညာရှင်များထံ ပြ၍ ကုသရမည်။ သို့မဟုတ် ယင်းပညာရှင်တို့ ညွှန်ကြားခဲ့သည့် ဆေးဝါးများကို စွဲမြဲစွာမှီဝဲ၍ စိတ်ဝိဉာဉ်၏ ကျန်းမာရေးကို ပြန်လည်ဆောင်ယူရပေမည်။ ထိုသို့ပြုမှသာလျှင် မိမိ၏ရှင်ခြင်းနှင့် သေခြင်းသည် လှပကောင်းမွန်မည်သာတည်း။
"စိတ်ဝိဉာဉ်၏ ရောဂါကို နှလုံးသားအတွင်းပြုပြင်သည့် သမားတော်ဖြင့်သာ ကုသနိုင်သည်။ ခန္ဓာကိုယ်ပြင်ပသမားတော်က မကုသနိုင်ပေ" ...........။

အလ်မုဖီးဒ်
ရှောက်ဝါလ်/ ၂၈/ ယောင်မွလ်ဂျွမ်အာ/ ဟိဂျရီ ၁၄၃၆


အလ်မုဖီးဒ်၏ Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။