Thursday, April 18, 2013

ဒရူးဒ်စလာမ် ပို့သခြင်း

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) အပေါ် ဒရူးဒ်စလာမ် ပို့သခြင်း ထူးမြတ်မှုနဲ့ ပတ်သက်ပြီး တရားတော်မှာ မြောက်မြားစွာသော အထောက်အထားတွေ လာရှိပါတယ်။ အဲဒီထဲကမှ သာသနာ့ ပညာရှင်အချို့ ထောက်ပြတဲ့ အရမ်းအရေးကြီးတဲ့ အချက်လေးတစ်ချက်ကိုပဲ တင်ပြလိုက်ပါ့မယ်။

ကျမ်းတော်မြတ်ကုရ်အာန်မှာ အရှင်မြတ်ကိုယ်တော်တိုင် ဦီးစွာပထမ ပြုလုပ်ပြီး . . .. နောက်မှ အီမာန်ရှင်တွေကို ပြုလုပ်ဖို့ အမိန့်ပေးထားတဲ့ လုပ်ရပ်ဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါဟာ . . .

***တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) အပေါ် ဒရူးဒ်စလာမ် ပို့သခြင်းပဲဖြစ်တယ်***

အဲဒီ တစ်ချက်တည်းနဲ့တင် တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် ဒရူးဒ်စလာမ်ပို့သခြင်း ဘယ်လောက်ထူးမြတ်သလဲဆိုတာ ပေါ်လွင်နေပါပြီ။

ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က (ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လည်းကောင်း ၊ အရှင်မြတ်၏ ကောင်းကင်တမန်များသည်လည်းကောင်း နဗီတမန်တော်မြတ် အပေါ်ကောင်းချီးမင်္ဂလာ ပို့သကြကုန်သည်။ အို အီမာန်ရှင် အပေါင်းတို့ အသင်တို့လည်း ထိုနဗီတမန်တော်မြတ်အပေါ် ကောင်းချီးမင်္ဂလာ ပို့သခြင်းနှင့် စလာမ်မေတ္တာပို့သခြင်းကို ပြုကြလေကုန်) (စူရာဟ်- ၃၃၊ အာယတ်- ၅၆)

ဒါကြောင့် ချစ်ပရိတ်သတ်ကြီး . . . တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် နေ့စဉ် ဒရူးဒ်စလာမ် များများပို့ကြပါ။

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်)အပေါ် ဒရူးဒ်စလာမ် ပို့သခြင်းဟာ . . .

- အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အတွက် ဂရုဏာတံခါးတွေ ဖွင့်ပေးစေမယ့် အကြောင်းခံ

- ကျွန်တော်တို့ နှလုံးသားတွေ လင်းဝင်းစေမယ့် အကြောင်းခံ

- စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေမယ့် အကြောင်းခံ

- ကေယာမသ်နေ့မှာ တမန်တော်မြတ်နဲ့ အနီးကပ်ဆုံးသူ ဖြစ်ခွင့်ရမယ့် အကြောင်းခံ

- အလ္လာဟ်အရှင်မြတ်ထံမှာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းတွေ မြင့်မားစေမယ့် အကြောင်းခံ . . . တွေပဲဖြစ်ပါတယ်။

အဲဒီအကြောင်းခံတွေနဲ့ ပတ်သက်ပြီး မြောက်မြားစွာသော ဟဒီးဆ်တော်တွေ လာရှိပါတယ်။

ဆက်ပြီးတော့ . . .

တမန်တော်မြတ် (ဆွလ္လာဟူ အလိုင်းဟိ ဝစလ္လာမ်) မိန့်တော်မူတယ် . . .

- အကြင်သူရဲ့ထံမှာ ငါကိုယ်တော့် (နာမည်) တသ ပြောဆိုတဲ့အချိန် ငါကိုယ်တော် အပေါ် ဒရူးသ် မပို့တဲ့သူဟာ စေးနည်းတဲ့သူပဲ ဖြစ်တယ်။ (အီမာန် နစာအီ၏ စွန်နနိုလ် ကွဗ်ရာကျမ်း ၊ ဟဒီးဆ်အမှတ်- ၈၀၄၆)

- အကြင်သူဟာ ငါကိုယ်တော့်အပေါ် ဒရူးသ်စလာမ် ပို့သဖို့ မေ့လျော့နေခဲ့မယ် (တမင်သက်သက်စွန့်လွှတ်ခဲ့မယ်) ဆိုရင် ဂျန္နတ်သို့သွားရာလမ်း မှားသွားလိမ့်မယ်။ (အစ်ဗ်နိုမာဂျာကျမ်း၊ ဟဒီးဆ်အမှတ်- ၉၀၈)

ချစ်မိတ်ဆွေ . . .
အသင့်ရဲ့ နှုတ်လျှာကို ဒရူးသ်စလာမ် ပို့သခြင်းဖြင့် မွှေးပျံ့ စိုစွတ်စေပါလို့ ဆန္ဒပြုရင်း . . .

*** အလ္လာဟွမ္မ ဆွလ္လေအလာ စိုင်ယေဒေနာ မိုဟမ္မဒင်န် ၀အလာ အားလေဟီ ၀ဆွဟ်ဗိဟီ ၀စလ္လမ် ****





ချစ်မိတ်ဆွေ . . .
သင့်အတွက် အကျိုးတစ်ခုခု ရလိုက်တယ်ဆိုရင် သင့်မိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့ မမေ့ပါနဲ့ . . . ။
တမန်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ် . . .
“ ကောင်းမှုတစ်ခုခုကို ညွှန်ပြတဲ့သူဟာ ပြုလုပ်သူကဲ့သို့သော ကုသိုလ်ရရှိမယ် ”
( မွတ်စလင်မ်ကျမ်း ၊ ဟဒီးဆ်အမှတ် - ၅၀၀၇ )


--- သင့်ဘ၀အတွက် အစ္စလာမ့်စာမျက်နှာမှ-----