Friday, April 19, 2013

အစ္စလာမ်ကို ရိုးရိုးလေးမြင်ကြည့်စို့

အစ္စလာမ်ဆိုတဲ့ ဘာသာတရား (လူအများနားလည်သလိုပြောတာနော်။ ကျနော်ကတော့ ဘာသာတရားဆိုတာထက် ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ အုတ်မြစ်ချထားတဲ့ လူ့ဘ၀တည်ဆောက်ရေး အတွက် တိကျပြီး အောင်မြင်မှုရှိတဲ့နည်းစနစ်များ လို့ခံယူပါတယ်။) မှာ အရေးအကြီးဆုံးအချက်က စိတ်နဲ့သာ စဉ်းစား သိရှိနိုင်ပြီး အာရုံငါးပါးနဲ့ မသိနိုင်တဲ့၊ ထာဝရတည်တံ့တော်မူသော အလ္လာဟ် အရှင်မြတ်ကို မိမိရဲ့တစ်ဆူတည်းသောကိုးကွယ်ရာ၊ အားထားရာ အဖြစ်ယုံကြည်ခြင်းနဲ့အတူ၊ အာရေဗျပြည် မက္ကဟ်မြို့သား တမန်တော်မိုဟမ္မဒ်ကို ထိုအရှင်မြတ်စေလွှတ်တော်မူသော တမန်တော်အဖြစ်ယုံကြည်ခြင်းပဲဖြစ်ပါတယ်။
(မွတ်စလင်မ်များခင်ဗျား- ကျနော်ဒီပို့စ်ကို non-Muslim တွေပါနားလည်အောင်ရေးတာမို့ ဘွဲ့ထူးနှင့် သိက္ခာတော်များ၊ ဒရူးဒ်နှင့် စလာမ်များ၊ မေတ္တာပို့စာသားများမပါဝင်သော်လည်း သက်ဆိုင်ရာ နေရာများတွင် ကိုယ်သိထားသည့်အတိုင်း ဖြည့်စွက် မေတ္တာပို့စေချင်ပါသည်။)
အစ္စလာမ်မှာ အဓိကက ယုံကြည်ချက်ပဲ။ အလ္လာဟ်အရှင်မြတ်ကို ယုံကြည်မှုပဲ။ နောက်ထပ်ယုံကြည်ရမှာ အများကြီးရှိသေးတယ်။ အလ္လာဟ်အရှင်မြတ်က ဘယ်လိုလဲ စပြောမယ်။ အလ္လာဟ်အရှင်မြတ်ကို မမြင်ရဘူး။ အရှင့်ရဲ့ဖန်ဆင်းမှုတွေကိုပဲ မြင်ရတယ်။
ဥပမာကတော့ အခုဖတ်နေရတဲ့စာတွေကိုကျနော်ရေးတယ်။ ခင်ဗျားအနေနဲ့ ကျနော့်ကိုလည်းမမြင်ရဘူး။ ကျနော်ရေးထားတာတော့မှန်တယ်။ အင်တာနက်ထဲကလာတယ်။ အင်တာနက်ကိုလည်းမမြင်ရဘူး။ MPT, Singtel, iSoftbank, AT&T , China Telecom စသဖြင့် ISP တွေက အင်တာနက်ကို Manage လုပ်ပြီး Network တည်ဆောက်ထားတယ်။ မက်ဇူကာဘက်ခ်ျ တီထွင်လိုက်တဲ့ Facebook ကိုသုံးနေတယ်။ စတိဂျော့ (Apple) ကတီထွင်ထားတဲ့ iPhone ကိုသုံးပီး ဖတ်နေတယ်(သို့) ကွန်ပျူတာပေါ့၊ အခြားTablet & Phone တွေလဲဖြစ်နိုင်တယ်။ Alpha Myanmar က တီထွင်ထားတဲ့ Zawgyi Font ကိုသုံးပီး မြန်မာစာကို ဖတ်နေတယ်။ ခင်ဗျားက ကားပေါ်မှာဆိုပါစို့။ အဲဒီကားက Alphard ဆိုပါစို့ ။ တိုယိုတာကုမ္ပဏီက ပြုလုပ်ခဲ့တာဖြစ်တယ်။ ဘယ်ဟာမှ သူ့အလိုလိုဖြစ်မလာဘူး။ တစ်ဦးတစ်ယောက် (or) တစ်စုတစ်ဖွဲ့က ရည်ရွယ်ချက်တစ်ခုနဲ့ တီထွင်ခဲ့တာတွေချည်းပဲ။ ဒါဆိုရင် ခင်ဗျားသောက်နေတဲ့ရေ၊ သွားနေတဲ့လမ်း၊ နေထိုင်ရာ ကမ္ဘာမြေကြီး၊ မိုးကောင်းကင်၊ ကြယ်၊ လ၊ နက္ခတ်၊ ရာသီဥတု၊ အက်တမ်၊ နျူကလိယပ်စ်၊ ပရိုတွန်၊ အီလက်ထရွန်၊ ဖိုတွန်၊ Positive & Negative ၊ Attractive Force and Repulsive Force, Black Hole, အလင်းရောင်၊ အမှောင်ထု၊ သစ်ပင် ပန်းမာလ်၊ သစ်တော၊ တောင်တွေ၊ ကျောက်သံပတ္တမြား၊ သတ္တု ရေနံ သဘာဝဓာတ်ငွေ့၊..............၊ နောက်ဆုံး ခင်ဗျားကိုယ်တိုင်၊ ကျနော်ကိုယ်တိုင် ကို ဘယ်သူတီထွင်ခဲ့လဲ။
အလ္လာဟ်အရှင်မြတ်က မိမိရဲ့ ဖန်ဆင်းနိုင်စွမ်း ဆိုတဲ့ အရည်အချင်းကို လူကိုလည်းပေးထားတယ်။ အလ္လာဟ်အရှင့်ဖန်ဆင်းမှုက မရှိရာမှ ရှိရာကို ဖန်ဆင်းတယ်။ အလ္လာဟ်အရှင်မြတ်က ပထမဆုံးလူကို ဖန်ဆင်းခဲ့တယ်။ ပထမဆုံး သစ်ပင်ကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးငါးကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးသက်ရှိတွေကို အလ္လာဟ်ဖန်ဆင်းခဲ့တယ်။ ပထမဆုံးနွားကို၊ ကုလားအုတ်ကို၊ မြင်းကို၊ ခွေးကို၊ ကြောင်ကို၊ သမင်ကို၊ ကျားကို၊ မြေခွေးကို၊ ၀က်ကို၊ ကြက်ကို၊ ဘဲကို၊......... စသည်ဖြင့် တော၊ တောင်၊ ပန်းမာလ်တွေကိုလည်း ထိုနည်းအတိုင်း ပထမဆုံးအရာတွေကို မရှိရာမှ ရှိရာသို့ဖန်ဆင်းတယ်။ နောက် သူတို့အထဲမှာ အဖို၊ အမ ကွဲပြားစေပြီး နောက်မျိုးဆက်တွေကို ဆက်လက် ပေါ်ထွက်စေတယ်။ ဒါဆို ကြက်ဥနဲ့ကြက် ဘယ်ဟာ အရင် ဖြစ်လဲဆိုတာကို ငြင်းဖို့မလိုတော့ဘူးနော်။ ....... ။ မြင်ရတဲ့အရာတွေ အပြင် မမြင်ရတဲ့ အရာတွေကိုလည်း အလ္လာဟ်အရှင်မြတ်ကပဲ ဖန်ဆင်းပါတယ်။ အခု ကျနော်ရေးထားတဲ့ ပို့စ်ကို ဖတ်နေရင်း ပီတိဖြစ်ကောင်းဖြစ်မယ်။ ဆန့်ကျင် ကန့်ကွက်ချင်တဲ့စိတ်တွေ ပေါ်ကောင်းပေါ်မယ်။ ရှယ်ရင်လဲ ရှယ်မယ်၊ Like ရင်လဲ Like မယ်။ ကော်မန့်ရေးချင်တာတွေ ရှိလာမယ်။ အကောင်း ပြောချင်ရင်လဲ ပြောမယ်။ ဆဲချင်ရင်လဲဆဲမယ်။ အဲဒီ စိတ်ထဲမှာဖြစ်ပေါ်လာတာတွေကို မြင်တွေ့ တို့ထိ စမ်းသပ် အရသာခံလို့မရဘူး။ စိတ်ကပဲသိတယ်။ စိတ်ဆန္ဒတွေကိုလည်း အလ္လာဟ်အရှင်မြတ်ပဲ ဖန်ဆင်းပါတယ်။ လူ့ရဲ့ ပညာဥာဏ် အသိုင်းအ၀ိုင်း အတွေ့အကြုံတွေပေါ်မူတည်ပြီး ကောင်းတဲ့ ဆန္ဒနဲ့ မကောင်းတဲ့ဆန္ဒ ဖြစ်ပေါ်လာမယ်။ အဲဒါတွေကို လူက ထိန်းချူပ်ခွင့် ပေးထားတယ်။ ကဲ..... လူသားတွေရဲ့ ဖန်ဆင်း (ဖန်တီး) မှုဘက် ဆက်ကြဦးစို့။
လူသားကအသစ်ထွင်ရင် ဖန်တီးတယ်၊ တီထွင်တယ် လို့ခေါ်ကြတယ်။ လူရဲ့ဖန်ဆင်း (ဖန်တီး) မှုက ရှိရာမှ ရှိရာသို့ ဖန်ဆင်း (ဖန်တီး) ပါတယ်။ အလ္လာဟ်ဖန်ဆင်းထားတဲ့ သစ်၊ ၀ါး ကိုလူ့ဥာဏ်နဲ့ ပျော့ဖတ်လုပ်ပီး စက္ကူထုတ်တယ်။ သဘောကတော့ အလ္လာဟ်အရှင်မြတ်က စက္ကူကို ဒီအတိုင်းချပေးလို့ရတယ်။ လူတွေကိုလည်း ဥာဏ် အသုံးချ စေချင်တယ်လေ။ မော်တော်ကားကို မြေထွက် သတ္တုတွေနဲ့ ၊ လူ့စွမ်းအား၊ စွမ်းပကား၊ ဥာဏ်ရည်ကို အသုံးချပြီး ဖန်ဆင်းစေလိုက်တယ်။ အလ္လာဟ်ဖန်ဆင်းထားတဲ့ ငှက်တွေကိုကြည့်ပီး လေယာဉ်ပျံကို လူက တီထွင်လိုက်တယ်။ လူ့နားစည်ကိုကြည့်ပီး မိုက်ကရိုဖုန်းနဲ့ စပီကာကို တီထွင်လိုက်ကြတယ်။ မျက်လုံးကို ကြည့်ပီး ကင်မရာထွင်တယ်၊ ကမ္ဘာ့ကျောက်လွှာ အထပ်ထပ်တွေ ထဲမှာ မြေပေါ်ကရေတွေ ရေသန့် ဖြစ်သွားတာကို ကြည့်ပီး ရေစစ်အိုး၊ ရေသန့်စက် ကိုတီထွင်တယ်။ ပုစဉ်းကို ကြည့်ပီး တီထွင်ထားတဲ့ Lite Ace Pickup ကားကိုတောင် ပုစဉ်းခေါင်း လို့ခေါ်တယ်။ .... ရေးမယ်ဆိုရင်တော့ ဥပမာအများကြီးရှိတယ်။ မိတ်ဆွေလည်း စဉ်းစားကြည့်ပါ။
လူအပါအ၀င် လူသားက မတီထွင်နိုင်တဲ့ အရာတွေကို တီထွင်သူတော့ ရှိရမယ်လေ။ အဲဒီသူကတော့ အလ္လာဟ်အရှင်မြတ်ပဲဖြစ်တယ်။ (အလ္လာဟ်အရှင်မြတ်ရဲ့ သန့်ရှင်း ကြီးကျယ် မြတ်ထွဋ်ပုံတွေ ဂုဏ်တော်တွေ ကိုတော့ ဒီနေရာမှာ ချန်ခဲ့ပါတယ်။ လေ့လာလိုပါက အစ္စလာမ် ဘာသာရေး စာအုပ်များမှာ လေ့လာနိုင် ကြောင်းပါ။) တစ်ခုသေချာတာ ကတော့ အလ္လာဟ်အရှင်မြတ် တည်ရှိနေတော်မူတယ် ဆိုတာပါပဲ။ အလ္လာဟ်အရှင်မြတ်က ထာဝရ ရှင်သန် နေတော်မူသော အရှင်ဖြစ်တော်မူပါတယ်။ အိပ်စက် ငိုက်မြည်း ပင်ပန်း အနားယူ ဆိုတာတွေနဲ့ ဖို-မ သဘောတရား၊ ဆွေမျိုးတော်စပ်ခြင်း ဆိုတာတွေ အလ္လာဟ်အရှင်မြတ်မှာ မရှိပါဘူး။ အဲဒါတွေက လူသားအတွက် အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းပေးထားတဲ့ နိယာမ (Law) တွေပါ။ ဒါ့ကြောင့် အလ္လာဟ်အရှင်မြတ်က တရားအားထုတ်ဖို့ မလိုပါဘူး။ တရား ကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်း ထားတာပါ။ အလ္လာဟ်အရှင်မြတ် အတွက် နေဖို့ရာ အိမ် မလိုပါဘူး။ အချိန် နဲ့ နေရာ Time and Space ကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားတာပါ။
အလ္လာဟ်အရှင်မြတ်အကြောင်း ဘယ်သူ ပြောပြသတုန်းဆိုရင် အထက်က ဖော်ပြခဲ့တဲ့ အစ္စလာမ့် ယုံကြည်ချက်မှာပါဝင်တဲ့ လွန်ခဲ့သော AD 571 ခုနှစ်က ပွင့်ပေါ်တော်မူခဲ့တဲ့ အာရေဗျပြည် မက္ကဟ်မြို့သား တမန်တော်မိုဟမ္မဒ် (အပေါ်သို့ငြိမ်းချမ်း သာယာမှု အဖြာဖြာ ရောက်ရှိပါစေ) က ဟောပြောခဲ့တာပါ။ သူပြောတာတွေကို မှတ်တမ်း တင်ထားတယ်။ သူ့ပေါ်မှာ ကုရ်အာန် လို့ခေါ်တဲ့ အလ္လာဟ် အရှင်မြတ်ရဲ့ မုက္ခပါဋ္ဌ်တော် တွေ၊ ဗျာဒိတ်တော်တွေ ကျရောက်ပါတယ်။ နောက်ပီး အလ္လာဟ် အရှင်မြတ်ရဲ့ သဘောတူနှစ်မြို့မှု (အရဗီဘာသာနဲ့ ဟိဒါယဟ်) ရရှိလို့ ကျနော်တို့ အစ္စလာမ် ဘာသာဝင် ဖြစ်ရတာပါ။ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးအလွန် တင်ရှိပါတယ်။ ဟိဒါယဟ် သာ မရခဲ့ရင် ကျနော်လဲပဲ အလ္လာဟ် အရှင်မြတ်ကို မသိပဲ နေခဲ့မှာပါ။ အခုတော့ ကမ္ဘာမှာ အလ္လာဟ်အရှင်မြတ်ကို မသိသူတော်တော်ရှားသွားပြီ။ အနည်းဆုံးတော့ နာမတော်ကို ကြားဖူးကြမှာပါ။
ဘယ်တော့ အလ္လာဟ်အရှင်မြတ်ရဲ့ သဘောတူနှစ်မြို့မှု (အရဗီဘာသာဖြင့်- ဟိဒါယဟ်) ရမလဲဆိုရင် မိမိစိတ်ထဲမှာ အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း သက်ဝင်ယုံကြည်ရင် ဟိဒါယဟ်ရပြီပေါ့။
အစ္စလာမ် တစ်ဦးဖြစ်ဖို့ဘာလိုလဲဆိုရင် သက်ဝင်ယုံကြည်မှု ကတိသစ္စာစကား ---- လားအိလားဟ အိလ္လလ္လာဟု မုဟမ္မဒုရ် ရစူလွလ္လာဟ်----- (အဓိပ္ပာယ် ။ ။ အလ္လာဟ်အရှင်မြတ်မှတပါး ကိုးကွယ် အားထားရာ အရှင်မရှိ။ မုဟမ္မဒ် သခင်သည် အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူသော တမန်တော်ဖြစ်တော်မူ၏) ကို နှုတ်မှ ဖတ်၊ နှလုံးသားက ယုံကြည်လက်ခံ။ အဲဒီအတိုင်း ကျင့်ကြံအားထုတ်။ ဒါဆိုရင် အစ္စလာမ်ဖြစ်ပီပေါ့။
နောက်တစ်ခုက မွတ်စလင် ဆိုတာ ....... အစ္စလာမ် ဘာသာဝင် ဖြစ်လာတဲ့မည်သူမဆို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မွန်ဂို၊ မလေး၊ ဖိလစ်ပင်း၊ ထိုင်း၊ အင်ဒိုနီးရှန်း၊ ဗမာ၊ စင်ကာပူရီးယန်း၊ အိုင်းရစ်၊ အရဗ်၊ ပါရှန်း၊ တာကစ်ရှ်၊ အင်ဒီးယန်း၊ အမေရိကန်၊ ဖရန့်စ်၊ ...... ..... ....... ........ ၊ ဘယ်လူမျိုးကိုမဆို ကို မွတ်စလင်မ် ဟု အမည်နာမ တပ်ပါသည်။ ကမ္ဘာ့တစ်ဖက်ခြမ်းက မွတ်စလင်မ် သည် နောက်တစ်ခြမ်းက မွတ်စလင်မ်နှင့် တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်ပါသည်။ တစ်ကိုယ်ခန္ဓာတည်း ဖြစ်ပါသည်။
မွတ်စလင်မ် လူမျိုးဆိုသည်မှာ မရှိပါ။ မိမိဖခင် မိခင် ဘာလူမျိုးလဲ အဲဒီလူမျိုးသည်သာ မိမိလူမျိုးဖြစ်ပါသည်။ အစ္စလာမ်က လူမျိုးကို ဖုံးကွယ် လိမ်လည်ဖို့အားမပေးပါ။ ဘာသာကို ရွေးချယ်လို့ရပါသည်။ အိမ်ထောင်ဖက်ကို ရွေးချယ်လို့ရပါသည်။ မိဘ ကိုရွေးချယ်လို့မရပါ။ သားသမီးကို ရွေးချယ်လို့မရပါ။ မွတ်စလင်မ်ဆိုတာကို ဥပမာပေးရရင် Engineering လုပ်သူကို Engineer ခေါ်သော်လည်း Engineer လူမျိုးဆိုတာ မရှိသလို၊ Accounting လုပ်သူကို Accountant ခေါ်သော်လည်း Accountant လူမျိုးဆိုတာ မရှိသလိုမျိုးဖြစ်ပါသည်။


http://aaitee.blogspot.com ကို ၀င်ရောက်ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။ 

မည်သူမဆို ထပ်မံဝေငှနိုင်ပါသည်။ ကော်ပီလုပ်ပြီး မိမိ wall ပေါ်မှာ ပြန်လည်ကူးတင်ပေးနိုင်ပါသည်။