Monday, December 30, 2013

ဒိုအာပြုခြင်းနှင့် သက်ဆိုင်သည့် နည်းစနစ်များ


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

လောကီရေးဖြစ်စေ၊ သာသနာရေးဖြစ်စေ၊ မိမိ၏စွမ်းပကားကို အသုံးချရ၍ရသည့် အရေးကိစ္စဖြစ်စေ၊ အသုံးချ၍မရသည့်အရေးကိစ္စဖြစ်စေ၊ ၎င်းအရေးကိစ္စနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထံတော်ဝယ် ဒိုအာတောင်းဆိုပါ။ သို့ရာတွင် တရားတော်နှင့် ဆန့်ကျင်သည့် အရေးကိစ္စမျိုးမဖြစ်စေရ။ အထက်ဖေါ်ပြပါ ဤသည်တို့သည် အားလုံးပါဝင်လျက် ရှိသည်။ ဥပမာ- တစ်ဦးတစ်ယောက်သည် လယ်ယာကိုင်းကျွန်းအလုပ်ကိုလုပ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ရောင်းဝယ် ဖေါက်ကားမှုကားမှုကို လုပ်သည်ဖြစ်စေ၊ ယင်းအလုပ်အတွက် လုံ့လဝိရိယ စိုက်ရမည်သာဖြစ်သည်။ လိုအပ်သည်များကို စုဆောင်းရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံပါးတော်၌ ဤသို့ ဒိုအာတောင်းဆိုရပေမည်။ အို, အလ္လာဟ်အရှင်မြတ် ဤလုပ်ငန်း၌ ဗရ်ကသ်ပေး၍ တိုးပွားများပြားစေတော်မူပါ။ ဆုံးရှုံးမှုမှ လွတ်ကင်းစေတော်မူပါ။

သို့မဟုတ် လောကီရန်သူဖြစ်စေ၊ သာသနာ့ရန်သူဖြစ်စေ၊ ရန်သူတစ်ဦးတစ်ယောက်က ဒုက္ခပေးလာသည်ရှိသော် ထိုဒုက္ခမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကိုလည်း ကြံစည်အားထုတ်ရမည်သာဖြစ်သည်။ ထိုကြံစည်အားထုတ်မှုသည် မိမိအစွမ်းအစဖြင့် ဖြစ်မြောက်သည်ဖြစ်စေ၊ အာဏာပိုင်တစ်ဦးတစ်ယောက်ထံမှ အကူအညီရယူသည်ဖြစ်စေ၊ ယင်းကြံစည်အားထုတ်မှုနှင့်အတူ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒိုအာကိုလည်းတောင်းဆိုရမည်ဖြစ်သည်။ ဒိုအာတောင်းဆိုရာ၌ အို, အလ္လာဟ်အရှင်မြတ် ရန်သူကိုရှုံးနိမ့်စေတော်မူပါဟူ၍ ဆိုရမည်။ သို့တည်းမဟုတ် ရောဂါဝေဒနာ တစ်စုံတစ်ရာကို ခံစားနေရလျှင် ဆေးဝါးကိုလည်း မှီဝဲရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အို, အလ္လာဟ်အရှင်မြတ်၊ ရောဂါကို ပျောက်ကင်းစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိထံ၌ ပစ္စည်းဥစ္စာရှိလျှင် ယင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးအစီအစဉ်ကို ချမှတ်ရမည်ဖြစ်သည်။ ဥပမာ-လုံခြုံခိုင်ခံ့သည့်အိမ်ကို ဆောက်လုပ်ထားခြင်း၊ ပစ္စည်းသိုလှောင်ထားသည့်အခန်းကို သော့ခတ်ထားခြင်း၊ သို့တည်းမဟုတ် အိမ်သူအိမ်သားများ၊ အခိုင်းအစေများကို ကင်းချထားခြင်း၊ အမြဲကြည့်ရှုစောင့်ရှောက်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ထိုဥစ္စာပစ္စည်းများကို သူခိုးဓါးပြရန်တို့မှ ကင်းဝေးစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိက တစ်ဦးတစ်ယောက်ကို တရားစွဲဆိုထား၏။ သို့မဟုတ် တရားစွဲခံရလျက်ရှိ၏။ ထိုအခါ ယင်းမှုခင်းအတွက် ရှေ့နေကိုလည်း ငှားရမည်ဖြစ်သည်။ သက်သေများကိုလည်း ခေါ်ရမည်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အမှုကိုနိုင်စေတော်မူပါ။ ကျူးကျော်စော်ကားသူများ၏ရန်မှ ကျွန်တော်မျိုးအားလွတ်ကင်းတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် ကျမ်းမြတ်ကုရ်အာန်နှင့် ဘာသာရေးပညာရပ်များကို သင်ကြားဆည်းပူးလျက်ရှိ၏။ သင်ကြားတတ်မြောက်နိုင်ရန်အတွက် စိတ်ဝင်စားစွာဖြင့် စနစ်တကျ ကြိုးပမ်းရမည်။ ထို့ပြင် အို, အလ္လာဟ်အရှင်မြတ် ထိုပညာရပ်ကို ကျွန်တော်မျိုးအဖို့ လွယ်ကူစေတော်မူပါ။

ကျွန်တော်မျိုး၏ ဦးနှောက် (စိတ်ပိုင်းဆိုင်ရာ) သော်လည်းကောင်း၊ သို့တည်းမဟုတ် ဆွလာသ်-စွီယာမ် အစရှိသည်တို့ကို အစပြု၍သော်လည်းကောင်း၊ သို့မဟုတ် သူတော်စင်တို့၏ ညွှန်ပြမှုကြောင့် အခြားအိဗါဒသ်တစ်ခု, ခု၌ မွေ့လျော်နေ၏။ ထိုအခါ မိမိ၏စိတ်ရိုင်းကို ရင်ဆိုင်တိုက်ခိုက်၍ အစဉ်ပွါးများနိုင်ရန် ကြိုးစားရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။ အစဉ်အမြဲ လုပ်ဆောင်နိုင်ရန် စွမ်းအင်ပေးသနားတော်မူပါ။ ကျွန်တော်မျိုး ပြုကျင့်ခဲ့သည်များကို လက်ခံတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ ဤသည် စံပြအနေဖြင့် အချို့ကို ရေးသားဖေါ်ပြလိုက်ခြင်းဖြစ်သည်။

အရေးကိစ္စတိုင်း။ ဘေးဒုက္ခတိုင်းအတွက် မိမိဥာဏ်စွမ်းဥာဏ်စများကို အသုံးချရသည့်နည်းတူ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း နှိမ့်ချရိုကျိုးစွာဖြင့် ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ မိမိကြိုးစားမှုဖြင့် မဖြစ်မြောက်နိုင်သော အရာများနှင့် စပ်လျဉ်း၍ ဒုအာကိုသာ တောင်းဆိုရမည်။ ဥပမာ- မိုးရွာသွန်းစေခြင်း၊ သားသမီးရယူခြင်း၊ ကုစား၍မရနိုင်သည့် ဝေဒနာမျိုးကို ခံစားနေရသည့် ဝေဒနာရှင်တစ်ဦး အကောင်းပကတိဖြစ်သွားစေခြင်း၊ သို့မဟုတ် စိတ်ရိုင်းနှင့် ရှိုက်တွာန် အီဗလိစ်၏ သွေးဆောင်ခြင်းမှ သို့မဟုတ် ရောဂါဆိုးကြီးများမှ လွတ်ကင်းမှုရယူခြင်း၊ မိမိအား ချေမှုန်းဖျက်ဆီးနိုင်သည့် ရန်သူ၏ ဘေးအန္တရာယ်မှ လွတ်မြောက်မှုရယူခြင်း။ အစရှိသည်တို့ဖြစ်သည်။
ဤဖေါ်ပြချက်များကို အလ္လာဟ်အရှင်မြတ်ကသာ စွမ်းဆောင်နိုင်ပေသည်။ အခြားမည်သူတို့မျှ စွမ်းဆောင်နိုင်ခြင်းမရှိချေ။ သို့ဖြစ်၍ မိမိ၏လုံ့လဝိရိယဖြင့် မပြီးမြောက်နိုင်သည့်အရာများနှင့် စပ်လျဉ်း၍ ဒိုအာတောင်းဆိုခြင်းကို အပြည့်အဝ အသုံးချရမည်ဖြစ်ပေသည်။
အချုပ်ကိုဆိုရသော် လုံ့လဝိရိယနှင့်သက်ဆိုင်သည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ခွန်အားစိုက်၍ ကြိုးပမ်းရသလို ဒိုအာကိုလည်း တောင်းဆိုရပေသည်။ လုံ့လဝိရိယဖြင့် မပြီးမြောက်သည့် အရာများ၌ ဒိုအာကိုသာ တောင်းဆိုရမည်။ သို့ဖြစ်၍ ဒိုအာကို များစွာတောင်းဆိုရကြောင်း သိရပေသည်။ စကားလုံးလေးလုံးကို ကျက်မှတ်ထားလိုက်ခြင်း ထို့နောက် ဆွလာသ်ဝတ်ပြုမှုအပြီး ယင်းစကားလုံးမျိုးကို နှုတ်မှရွတ်ဆိုခြင်းသည် ဒိုအာမ, မည်။ ဒိုအာ၏ပုံတူသာဖြစ်သည်။ ဒိုအာဟူသည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ လျှောက်ထားပန်ကြားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပေရာ အနည်းဆုံး အာဏာပိုင်တစ်ဦးတစ်ယောက်ထံ လျှောက်ထားပန်ကြားစဉ် ပြသရသည့် အမူအရာကိုကား ပြသရပေမည်။ လျှောက်ထားပန်ကြားနေစဉ် မိမိ၏အာရုံကို အာဏာပိုင်ဘက်သို့ စူးစိုက်ထားရပြီး စိတ်အာရုံကိုလည်း ထိုဘက်သို့ပင် စူးစိုက်ထားရသည်။ ပုံပန်းသဏ္ဍန်ကိုလည်း ကျိုးနွံသူများ၊ နိမ့်ချသကဲ့သို့ သရုပ်ဆောင်ထားရမည်။ နှုတ်ဖြင့် လျှေုာက်ထားရန်ရှိလျှင် ယဉ်ကျေးသိမ်မွေ့သော သာယာနာပျော်ဖွယ်ရာ စကားလုံးများဖြင့် လျှောက်ထားရမည်သာဖြစ်သည်။ မိမိ၏လျှောက်ထားပန်ကြားချက် လက်ခံအတည်ပြုခြင်းခံရရန်အတွက် အစွမ်းကုန် ကြိုးပမ်းရမည်သာဖြစ်သည်။ မိမိသည် လူကြီးမင်းကို အထူးအားကိုးကြောင်း လူကြီးမင်းအနေဖြင့် ဤလျှောက်ထားချက်နှင့် ပတ်သက်ပြီး အထူစဉ်းစားမည်ကို မျှော်လင့်မိကြောင်းဖြင့် အယုံအကြည် သွင်းမည်သာဖြစ်သည်။ သို့ငြားလည်း မိမိလျှောက်ထားသည့်အတိုင်း စီရင်ချက်ကျလာခြင်းမရှိလျှင် အာဏာပိုင်က အသင်ကြိုက်နှစ်သက်သည့်အတိုင်း ဖြစ်လာခြင်းမရှိသည်ကို ဝမ်းနည်းမိကြောင်းဖြင့် ထုတ်ဖေါ်ပြောကြားလျှင် ထိုအခါ လျှောက်ထားပန်ကြားခဲ့သည့် ပုဂ္ဂိုလ်သည် အို, လူကြီးမင်း ကျွန်ုပ်စိတ်မပျက်ပါ။ တရားဥပဒေ၏ ချွတ်ယွင်းမှုကြောင့်ပေလော။ သို့တည်းမဟုတ် ကျွန်ုပ်အနေဖြင့် ပြည့်ပြည့်ဝဝ မကြိုးစားမိ၍လော ဤုနှစ်ခုအနက်မှ တစ်ခုခုဖြစ်ချေမည်။ လူကြီးမင်းနှင့် မည်သို့မျှ မ, သက်ဆိုင်ပါ။ အကယ်၍ ထိုသူအနေနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒရှိလျှင် ဤသို့ပြောဆိုမည်သာဖြစ်သည်။ ကျွန်ုပ် ဇွဲသတ္တိကို မလျှော့ပါ။ ရှေ့ဆက်၍လည်း လျှောက်ထားပန်ကြားသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည် အလုပ်ကိစ္စ အောင်မြင်ခြင်းထက် ပို၍ ကျွန်ုပ် နှစ်သက်မြတ်နိုးပါသည်။ဤသည်ပင် ကျွန်ုပ် အဖို့ အဓိကဖြစ်သည်။ အလုပ်ကိစ္စဟူသည်မှာ အချိန်အကန့်အသတ်ရှိသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည်ကား ဘဝတစ်လျှောက်လုံးအတွက်ဖြစ်၍ အကန့်အသတ်မရှိသော တန်ဘိုကြီးမားလှသည့် ရတနာပင်ဖြစ်သည်။ ဤသည်များသည် လောကီရေးဆိုင်ရာ အာဏာပိုင်တစ်ဦးထံ လျှောက်ထားပန်ကြားချက်ပင်ဖြစ်သည်။

သို့ဖြစ်၍ အို, မွတ်စလင်အပေါင်းတို့ မိမိတို့၏နှလုံးသားများကို ပြန်လည်ဆန်းစစ်ကြကုန်။ အသင်တို့ ဒိုအာဆုမွန် တောင်းဆိုနေစဉ်၌လည်းကောင်း၊ ဒိုအာဆုမွန်တောင်းဆိုပြီး ဒိုအာတောင်းခဲ့သည့်အတိုင်း၊ ဖြစ်ပေါ်လာခြင်း၊ မရှိသည့်အခါမျိုး၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်နှင့်အထက်တွင် ဖော်ပြသည့်အတိုင်း ဆက်ဆံပါသလော။ စဉ်းစားကြကုန်။ ရှက်ကြောက်၊ တရားရကြကုန်။ ထိုသို့ဆက်ဆံခဲ့ခြင်းမရှိလျှင် မိမိဒိုအာကို ဒိုအာတောင်းဆိုခြင်း၊ လျှောက်ထားပန်ကြားခြင်းဟူ၍ အဘယ်ကြောင့် အမည်ပေးထားသနည်း။

စင်စစ်မှာမူကား လျှော့နည်းချက်သည် အသင်တို့ဘက်မှသာ ဖြစ်သည်။ ထိုလျှော့နည်းမှုကြောင့်ပင် ဒိုအာသည် လျှောက်ထားပန်ကြားချက်အဆင့်၌ မရှိတော့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ဘက်တော်၌တွင် ထောက်ထားညှာတာမှု အပြည့်အဝရှိသည်။ လျှောက်ထားပန်ကြားရန်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိချေ။ ကြိုက်နှစ်သက်သည့်အချိန်၌ ဒိုအာတောင်းဆို လျှောက်ထားပန်ကြားခွင့်ရှိသည်။ ဆွလာသ်ဝတ်ပြုမှုအပြီး ဒိုအာတောင်းဆိုခြင်းသည်ကား အသင်တို့က သတ်မှတ်ထားသည့်အချိန်သာ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ဆွလာသ်ဝတ်ပြုမှုအပြီး အချိန်သည်ကား ဗရ်ကသ်မင်္ဂလာရှိသည့်အချိန်ပင် ဖြစ်သည်။ ထိုအချိန်၌ ဒိုအာတောင်းဆိုကြကုန်။ မည်သည့်အချိန်၌ပင်ဖြစ်စေ၊ လိုအင်ဆန္ဒတစ်ခုခုကို သတိရလာလျှင် နှုတ်ဖြင့်သော်လည်းကောင်း၊ စိတ်တွင်းမှသော်လည်းကောင်း၊ ဒိုအာတောင်းဆိုကြကုန်။ ဒိုအာသည်မည်သည်ကို ဆိုလိုကြောင်း အသင်တို့ သိခဲ့ရပြီးဖြစ်သည်။ ထိုအတိုင်းသာ ဒိုအာတောင်းဆိုလျက်နေပါ။ အဘယ်မျှ ဗရ်ကသ်ရှိသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပေလိမ့်မည်။ ဗရ်ကသ်ဟူသည်မှာ တောင်းဆိုရာဆုနှင့်ပြည့်သည်ကို ဆိုလိုခြင်းမဟုတ်၊ အကြောင်းမှာ တစ်ခါတစ်ရံ တမလွန်နှင့် စပ်လျင်း၍ တစ်စုံတစ်ခုကိုတောင်းလျှင် တမလွန်၌ ရရှိမည်ဖြစ်သည်။ ယင်းသည် လူသားအဖို့ ကောင်းခြင်းသက်သက်ပင်ဖြစ်သည်။ သို့ရာတွင် ထိုသို့ရရှိရန်အတွက် ထိုသူ့ထံ၌ အီမာန်နှင့် အမိန့်နာခံမှု ရှိရမည်ဖြစ်သည်။ တမလွန်၏စည်းစိမ်ကို မုအ်မင်သာရရှိမည်ဖြစ်သည်။ တစ်ခါတစ်ရံ တောင်းသည့်ဆုကို မရရှိဘဲနေတတ်သည်။ ဥပမာ-တစ်ဦးတစ်ယောက်သည် လောကီဥစ္စာပစ္စည်းမျာကို တောင်းဆိုလိုက်၏။ အကြောင်းမှာ ယင်းဥစ္စာပစ္စည်းများသည် လူသားတို့အား တစ်ခါတစ်ရံ အကျိုးပေးသလို တစ်ခါတစ်ရံ အကျိုးလည်း ယုတ်စေတတ်သည်။
မည်သည့်အခါ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ အကြင်သူ တောင်းဆိုသောအရာသည် ကောင်းမွန်မှုဖြစ်ပါက ထိုသူကို ကောင်းမွန်ခြင်းများ ရရှိပြီး မကောင်းဖြစ်ပါက ရရှိလိမ့်မည်မဟုတ်ပါ။ ဥပမာ- ဖခင်သည် မိမိကလေးအား ပိုက်ဆံတောင်းခြင်းအပေါ် တစ်ခါတစ်တစ်ရံပေး၍ တစ်ခါတစ်ရံ မပေးချေ။ အဘယ်ကြောင့်ဆိုသော် ဖခင်သည် ကလေးကို ပိုက်ဆံပေးချိန်တွင် စဉ်းစားသုံးသပ်သည်မှာ အကယ်၍ ကလေးကို ပိုက်ဆံပေးလိုက်ပါမူ ၎င်းကလေးသည် လူကိုအန္တရာယ်ပြုနိုင်မည့် အစားအသောက်များကို ဝယ်စားလိုက်မည်လော။ သို့မဟုတ် သမားတော်ကတားမြစ်ထားသည့် အစားအသောက်များကို စားသုံးလိုက်မည်လောဟူ၍ အစရှိသဖြင့် စဉ်းစားသုံးသတ်ပေမည်။ ဤသို့ ဝယ်စားလိုက်ခြင်းသည် ဗရ်ကသ်၏ ရည်ရွယ်ချက် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ တောင်းခံသောအရာတိုင်း ရရှိလိမ့်မည်မဟုတ်ပါ။
ဗရ်ကသ်၏ ရည်ရွယ်ချက်မှာ ဤသို့ဖြစ်သည်။ လူသား(ကျေးကျွန်) သည် အလ္လာဟ်အရှင်မြတ်ထံ ဒုအာတောင်းခံလိုက်ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်သည် ထိုဗန္ဒာဘက်သို့ ဂရုပြုတော်မူလိုက်သည် ။ အကယ်၍ ထိုဗန္ဒာတောင်းခံသောအရာသည် အကြောင်းကြောင်းကြောင့်မရရှိပါက ထိုဒုအာ၏ဗရ်ကသ်ဖြင့် ဗန္ဒာ၏ စိတ်နှလုံးသား၌ ရဲရင့်မှုများပေါ်ပေါက်လာပေမည်။ ပူဆွေးသောက စိုးရိမ်မှုများနှင့် အင်အားချိနဲ့မှုများ ပပျောက်သွားပေမည်။ ဤကဲ့သို့ဖြစ်ပေါ်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ သီးသန့် ထိုဗန္ဒာဘက်သို့ ဂရုပြုတော်မူခြင်းကြောင့်ပင်ဖြစ်ပေသည်။ ဒုအာတောင်းခံသောဗန္ဒာကျေးကျွန်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်သားဖြစ်သွားလေသည်။ ၎င်းနောက် ဤ ကဲ့သို့သီးသန့် ဂရုပြုတော်မူခြင်းနှင့် လက်ခံခြင်းသည် ယုံကြည်ချက် အတိုင်းအတာပေါ်တွင် မူတည်လေသည်။ အလ္လာဟ်အရှင်မြတ်ဘက်တော်မှ (အကြင်သူအားဂရုပြတော်မူမည်ဟု) ကတိသည် ဒုအာတောင်းခံသူများအတွက်သာဖြစ်သည်။ ၎င်းနောက် ထိုသူ၏ လိုအပ်ချက်ကို ချီးမြှင့်ခံရခြင်းသည် ဒုအာလက်ခံခြင်း၏ ဒုတိယအဆင့်ဖြစ်သည်။ အကြင်အရှင်မြတ်၏ ကတိသည် စည်းကမ်းချက် သတ်မှတ်ထားခြင်းမရှိ၊ သို့သော် စည်းကမ်းချက်တစ်ခုမှာ ဗန္ဒာ၏ အကြောင်းခံသည် ဆန့်ကျင်ဘက် မဖြစ်ရချေ။ ဤအရာသာလျှင် သီးသန့်ဂရုပြုတော်မူခြင်း မည်ပေသည်။ အသျှင်၏ထံတော်ပါးတွင် အလွန့်အလွန် လိုအပ်ချက် ကြီးမားများပြားခြင်းနှင့် စည်းစိမ်များသည် မည်သို့မျှ မပြောပလောက်ပေ။ ၎င်းနောက် ဤသို့ ဂရုပြုတော်မူခြင်းသည် ဗန္ဒာ၏ သီးသန့်ကြီးမားသော ရတနာပင်ဖြစ်သည်။
ဤသို့ အလ္လာဟ်အရှင်မြတ်၏ ဂရုပြုတော်မူခြင်းကြောင့် ဒွန္နယာလောက၌်လည်း ထိုသူသည်စစ်မှန်သော အေးချမ်းသာယာမှု ရရှိပေမည်။ ၎င်းနောက် အာခိရသ် နောင်တမလွန်တွင်လည်းအမြဲတစေ အတိုင်းအဆမရှိသော အရသာရှိခြင်း၏စည်းစိမ်များနှင့် ငြိမ်းချမ်းမှုကိုရှိပေမည်။ သို့ရှိရာ ဒုအာတောင်းခံသူသည် အကြင်ဒုအာများ၏ ဗရ်ကသ် ရရှိနေသောကြောင့် ဒုအာတောင်းခံသူသည် ပျက်စီးဆုံးရှုံးခြင်း၊ ကြောက်ရွံ့စိုးရိမ် လက်မဲ့ဖြစ်သွားခြင်းများမှ မည်သည့်အခါမျှ မည်သည့်အခါမျှ ဖြစ်နိုင်တော့မည်နည်း။

ယခု ဒုအာ၏ အကျိုးကျေးဇူး အပြင် စည်းကမ်းချက်များနှင့် စပ်လျဥ်း၍ ဟဒီးစ်တော်အချို့တင်ပြပါမည်။ 

၁။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိခဲ့သည်။ ဗန္ဒာများ၏ ဒုအာကို အလ္လာဟ်အရှင်မြတ်လက်ခံတော်မူလေသည်။ သို့သော် ထိုစည်းကမ်းချက်များရှိရမည်။ မည်သည့်ပြစ်မှု ဒုစရိုက်အတွက် (သို့မဟုတ်) အိမ်နီးနားချင်းများအား မကောင်းဆက်ဆံရန် ဒုအာမလုပ်ရ။ ဆွဟာဗာကြီးများက အလုပ်တွင် အောင်မြင်မှု မရရှိခြင်းနှင့် စပ်လျဥ်း၍ မေးမြန်း လျှောက်ထားကြသည်မှုာ အို, အလ္လာဟ့်ရစူလ်၊ အလုပ်၌လျင်မြန်စွာ မအောင်မြင်ခြင်းသည် မည်သို့နည်း။ ထိုအခါ တမန်တော်မြတ်(ဆွ)က အမိန့်ရှိလေသည်။ အလုပ်လျှင်မြန်စွာ အောင်မြင်ရန် အသင်သည် ကြိမ်ဖန်များစွာ ဒုအာပြုလော့။ သို့သော်လည်း ဒုအာလက်ခံခြင်းကို မတွေ့ရချေ။ (သို့မဟုတ်) ဒုအာတောင်းခြင်းမှ မောပန်းသွားသောကြောင့် ဒုအာတောင်းဆိုခြင်းကို စွန့်လွှတ်လိုက်။ (မွတ်စလင်ကျမ်း)

မှတ်သားဖွယ်ရာ---ဆိုလိုသည်မှာ တင်ပြခဲ့သော ဟဒီးစ်တော်၌ ဒုအာလက်မခံသော ကိစ္စရပ်နှင့်စပ်လျဉ်း၍ အလေးအနက် လာရှိပေသည်။ သို့သော် တန်းတူညီတူ ဖြစ်ရမည်။ ၎င်းနှင့် ပတ်သက်၍ အပေါ်၌ တင်ပြခဲ့ပြီးဖြစ်လေပြီ။
၂။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့််ရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ ထံတော်ပါး၌ ဒုအာထက် တန်ဖိုးအရှိဆုံးအရာ မည်သည့်အရာမျှမရှိ။

၃။ ဆွဟာဗဟ်ကြီး အိဗ်နေ့အိုမရ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ ဒုအာသည် အရာရာတိုင်းအတွက် အကျုံးဝင်သည်။ ကျရောက်ခဲ့သော အခက်အခဲများကို လွယ်ကူမှုရရှိစေ၍ မကျရောက်သေးသော အခက်အခဲများကိုလည်း လွယ်ကူမှု ရရှိပေသည်။ အို, မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ ဗန္ဒာဟ်များ၊ အသင်တို့သည် ဒုအာကို စွဲမြဲစွာ လက်ကိုင်ထားကြကုန်။ (သိရ်မီဇီကျမ်း၊ အဟ်မဒ်ကျမ်း)

၎။ ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ) က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ အကြင်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဒုအာတောင်းဆိုမှု မလုပ်ပါကထိုသူအပေါ် အလ္လာဟ်အရှင်မြတ် အမျက်ဒေါသထွက်လေသည်။(သိရ်မီဇီကျမ်း၊အဟ်မဒ်ကျမ်း)
သို့သော် အကြင်အရာကို ထိုသူ၏ အတွေးအခေါ်မှ လက်ခံမှု မရှိပါက ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ အမျက်ဒေါသ၌ မပါချေ။

၅။ဆွဟာဗဟ်ကြီး အဗူဟိုရိုင်ရဟ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်။ အသင်သည် ဤသို့သောအခြေအနေ၌ ဒုအာပြုလုပ်ပါ။ ထိုအချိန်၌ အသင်၏ဒုအာကိုလက်ခံမည်ဟု ယုံကြည်ထားလေသည်။ ၎င်းနောက် ဤအရာကိုလည်း အသင်မှတ်ထားလော့။ အလ္လာဟ်အရှင်မြတ်သည် မေ့လျော့သော စိတ်နှလုံးသားဖြင့် ဒုအာတောင်းဆိုခြင်းကို လက်ခံတော်မူမည်မဟုတ်။ (သိရ်မီဇီကျမ်း)

မှတ်သားဖွယ်ရာ-----ဆိုလိုသည်မှာ ဒုအာကို ကောင်းမွန်သော အာရုံစူးစိုက်မှုဖြင့် တောင်းဆိုမြှုပုရန် လိုအပ်ပေသည်။ ၎င်းနောက် ဒုအာလက်ခံခြင်း၏ အဆင့်နှစ်ခုကို အပေါ်၌ တင်ပြခဲ့လေပြီ။ ထိုအရာနှစ်ခုသာ လက်ခံခြင်း၏ နိမိတ်လက္ခဏာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုလက်ခံခြင်း၏ နိမိတ်လက္ခဏာနှစ်ခုသည် တစ်ခုတည်းဘဲဖြစ်သည်။ ၎င်းနောက် ထိုနှစ်ခုအနက် တစ်ခုသည် အများဖြစ်သည်။ ၎င်းနှင့်စပ်လျဉ်း၍ ရှေ့ဟဒီးစ်တော်၌ လာရှိပါလိမ့်မည်။

၆။ဆွဟာဗဟ်ကြီး အဗူစအီးဒ်ခွဒ္ဒရီး (ရသွီ) သခင်က ဆင့်ပြန်ခဲ့သည်မှာ--- တမန်တော်မြတ်(ဆွ)က အမိန့်ရှိခဲ့သည်။ မွတ်စလင်သည် ဂိုနာဟ်အပြစ်ဒုစရိုက်ကျူးလွန်ရန်(သို့မဟုတ်) ဆွေမျိုးသားခြင်းများအား အဆက်အသွယ်ဖြတ်တောက်ခြင်း၏ ဒုအာကို ပြုလုပ်ခြင်းမရှိပါ။ သို့သော်(ထိုဒုအာမှအပ ကျန်တောင်းဆိုသော ဒုအာများကို) အလ္လာဟ်အရှင်မြတ်သည် ဒုအာတောင်းဆိုခြင်း၏ အကြောင်းခံဖြင့် ထိုသူကို ပုံသဏ္ဍာန် သုံး ခုမှ တစ် ခုကို ဧကန်မုချပေးတော်မူမည်။ တစ်ခုမှာ တောင်းသောအချိန်၌ တောင်းဆိုသောအရာကို ပေးလိုက်သည်။ သို့မဟုတ် ထိုသူ့အတွက် " အာခိရသ် " တမလွန်၌ စုပုံထားလေသည်။သို့မဟုတ် (ထိုသူအား) မည်သည့် မကောင်းဆိုးဝါးသော အရာတစ်ခုမှ ကင်းဝေးစေသည်။ ဆွဟာဗဟ် ကြီးများက လျှောက်ထားကြသည်မှာ ထိုအချိန်၌ ကျွန်ုပ်တို့သည် မြောက်မြားစွာသော ဒုအာကို တောင်းဆိုကြမည်။ ထိုအခါ တမန်တောမြတ် (ဆွ) က အမိန့်ရှိပြန်သည်မှာ အလ္လာဟ်အရှင်မြတ်သည် တောင်းခြင်းထက် ပို၍ချီးမြှင့်တော်မူသောအရှင် ဖြစ်သည်။ (အဟ်မဒ်ကျမ်း)
ဆိုလိုသည်မှာ မည်သည့်ဒုအာ တောင်းဆိုမှုမျှ အချည်းအနှီးမဖြစ်ချေ။

၇။ဆွဟာဗဟ်ကြီး အနတ်စ်(ရသွီ)သခင်က ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)က အမိန့်ရှိသည်။ အသင်တို့ထဲမှ လူတိုင်းသည် မိမိ၏အရှင်မြတ်ထံမှ လိုအပ်ချက်အားလုံးကို တောင်းရန် အရေးကြီးပေသည်။ ၎င်းနောက် ဆာဘစ်(သ်) သခင်၏ ရေဝါယသ်ဆင့်ပြန်ချက်တွင်လာရှိသည်မှာ ရုပ်စွအဆုံး တင်ပြရမည်ဆိုပါက ဆားလိုလျှင်လည်း ထိုအရှင်မြတ်ထံတော်၌သာတောင်းဆိုရမည်။ ၎င်းနောက် ဖိနပ်သဲကျိုး ပျက်သွားရင်လည်း ထိုအရှင်မြတ်ထံတော်၌သာ တောင်းဆိုရပေမည်။ မှတ်သားဖွယ်ရာ---ဤမျှသေးနှုတ်လှသော ပစ္စည်းများကို အလွန်ဂုဏ်သိက္ခာကြီးမားလှသည့် အလ္လာဟ်အရှင်မြတ်ထံတော်၌ မည်သို့တောင်းဆိုရမည်နည်းဟု မတွေးထင်ကြကုန်လေနှင့်။ အလ္လာဟ်အရှင်မြတ်၏ ထံတော်၌ မူကား အလွန်ကြီးမားသည့် အရာသည်ပင် အသေးအနုတ်ပင်ဖြစ်ပေသည်။

[အလ်ဟာဂ်ျမော်လာနာ မုဖ်သီကာရီ မုဟမ္မဒ်ယူစွဖ်ဆွာဟိဗ် ဘာသာပြန်ဆို ရေးသားသည် "မွတ်စ္စလင်မ် ဘဝ လမ်းစဉ်" စာအုပ်ပါ ဝိညာဉ် ၆၊ စာ ၃၉ မှ ၄၆အထိကို ကူးယူတင်ဆက်ခြင်း ဖြစ်ပါသည်။]
** ကူးယူလိုသူများ အထက်ပါ ကျမ်းကိုးအပြည့်အစုံကိုပါ ထည့်သွင်းကူးပါ။
အလ်မုဖီးဒ်