Sunday, December 1, 2013

အိစ္စသိခါရာပြုလုပ်နည်း (နောက်ဆုံးပိုင်း)

 ဖြစ်သမျှအကြောင်းအကောင်းချည်း 

သူတော်စဉ်တစ်ပါးသည် မိမိဇနီးနှင့်အတူတောထဲတွင်နေထိုင်သည်။ အိမ်၌ပစ္စည်းများသယ်ပိုးရန်အ တွက်မြည်းတစ်ကောင်မွေးထားသည်။ အိမ်ကိုစောင့်ရှောက်ရန်ခွေးတစ်ကောင်ကိုလည်း မွေးထားသည်။ နံနက်စောစော ဖဂျရ်ဆွလာသ်ဝတ်ပြုရန်အတွက် နှိုးဆော်ပေးရန်ဟုရည်ရွယ်ကာ ကြက်ဖတစ်ကောင်ကိုလည်း မွေးထားသည်။ အလ္လာဟ်အရှင်မြတ်၏အလိုတော်ဖြင့် တစ်ရက်တွင် တောတွင်းမှ ဝံပုလွေတစ်ကောင် လာချောင်း၍ကြက်ဖကို ဖမ်းဆီးသွားသည်။ ထိုအခါ ဇနီးဖြစ်သူက နှမြောသဖြင့် ယူကျုံးမရဖြစ်ကာ ငိုလေသည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအားလုံးဟာ အလ္လာဟ်အရှင်မြတ်၏အလိုတော်ကြောင့်ဖြစ်သဖြင့် အကောင်းဟူ၍သာ ယူဆသင့်ပါသည် ဟုနှစ်သိမ့်စကားဆိုလေသည်။ ထို့နောက်ရက်အတန်ကြာသောအခါ ခွေးအတစ်ကောင်လာ၍ အိမ်၌မွေးထားသောမြည်းကို သတ်ဖြတ်သွားပြန်သည်။ ဇနီးက နှမြော၍ ငိုပြန်သည်။ ထိုအခါ သူတော်စဉ်က ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်သဖြင့် မငိုရန်နှစ်သိမ့်စကားဆိုသည်။ ထိုနောက်ရက်အတန်ကြာသောအခါ အိမ်၌မွေးထားသောခွေးလဲ သေသွားတော့၏။ ထိုအခါ ဇနီးက ဝမ်းနည်း၍ ငိုပြန်တော့၏။ ထိုအခါသူတော်စဉ်ကလည်း မငိုရန်နှင့် ဖြစ်သမျှအကြောင်း အကောင်းချည်းဖြစ်ကြောင့် နှစ်သိမ့်စကားဆိုပြန်၏။ ထိုအခါ ဇနီးဖြစ်သူက အားမလိုအားမရဖြစ်ကာ စိတ်အတွင်း၌ ငါ့ရဲ့ခင်ပွန်းကတော့ ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေတာတောင်အကောင်းချည်းပဲပြောနေသည် ဟု တွေးထင်မိ၏။ ထိုသို့ရှိနေရင်း တစ်ရက်သောအခါ ဓားပြတစ်စုသည် အဆိုပါသူတော်စဉ်တို့နေထိုင်ရာ ကွင်းပြင်သို့လာရောက်ပြီး ရှိရှိသမျှသော အိမ်မှပစ္စည်းများကို လုယူသွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အိမ်ရှိ ယောက်ျားမိန်းမအားလုံးကိုလည်း ကျေးကျွန်ပြုရန် ဖမ်းဆီးချုပ်နှောင်ကာ ခေါ်ဆောင်သွားကြ၏။ အဆိုပါကွင်းပြင်ရှိ အိမ်များကို ဓားပြများသိသွားရခြင်း၏ အကြောင်းအရင်းမှာ အိမ်ရှိ ခွေးများ၊ မြည်းများ၊ ကြက်ဖများက မြည်တွန်အော်ဟစ်ကြသောကြောင့် အိမ်၏သဲလွန်စရကာ ၀င်ရောက်လုယက်ကြခြင်းဖြစ်သည်။ သူတော်စဉ်၏ အိမ်တွင် ခွေးလည်းမရှိ၊ ကြက်ဖလည်းမရှိ၊ မြည်းလည်းမရှိသဖြင့် သူတော်စဉ်၏ အိမ်ရှိကြောင်းကို ဓားပြတို့မသိလိုက်သောကြောင့် လွတ်မြောက်သွားကြခြင်းဖြစ်၏။ ထိုအခါ သူတော်စဉ်က ဇနီးသည်အား မိမိကနှစ်သိမ့်စကားဆိုခဲ့သော ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ ဟူသောစကား မှန်ကန်ကြောင်းကို ရှင်းပြလေ၏။ ခွေး၊ မြည်း၊ ကြက်ဖများမသေဘဲ ယခုတိုင်ရှိနေပါက ၎င်းတို့ကြောင့် ဓားပြအတိုက်ခံရ ဖမ်းဆီးချုပ်နှောင်ခြင်းခံရမှာသေချာ၏။

အချုပ်ဆိုရလျှင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ လောကီရေးရာ စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ အီမာန်သက်ဝင်ယုံကြည်သူဖြစ်ပါက ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ အဆုံးအဖြတ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ မည်သည့်အခါမျှ အံ့သြလိမ့်မည်မဟုတ်ပေ။ စကြဝဠာတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်တော်မူသောအရှင်မြတ်၏ စီမံခန့်ခွဲမှုအပေါ် အံ့အားသင့်ခြင်းထက် မိမိနားမလည်နိုင်၊ မမြင်စွမ်းနိုင်သည့်အပေါ် အံ့အားသင့်ထိုက်ပေသည်။ (သဗ်လိဂီဒီးန်ကျမ်း)

 အစ္စသိခါရဟ်ပြုလုပ်ပြီးနောက် ပူပင်ကြောင့်ကြရန်မလိုတော့

ဟဇရသ်အဗ္ဗဒွလ္လာဟ်ဘင်န်အုမရ်သခင်က မောင်မင်းတို့အလုပ်တစ်ခုခုအတွက် အစ္စသိခါရဟ်ပြုလုပ် ပြီးသည့်နောက် ပူစရာမလိုတော့ပါ။ အလ္လာဟ်အရှင်မြတ်က အကောင်းဆုံးကိုပဲ စီရင်ဆုံးဖြတ်ပေးတော်မူလိမ့် မယ်။ အဲဒီဆုံးဖြတ်သတ်မှတ်မှုဟာ ကိုယ့်အမြင်မှာ ကောင်းကောင်း မကောင်းကောင်း နောက်ဆုံးမှာတော့ ထာဝရကောင်းခြင်းနဲ့ ဆုံစည်းရလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အဲဒီအကောင်းဆုံး စီရင်ဆုံးဖြတ်ချက်အတွက် အခြေအနေကိုတော့ ဒီလောကမှာ လက်ငင်းသိရှိရလိမ့်မယ်။ ဒါမှမဟုတ်ရင် နောင်တမလွန်အာခေရသ်မှာ ဗန္ဒာဟ်က အလ္လာဟ်အရှင်မြတ်က ငါနဲ့ သဟဇာတဖြစ်မဲ့ကိစ္စရပ်ကိုပဲ စီရင်ဆုံးဖြတ်သတ်မှတ်ပေးတော်မူခဲ့ပါလား ဟု အဲဒီတော့မှ အိစ္စသိခါရဟ် ရဲ့စူးရှထိရောက်မှုကို သိသွားလိမ့်မယ် ဟုမိန့်တော်မူပေသည်။

 အိစ္စသိခါရဟ်ပြုလုပ်သူသည် အကျိုးမဲ့မည်မဟုတ် 

ကိုယ်တော်မြတ် (ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က

မိမိ၏ကိစ္စရပ်များ၌ အိစ္စသိခါရဟ်ပြုသူသည် မည်သည့်အခါမျှ အကျိုးမဲ့ဖြစ်မည်မဟုတ်၊ ၎င်းပြင် မိမိ၏အလုပ်များအတွက် မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးသူသည် မည်သည့်အခါမှ အရှက်တကွဲအကျိုးနည်း မည်မဟုတ်၊ ဟုမိန့်တော်မူထားကြောင်း ဟဒီးစ်တော်တစ်ပါးတွင်လာရှိသည်။

မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးပြီးနောက်မှ လုပ်ဆောင်ခြင်းမလုပ်ဆောင်ခြင်းသည် မရှ်ဝါရဟ်၏ လမ်းညွှန်ချက်နှင့် ညီနေသည့်အတွက် အရှက်တကွဲအကျိုးနည်းမည် မဟုတ်ကြောင်းဆိုလိုခြင်းဖြစ်သည်။

အထက်ပါဟဒီးစ်တော်တွင် ကိုယ်တော်မြတ်က အိစ္စသိခါရဟ်ပြုလုပ်သူသည် မည်သည့်အခါမျှ အကျိုးမဲ့မည်မဟုတ်ဟု မိန့်တော်မူထားသည်။ အိစ္စသိခါရဟ်ပြုသူ၏ နောက်ဆက်တွဲရလဒ်အခြေအနေသည် ယတိပြတ်ကောင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ အလ္လာဟ် အိစ္စသိခါရဟ်ပြုခဲ့သူ၏ နှလုံးသားတွင် မိမိ၏ အလုပ်ကောင်းမွန်ချောမွေ့စွာမဖြစ်ဟု အားငယ်နေရသည့်တိုင် အောင်မြင်မှုကိုမူ မုချရရှိမည်။ ထို့အပြင် မရှ်ဝါရဟ်ဖြင့် အလုပ်လုပ်သူသည် မည်သည့်အခါမျှအရှက်ရမည်မဟုတ်သောကြောင့် လတ်တလောတွင် အလုပ်ပျက်စီးသွားသည့်တိုင် အခြားတစ်ဖက်တွင် မိမိ၏အကြီးအကဲများ မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မိမိ၏စိတ်ဆန္ဒသက်သက်ဖြင့် မိမိ၏ကိုယ်စွမ်းသက်သက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ရုံသာမက ယင်းကိစ္စနှင့် ပတ်သက်၍အလ္လာဟ်အရှင်မြတ်အလိုတူသည့်အတိုင်း နာခံမည် စသည့်မှန်ကန်သည့်ခံယူချက်များကြောင့် စိတ်သက်သာမှုရရှိမည်ပင်ဖြစ်သည်။ ထို့ကြောင့်အလုပ်တစ်ခုခုနှင့် ပတ်သက်၍ လုပ်သင့်၊ မလုပ်သင့် သိလိုလျှင် ဟဒီးစ်တော်တွင် အချက်နှစ်ချက်ကို လုပ်ရန်လမ်းညွှန်ထားသည်။
(၁)၊ အိစ္စသိခါရဟ်ကောင်းရာကောင်းကြောင်းတောင်းခံခြင်း (၂)၊ မရှ်ဝါရဟ် တိုင်ပင်ဆွေးနွေးခြင်း။

 အကျဉ်းနည်းဖြင့် အိစ္စသိခါရဟ်ပြုနည်း

အထက်တင်ပြပါ စွန္နသ်တော်နှင့်အညီ အိစ္စသိခါရဟ်ပြုနည်းမှာ အချိန်ရခြင်းအပေါ်ထောက်ရှု၍ အိစ္စသိခါရဟ်၏နိယသ်ဖြင့် နဖိလ်နမားဇ်နှစ်ရကအသ် ဝတ်ပြုကာ အိစ္စသိခါရဟ်ဒိုအာဖတ်ခြင်းဖြစ်ပါသည်။ သို့သော်အရေးပေါ်အလုပ်တစ်ခုပေါ်ပေါက်လာကာ နမားဇ်ဝတ်ပြုရန် ဒိုအာဖတ်ရန်ပင် အချိန်မရပဲ လုပ်မလုပ်ရန် အတွက် ချက်ခြင်းဆုံးဖြတ်ရမည့်အခြေအနေမျိုးတွင်
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအတွက် ကောင်းမွန်မှန်ကန်သည့်လမ်းကို ရွေးချယ်ပေးတော်မူပါ။ ဟူသောဒိုအာဖတ်လိုက်ရန် မြတ်နဗီက သင်ပြပေးတော်မူထားသည်။

ကိုယ်တော်မြတ်(ဆွ)ကပင်အလား တူဒိုအာတစ်ပုဒ်ကို သင်ကြားပေးတော်မူထားသေးသည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား တရားလမ်းမှန်နှင့် ဖြောင့်မတ်ကောင်းမွန်သည့်လမ်းပေါ်တွင် ထားရှိတော်မူပါ။

ထိုသို့သော မပ်စ်နူးန်ဒိုအာ တစ်ပုဒ်လည်းရှိသေးသည်။
အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ နှလုံးသားတွင် စစ်မှန်သည့်လမ်းကို သွတ်သွင်းပေးသနားတော်မူပါ။

အရေးပေါ်ဆုံးဖြတ်ရသည့်အခြေအနေမျိုးတွင် ဖော်ပြပါ ဒိုအာများအနက် မိမိနှစ်သက်ရာဒိုအာကို ဖတ်လိုက်ပါ။ အကယ်၍ အရဗီဘာသာဖြင့်မရပါက မြန်မာဘာသာဖြင့် ဤသို့ဒိုအာပြုပါ။

အိုအလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေရပါသောကြောင့် ကျွန်တော်မျိုးအား မှန်ကန်သည့်လမ်းကို ညွှန်ပြပေးတော်မူပါ။

နှုတ်လျှာဖြင့် ပြောခွင့်မကြုံသည့်အခြေအနေမျိုးတွင် မိမိ၏စိတ်တွင်းမှပင် အိုအလ္လာဟ်အရှင်မြတ် ကျရောက်နေသော ဤဒုက္ခအခက်အခဲအစား ကျွန်တော်မျိုးအတွက် ကောင်းမွန်သည့်စစ်မှန်သောလမ်းကို အရှင်မြတ်ညွှန်ပြပေးတော်မူပါ။ အရှင်မြတ်ကိုယ်တော်တိုင်လည်း ထိုစစ်မှန်သောလမ်းကို နှစ်သက်တော်မူပါဟု ဆုပန်လိုက်ပါ။

ပါကစ္စတန်နိုင်ငံ မွဖ်သီချုပ်၏ဓလေ့တော်

ကျွန်ုပ်၏ကျေးဇူးရှင် ဖခင်ကြီးပါကစ္စတန်နိုင်ငံမွဖ်သီချုပ် ဟဇရသ်မော်လာနာမွဖ်သီမုဟမ္မဒ်ရှဖီးအ် သခင်သည် မိမိဘဝသက်တမ်းတစ်လျှောက်တွင် အရေးပေါ်ကိစ္စရပ်တစ်ခုခုနှင်ကြုံတွေ့လာ၍ ချက်ခြင်းလက်ငင်းဆုံးဖြတ်ပေးရတော့မည်ဆိုလျှင် ဖခင်သည် ခေတ္တခဏမျက်စိကို မှိတ်ထားလိုက်သည်ကို ကျွန်တော်တွေ့ခဲ့ရပါသည်။ သခင်၏ထိုဓလေ့ကို သိမထားသောသူသည် သခင်ကြီးမည်သည့်အတွက်ကြောင့် ထိုမျက်လွှာပိတ်သည်ကို သိနိုင်မည်မဟုတ်ပါ။ ဖခင်ကြီးသည် မျက်လွှာပိတ်ကာ အလ္လာဟ်ဖက်သို့အာရုံပြု၍ မိမိနှလုံးသားမှ အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးကိုယ်တိုင် ဆုံးဖြတ်ပေးရမည့်ကိစ္စအပေါ် ဇဝေဇ၀ါဖြစ်နေရပါသောကြောင့် အလ္လာဟ်အရှင်မြတ်နှစ်သက်တော်မူသည့်လမ်းကို ကျွန်တော်မျိုး၏နှလုံးသားတွင် ထင်ဟပ်ပေးသနားတော်မူပါ ဟု ဆုပန်နေခြင်းဖြစ်ပါသည်။ ထိုသို့ဖြင့် မိမိ၏နှလုံးသားမှပင် အစ္စသိခါရဟ်ကိစ္စတစ်ခု ပြီးမြောက်စေခဲ့သည်။

ကိစ္စရပ်တိုင်းကို အစမပြုမီအလျင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့အာရုံပြုပါ။

ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွဟိုင်းယ်သခင်က အကြင်သူသည် မည်သည့်ကိစ္စကိုမဆို အစမပြုမီအလျင် အလ္လာဟ်ဘက်သို့အာရုံပြုပါက အလ္လာဟ်အရှင်မြတ်သည်ထိုသူ့အား မုချဧကန် ကူညီစောင်မတော်မူမည်ပင်ဖြစ်သည် ဟု မိန့်မှတ်ကာ ဆက်လက်၍ အသင်သည် ထိုခဏတွင် မည်သည်ကို မည်သို့လုပ်လိုက်ကြောင်း အမှုမဲ့အမှတ်မဲ့ဖြစ်နေမည်ဟု မိန့်ပါသည်။ သဘောမှာ အသင်သည်ထိုမျက်စိတစ်မှိတ်မျှတွင် အလ္လာဟ်အရှင်မြတ်ဘက်တော်သို့ အာရုံပြုကာ အလ္လာဟ်နှင့် ဆက်သွယ်ရင်း အလ္လာဟ်အရှင်မြတ်ထံတော်မှ ကောင်းရာကောင်းကြောင်းကို တောင်းခံလိုက်သည်။ မိမိအတွက် လမ်းစစ်လမ်းမှန်ကို တောင်းခံလိုက်သည်။ သို့ဖြင့် သင်သည် စစ်မှန်သည့်လမ်းကို ရရှိရုံသာမက အလ္လာဟ်ဘက်တော်သို့ အာရုံပြုလိုက်သည့်အတွက် ကုသိုလ်အကျိုးစဝါးဗ်ကိုလည်း ရရှိလိုက်မည်။ အလ္လာဟ်အရှင်မြတ်သည် ဗန္ဒာဟ်လူသားမှ ထိုသို့သောအခြေအနေမျိုးတွင် မိမိဘက်သို့အာရုံပြုခြင်းကို အလွန်နှစ်သက်တော်မူသောကြောင့် ကုသိုလ်အကျိုးစဝါးဗ်များပေးသနားတော်မူခြင်းဖြစ်သည်။ ထို့ကြောင့် လူသားသည် အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ်ရေးကိစ္စကို အကျင့်လုပ်ထားရန်လိုအပ်သည်။ လူသားတစ်ယောက်အဖို့ နံနက်မိုးလင်းမှစ ၍ ညမိုးချုပ်အထိ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရသည့်ကိစ္စပေါင်း မည်မျှကြုံနိုင်ရမည်ကို မပြောနိုင်ပါ။ အမှတ်မထင် ထိုသို့ကြုံဆုံလာလျှင် ချက်ခြင်းအလ္လာဟ်ဘက်သို့အာရုံပြု လိုက်ပြီး အို အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ စိတ်တွင်းဝယ် အရှင်နှစ်သက်သည့်ကိစ္စကို ထည့်ပေးသနားတော်မူပါဟု ဒုအာပြုလိုက်ပါ။

အဖြေမပေးမီအလျှင် ဒုအာပြုခြင်း၏ဓလေ့တော်

ဟကီမွလ်အွမ္မသ် ဟဇရသ်မော်လာနာ အရှ်ရဖ်အလီထာနဝီသခင်က တစ်ဦးတစ်ယောက် ကျွန်ုပ်ထံလာရောက်၍ သခင်ကြီးကျွန်တော်စကားတစ်ခွန်းလောက်မေးမြန်းပါရစေဟု ပြောလာသည့်အခါ ကျွန်ုပ်သည် ချက်ခြင်းအလ္လာဟ်အရှင်မြတ်ဘက်သို့အာရုံပြု၍ အို အလ္လာဟ်မေးမြန်းသူအတွက် မှန်ကန်သည့်အဖြကိုကျွန်တော်မျိုး၏နှလုံးသားတွင် ထည့်သွင်းပေးတော်မူပါဟု ဆုပန်လိုက်သည်။ ကျွန်ုပ်သည် ထိုသို့အလ္လာဟ်ဖက်သို့ အာရုံပြုသည့်အကျင့်ကို မိမိဓလေ့စရိုက်ပြုထားပါသည်ဟု မိန့်ကြားပါသည်။

ဤသည်ကိုသာလျှင် အလ္လာဟ်အရှင်မြတ်နှင့်ဆက်သွယ်ခြင်းဟုခေါ်ဆိုပါသည်။ ထို့ကြောင့်အကြောင်းကိစ္စတစ်ခုခုပေါ်ပေါက်လာလျှင် ချက်ခြင်းအလ္လာဟ်ဖက်သို့ အာရုံပြုလိုက်ရမည် ပင်ဖြစ်သည်။ ကျွန်ုပ်၏ရှိုက်ခ် ဟဇရသ်ဒေါက်တာအဗ္ဗဒွလ်ဟိုင်းယ်သခင်က အို မိတ်ဆွေတိုပ မိမိ၏အရှင်မြတ်နှင့် စကားစမြည်ပြောသည့် အလေ့အထလုပ်ကြပါ။ အကြောင်းကိစ္စတစ်ခုခု ပေါ်ပေါက်လာလျှင် ချက်ခြင်းပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီတောင်းခံပါ။ အလ္လာဟ်ဘက်တော်သို့အာရုံပြု၍ အလ္လာဟ့်ထံတော်ပါးမှ ဟေဒါယသ်တရားလမ်းမှန်ကို တောင်းခံပါ။ မိမိ၏ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ထိုသို့ပင် အမြဲကျင့်ဆောင်နေလျှင် နှလုံးသားတွင် စက္ကန့်အမျှ အလ္လာဟ့်ဖက်သို့ အာရုံရောက်နေသည့်အရည်အချင်းများ ရရှိသွားမည် ဟုမိန့်ပါသည်။

ဆက်လက်၍ ကျွန်ုပ်တို့အနေနှင့် ရှေးယခင် သူတော်စင်တို့၏ ကြိုးပမ်းမှုများနှင့် ပေးဆပ်မှုများကို မည်သို့ တုပနှိုင်းယှဉ်နိုင်မည်နည်း။ သို့သော်လည်း ကျွန်ုပ်အသင့်အား အကောင်းဆုံးအချက်တစ်ချက်ညွှန်ပြမည်။ ထိုအတိုင်းလိုက်နာကျင့်သုံးပါက အင်န်ရှာအလ္လာဟ် အောင်မြင်ထွန်းတောက်ကာ ပန်းတိုင်သို့ရောက်ရှိမည်မှာ သေချာပါသည်။ ထိုအချက်မှာအလ္လာဟ်အရှင်မြတ်နှင့် တိုက်ရိုက်ဆက်သွယ်လိုက်ခြင်းပင်ဖြစ်သည်ဟု ပြောပြခဲ့ပါသည်။

အို အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အားလုံးကို ထိုသိရှိရသည့်သွန်သင်မှုအပေါ် လက်တွေ့လိုက်နာကျင့်သုံးနိုင် သည့်သောက်ဖီးက်စွမ်းအား ပေးသနားတော်မူပါ။ (အာမီးန်)

စွန္နသ်တော်နှင့်အညီ အိစ်သေခါရာပြုလုပ်နည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဟောကြားသူ - ဟဇ်ရသ်မော်လာနာ မုဖ်သီ သကီးအုစ်မာနီ - ဒါရွလ်အိုလူးမ် -ကရာချိ
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် မိုဟမ္မဒ်ဇကီး မဟ်မူဒီ - ကျောင်းဆရာ - ဒါရွလ်အိုလူးမ် - ရန်ကုန်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အီမာန်ရှင်တိုင်းကို အိစ်သိခါရဟ် စွန္နသ်တော်အား အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။ အာမီးန်။


အလ်မုဖီးဒ်
 Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com

google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။

မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။