Sunday, December 1, 2013

ဒိုအာတောင်းဆုပြုခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ


ဗိစ်မစ်လ္လာဟိစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်

အလ္လာဟ်ထံမှ ဒိုအာဆုတောင်းခြင်း။

လောကီရေးဖြစ်စေ၊ သာသနာရေးဖြစ်စေ၊ မိမိ၏စွမ်းပကားကို အသုံးချရ၍ရသည့် အရေးကိစ္စဖြစ်စေ၊ အသုံးချ၍မရသည့်အရေးကိစ္စဖြစ်စေ၊ ၎င်းအရေးကိစ္စနှင့်စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်ထံတော်ဝယ် ဒိုအာတောင်းဆိုပါ။ သို့ရာတွင် တရားတော်နှင့် ဆန့်ကျင်သည့် အရေးကိစ္စမျိုးမဖြစ်စေရ။ အထက်ဖေါ်ပြပါ ဤသည်တို့သည် အားလုံးပါဝင်လျက် ရှိသည်။ ဥပမာ- တစ်ဦးတစ်ယောက်သည် လယ်ယာကိုင်းကျွန်းအလုပ်ကိုလုပ်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ရောင်းဝယ် ဖေါက်ကားမှုကားမှုကို လုပ်သည်ဖြစ်စေ၊ ယင်းအလုပ်အတွက် လုံ့လဝိရိယ စိုက်ရမည်သာဖြစ်သည်။ လိုအပ်သည်များကို စုဆောင်းရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံပါးတော်၌ ဤသို့ ဒိုအာတောင်းဆိုရပေမည်။ အို, အလ္လာဟ်အရှင်မြတ် ဤလုပ်ငန်း၌ ဗရ်ကသ်ပေး၍ တိုးပွားများပြားစေတော်မူပါ။ ဆုံးရှုံးမှုမှ လွတ်ကင်းစေတော် မူပါ။

သို့မဟုတ် လောကီရန်သူဖြစ်စေ၊ သာသနာ့ရန်သူဖြစ်စေ၊ ရန်သူတစ်ဦးတစ်ယောက်က ဒုက္ခပေးလာသည်ရှိသော် ထိုဒုက္ခမှ လွတ်ကင်းရာ လွတ်ကင်းကြောင်းကိုလည်း ကြံစည်အားထုတ်ရမည်သာဖြစ်သည်။ ထိုကြံစည်အားထုတ်မှုသည် မိမိအစွမ်းအစဖြင့် ဖြစ်မြောက်သည်ဖြစ်စေ၊ အာဏာပိုင်တစ်ဦးတစ်ယောက်ထံမှ အကူအညီရယူသည်ဖြစ်စေ၊ ယင်းကြံစည်အားထုတ်မှုနှင့်အတူ အလ္လာဟ်အရှင်မြတ်ထံတော်၌ ဒိုအာကိုလည်းတောင်းဆိုရမည်ဖြစ်သည်။ ဒိုအာတောင်းဆိုရာ၌ အို, အလ္လာဟ်အရှင်မြတ် ရန်သူကိုရှုံးနိမ့်စေတော်မူပါဟူ၍ ဆိုရမည်။ သို့တည်းမဟုတ် ရောဂါဝေဒနာ တစ်စုံတစ်ရာကို ခံစားနေရလျှင် ဆေးဝါးကိုလည်း မှီဝဲရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း အို, အလ္လာဟ်အရှင်မြတ်၊ ရောဂါကို ပျောက်ကင်းစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိထံ၌ ပစ္စည်းဥစ္စာရှိလျှင် ယင်းနှင့်စပ်လျဉ်း၍ လုံခြုံရေးအစီအစဉ်ကို ချမှတ်ရမည်ဖြစ်သည်။ ဥပမာ-လုံခြုံခိုင်ခံ့သည့်အိမ်ကို ဆောက်လုပ်ထားခြင်း၊ ပစ္စည်းသိုလှောင်ထားသည့်အခန်းကို သော့ခတ်ထားခြင်း၊ သို့တည်းမဟုတ် အိမ်သူအိမ်သားများ၊ အခိုင်းအစေများကို ကင်းချထားခြင်း၊ အမြဲကြည့်ရှုစောင့်ရှောက်ခြင်း စသည်တို့ဖြစ်သည်။ သို့ရာတွင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ထိုဥစ္စာပစ္စည်းများကို သူခိုးဓါးပြရန်တို့မှ ကင်းဝေးစေတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် မိမိက တစ်ဦးတစ်ယောက်ကို တရားစွဲဆိုထား၏။ သို့မဟုတ် တရားစွဲခံရလျက်ရှိ၏။ ထိုအခါ ယင်းမှုခင်းအတွက် ရှေ့နေကိုလည်း ငှားရမည်ဖြစ်သည်။ သက်သေများကိုလည်း ခေါ်ရမည်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား အမှုကိုနိုင်စေတော်မူပါ။ ကျူးကျော်စော်ကားသူများ၏ရန်မှ ကျွန်တော်မျိုးအားလွတ်ကင်းတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။

သို့တည်းမဟုတ် ကျမ်းမြတ်ကုရ်အာန်နှင့် ဘာသာရေးပညာရပ်များကို သင်ကြားဆည်းပူးလျက်ရှိ၏။ သင်ကြားတတ်မြောက်နိုင်ရန်အတွက် စိတ်ဝင်စားစွာဖြင့် စနစ်တကျ ကြိုးပမ်းရမည်။ ထို့ပြင် အို, အလ္လာဟ်အရှင်မြတ် ထိုပညာရပ်ကို ကျွန်တော်မျိုးအဖို့ လွယ်ကူစေတော်မူပါ။

ကျွန်တော်မျိုး၏ ဦးနှောက် (စိတ်ပိုင်းဆိုင်ရာ) သော်လည်းကောင်း၊ သို့တည်းမဟုတ် ဆွလာသ်-စွီယာမ် အစရှိသည်တို့ကို အစပြု၍သော်လည်းကောင်း၊ သို့မဟုတ် သူတော်စင်တို့၏ ညွှန်ပြမှုကြောင့် အခြားအိဗါဒသ်တစ်ခု, ခု၌ မွေ့လျော်နေ၏။ ထိုအခါ မိမိ၏စိတ်ရိုင်းကို ရင်ဆိုင်တိုက်ခိုက်၍ အစဉ်ပွါးများနိုင်ရန် ကြိုးစားရမည်သာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်၌ အို, အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ကူညီစောင်မတော်မူပါ။ အစဉ်အမြဲ လုပ်ဆောင်နိုင်ရန် စွမ်းအင်ပေးသနားတော်မူပါ။ ကျွန်တော်မျိုး ပြုကျင့်ခဲ့သည်များကို လက်ခံတော်မူပါဟူ၍ ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ ဤသည် စံပြအနေဖြင့် အချို့ကို ရေးသားဖေါ်ပြလိုက်ခြင်းဖြစ်သည်။

အရေးကိစ္စတိုင်း။ ဘေးဒုက္ခတိုင်းအတွက် မိမိဥာဏ်စွမ်းဥာဏ်စများကို အသုံးချရသည့်နည်းတူ အလ္လာဟ်အရှင်မြတ်ထံတော်၌လည်း နှိမ့်ချရိုကျိုးစွာဖြင့် ဒိုအာတောင်းဆိုရမည်ဖြစ်သည်။ မိမိကြိုးစားမှုဖြင့် မဖြစ်မြောက်နိုင်သော အရာများနှင့် စပ်လျဉ်း၍ ဒုအာကိုသာ တောင်းဆိုရမည်။ ဥပမာ- မိုးရွာသွန်းစေခြင်း၊ သားသမီးရယူခြင်း၊ ကုစား၍မရနိုင်သည့် ဝေဒနာမျိုးကို ခံစားနေရသည့် ဝေဒနာရှင်တစ်ဦး အကောင်းပကတိဖြစ်သွားစေခြင်း၊ သို့မဟုတ် စိတ်ရိုင်းနှင့် ရှိုက်တွာန် အီဗလိစ်၏ သွေးဆောင်ခြင်းမှ သို့မဟုတ် ရောဂါဆိုးကြီးများမှ လွတ်ကင်းမှုရယူခြင်း၊ မိမိအား ချေမှုန်းဖျက်ဆီးနိုင်သည့် ရန်သူ၏ ဘေးအန္တရာယ်မှ လွတ်မြောက်မှုရယူခြင်း။ အစရှိသည်တို့ဖြစ်သည်။

ဤဖေါ်ပြချက်များကို အလ္လာဟ်အရှင်မြတ်ကသာ စွမ်းဆောင်နိုင်ပေသည်။ အခြားမည်သူတို့မျှ စွမ်းဆောင်နိုင်ခြင်းမရှိချေ။ သို့ဖြစ်၍ မိမိ၏လုံ့လဝိရိယဖြင့် မပြီးမြောက်နိုင်သည့်အရာများနှင့် စပ်လျဉ်း၍ ဒိုအာတောင်းဆိုခြင်းကို အပြည့်အဝ အသုံးချရမည်ဖြစ်ပေသည်။

အချုပ်ကိုဆိုရသော် လုံ့လဝိရိယနှင့်သက်ဆိုင်သည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ခွန်အားစိုက်၍ ကြိုးပမ်းရသလို ဒိုအာကိုလည်း တောင်းဆိုရပေသည်။ လုံ့လဝိရိယဖြင့် မပြီးမြောက်သည့် အရာများ၌ ဒိုအာကိုသာ တောင်းဆိုရမည်။ သို့ဖြစ်၍ ဒိုအာကို များစွာတောင်းဆိုရကြောင်း သိရပေသည်။ စကားလုံးလေးလုံးကို ကျက်မှတ်ထားလိုက်ခြင်း ထို့နောက် ဆွလာသ်ဝတ်ပြုမှုအပြီး ယင်းစကားလုံးမျိုးကို နှုတ်မှရွတ်ဆိုခြင်းသည် ဒိုအာမ, မည်။ ဒိုအာ၏ပုံတူသာဖြစ်သည်။ ဒိုအာဟူသည်မှာ အလ္လာဟ်အရှင်မြတ်ထံတော်ပါး၌ လျှောက်ထားပန်ကြားခြင်းပင် ဖြစ်သည်။ သို့ဖြစ်ပေရာ အနည်းဆုံး အာဏာပိုင်တစ်ဦးတစ်ယောက်ထံ လျှောက်ထားပန်ကြားစဉ် ပြသရသည့် အမူအရာကိုကား ပြသရပေမည်။ လျှောက်ထားပန်ကြားနေစဉ် မိမိ၏အာရုံကို အာဏာပိုင်ဘက်သို့ စူးစိုက်ထားရပြီး စိတ်အာရုံကိုလည်း ထိုဘက်သို့ပင် စူးစိုက်ထားရသည်။ ပုံပန်းသဏ္ဍန်ကိုလည်း ကျိုးနွံသူများ၊ နိမ့်ချသကဲ့သို့ သရုပ်ဆောင်ထားရမည်။ နှုတ်ဖြင့် လျှေုာက်ထားရန်ရှိလျှင် ယဉ်ကျေးသိမ်မွေ့သော သာယာနာပျော်ဖွယ်ရာ စကားလုံးများဖြင့် လျှောက်ထားရမည်သာဖြစ်သည်။ မိမိ၏လျှောက်ထားပန်ကြားချက် လက်ခံအတည်ပြုခြင်းခံရရန်အတွက် အစွမ်းကုန် ကြိုးပမ်းရမည်သာဖြစ်သည်။ မိမိသည် လူကြီးမင်းကို အထူးအားကိုးကြောင်း လူကြီးမင်းအနေဖြင့် ဤလျှောက်ထားချက်နှင့် ပတ်သက်ပြီး အထူစဉ်းစားမည်ကို မျှော်လင့်မိကြောင်းဖြင့် အယုံအကြည် သွင်းမည်သာဖြစ်သည်။ သို့ငြားလည်း မိမိလျှောက်ထားသည့်အတိုင်း စီရင်ချက်ကျလာခြင်းမရှိလျှင် အာဏာပိုင်က အသင်ကြိုက်နှစ်သက်သည့်အတိုင်း ဖြစ်လာခြင်းမရှိသည်ကို ဝမ်းနည်းမိကြောင်းဖြင့် ထုတ်ဖေါ်ပြောကြားလျှင် ထိုအခါ လျှောက်ထားပန်ကြားခဲ့သည့် ပုဂ္ဂိုလ်သည် အို, လူကြီးမင်း ကျွန်ုပ်စိတ်မပျက်ပါ။ တရားဥပဒေ၏ ချွတ်ယွင်းမှုကြောင့်ပေလော။ သို့တည်းမဟုတ် ကျွန်ုပ်အနေဖြင့် ပြည့်ပြည့်ဝဝ မကြိုးစားမိ၍လော ဤုနှစ်ခုအနက်မှ တစ်ခုခုဖြစ်ချေမည်။ လူကြီးမင်းနှင့် မည်သို့မျှ မ, သက်ဆိုင်ပါ။ အကယ်၍ ထိုသူအနေနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရန် ဆန္ဒရှိလျှင် ဤသို့ပြောဆိုမည်သာဖြစ်သည်။ ကျွန်ုပ် ဇွဲသတ္တိကို မလျှော့ပါ။ ရှေ့ဆက်၍လည်း လျှောက်ထားပန်ကြားသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည် အလုပ်ကိစ္စ အောင်မြင်ခြင်းထက် ပို၍ ကျွန်ုပ် နှစ်သက်မြတ်နိုးပါသည်။ဤသည်ပင် ကျွန်ုပ် အဖို့ အဓိကဖြစ်သည်။ အလုပ်ကိစ္စဟူသည်မှာ အချိန်အကန့်အသတ်ရှိသည်။ လူကြီးမင်း၏ ကြင်နာထောက်ထားမှုသည်ကား ဘဝတစ်လျှောက်လုံးအတွက်ဖြစ်၍ အကန့်အသတ်မရှိသော တန်ဘိုကြီးမားလှသည့် ရတနာပင်ဖြစ်သည်။ ဤသည်များသည် လောကီရေးဆိုင်ရာ အာဏာပိုင်တစ်ဦးထံ လျှောက်ထားပန်ကြားချက်ပင်ဖြစ်သည်။
(အင်န်ရှာအလ္လာဟ် ဆက်လက်တင်ပြမည်။)

(မွတ်စ်လင်မ်ဘဝလမ်းစဉ်ကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)

အလ်မုဖီးဒ်

 Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com

google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။

မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။