သာသနာ့ပညာရှင်အပေါင်းတို့၏ အကြီးအကဲဖြစ်သူ ဟဇရသ်ရှစ်ဘလီသခင်ကြီးသည် ဟဂ်ျပြုလုပ်ပြီးနောက် ပြန်လာသော မိမိ၏တပည့်ရင်းချာ တစ်ဦး၏ ဟဂ်ျ်ခရီးစဉ်နှင့် ကျင့်စဉ် ကျင့်ရပ်များကို ဤသို့စိစစ်ပြီး လိုအပ်သည်များကို ဤသို့ညွှန်ပြသင်ပေးခဲ့သည်။
(၁) မေး။ ။ သင် ဟဂ်ျ်လုပ်မည့်နိယသ် သေသေချာချာ လုပ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော် ဟဂ်ျလုပ်ရန် နိယသ် တိတိကျကျ လုပ်ခဲ့ပါသည်။
(၂) မေး။ ။ နိယသ်လုပ်စဉ် မိမိ၏သက်တမ်း တစ်လျှောက်လုံးတွင် ဟဂ်ျ၏ အနှစ်သာရနှင့်ဆန့်ကျင်စွာ ပြုခဲ့သည့်အမှု အစုစုကိုပယ်ဖျက်ပစ်ရမည့် ရည်ရွယ်ချက်ထားရှိခဲ့သလား။
ဖြေ။ ။ ထိုရည်ရွယ်ချက်မျိုး မထားမိခဲ့ပါ။
(၃) မေး။ ။ သို့ဆိုလျှင် သင်သည် ဟဂ်ျအတွက် နိယသ်မလုပ်ခဲ့ပေ၊ ဆက်လက်၍ အိဟ်ရာမ်ဝတ်ရန် ကိုယ်ခန္ဓာမှ အဝတ်အစားများချွတ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ အဝတ်အစားအားလုံးချွတ်ခဲ့ပါသည်။
(၄) မေး။ ။ ကိုယ်ခန္ဓာမှ အဝတ်အစားများ ချွတ်စဉ်က အလ္လာဟ်အရှင်မြတ်မှ တစ်ပါးအရာ အားလုံးကို စွန့်ခွာလိုက်သလား။
ဖြေ။ ။ မစွန့်ခွာမိလိုက်ပါ။
(၅) မေး။ ။ သို့ဆိုက သင်သည်ကိုယ်ခန္ဓာမှ အဝတ်အစားများမချွတ်ခဲ့ပေ။ ဆက်လက်၍ အိတ်ရာမ် ဝတ်ရန်အတွက် ရေချိုး၊ ဝုဇူပြုကာ သန့်ပြန့်မှု ရယူလိုက်သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ရေချိုး ဝဇူပြုကာ သန့်ပြန့်မှု ရယူခဲ့ပါသည်။
(၆) မေး။ ။ ထိုသို့ ရေချိုး၊ ဝဇူပြုစဉ်က ညစ်ညမ်းမှုအစုစု၊ ပြစ်မှုအဖုံဖုံတို့မှ သန့်စင်မှု ရလိုက်သလား။
ဖြေ။ ။ ထိုသို့မရခဲ့ပါ။
(၇) မေး။ ။ သို့ဆိုလျှင် သင်သည် သန့်ပြန့်မှုမရခဲ့ပေ။ ဆက်လက်၍ လဗ်ဗိုက်ရွတ်ဆိုခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့....လဗ်ဗိုက် ရွတ်ဆိုခဲ့ပါတယ်။
(၈) မေး။ ။ အလ္လာဟ်အရှင်မြတ်ထံတော်မှ လဗ်ဗိုက် အတွက် ပြန်ထူးသံ ရလိုက်သလား။
ဖြေ။ ။ မရခဲ့ပါ။
(၉) မေး။ ။ သို့ဆိုလျှင် သင်သည် လဗ်ဗိုက် မရွတ်ခဲ့ပေ။ ဆက်လက်၍ ဟရမ်ပရဝုဏ်အတွင်းသို့ ရောက်ခဲ့ သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။
(၁ဝ) မေး။ ။ သို့ရောက်ခဲ့စဉ်က ဟရာမ်ဟူ၍တားမြစ်ထားသည့် အမှုကိစ္စဟူသမျှ လုံးဝစွန့်လွှတ်လိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သလား။
ဖြေ။ ။ ထိုသို့ စိတ်ပိုင်းဖြတ်မှု မပြုမိခဲ့ပါ။
(၁၁) မေး။ ။ သို့ဆိုလျှင် သင်သည် ဟရမ်အတွင်းသို့ မဝင်ရောက်ခဲ့ပေ။ ဆက်လက်၍ မက္ကဟ်မြို့တော်ကို ဖူးမြော်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့၊ ဖူးမြော်ခဲ့သလား။
(၁၂) မေး။ ။ ထိုအချိန်တွင် နောင်တမလွန်ဌာနကို တွေးမိလိုက်သလား။
ဖြေ။ ။ မတွေးမိခဲ့ပါ။
(၁၃) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် မက္ကာဟ်မြို့တော်ကို မဖူးမြော်ခဲ့ရပေ။ ဆက်လက်၍ မတ်စ်ဂျစ်ဒေဟရာမ် အတွင်းသို့ ဝင်ရောက်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ ဝင်ရောက်ခဲ့ပါသည်။
(၁၄) မေး။ ။ ထိုသို့ဝင်ရောက်ခဲ့စဉ်က အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ ဝင်ရောက် ချဉ်းကပ်ရပေပြီ ဟူသောအတွေး ဝင်မိသလား။
ဖြေ။ ။ ထိုသို့သောအတွေး အလျဉ်းမဝင်ခဲ့ပါ။
(၁၅) မေး။ ။ သို့ဆိုလျှင် အသင်သည် မတ်စ်ဂျဒ်ဒေ ဟရာမ်အတွင်းသို့ဝင်ရောက်ခဲ့ခြင်း မရှိပေ၊ ဆက်လက်၍ ကဟ်ဗဟ်ကျောင်းတော်ကို ဖူးမြော်ခဲ့သလား။
ဖြေ။ ။ ဖူးမြော်ခဲ့ပါသည်။။
(၁၆) မေး။ ။ ထိုသို့ဖူးမြော်ရစဉ် ထိုကျောင်းတော်သို့ ခရီးထွက်လာခြင်း၏ ရည်ရွယ်ချက်ကို သတိရစဉ်းစားမိသလား။
ဖြေ။ ။ သတိမရ၊ မစဉ်းစားမိခဲ့ပါ။
(၁၇) မေး။ ။ သို့ဆိုလျှင် သင်သည်ကဟ်ဗဟ်ကျောင်းတော်ကို မဖူးမြော်ခဲ့ပေ။ ဆက်လက်၍ သဝါဖ်လှည့်စဉ်က ရမလ်လုပ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ လုပ်ခဲ့ပါသည်။
(၁၈) မေး။ ။ထိုသို့ရမလ်လုပ်စဉ်က မိမိသည်လောကီ ရမ္မက်အသီးသီးကိုစွန့်ကာ လွတ်ကျွတ်လာပြီလာပြီ ဟူသော အတွေးဝင်ခဲ့သလား။
ဖြေ။ ။ထိုသို့မတွေးမိခဲ့ပါ။
(၁၉) မေး။ ။ သို့ဆိုလျှင် သင်သည် ရမလ်မပြုခဲ့ပေ။ ဆက်လက်၍ ဟဂျရေအတ်စ်ဝပ်ဒ် အပေါ်လက်တင်ကာနမ်းရှုံ့ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ နမ်းရှုံ့ခဲ့ပါသည်။
(၂၀) မေး။ ။ ထိုသို့နမ်းရှုံ့ခဲ့စဉ်က သင့်နှလုံးသားတွင် ပီတိဖြစ်ခဲ့သလား။ ဟဂျရေအတ်စ်ဝပ်ဒ်အပေါ် လက်တင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် မုဆာဖဟ်လုပ်သူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် မုဆာဖဟ်လုပ်သူတွင် ပီတိဝေဖြာနေမည် ဟူ၍ ဟဒီးစ်တော်တွင် လာရှိကြောင်းသင်သိသလား။
ဖြေ။ ။ ပီတိဖြာသည့်လက္ခဏာပင် မတွေ့မိခဲ့ပါ။
(၂၁) မေး။ ။ သို့ဆိုက သင်သည် ဟဂျရေအပ်စ်ဝပ်ဒ်အပေါ် လက်မတင်ခဲ့ပေ။ ဆက်လက်၍ မကာမိအိဗရာဟည်မ်တွင် နဖိလ်နှစ်ရကသ် ဖတ်ခဲ့သလား။
ဖြေ။ ။ ဟုတ်ကဲ့ ဖတ်ခဲ့ပါသည်။
(၂၂) မေး။ ။ ထိုသို့ဖတ်ခွင့်ရခြင်းသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင်၏အဆင့်မြင့်တက်ခြင်းပင် ဖြစ်သည်။ ထိုသို့အဆင့်မြင့်တက်မှုမှ ကျရောက်လာသော တာဝန်ဝတ္တရားများကို သင်ကျေပွန်ခဲ့သလား။ ထိုနေရာနှင့် ကိုက်ညီအပ်စပ်သော လျော်ကန်သည့် ကျင့်စဉ်များပြုခဲ့သလား။
ဖြေ။ ။ မည်သည့်ကျင့်စဉ်ကိုမျှ အထူးအလေးထားကာ မပြုမိခဲ့ပါ။
(၂၃) မေး။ ။ သို့ဆိုလျှင် သင်သည် မကာမိအစ်ဗ်ရာဟည်မ်တွင် နမားဇ် မဖတ်ခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်နှင့်မရဝါကြားတွင် စအီပြုလုပ်ရန် ဆွဖာဟ်တောင်ပေါ်သို့ တက်ခဲ့သလား။
ဖြေ။ ။ တက်ခဲ့ပါသည်။
(၂၄) မေး။ ။ ထိုတောင်ပေါ်တွင် မည်သည့်အမလ်ပြုခဲ့သနည်း။
ဖြေ။ ။ သပ်က္ကဗီရ် ခုနစ်ခါ ရွတ်ဆိုကာ ဟဂ်ျကဗွလ်ဖြစ်ရေးအတွက် ဒုအာပြုခဲ့ပါသည်။
(၂၅) မေး။ ။ သပ်က္ကဗီရ်ရွတ်ဆိုစဉ်က ဖရစ်ရှ်တာများ၏ သပ်က္ကဗီရ်ရွတ်ဆိုသံ ကြားခဲ့သလား၊ သပ်က္ကဗီရ်၏အနှစ်သာရအပေါ် သတိမူမိခဲ့သလား။
ဖြေ။ ။ ဖရစ်ရှ်တာများ၏ သပ်က္ကဗီရ်ရွတ်ဆိုသံကိုလည်း မကြားမိခဲ့ပါ၊ သပ်က္ကဗီရ်၏အနှစ်သာရကိုလည်း သတိမမူမိခဲ့ပါ။
(၂၆) မေး။ ။ သို့ဆိုလျှင် သင်သည် သပ်က္ကဗီရ်မရွတ်ဆိုခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်တောင်တော်မှ ပြန်ဆင်းခဲ့သလား။
ဖြေ။ ။ ဆင်းခဲ့ပါသည်။
(၂၇) မေး။ ။ သို့ဆင်းသက်ခဲ့စဉ်က သင်၏နှလုံးသားရှိ ညစ်ညမ်းမှုများ ကင်းစင်သန့်ရှင် သွားကြောင်း ခံစားမိသလား။
ဖြေ။ ။ မခံစားမိခဲ့ပါ။
(၂၈) မေး။ ။ သို့ဆိုလျှင် သင်သည် ဆွဖာဟ်တောင်တော်သို့ အတက်အဆင်း မပြုခဲ့ပေ။ ဆက်လက်၍ ဆွဖာဟ်နှင့်မရ်ဝါအကြားတွင် စအီလုပ်ခဲ့သလား။
ဖြေ။ ။စအီလုပ်ခဲ့ပါသည်။
(၂၉) မေး။ ။ ထိုသို့စအီပြုလုပ်စဉ်က သင့်နှလုံးသားသည် ပစ္စည်းဥစ္စာ အရာဟူသမျှမှ ကင်းလွတ်ကာ အလ္လာဟ်အရှင်မြတ်အပေါ်တွင်သာ အာရုံထားခဲ့သလား။
ဖြေ။ ။ မထားမိခဲ့ပါ။
(၃၀) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် စအီမပြုလုပ်ခဲ့ပေ။ ဆက်လက်၍ မရ်ဝဟ်တောင်တော် ပေါ်သို့တက်ခဲ့သလား။
ဖြေ။ ။တက်ခဲ့ပါသည်။
(၃၁) မေး။ ။ ထိုတောင်တော်ပေါ်သို့ရောက်ခဲ့စဉ်က သင့်အပေါ် စကီနာကျခဲ့သလား။ ထိုသို့ကျရောက်ကြောင်းခံစား မိသလား။
ဖြေ။ ။ မခံစားမိခဲ့ပါ။
(၃၂) မေး။ ။ ထိုသို့ဆိုလျှင် သင်သည် မရ်ဝဟ်တောင်တော်ပေါ်သို့ မတက်ခဲ့ပေ။ ဆက်လက်၍ မီနာ သို့သွားခဲ့သလား။
ဖြေ။ ။ သွားခဲ့ပါသည်။
(၃၃) မေး။ ။ မီဏာသို့ရောက်နေစဉ် အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်တော်ကို မက်ထား မျှော်ကိုးမိခဲ့သလား။
ဖြေ။ ။မက်ထား မျှော်ကိုးမှု မပြုမိခဲ့ပါ။
(၃၄) မေး။ ။ သို့ဆိုလျှင် သင်သည် မီဏာသို့မရောက်ခဲ့ပေ။ ဆက်လက်၍ မီဏာတွင်ရှိသော မတ်စ်ဂျိဒိခိုက်ဖ်သို့ ရောက်ခဲ့သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။
(၃၅) မေး။ ။ ထိုဗလီတော်ထဲတွင် ရှိနေစဉ်က အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုကျိုးမှု ပိုလာသလား။
ဖြေ။ ။ ကြောက်ရွံ့ရိုကျိုးမှု ပိုလာခြင်း မရှိခဲ့ပါ။
(၃၆) မေး။ ။ သို့ဆိုလျှင် သင်သည် မတ်စ်ဂျိဒီခိုက်ဖ်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ အရဖာတ်ကွင်းပြင်တော်သို့ရောက်ခဲ့သလား။
ဖြေ။ ။ ရောက်ခဲ့ပါသည်။
(၃၇) မေး။ ။ အရဖာတ် ကွင်းပြင်တော်သို့ ရောက်နေစဉ် ဤလောကသို့ ရောက်လာရသည့်အကြောင်း၊ ရောက်ရှိနေခိုက်တွင် မည်သည့်အမှုပြုလုပ်နေကြောင်း၊ မည်သည့်နေရာသို့ ပြန်သွားရမည်ဖြစ်ကြောင်း စသည်တို့ကို တွေးတောစဉ်းစားမိသလား။
ဖြေ။ ။ မတွေးတော မစဉ်းစားမိခဲ့ပါ။
(၃၈) မေး။ ။ သို့ဆိုလျှင် သင်သည် အရဖာတ်ကွင်းပြင်တော်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ မွဇ်ဒလ်ဖဟ်သို့ သွားရောက်ခဲ့သလား။
ဖြေ။ ။ သွားရောက်ခဲ့ပါသည်။
(၃၉) မေး။ ။ မွဇ်ဒလ်ဖဟ်တွင် အလ္လာဟ်အရှင်မြတ်မှအပ မည်သည့် စိတ်ကူးစိတ်သန်းမှမပါသည့် ဇိကိရ်မျိုး ပြုခဲ့သလား။
ဖြေ။ ။ ထိုသို့သော ဇိကိရ်မျိုး မပြုမိခဲ့ပါ။
(၄၀) မေး။ ။ သို့ဆိုလျှင် သင်သည် မွဇ်ဒလ်ဖဟ်သို့ မရောက်ခဲ့ပေ။ ဆက်လက်၍ မီဏာသို့ သွားကာ ကုရ်ဗာနီ လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။
(၄၁) မေး။ ။ ကုရ်ဗာနီလုပ်နေစဉ် မိမိ၏စိတ်ရိုင်းကိုပါ ဇဗဟ်လုပ်လိုက်သလား။
ဖြေ။ ။ မလုပ်မိခဲ့ပါ။
(၄၂) မေး။ ။ သို့ဆိုလျှင် သင်သည် ကုရ်ဗာနီမလုပ်ခဲ့ပေ။ ဆက်လက်၍ ရမီလုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။
(၄၃) မေး။ ။ ကျောက်စရစ်ခဲတစ်လုံးပေါက်တိုင်း သင့်ထံမှ မနာခံလိုသည့် ဥာဉ်ဆိုးများ လွင့်ပါးသွားပြီး၊ တွေးခေါ် မြော်မြင်ဆင်ခြင်မှုမြင့်မားလာကြောင်း သတိထားမိသလား။
ဖြေ။ ။ ထိုသို့ သတိမထားမိခဲ့ပါ။
(၄၄) မေး။ ။ သို့ဆိုလျှင် သင်သည် ရမီ မပြုခဲ့ပေ။ ဆက်လက်၍ တဝါးဖိဇိယာုရသ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။
(၄၅) မေး။ ။ ထိုတဝါးဖ်လုပ်နေစဉ် သင့်တွင် တင်ရှိနေသော တာဝန်များ သိမြင်လိုက်သလား။ သင့်အပေါ်သို့ ရဟ်မသ်မိုး ရွာသွန်းခဲ့သလား။ (ဟဂ်ျ၊ အွန်မ္မရဟ် လုပ်သူတို့မှာ အလ္လာဟ်အရှင်မြတ်အား တွေ့ဆုံကြခြင်းဖြစ်သည်။ လာရောက်တွေ့ဆုံသူအား ဧည့်ခံပြုစုရန်မှာ အတွေ့ခံသူ ဧည့်သည်၏ တာဝန်ဖြစ်သည်။ ဟူသောတမန်တော်မြတ် ဆွလ္လလ္လာဟု အလိုင်ဟိဝစလ္လာမ်၏ ဟဒီးစ်တော်ကို ကိုးကား မေးမြန်းခြင်းဖြစ်သည်။ )
ဖြေ။ ။ ကျွန်တော့်တွင် မည်သို့မျှ ထိတွေ့ခံစားမိခဲ့ခြင်း မရှိပါ။
(၄၆) မေး။ ။ သို့ဆိုလျှင် သင်သည် တဝါးဖိဇိယာရတ် မလုပ်ခဲ့ပေ။ ဆက်လက်၍ ဟိလာလ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။
(၄၇) မေး။ ။ ထိုအချိန်တွင် ဟလာလ်နည်းဖြင့်သာ အသက်မွေးရန် စိတ်ပိုင်းဖြတ်လိုက်သလား။
ဖြေ။ ။ မပိုင်းဖြတ်မိခဲ့ပါ။
(၄၈) မေး။ ။ သို့ဆိုလျှင် သင်သည် ဟိလာလ်မပြုခဲ့ပေ။ ဆက်လက်၍ အလ်ဝေဒါအီတဝါးဖ် လုပ်ခဲ့သလား။
ဖြေ။ ။ လုပ်ခဲ့ပါသည်။
(၄၉) မေး။ ။ ထိုအချိန်တွင် သင်သည် မိမိ၏ စိတ်အလို၊ ကိုယ်အလိုများကို မလိုက်တော့ရန် ယတိပြတ် အဓိဌာန်ပြုခဲ့သလား။
ဖြေ။ ။ မပြုမိခဲ့ပါ။
(၅၀) မေး။ ။ ထိုသို့ဆိုက သင်သည်အလ်ဝေဒါအီတဝါးဖ်မလုပ်ခဲ့ပေ၊ ထို့နောက် ဆရာသခင်ကြီးက ဆက်လက်၍ ငါ ယခု သင့်ကို မေးမြန်း သင်ကြားပေးသည့်အတိုင်း ဟဂ်ျလုပ်ရန် တစ်ဖန် သွားရောက်လော့......ဟုမှာကြားတော်မူလိုက်ပေသည်။
*ချစ်ကြည်တွယ်တာနေသူတို့ မည်သို့ ဟဂ်ျလုပ်ကြကြောင်း ရေးရေးမျှ သိမြင်စေရန် တစ်စေ့တစ်စောင်းမျှသာ ရေးသားဖော်ပြခြင်းဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည်မိမိ၏အသနားတော်သက်သက်ဖြင့် ဤသေးသိမ်သူ ကျွန်ုပ်နှင့် သင်စာရှုသူအား ထိုဟဂ်ျမျိုးလုပ်ဆောင်နိုင်ခွင့် ချီးမြှင့်ပေးသနားတော်မူပါစေ......အာမီးန်.....။
အမှန်စင်စစ် ဤခရီး၏ ခရီးစဉ်တစ်လျှောက်လုံးတွင် လောကီရမ္မက်ကို ချေဖျက်ကာ အလ္လာဟ်အရှုင်မြတ်နှင့်သာ စဉ်ဆက်မပြတ် ခိုင်မာစွာ ဆက်သွယ်မိရေးအတွက် ကြိုးပမ်းနေရပေမည်။
Credit, ဖဇာအိလေ့ဟဂ်ျကျမ်းမှ ကူးယူဖော်ပြပါသည်။ (အလ်မုဖီးဒ်)
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။