မိမိတို့၏ မိတ်ဆွေများကို ဤလင့်မှ ရှဲပေးနိုင်ပါသည်။
အစ္စလာမ်၏ ဟိဂျရီခုနှစ်တွင် ဆယ့်နှစ်လရာသီရှိပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မမွေးဖွားမီကတည်းက အရဗ်တို့သည် ယင်းလများကို သတ်မှတ်သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် ယခုကဲ့သို့ မဟုတ်ပေ။ လ၏ အဝင်အထွက်ကို အခြေခံ၍ သတ်မှတ်ခြင်းကြောင့် လများသည် ရာသီဥတုတစ်မျိုးတည်း၌သာ အတည်တကျမရှိပေ။ ဥပမာ ရမဇာန်လကို တစ်နှစ်တွင် ဆောင်းရာသီ၌ ကြုံရလျှင် နောင်တစ်နှစ်တွင် နွေရာသီဖြစ်နေပေမည်။ နောင်တစ်နှစ်တွင် မိုးရာသီ၊ ပွင့်လင်းရာသီ၊ ဆောင်းရာသီ ထိုပုံစံဖြင့် လှည့်ပတ်သွားနေပေသည်။ အရဗ်တို့သည် လကိုအခြေခံသည့် ခုနှစ်ကို သုံးစွဲသောကြောင့် ကုန်ရောင်းကုန်ဝယ်ပြုရာတွင် အနည်းငယ် အခက်အခဲဖြစ်ကြရသည်။ ထိုသို့အခက်အခဲဖြစ်ခြင်းကို မကြုံလိုသဖြင့် ရှေးအရဗ်တို့က နှစ်တစ်နှစ်တွင် ဆယ့်နှစ်လရှိသော်လည်း ရာသီဥတုနှင့် လသည် အမြဲအတည်ရှိစေရန် လထပ်တိုးခြင်းကို ပြုလုပ်လေ့ရှိကြသည်။ ထို့ကြောင့် ဆယ်သုံးလဖြစ်သည့်နှစ်များလည်း ရှိသွားသည်။ ထို့အတူ ဟဂ်ျပြုခြင်းကိုလည်း အစဉ်ပြေသည့်လ၌ ပြုလေ့ရှိကြပေသည်။
အရဗ်တို့သည် စစ်ရေးပရိယာယ်တွင် သူမတူအောင် ထူးခြားသူများပီပီ စစ်တိုက်ခြင်းကိုလည်း ခုံမင်နှစ်သက်ကြသည်။ ထို့အတူ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အရဗီလများတွင် လုံးဝစစ်တိုက်ခွင့်မရှိသည့်လများလည်း သတ်မှတ်ထားပေသည်။ ထိုသို့သောလတွင် ၎င်းအရဗ်တို့ အဘယ်မျှရှောင်ကြဉ်သနည်းဆိုသော် ဖခင်အား သတ်ထားသူကို မျက်နှာချင်းဆိုင်တွေ့လျှင်လည်း ပုံမှန်အတိုင်းပင် ဆက်ဆံပေသည်။ စစ်တိုက်ခွင့်မရှိသည့်လတို့သည် လေးလရှိပြီး သုံးလမှာဆက်တိုက်လာ၍ နောက်တစ်လမှာ သီးခြားဖြစ်ပေသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ အစ္စလာမ့်အမိန့်ဥပဒေများ မကျရောက်မီအထိ အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်းပင် ခုနှစ်များ လများကို သတ်မှတ်သုံးစွဲကြပေသည်။
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ရှရီအသ်ကျပြီးနောက်တွင် ဤသို့ လများတိုးခြင်းနှင့် ဟဂ်ျကို အစဉ်ပြေသည့်လ၌ ပြုခြင်းတို့ကို တားမြစ်လိုက်ပေသည်။ ထိုသို့ပြုခြင်းတို့သည် အစ္စလာမ်နှင့်ကိုက်ညီမှု မရှိတော့ပေ။ တစ်နှစ်တွင် ဆယ့်နှစ်လသာရှိပြီး ဟဂ်ျကိုလည်း သီးသန့်ဇိလ်ဟဂ်ျလ၌သာ ပြုခွင့်ရှိမည်၊ ဟဂ်ျ၏လသည် ဇိလ်ဟဂ်ျလ ကာလသာ ဖြစ်သည်ဟု အလ္လာဟ်အရှင်မြတ်က ဝဟီဖြင့် သတ်မှတ်ပြဌာန်းပေးလိုက်သည်။ ယခင်က ထူးမြတ်သည်ဟု သတ်မှတ်ထားသည့် လေးလကိုမူ ထိုအတိုင်းပင်ထားရှိပြီး စစ်တိုက်ခြင်းသည်လည်း ထိုကာလများ၌ ဟရာမ်ဖြစ်ပေသည်။ ၎င်းလေးလကို အရဗီဘာသာဖြင့် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လများဟု ခေါ်ဆိုသည်။ အစ္စလာမ်၏ ခုနှစ်ကို ဟီဂျရီဖြင့် သတ်မှတ်လိုက်ပေသည်။ ယခင်က အရဗ်တို့သည် မက္ကဟ်မြို့သို့ ဆင်တပ်ချီတက်လာသည့်နှစ်ကို အစွဲပြု၍ ဆင်နှစ်ကို သုံးစွဲကြပေသည်။ နဗူဝသ်စတင်သည့် ကာလကို အစွဲပြု၍ နဗဝီခုနှစ်ကိုလည်း မုစ်လင်တို့ သုံးစွဲခဲ့ကြသည်။ ဟစ်ဂျရသ်ပြုပြီးနောက်တွင် ဟစ်ဂျရီကို သတ်မှတ်သုံးစွဲပေသည်။
အစ္စလာမ်၏ တချို့သောကျင့်စဉ်တို့၏ ရက်စွဲသတ်မှတ်မှုများသည် လနှစ်ကိုအခြေခံမှသာ မှန်ကန်မည်ဟု ပြဌာန်းထားသည်များ ရှိ၏။ ဥပမာ ဇကားသ်ပေးဆောင်ရာတွင် တစ်နှစ်ပတ်လည်၏ သတ်မှတ်မှုကို လနှစ်ကိုအခြေခံ၍ ပြုလုပ်ရပေမည်။ ထို့အတူ ရမဇာန်လသတ်မှတ်မှု၊ ဟဂ်ျကာလသတ်မှတ်မှု၊ အီဒွလ်အဿွ်ဟာသတ်မှတ်မှုတို့သည် လနှစ်ကိုသာအခြေခံထားပေသည်။ ဤသို့လနှစ်ကို အခြေခံဖြင့် တမန်တော်မြတ်၏ စွန္နသ်၊ စွဟာဗာများ၊ သာဗေအီးန်တို့၏ လမ်းစဉ်ကို လိုက်နာရာရောက်ပေသည်။ အရဗီလနှစ်ကို သတ်မှတ်ရာတွင် လတစ်လစီတွင် ရက်မည်မျှပါရှိမည်ဟု ပုံသေတွက်၍ သတ်မှတ်ခြင်းမရှိပေ။ နေထိုင်ရာဒေသ၏ လ အဝင်အထွက်ကို ကြည့်ရှုပြီး လတစ်လ၏ အစပြုရာရက်ကို သတ်မှတ်ပေသည်။ ဆယ့်နှစ်လလုံးအတွက် လစဉ် လကြည့်ရပေသည်။အရဗီလနှစ်တွင် အများဆုံးရက်မှာ ၃ဝအထိဖြစ်ပြီး ၂၉ရက် ဖြစ်သည်လည်း ရှိပေသည်။
အရဗီလများကို အမည်မှည့်ခေါ်ရာတွင်လည်း အကြောင်းခံများ တစ်ခုစီရှိပေသည်။ ထူးခြားမှုမှာ နတ်ဘုရားများ၊ လူပုဂ္ဂိုလ်များကို အခြေခံ၍ အမည်မှည့်ခြင်း မဟုတ်ပေ။ လုပ်ရပ်၊ ရာသီဥတုနှင့် ထူးမြတ်မှုတို့ကို အခြေခံကာ အမည်မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။ လတစ်လချင်းစီတွင်ရှိသော အကြောင်းခံများကို ရေးသားဖော်ပြပါမည်။ မုစ်လင်မ်တိုင်း အစ္စလာမ်၏ ဆယ့်နှစ်လကို အလွတ်ရထားသင့်ပေသည်။ ထိုသို့ ရထားသင့်သည့် အကြောင်းခံ တစ်ခုမှာ အစ္စလာမ်ဘာသာရေးတွင်သုံးစွဲသည့် လများဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်ကျရောက်သည့် အချိန်ကာလကို ရေတွက်သတ်မှတ်ရာတွင် သုံးစွဲထားသည့် လများ ဖြစ်သည်။ နောက်တစ်ခုမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်မှစ၍ ခေတ်အဆက်ဆက်ပညာရှင်ကြီးများ သူမွန်သူမြတ်များ သုံးစွဲသည့် လများလည်း ဖြစ်ပေသည်။ အစ္စလာမ်၏ ကျင့်ဆောက်တည်မှုများ၊ အစ္စလာမ့်၏သမိုင်းဖြစ်ရပ်များနှင့် အထူးဆက်စပ်မှုရှိသည့် အရဗီဆယ်နှစ်လကို မုစ်လင်မ်တိုင်း အလွတ်ကျက်မှတ်ကြမည်ဟု မျှော်လင့်ပါသည်။ ကလေးသူငယ်များနှင့် တခြားမိတ်ဆွေများကိုလည်း ပြန်သင်ပေးပါက ကုသိုလ်နှစ်ဆပင် ရပေဦးမည်။
အရဗီဆယ့်နှစ်လမှာ ... (၁) မုဟရ်ရမ်၊ (၂) ဆွဖရ်၊ (၃) ရဗီအုလ်အောက်ဝလ်၊ (၄) ရဗီအုစ်စာနီ၊ (၅) ဂျုမာဒလ်အူလာ၊ (၆) ဂျုမာဒလ်အုခ်ခရာ၊ (၇) ရဂျဗ်၊ (၈) ရှအ်ဗာန်၊ (၉) ရမဿွာန်၊ (၁ဝ) ရှောက်ဝါလ်၊ (၁၁) ဇီကအ်ဒဟ်၊ (၁၂) ဇိလ်ဟိဂ်ျဂျဟ် ... တို့ဖြစ်သည်။ ဤသည်တို့မှာ လအမည်များဖြစ်ပြီး ၎င်းတို့ကို ဂုဏ်ပုဒ်များဖြင့် တွဲစပ်၍ ပြောဆိုလေ့ရှိပေသည်။ အရဗီအသံထွက် အတိအကျနှင့် အရဗီစာလုံးပေါင်းပုံကိုပါ သိရှိနိုင်ရန် ပုံနှင့်တကွ ဖော်ပြပေးထားပါသည်။
(၁)။ မုဟရ်ရမွလ်ဟရာမ်အစ္စလာမ့်တစ်နှစ်တာကာလ၏ ပထမဦးဆုံးလ ဖြစ်သည်။ တစ်နည်း နှစ်ဆန်းလ ဖြစ်၏။ မုဟရ်ရမ်၏ အဓိပ္ပါယ်မှာ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံခြင်း၊ မြင့်မြတ်ခြင်းဟု ဖြစ်ပေသည်။ ဤလအမည်တွင်ပါဝင်သော ဟရာမ်ဟူသည့်စကားလုံးသည် အများသူငှာသိသော တားမြစ်သည့် ဟရာမ်၏ အဓိပ္ပါယ်မဟုတ်ပေ။ ဤဟရာမ်သည် ဂုဏ်ပေးလေးစားခြင်းဟူသည့် အဓိပ္ပါယ်ရပေသည်။ နှစ်ခုပေါင်း၍ မြင်သာအောင် ပြန်ဆိုရသော် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဂုဏ်ပေးလေးစားရမည့်လဟု ဖြစ်ပေသည်။ ဟရာမ်ပါသည်နှင့် ပျော်ရွှင်ခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်းစသည်တို့ကို ဤလတွင် မလုပ်ပိုင်ဟု မှတ်ယူကြသည်။ ဤသည်မှာ အစ္စလာမ်တွင်မရှိသည့် မှတ်ယူခြင်းပင်ဖြစ်သည်။ ဤလတွင် တခြားသောလများကဲ့သို့ ပျော်ရွှင်ခြင်း၊ ထိမ်းမြားခြင်းများ ပြုပိုင်ပေသည်။ သို့သာမက အစ္စလာမ့်၏ လများတွင် ထိမ်းမြားခြင်းမပြုပိုင်သည့်လဟူ၍ မရှိပေ။ ထို့အတူ မကောင်းခြင်းများ ဆောင်ယူသည့်လ၊ နမိတ်မကောင်းသည့်လဟူ၍လည်း လုံးဝမရှိပေ။ ထို့အတူ ဝမ်းနည်းကြေကွဲနေရမည့်လဟူ၍လည်း လုံးဝမရှိပါ။ ဤသည်ကို မုစ်လင်မ်တို့ ကောင်းစွာမှတ်သားထားရပါမည်။ မုဟရ်ရမ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တစ်နှစ်တာအရတွက်လျှင် ပထမဦးဆုံးကျရောက်သောလဖြစ်သလို အရှ်ဟိုရေဟိုရွမ်အရ ရေတွက်လျှင် စတုတ္ထမြောက်ကျရောက်သောလဟူ၍လည်း မှတ်ယူနိုင်ပေသည်။
(၂)။ ဆွဖရွလ်မုဇွဖ်ဖရ်ဆွဖရ်သည် အစ္စလာမ့်နှစ်၏ ဒုတိယမြောက်လဖြစ်ပေသည်။ ၎င်း၏ဆိုလိုရင်းကို ဖော်ပြရသော် .... ဆွဖရ်သည် သုညကို ခေါ်ဆိုသည်။ ဘာမျှမရှိခြင်းဟူသည့် သဘောဖြစ်သည်။ ဤသို့ မုဟရ်ရမ်ပြီးနောက် ရောက်ရှိသောလကို သုညသဘောသက်ရောက်သည့် ဆွဖရ်ဟု မှည့်ခေါ်ရခြင်းမှာ ၎င်းလတွင် အရဗ်တို့သည် လေးလတိုင်တိုင်ရပ်နားထားသော စစ်တိုက်သည့်အမှုကိုပြုရန် အိမ်များမှ ထွက်ခွာကြပေသည်။ အိမ်များတွင် လူမရှိခြင်းကို အမှီပြု၍ ဆွဖရ်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ဆွဖရ်နှင့်အတူ မုဇွဖ်ဖရ်ဟူသည့် ဂုဏ်ပုဒ်ကို တွဲစပ်ခေါ်ကြသည်။ မုဇွဖ်ဖရ်၏ အဓိပ္ပါယ်မှာ အောင်မြင်ခြင်း၊ ရည်ရွယ်ချက်ပြည့်ဝခြင်းဟု ဖြစ်ပေသည်။ အစ္စလာမ်မထွန်းကားမီကာလက ဆွဖရ်လကို နမိတ်မကောင်းသည့်လဟု မှတ်ယူထားကြသည်။ ယနေ့အထိလည်း ဤအစွဲများရှိနေကြ၏။ ဆွဖရ်လတွင် မကောင်းခြင်းပေါင်းစုံကို ကောင်းကင်မှ ချသည်ဟု မှတ်ထားကြသည်။ မကောင်းခြင်းများကျသောကြောင့် ထိုလ၌ အိမ်ထောင်ပြုလျှင် ကွဲတတ်သည်။ ပျော်ရွှင်ဖွယ်ရာများ မပြုရ၊ မင်္ဂလာဆောင်လျှင် အခန်းမအပ်ရဟု အဓိပ္ပါယ်မဲ့အစွဲများ ထားကြပေသည်။ ထိုအစွဲများနှင့် မကောင်းသည့် ယူဆချက်အားလုံးသည် အစ္စလာမ်တွင်မရှိသလို မုစ်လင်မ်အဖို့ ထိုသို့ ပေါက်ကရအတွေးအခေါ်များ၊ နမိတ်မကောင်းသည့် မှတ်ယူမှုများ လုံးဝမပြုလုပ်ရပေ။ အမိုက်ခေတ်က ထိုသို့မကောင်းခြင်းများကျသည်ဟူသည့် အစွဲကို ပြောင်းရန်အတွက် အောင်မြင်ခြင်း၊ ပြည့်ဝခြင်းဟု လှပကောင်းမွန်သော အဓိပ္ပါယ်ရသည့် မုဇွဖ်ဖရ် စာလုံးဖြင့် တွဲစပ်ပြောင်းလဲကာ ခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။
(၃)။ ရဗီအွလ်အောက်ဝလ်အစ္စလာမ့်နှစ်၏ တတိယမြောက်လ ဖြစ်သည်။ ရဗီအ်၏ အဓိပ္ပါယ်မှာ စိမ်းလန်းခြင်း၊ စိုပြေခြင်း၊ လန်းဆန်းနေခြင်းဖြစ်၏။ အောက်ဝလ်သည် ပထမအကြိမ်မြောက်ကို ဆိုလိုသည်။ စိမ်းစိုလန်းဆန်းနေသည့် ပထမလဟု ဖြစ်ပေသည်။ ဆောင်းဦးစ၏ ပထမအစပြုရာကာလတွင် ကျရောက်သောကြောင့် ရဗီအွလ်အောက်ဝလ်အမည်ဖြင့် ကျော်ကြားရခြင်းဖြစ်သည်။
(၄)။ ရဗီအွတ်စာနီအစ္စလာမ့်နှစ်၏ စတုတ္ထမြောက်လဖြစ်သည်။ ရဗီအွလ်အာခရ်ဟု အသုံးများကြသည်။ ဒုတိယကို အာခိရ်ဟုသုံးသော်လည်း ဤလတွင် အာခရ် ဇဗရ်ဖြင့်သုံးခြင်းမှာ ၎င်း၏ထူးခြားချက်တစ်ခု ဖြစ်ပေသည်။ စာနီနှင့် အာခိရ် နှစ်ခုလုံး၏ အဓိပ္ပါယ်မှာ ဒုတိယဟူ၍ဖြစ်သည်။ စိမ်းလန်းစိုပြေသော ဒုတိယလဟူ၍ ဖြစ်ပါသည်။ ဤသည်မှာ အရဗ်တို့သတ်မှတ်မှု၏ အဓိပ္ပါယ်ဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ ပထမရဗီအ်ပြီးနောက် ဒုတိယကျရောက်သောလကိုလည်း ရဗီအ်ဟု ထားရခြင်းမှာ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံသို့ ပထမဦးဆုံးအကြိမ် ဝဟီကျခြင်းသည် ရဗီအွလ်အောက်ဝလ်လတွင် ဖြစ်ခဲ့သည်။ စူရာအိက်ရာအ်၏ အစပထမအာယသ်တို့ ကျရောက်ခဲ့သည်။ ထိုစဉ်က ဝဟီ၏ အရှိန်အဝါ၊ ဝဟီ၏လေးလံမှုကို စတင်တွေ့ကြုံခံစားရခြင်းတို့ကြောင့် တမန်တော်မြတ်၏ စိတ်တွင်းဝယ် အနည်းငယ်ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ပေသည်။ ပထမဦးဆုံးအကြိမ် ဝဟီကျရောက်ပြီးနောက် အချိန်အနည်းငယ်အထိ ဝဟီကျရောက်ခြင်းမရှိတော့ပေ။ တမန်တော်မြတ်၏ စိတ်ခံစားချက် တည်ငြိမ်သည်အထိ အလ္လာဟ်အရှင်မြတ်က ဝဟီချပေးခြင်းကို ရပ်တန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အနေဖြင့် နဗူဝသ်၏ တာဝန်များ၊ အရေးကြီးမှုများကို ထမ်းဆောင်ရန်နှင့် ဝဟီအတွက် စိတ်တည်ငြိမ်မှုဖြစ်သွားသည့်အခါ ဒုတိယအကြိမ် ဝဟီကျရောက်ခဲ့သည်။ စူရာကလမ်၏ အစပထမအာယသ်တို့ကျရောက်ခဲ့သည်။ သဗ်လီးဂ်ပြုရန် အမိန့်ကျခဲ့သည်။ ထိုသို့ ဝဟီကျရောက်ခြင်းသည် ဒုတိယအကြိမ်ပြန်လည် ဖူးပွင့်ရောက်ရှိလာခြင်းကို အကြောင်းပြု၍ ရဗီအွလ်အာခရ် ဒုတိယအကြိမ် ဝဟီ၏ စိမ်းလန်းဖူးပွင့်သည့်လဟု သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။
(၅)။ ဂျုမာဒလ်အူလာအစ္စလာမ့်နှစ်၏ ပဉ္စမမြောက် (ငါးလမြောက်) လဖြစ်ပေသည်။ ဂျုမာဒ်၏ အဘိဓာန်အဓိပ္ပါယ်မှာ ရပ်ခြင်း၊ ခဲခြင်းဟု ဖြစ်ပေသည်။ သမိုင်းပညာရှင်တို့က ဤလတွင် ရေခဲလောက်အောင် အအေးဓာတ်ပြင်းထန်မှုဖြစ်ပေါ်ခြင်းကြောင့် အရဗ်တို့က ပထမအေးခဲသည့်လဟု အဓိပ္ပါယ်ရသည့် ဂျုမာဒလ်အူလာအမည်ကို မှည့်ခေါ်ခြင်းဖြစ်မည်ဟု ကောက်ချက်ပေးထားကြသည်။ အစ္စလာမ်သမိုင်းအရ ဂျုမာဒလ်အူလာ၏ အလိုသဘောမှာ ထိုလမှစတင်၍ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အပေါ် ဝဟီကျရောက်ခြင်း ကာလအနည်းငယ်အထိ ဆိုင်းငံ့ ရပ်တန့်သွားသည်။ ထိုသို့ ဝဟီဆိုင်းငံ့သွားခြင်းကို အကြောင်းခံ၍ ပထမဆိုင်းငံ့ရပ်တန့်သည့်လ ဂျုမာဒလ်အူလာဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။
(၆)။ ဂျုမာဒလ်အွခ်ခရာအစ္စလာမ့်နှစ်၏ ဆဌမမြောက် (ခြောက်လမြောက်) လဖြစ်ပေသည်။ အေးခဲသည့် ဒုတိယလဟု အဓိပ္ပါယ်ရသည်။ အစ္စလာမ်သမိုင်းအရ ဝဟီ၏ရပ်တန့်မှုသည် ဆက်လက်ရှိနေသဖြင့် ဒုတိယဆိုင်းငံ့ရပ်တန့်သည့်လဟူ၍ အဓိပ္ပါယ်ကောက်ယူပေသည်။
(၇)။ ရဂျဗွလ်မုရပ်ဂျဗ်အစ္စလာမ့်နှစ်၏ သတ္တမမြောက် (ခုနှစ်လမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ မြင့်မြတ်ထူးကဲသည့်လဟူ၍ ဖြစ်သည်။ ရဂျဗ်လသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ပထမဦးဆုံးကျရောက်သည့်လဖြစ်ပေသည်။ ထို့ကြောင့် စစ်တိုက်ခြင်းကို ဤရဂျဗ်လတွင် ရပ်တန့်ထားပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏လလည်း ဖြစ်သည်။ တောင်းဆုများကို အထူးလက်ခံသည့် လတစ်လဖြစ်သည်။
(၈)။ ရှအ်ဗာနုလ်မုအဇ်ဇွမ်အစ္စလာမ့်နှစ်၏ အဌမမြောက် (ရှစ်လမြောက်) လဖြစ်ပေသည်။ ရှအ်ဗာန်ဟူသည် စုပေါင်းခြင်း၊ ပေါင်းစည်းခြင်းနှင့် သီးခြားစီပြုခြင်းဟူသည့် ဆန့်ကျင်ဘက်အဓိပ္ပါယ်နှစ်မျိုးလုံး ရရှိသည်။ အရဗ်တို့က မျိုးနွယ်စုများ ကွဲသွားခြင်းနှင့် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကြခြင်းကို အကြောင်းခံ၍ ဤလကို ရှအ်ဗာန်အမည်ဖြင့် မှည့်ခေါ်ခြင်းဖြစ်သည်။ အစ္စလာမ့်ရှရီအသ်အရ ဤလကို ရှအ်ဗာန်ဟု မှည့်ခေါ်ရခြင်းမှာ ဤလ၌ပင် လာမည့် တစ်နှစ်ပတ်လုံးအတွက် အဖန်ဆင်းခံများ၏ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရိုဇီ စသည်များကို ခွဲတမ်းချ၍ ဖရိရှ်သဟ်ထံ တာဝန်ကိုယ်စီအပ်နှင်းပေးသောကြောင့် ဖြစ်ပေသည်။ နောက်ထပ်အကြောင်းခံတစ်ခုမှာ ရိုဇာထားသူ၏ ကောင်းမှုကုသိုလ်ကို သစ်ပင်မှ သစ်ကိုင်းများတိုးလာသကဲ့သို့ တိုးပေးခြင်းကြောင့် ရှအ်ဗာန်ဟု မှည့်ခေါ်ခြင်းဖြစ်ပေသည်။ ရဂျဗ်သည် အလ္လာဟ်အရှင်မြတ်၏ လဖြစ်သည်။ ဤရှအ်ဗာန်လသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ လဖြစ်ပေသည်။ ရှအ်ဗာန်တွင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နဖိလ်ရိုဇာ များစွာထားတော်မူသည်။ ထူးခြားမြင့်မြတ်လှသည့် ညကြီးတစ်ညဖြစ်သော ဗရားအ်(သ)သည်လည်း ဤလ၏ ၁၅ရက်ညတွင် ကျရောက်ပေသည်။
(၉)။ ရမဿွာနုလ်မုဗာရပ်က်အစ္စလာမ့်နှစ်၏ နဝမမြောက် (ကိုးလမြောက်) လဖြစ်ပေသည်။ အဓိပ္ပါယ်မှာ လောင်ကျွမ်းခြင်း၊ ရှို့ခြင်းဟု ဖြစ်သည်။ ရမဿွာန်ဟူသည် အလွန်ပူပြင်းမှုဟု အဓိပ္ပါယ်ရသည့် စာလုံးမှဆင်းသက်လာသည်။ ပူပြင်းလှသဖြင့် ကုလားအုတ်သတ္တဝါသည်ပင်လျှင် ရေဆာလွန်း၍ လောင်ကျွမ်းသွားသည်ဟူသည့် ဆိုရိုးစကားပင်ရှိသည်ဟု ပညာရှင်တို့က ရေးသားဖော်ပြထားသည်။ ရမဿွာန်ဟု မှည့်ခေါ်ရသည့် တခြားအကြောင်းခံများကို တင်ပြရသော် ဤလတွင် ဗိုက်၏ ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့ကို ရိုဇာဖြင့် လောင်ကျွမ်းစေသောကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ လောကီ၏အလိုရမ္မက်တို့ကို စွန့်လွှတ်ကာ အာခိရသ်အတွက် ကျိုးပမ်းအားထုတ်ခြင်းဖြင့် ပြစ်မှုဒုစရိုက်တို့ကို လောင်ကျွမ်းစေလိုက်ခြင်းကြောင့် ရမဿွာန်ဟု မှည့်ခေါ်ရခြင်းဖြစ်သည်။ ထို့အပြင် အစ္စလာမ်မပေါ်ထွန်းမှီကာလက အရဗ်တို့သည် မိမိတို့ဓလေ့အတိုင်း လအမည်များကို ရှေ့တိုးနောက်ဆုတ်လုပ်၍ သတ်မှတ်လေ့ရှိကြသည်။ ထိုသို့ပြုရင်း ဤလသည် ပူပြင်းသည့်အချိန်တွင်ကျရောက်သောကြောင့် ရမဿွာန်ဟု မှည့်ခေါ်လိုက်ရခြင်း ဖြစ်ပေမည်။ အစ္စလာမ်၏ သတ်မှတ်မှုတွင်လည်း ရမဿွာန်ဟူသည် ပြစ်မှုဒုစရိုက်များကို လောင်ကျွမ်းစေခြင်း၊ အပြစ်ကျူးလွန်ချင်စိတ်တို့ကို ရှို့လိုက်ခြင်းဟူသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ ရမဿွာန်သည် အွမ္မသေမုဟမ္မဒီယာ၏ လမြတ်ဖြစ်ပေသည်။ ပြစ်ဒဏ်များမှ အထူးပင် လွတ်ငြိမ်းမှုပေးသည့်လ၊ ကုသိုလ်များကို ဆထက်တပိုး ပိုမိုတိုးပေးသောလမြတ် ဖြစ်ပေသည်။ သို့သာမက လပေါင်းတစ်ထောင်ထက် သာမြတ်လှသော ကဒရ်ဟူသည့် ညမြတ်မင်္ဂလာသည်လည်း ဤလ၏ညတစ်ညတွင် အပါအဝင်ဖြစ်သဖြင့် ထူးခြားမြင့်မြတ်မှုကား စာဖွဲ့မကုန်နိုင်အောင်ပင် ဖြစ်ပေသည်။ လူ့လောက၏ သဘောတရားများအရ ကြည့်လျှင်လည်း ဤရမဿွာန်ဟူသည့်လတွင် တစ်လလုံး နေ့အချိန်ကို စားခြင်းသောက်ခြင်းမေထုံမှီဝဲခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ ဆင်းရဲသားများအပေါ်ကိုယ်ချင်းစာတရားထားရှိလာနိုင်ခြင်း၊ အစာအိမ်ကို အလွတ်ထားသောကြောင့် ကျန်းမာရေးတွင်လည်း အလွန့်အလွန်ကို အထောက်အကူဖြစ်စေခြင်း စသည့်ကောင်းခြင်းများ ရှိပေသည်။
(၁ဝ)။ ရှောက်ဝါလုလ်မုကရ်ရမ်အစ္စလာမ့်နှစ်၏ ဒဿမမြောက် (ဆယ်လမြောက်) လဖြစ်ပေသည်။ ရှောက်ဝါလ်၏ အဘိဓာန်အဓိပ္ပါယ်မှာ မြင့်မားခြင်း၊ သီးခြားစီဖြစ်ခြင်း၊ ခြောက်သွေ့သွားခြင်းဟု ဖြစ်သည်။ ဤလကို ရှောက်ဝါလ်ဟု အမည်မှည့်ရခြင်းမှာ အရဗ်တို့သည် အပန်းဖြေလေညှင်းခံထွက်ရန်၊ အမဲလိုက်တောကစားထွက်ရန်အတွက် မိမိတို့အိမ်များမှထွက်ခွာသွားသောကြောင့် ရှောက်ဝါလ်ဟုခေါ်ဆိုခြင်း ဖြစ်ပေသည်။ ကုလားအုတ်မများ၏ နို့အုံမှ နို့များခြောက်သွေ့ခြင်းသည်လည်း ဤလတွင်ဖြစ်သလို၊ အရဗ်တို့ကိုယ်တိုင်ကလည်း အမဲလိုက်ထွက်ရန် တောများသို့ထွက်ခွာခြင်းကြောင့် နေအိမ်နှင့် တသီးတခြားစီဖြစ်သွားခြင်း၊ ထိုအကြောင်းခံနှစ်ခုကြောင့် ရှောက်ဝါလ်ဟု အမည်မှည့်ခြင်းဖြစ်သည်။ အစ္စလာမ်တွင် ရှောက်ဝါလ်၏ အလိုသဘောမှာ ဤလ၌ မုအ်မင်န်တို့၏ ပြစ်မှုဒုစရိုက်တို့ကို မယူလိုက်သည်။ ခွင့်လွှတ်မှုပြုပေးသည်ဟူသည့် အလိုသဘောဖြစ်ပေသည်။ ဤသို့ အပြစ်များမှခွင့်လွှတ်မှုရရှိခြင်းသည် ရမဿွာန်လမြတ်၏ ရိုဇာများကြောင့်သော်လည်းကောင်း၊ စွဒကာအေဖိသိရ်နှင့် အီဒွလ်ဖိသိရ်၏နမားဇ်တို့ကြောင့် ဖြစ်ပေသည်။ ရှောက်ဝါလ်ကို အီးဒ်လဟူ၍လည်း ခေါ်ဆိုသည်များရှိပေသည်။ ရှောက်ဝါလ်၏ ပထမဦးဆုံးနေ့တွင်ပင် အီဒွလ်ဖိသိရ်ကျရောက်ပေသည်။ ရှောက်ဝါလ်သည်လည်း မင်္ဂလာရှိသောလမြတ်တစ်ခုပင် ဖြစ်ပေသည်။
(၁၁)။ ဇွလ်ကအ်ဒဟ်အစ္စလာမ့်နှစ်၏ ဧကဒဿမမြောက် (ဆယ့်တစ်လမြောက်) လဖြစ်ပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ ဒုတိယမြောက်လဖြစ်ပေသည်။ ဤအမည်ထားရခြင်း၏ အကြာင်းခံမှာ ဤလတွင် စစ်တိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် ဟရာမ် မပြုပိုင်ခြင်းကြောင့် အရဗ်တို့သည် စစ်တိုက်ခြင်းရပ်နား၍ မိမိတို့အိမ်များ၌သာ နေထိုင်ခြင်းအမှုကို ပြုပေသည်။ ကအ်ဒဟ်၏ အဓိပ္ပါယ်မှာ ထိုင်ခြင်းဟူ၍ ဖြစ်သည်။ စစ်တိုက်ခြင်းရပ်နား၍ အိမ်များတွင်သာနေထိုင်သောကြောင့် ဇွလ်ကအ်ဒဟ်ဟု အမည်မှည့်ခေါ်ခြင်း ဖြစ်ပေသည်။
(၁၂)။ ဇွလ်ဟဂ်ျဂျဟ်အစ္စလာမ့်နှစ်၏ ဒွါဒဿမမြောက် (ဆယ့်နှစ်လမြောက်) လဖြစ်ပေသည်။ အဘိဓာန်၏ အလိုသဘောကို ဆိုရသော် ဇွလ်ဟဂ်ျဂျဟ် - ဟုဖတ်လျှင် ဟဂ်ျလကိုဆိုလိုသည်။ ဟိဂ်ျဂျဟ် - ဟာကို ဇေရ်ဖြင့်ဖတ်လျှင် နှစ်ကုန်သည့်လကို ဆိုလိုသည်။ အစ္စလာမ်နှစ်၏ တစ်နှစ်တာကာလအဆုံးသတ်သည့် လဖြစ်ပေသည်။ တချို့ ဇိလ်ဟဂ်ျဂျဟ် (ဇာ-ယာ)ဖြင့် ဖတ်သည်။ ထိုသို့ဖတ်လျှင် ဟဂ်ျတစ်ကြိမ်ပြုခြင်း ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။ တစ်နှစ်ပတ်လုံးတွင် ဤလတစ်တည်း၌သာ ဟဂ်ျပြုနိုင်ပြီး ပြုခဲ့လျှင်လည်း တစ်ကြိမ်သာပြုနိုင်ခြင်းကို ဆိုလိုပေသည်။ ဟဂ်ျ၏ အဓိပ္ပါယ်မှာ ရည်ရွယ်ခြင်း၊ ရည်စူးခြင်းဟု ဖြစ်ပေသည်။ ဟာဂျီတို့သည် ဤလတွင် ကအ်ဗာကိုဖူးမြော်ရန်ကိုသာ ရည်စူး၍ သွားကြပေသည်။ ဤသည်နှင့် ဆက်စပ်၍ ဇိလ်ဟဂ်ျလဟုလည်း ခေါ်ဆိုကြပေသည်။ ဤလသည် အရှ်ဟိုရေဟိုရွမ် မြင့်မြတ်သည့်လ လေးလအနက်မှ တတိယမြောက်လဖြစ်ပေသည်။ စစ်တိုက်ခြင်း သတ်ဖြတ်ခြင်းများကို ဟရာမ်အဖြစ် သတ်မှတ်ထားသောလ ဖြစ်ပေသည်။ ဇွလ်ဟဂ်ျတွင် အစ္စလာမ်၏ ပဉ္စမမြောက်မဏ္ဍိုင်ဖြစ်သော ဟဂ်ျပြုခြင်းဟူသည့် အင်မတန်မြင့်မြတ်လှသည့် ကျင့်စဉ်နှင့် အလ္လာဟ်အတွက် စွန့်လွှတ်ကာ အလ္လာဟ်အရှင်နှင့် နီးစပ်မှုရယူသည့် ကုရ်ဗာနီဟူသည့် ကျင့်ဆောက်တည်မှုတို့ ရှိသည့် လမြတ်တစ်လဖြစ်ပေသည်။ ထို့အတူ ထူးမြတ်မှုနှင့် အကျိုးထူးများရှိသော လတစ်လလည်း ဖြစ်ပေသည်။
ဤတွင် အစ္စလာမ့်ဆယ့်နှစ်လ၏ အဓိပ္ပါယ်နှင့် အလိုသဘောတို့ ဖော်ပြပြီးဖြစ်ပေသည်။ ယခု မှတ်သားရမည့်အရာတစ်ခုကို ပြောပြရသော် မုစ်လင်မ်တို့တွင် လအမည်များ နေ့အမည်များကို လူ၏အမည်နာမအဖြစ် မှည့်ခေါ်သည့် ဓလေ့တစ်ခုရှိပေသည်။ ပမာဆိုသော် ရှအ်ဗာန်ဘီ၊ ရမဇာန်ဘီ၊ ရမဇာန်ဘိုင်၊ ဂျွမ်မာဘီစသည်ဖြင့် ထားကြသည်။ ဤသို့အမည်မှည့်ခေါ်ခြင်းမှာ မှားပါသည်။ ယခုပင် ယင်းလများ၏ အဓိပ္ပါယ်ကို ဖော်ပြပြီးဖြစ်သဖြင့် မည်သို့အဓိပ္ပါယ်ကို ဖော်ဆောင်သည်ကို စဉ်းစားပါ။ ရမဇန်ဘီဟုထားလျှင် လောင်ကျွမ်းစေသူ ရှို့သူဟု အဓိပ္ပါယ်ထွက်နေမည်။ အစ္စလာမ့်၏သမိုင်းဝင်ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးများ ဆွဟာဗီသခင်မကြီးများသည်လည်း ဤသို့ နေ့အမည် လအမည်များ ထားသည့်အလေ့အထမရှိခဲ့ပါ။ အစ္စလာမ့်ညွှန်ကြားမှုတွင်လည်း ယောကျာ်းလေးဆိုလျှင် နဗီများ၏ အမည်များ ဆွဟာဗာများ၏ အမည်များထားနိုင်သည်။ အမျိုးသမီးဆိုလျှင် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ သမီးများ၊ ဇနီးများ ဆွဟာဗီများ၏ အမည်များထားနိုင်သည်။ လအမည် နေ့အမည်များထားပါဟု မပါရှိပါ။ မြန်မာဘာသာဖြင့် ပမာပြရလျှင် မတခူး၊ မောင်ကဆုန်၊ မတနင်္လာ၊ မသောကြာဟု ထားသူများမရှိပါ။ သို့သော် မုစ်လင်တို့အတွင်း၌ မရှအ်ဗာန်၊ မရမဇာန်များ မဂျွမ်မာများ ပေါင်းစုံရှိနေကြသည်။ ထို့ကြောင့် မိမိ၏အမည် မိမိနှင့် ပတ်သက်ဆက်နွယ်သူများတွင် ထိုသို့အမည်များ ရှိနေပါက တခြားအမည်ဖြင့် ပြောင်းပါ။ အစ္စလာမ်တွင် အမည်ပြောင်းရန်အတွက် ပွဲကြီးပွဲငယ်ပြုလုပ်ရန်မလိုအပ်သလို နေ့နာမ်ဂြိုလ်ခွင်များတွက်ချက်ပြီးမှ ထားရမည်ဟုလည်း မရှိပါ။ နီးစပ်ရာ အာလင်မ်တစ်ပါးထံတွင် အဓိပ္ပါယ်ကောင်းသည့် အမည်တစ်ခုကို ရွေးချယ်ပြီး မိမိအမည်အဖြစ်ထားလိုက်လျှင် လုံလောက်ပါသည်။ အမည်ပြောင်းခြင်းကို တမန်တော်မြတ်ကြီးကိုယ်တော်တိုင် ပြုလုပ်ပေးခဲ့သည်။ အဓိပ္ပါယ်မကောင်းသော အမည်များကို ကောင်းသောအဓိပ္ပါယ်ရှိသည့် အမည်များဖြင့် ပြောင်းလဲသတ်မှတ်ပေးတော်မူခဲ့ပါသည်။ သတိပြုရမည်မှာ ယနေ့ခေတ်တွင် ဖက်ရှင်ရောဂါဝင်၍ အမည်များကိုပါ ဖက်ရှင်ကျကျလိုက်ရှာရင်း တိရိစ္ဆာန်အမည်များ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးအမည်များကို မှည့်ခေါ်နေကြသည်။ ဤသည်မှာလည်း မှားယွင်းမှုတစ်ခုဖြစ်ပါသည်။ အမည်ထားပါက နဗီများ၊ ဆွဟာဗာ၊ ဆွဟာဗီများ၏ အမည်များကို ထားကြရန် အထူးတိုက်တွန်းအပ်ပါသည်။
အလ်မုဖီးဒ်
ဟိဂျရီ ၁၄၃၇/ ဆွဖရ်/ ၅/ ယောင်မုလ်အရ်ဗာအ်
၁၈/ ၁၁/ ၂ဝ၁၅/ ဗုဒ္ဓဟူး
အလ်မုဖီးဒ် Link များWebsite:
http://aaitee.blogspot.comFacebook:
http://www.facebook.com/almufeed.mmEmail: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက
Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။