Sunday, January 25, 2015

ရောင်စုံဗလီဝတ်ကျောင်းတော်

ရောင်စုံဗလီဝတ်ကျောင်းတော်
=====================
ရေးသားသူ စတီဗင်

ကမ္ဘာအရပ်ရပ်မှာ ဗိသုကာလက်ရာအစုံနဲ့ ဗလီဝတ်ကျောင်းတော်ပေါင်းမြောက်မြားစွာရှိတယ်။ နေရာဒေသအလိုက် အနုပညာလက်ရာအစုံနဲ့ပေါ့။ သာမန်လက်ရာကနေကွဲထွက်ဖို့ဆိုရင် ဗလီတစ်လုံးမှာ တမူထူးခြားတဲ့ လက်ရာရှိရမယ်။ အလွန်အင်မတန်ကိုလှပလွန်းပြီး တခြားဗလီဝတ်ကျောင်းတော်တွေရဲ့ပုံစံကနေ မတူကွဲပြားစွာ လှပတင့်တယ်နေတဲ့ဗလီဝတ်ကျောင်းတော်တစ်လုံးကတော့ အီရန်နိုင်ငံ ရှီရာဇ်မြို့မှာတည်ရှိပြီး နာမည်ကတော့ နာစိရ် အလ်-မုလ်က် (The The Nasīr al-Mulk Mosque) လို့တွင်ပါတယ်။

နာစိရ် အလ်-မုလ်က်လို့ခေါ်တွင်ပေမယ့်လည်း အဲဒီဗလီဝတ်ကျောင်းတော်ကြီးမှာ နာမည်အများအပြားရှိပါတယ်။ အရပ်ခေါ် သို့မဟုတ် အများအခေါ်အဝေါ်အနေနဲ့ 'ပန်းရောင်ဗလီဝတ်ကျောင်းတော်' ဆိုတဲ့နာမည်က အသုံးများပါတယ်။ ဒါ့အပြင် ဗလီဝတ်ကျောင်းတော်က အရောင်အသွေးစုံလွန်းတာကြောင့် 'သက်တန့်ဗလီ - Rainbow Mosque' သို့မဟုတ် 'ရုပ်စုံမှန်ပြောင်း - Kaleidoscope Mosque' လို့လည်းခေါ်ပါသေးတယ်။ နေစပွင့်တဲ့အချိန်ကနေစပြီး ဗလီဝတ်ကျောင်းတော်ထဲမှာ အရောင်အစုံက ခုန်ပေါင်မြူးတူးပြီး လှည့်ပတ်ပြေးလွှားကစားနေတဲ့အလား ထင်မှတ်မှားရပါလိမ့်မယ်။ ဗလီထဲမှာအနုပညာလက်ရာပြောင်မြောက်စွာတပ်ဆင်ထားတဲ့ အရောင်စုံအလုံးလေးကို နေရောင်ခြည်ထိုးမိပြီဆိုရင် ရောင်စုံလိပ်ပြာပေါင်း ထောင်နဲ့ချီပြီး လှပစွာပျံသန်းသလို ထင်ရစေမှာပါ။

ဗလီဝတ်ကျောင်းတော်ရဲ့မူလ ပါရှန်းနာမည်ကတော့ မက်စ်ဂျီဒေ့ နစီရ်းရုလ် မုလ်က် (Masjed-e Naseer ol Molk) လို့ခေါ်တွင်ပါတယ်။ ကာဂျာမင်းဆက်က မင်းတစ်ပါးဖြစ်တဲ့ မိရ်ဇာ ဟစန် အလီ နာစိရ် အလ်-မုလ်က် ရဲ့ အမိန့်အရ တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန် ၁၂နှစ်တိတိကြာမြင့်ပြီးချိန် ၁၈၈၈ခုနှစ်မှာ အဆု့းသတ်နိုင်ခဲ့ပါတယ်။ ဗလီရဲ့အထူးခြားဆုံးကတော့ အရောင်အသွေးစုံလွန်းနေတာပါပဲ။

အရောင်စုံမှန်ထုတ်လုပ်တဲ့နည်းပညာကတော့ အနောက်အာရှမှ ၈ရာစုကတည်းကအစပျိုးခဲ့တာပါ။ အစပျိုးခဲ့တဲ့ ပညာရှင်တွေကတော့ အလယ်ခေတ်မွတ်စလင်တွေပါပဲ။ ဓာတုဗေဒပညာရပ်ရဲ့ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ရတဲ့ ဂျာဗိရ် အိဗ်နေ့ ဟိုင်ယာန်း က သူ့ရဲ့ (လျှို့ဝှက်သောပုလဲလုံးများ - Kitab al –Durra al- Maknuna) ဆိုတဲ့ စာအုပ်ထဲမှာ အရောင်စုံမှန်ထုတ်လုပ်ဖို့အတွက် ဖော်စပ်ပုံဖော်စပ်နည်း Recipes ပေါင်း ၄၆နည်းလိုအပ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် မှန်တွေကို ဘယ်ပုံဘယ်နည်းနဲ့ဖြတ်ရင် ကျောက်သံပတ္တမြားလိုအရောင်ထွက်မယ်ဆိုတဲ့ နည်းပညာကိုလည်း တင်ပြထားပါတယ်။

အီရန်မြောက်ပိုင်း Mazandaran ပြည်နယ် Babol မြို့က အသက် ၂၄နှစ်အရွယ် ရူပဗေဒကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mohammad Reza Domri Ganji ကလည်း ဗလီရဲ့အတွင်းဘက်အနုပညာလက်ရာဓာတ်ပုံကို ရင်သပ်ရှုမောဖွယ်ရိုက်ကူးထားပြီး CNN သတင်းဌာနကပြန်လည်တင်ဆက်ထားပါသေးတယ်။ www.edition.cnn.com/2014/11/11/travel/amazing-iran-mosques

ကိုးကား - MuslimHeritage (စတီဗင်)

((အလ်မုဖီးဒ်))
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Installလုပ်ထားပါ။