Friday, September 9, 2016

သွဝါးဖ်အကြောင်း


နမားဇ်၊ ရိုဇဟ်စသည့် အိဗာဒသ် (ခဝပ်မှု) များပြုရန်အတွက် ကမ္ဘာပေါ်တွင် နေရာ၊ ဒေသ ကန့်သတ်ထားသည်ဟူ၍ မရှိပါ။ ၎င်းတို့ကို ကြိုက်ရာနေရာတွင် ပြုလုပ်လိုက်ပါက အထမြောက်မည်ဖြစ်၏။ သို့သော် သွဝါးဖ် ( طواف ) ဟူသည် သီးသန့်နေရာတစ်ခုတွင် ပြုမှသာ အထမြောက် အတည်ဖြစ်မည့် အိဗာဒသ်အမျိုးအစားထဲမှ ဖြစ်၏။ သွဝါးဖ်ကို ကမ္ဘာတစ်ခုလုံးတွင်မှ မက္ကဟ်မြို့ရှိ ကအ်ဗဟ်ကျောင်းတော်ကြီး ပတ်လည်တွင်ရှိသော မစ်ဂျိဒေဟရာမ် အတွင်းမှသာ ပြုလုပ်ဆောင်ရွက်ခွင့်ရှိ၏။ ထိုနေရာတွင် သွဝါးဖ်ပြုမှသာ သွဝါးဖ်ဟူသည့် အိဗာဒသ်သည် အတည်ဖြစ်ပေမည်။ အခြားမည်သည့်နေရာတွင်မျှ သွဝါးဖ် မပြုနိုင်သလို ပြုခွင့်လည်း မရှိပေ။ ထို့ကြောင့်ပင် သွဝါးဖ်သည် အခြားသောအိဗာဒသ်များထက် ထူးခြားချက်ရှိသော ခ၀ပ်မှုတစ်ခုဖြစ်ပေသည်။

မစ်ဂျိဒေဟရာမ်သို့ ၀င်သည့်အခါ (အကြောင်းပြချက်တစ်ခုခုမရှိပါက) သဟိယသွလ်မစ်ဂျိဒ်မဖတ်ဘဲ သွဝါဖေသဟိယဟ်ပြုရန် အမိန့်ပေးထားသည်။ ဆိုလိုသည်မှာ ဟရာမ်ရှရီးဖ်သို့ရောက်လျှင် အခြားသောအိဗာဒသ်များထက် သွဝါးဖ်ကို အရင်ဆုံးပြုလုပ်ပါ။ ပြီးမှ ကျန်အိဗာဒသ်များ ပြုလုပ်ရန်ဖြစ်၏။ ကုရ်အာန်ကျမ်းမြတ်တွင် ဗိုင်သွလ္လာဟ်ကို (အလ္လာဟ်အရှင်မြတ်ကို တုပနှိုင်းယှဉ်သောစကားရပ်များနှင့် ထင်ရှားသော အညစ်အကြေးများမှ) သန့်ပြန့်စင်ကြယ်စွာထားရန် အမိန့်ပေးထားသည့် အာယသ်နှစ်ခုတွင် သွဝါးဖ်ပြုသူများကို အရင်ဆုံး အမည်ကိုင်တွယ် မိန့်ထားသည်ကို တွေ့ရသည်။ စူရဟ်ဗကရဟ် အာယသ်အမှတ် ၁၂၅နှင့် စူရဟ် ဟဂ်ျ အာယသ်အမှတ် ၂၆တို့တွင် လေ့လာနိုင်သည်။

** ကအ်ဗဟ်ပေါ်သို့ကျရောက်သည့် ရဟ်မသ်မှ ဝေစု

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်ထားသည်မှာ ဗိုင်သွလ္လာဟ်တွင် နေ့စဉ် ရဟ်မသ်ပေါင်း ၁၂ဝ ကျသည်။ ထိုထဲမှ ရဟ်မသ် အခု ၆ဝ သည် သွဝါးဖ်ပြုနေသူများအတွက် သီးသန့်ဖြစ်သည်ဟု မိန့်ထားသည်။ ဟဒီးစ်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗါးစ်ထံမှ ဆင့်ပြန်ချက်လာသည်။ အလ္လာဟ်အရှင်မြတ်သည် ဗိုင်သွလ္လာဟ်ကို ဟဂ်ျပြုသူများထံသို့ ရဟ်မသ်ပေါင်း တစ်ရာ့နှစ်ဆယ် ချီးမြှင့်ထားသည်။ ယင်းရဟ်မသ်များထဲမှ ရဟ်မသ် ခြောက်ဆယ်သည် သွဝါးဖ်ပြုနေသူများအတွက် ဖြစ်၏။ လေးဆယ်သည် နမားဇ်ဆောက်တည်နေသူများအတွက်၊ နှစ်ဆယ်သည် ဗိုင်သွလ္လာဟ်ကို ကြည့်နေသူများအတွက် ဖြစ်၏။ (ဗိုင်သွလ္လာဟ် (ကအ်ဗဟ်)ကို ကြည့်နေခြင်းသည်လည်း စ၀ါးဗ်၊ ရဟ်မသ်များ ရကြောင်း ဤဟဒီးစ်မှ သိရပါသည်။ ယင်းအခွင့်ထူးကို အမိအရကျင့်သုံးပါ။ ကအ်ဗဟ် ပတ်ပတ်လည်မှ အဆောက်အဦးများထံသို့ အာရုံရောက်မနေပါနှင့်။)

** သွဝါးဖ်ပြုခြင်းဖြင့် ကျွန်ကို သူကောင်းပြုသည့် ကုသိုလ်ရခြင်း

မုဟမ္မဒ်ဗင်န်မွန်ကဒစ်ရ်က မိမိ၏ ဖခင်ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် မိန့်သည်မှာ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို ခုနှစ်ကြိမ်ပတ်မည်။ သွဝါးဖ်ပြုနေစဉ် အလဟဿ ကိစ္စရပ်များ ပြုခြင်းလည်း မရှိခဲ့ပါမူ ဤကျင့်ဆောက်တည်မှုသည် ကျွန်တစ်ဦးကို သူကောင်းပြုသည်နှင့် ညီမျှပါသည်။

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်ထံမှ ဆင့်ပြန်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် မိန့်သည်မှာ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို သွဝါးဖ်ပြုသည်။ ပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်မည်။ သို့ဆိုလျှင် ယင်းသူသည် ကျွန်တစ်ဦး သူကောင်းပြုသည်နှင့်အညီ ကုသိုလ်ရပေမည်။

သွဝါးဖ်၏ ခြေလှမ်းတိုင်းအတွက် ကုသိုလ်ပုံကြီး
ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်က တမန်တော်မြတ်၏ စကားရပ်ကို ဆင့်ပြန်ပြောပြသည်မှာ သွဝါးဖ်တွင် ခြေထောက်ကြွပြီး ပြန်ချသည့် အကြိမ်တိုင်းတွင် (ခြေလှမ်းတစ်ခုတိုင်းတွင်) ထိုသူ့အတွက် ကောင်းမှု ဆယ်ခု မှတ်တမ်းတင်သည်။ မကောင်းမှု ဆယ်ခု ပယ်ဖျက်ပေးသည်။ ထိုသူ့အား အဆင့်အတန်း ဆယ်ခု မြှင့်တင်ပေးသည်။

ဟဇရသ်အဗူဟုရိုင်ရဟ်က ဆင့်ပြန်သည်။ တမန်တော်မြတ် မိန့်တော်မူသည်။ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို သွဝါးဖ်လုပ်နေသည်။ သွဝါးဖ်လုပ်နေစဉ်အတွင်း
 سُبْحَانَ اللهِ وَالْحَمْدُ لِلهِ وَلَااِلهَ اِلَّااللهُ وَاللهُ اَكْبَرْ မှအပ တခြားစကားရပ်များ မပြောပေ။ သို့ဆိုလျှင် ၎င်းသူ၏ ပြစ်မှုဆယ်ခု ပယ်ဖျက်ပေးသည်။ ကောင်းမှုဆယ်ခု မှတ်တမ်းတင်သည်။ အဆင့်အတန်းအား ဆယ်ဆ မြှင့်တင်ပေးသည်။ အကြင်သူသည် သွဝါးဖ်ပြုနေစဉ်အတွင်း အပိုစကားများ ပြောဆိုပါမူ ရေနည်းနည်းလေးတွင် ခြေချ၍ လျှောက်လှမ်းသူကဲ့သို့ ၎င်းသူသည်လည်း ရဟ်မသ်နည်းနည်းလေးတွင် ခြေချ၍ လျှောက်သူသာ ဖြစ်သည်။

သွဝါးဖ်ပြုရာတွင် အတတ်နိုင်ဆုံး ဇိကိရ်ပြုခြင်းတွင်သာ ရှိနေရမည်။ မလိုအပ်ဘဲ အပိုစကားများပြောခြင်းကို အထူးဂရုပြုရှောင်ကြဉ်ရမည်။ သွဝါးဖ်တွင် အပိုစကားများ၊ အကျိုးမဲ့ အချည်းအနှီးစကားများ ပါခဲ့လျှင် ရရှိမည့် ကုသိုလ်သည် နည်းကို နည်းမည်ပင် ဖြစ်၏။ ဆင့်ပြန်ချက်တစ်ခု လာရှိ၏။ တမန်တော်မြတ်မိန့်သည်မှာ သွဝါးဖ်ပြုနေစဉ်အတွင်း စကားပြောလိုပါက ကောင်းမွန်သောစကားကိုသာ ပြောဆိုသင့်သည်။ (ကောင်းမွန်သောစကားဟု ဆိုရာတွင် တမလွန်အတွက် အကျိုးရှိသည့် စကားရပ်မျိုးကို ဆိုလိုသည်)

သွဝါးဖ်ဟူသည် အလွန် ကုသိုလ်အကျိုးရသော အိဗာဒသ်ဖြစ်ပါသည်။ မက္ကဟ်မြို့တော်၌ တည်းခိုနေစဉ်အတွင်း သွဝါးဖ်များစွာပြုနိုင်ရန် ကြိုးစားပါ။ ဆင့်ပြန်ချက် တစ်ခုရှိသည်။ အကြင်သူသည် ဗိုင်သွလ္လာဟ်ကို အကြိမ်ငါးဆယ် သွဝါးဖ်ပြုပါမူ ၎င်းသည် မိခင်ဝမ်းဗိုက်မှ မွေးစကလေးကဲ့သို့ ပြစ်မှုဟူသ၍မှ စင်ကြယ်နေသူ ဖြစ်သွားပေသည်။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ကုသိုလ်တိုး၍ ပြစ်မှုများစင်ကြယ်သွားသည့် သွဝါးဖ်လုပ်ခွင့်ကို ပေးသနားတော်မူပါ။ အာမီးန်။

သွဝါးဖ်ဖွင့်ဆိုချက်
အဘိဓာန်တွင် သွဝါးဖ်ဟူသည်မှာ လှည့်ခြင်း၊ ပတ်ခြင်းကို ခေါ်ဆိုသည်။ ရှရီအသ်အသုံးအနှုန်းတွင် သွဝါးဖ်ဟု ပြောပါက ကအ်ဗဟ်ကို အနည်းဆုံး လေးကြိမ်မှ ခုနှစ်ကြိမ်အထိ ပတ်ခြင်းကို ဆိုလိုသည်။ (ထို့ကြောင့် လေးကြိမ်ထက်နည်းသော အပတ်ရေသည် ရှရီအသ်အရ သွဝါးဖ်ဟု မခေါ်ပါ။)

သွဝါးဖ်အမျိုးအစားများ
သွဝါးဖ် ခုနှစ်မျိုးရှိသည်။ (၁) طواف تحيه (သွဝါဖေသဟီယဟ်) (၂) طواف عمره (သွဝါဖေအွမ်ရဟ်) (၃) طواف قدوم (သွဝါဖေကုဒူးမ်) (၄) طواف زيارت (သွဝါဖေဇိယာရသ်) (၅) طواف صدر (သွဝါဖေဆွဒရ်) (၆) طواف نذر (သွဝါဖေနဇရ်) (၇) طواف تطوع (သွဝါဖေသသောဝ်ဝုအ်)

(၁) طواف تحيه (သွဝါဖေသဟီယဟ်) ... မတ်စ်ဂျိဒေဟရာမ်အတွင်းသို့ဝင်သည်နှင့် ကအ်ဗဟ်ကျောင်းတော်၏ ဂုဏ်ရှိမှုနှင့် ထူးမြတ်မှုအရ ဤသွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။ မတ်စ်ဂျိဒေဟရာမ်သို့ဝင်သော အဲဟ်ရာမ်ဝတ်ထားသူ၊ မဝတ်ထားသူ၊ မက္ကဟ်မြို့သား၊ တခြားမြို့သား အားလုံးအတွက် အမိန့်အတူတူပင် ဖြစ်၏။

(၂) طواف عمره (သွဝါဖေအွမ်ရဟ်) ... အွမ်ရဟ်၏ အဲဟ်ရာမ်ဝတ်၍ မတ်စ်ဂျိဒေဟရာမ်အတွင်းသို့ ဝင်လာသူအတွက် ဤသွဝါးဖ်သည် အရေးကြီး၏။ ထို့ပြင် အွမ်ရဟ်တွင် သွဝါးဖ်ပြုပြီးနောက် စအီပြုရန်လည်း အရေးကြီးသည်။ ထို့ကြောင့် ဤသွဝါးဖ်တွင် အမျိုးသားတို့အတွက် စွန္နသ်ဖြစ်သည့် رَمَلْ, اِضْطِبَاعْ ရမလ်နှင့် အိဒ်ွသွေဗာအ်ကို လုပ်ဆောင်ရပါမည်။

(၃) طواف قدوم (သွဝါဖေကုဒူးမ်) ... ဟဂ်ျတစ်ခုတည်းသာပြုသည့် မက္ကဟ်မြို့သားမဟုတ်သူနှင့် ဟဂ်ျနှင့်အွမ်ရဟ်ကို အဲဟ်ရာမ်တစ်ဆက်တည်းဖြင့် ပြုသူတို့အတွက် သွဝါဖေကုဒူးမ်သည် စွန္နသ်ဖြစ်၏။ (ဟဂ်ျတစ်ခုတည်းသာ ပြုသူသည် မက္ကဟ်မြို့သို့ရောက်သည်နှင့် ချက်ချင်း သွဝါဖေကုဒူးမ်ပြုရမည်။ ဟဂ်ျနှင့်အွမ်ရဟ်ကို အဲဟ်ရာမ်တစ်ဆက်တည်းဖြင့် ပြုသူတို့သည် အွမ်ရဟ်၏ သွဝါးဖ်နှင့် စအီပြုပြီးနောက် သွဝါဖေကုဒူးမ်ပြုရမည်။ ဤသွဝါးဖ်သည် မက္ကဟ်မြို့သို့ ၀င်သည်မှစ၍ ၀ုကူဖေအရဖဟ်ချိန်ရောက်သည်အထိ ပြုခွင့်ရှိနေသည်။ ထို့နောက်ပိုင်းတွင် ပြုခွင့်မရှိတော့ပါ။ သဘောမှာ ယင်းနောက်ပိုင်းပြုလျှင် သွဝါဖေကုဒူးမ်မဖြစ်တော့ပါ။)

(၄) طواف زيارت (သွဝါဖေဇိယာရသ်) ... ဤသွဝါးဖ်သည် ဟဂ်ျပြုသည့် ဟာဂျီတိုင်းအတွက် ဖရ်ဇ်ဖြစ်သည်။ ဝုကူးဖေအရဖဟ်ပြီးနောက် ပြုလုပ်ရသည်။ ဤသွဝါးဖ်မလုပ်ပါက(အဲဟ်ရာမ်ချွတ်ပြီးလျှင်လည်း) လင်မယားနေခြင်း ဟလာလ်မဖြစ်ပါ။

(၅) طواف صدر (သွဝါဖေဆွဒရ်) ... ဤသွဝါးဖ်ကို طواف وداع သွဝါးဖေဝေဒအ်ဟုလည်း ခေါ်သည်။ ဟဂ်ျ၏ လုပ်ဆောင်ချက်များအားလုံး ပြုပြီးနောက် ဤသွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်၏။ အကောင်းဆုံးပုံစံမှာ မက္ကဟ်မြို့မှ ထွက်ခွာချိန် ပြုလုပ်ခြင်းဖြစ်သည်။ ဤသ၀ါးဖ်ပြုချိန်တွင် ဟိုင်းဇ်၊ နိဖားစ်ဖြစ်နေသည့် အမျိုးသမီးတို့အတွက် တာဝန်မရှိပါ။ ထို့အတူ မက္ကဟ်မြို့သားနှင့် ဟရာမ်အပြင်ဘက် မီကားသ်အတွင်းတွင် နေထိုင်သူများအတွက်လည်း တာဝန်မရှိပါ။ (ထိုနေရာကို حِلٌّ ဟစ်လ်ဟုခေါ်သည်။)

(၆) طواف نذر (သွဝါဖေနဇရ်) ... သွဝါးဖ်ပြုမည်ဟု ကိုးထားပါက ကိုးထားသည့် စည်းကမ်းနှင့်အညီ သွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်သည်။

(၇) طواف تطوع (သွဝါဖေသသောဝ်ဝုအ်) ... နဖိလ်သွဝါးဖ်ဖြစ်သည်။ ကုသိုလ်တိုးရန်အတွက် ပြုနိုင်သည်။ ဤသွဝါးဖ်အတွက် အချိန်သတ်မှတ်ထားခြင်းမရှိပါ။ မည်သည့်အချိန်မဆို မည်မျှမဆို ပြုနိုင်ပါသည်။

** သွဝါးဖ်အတွက် မပြုမနေရ အရေးကြီးသည့်အခြေခံအချက်များ
သွဝါးဖ်တွင် အခြေခံအချက် သုံးခုရှိသည်။ (၁) သွဝါးဖ်၏ အပတ်ရေအများစု လုပ်ဆောင်ခြင်း၊ (၂) သွဝါးဖ်ကို ကအ်ဗဟ်၏ အပြင် မတ်စ်ဂျိဒေဟရာမ်အတွင်း ပြုလုပ်ခြင်း၊ (၃) ကိုယ်တိုင် (တစ်ခုခုအပေါ် စီးနင်း၍ပင်ဖြစ်စေ) သွဝါးဖ်ပြုခြင်းတို့ ဖြစ်သည်။ တတိယအချက်တွင် လူတစ်ဦးသည် အဲဟ်ရာမ်မဝတ်မီကတည်းက သတိလစ်နေခြင်း၊ အလွန်နေမကောင်းဖြစ်နေခြင်း၊ ရူးသွားခြင်းတို့ဖြစ်ပါက ထိုသို့သူများဘက်မှ အစားပြုပေးခွင့်ရှိသည်။
** သွဝါးဖ် မှန်ကန်မှုရှိရန်အတွက် စည်းကမ်းချက်များ
သွဝါးဖ် မှန်ကန်မှုရှိရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များသည် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ သွဝါးဖ်တိုင်းအတွက်ဖြစ်၏။ နောက်တစ်မျိုးမှာ ဟဂ်ျ၊ အွမ်ရဟ်၏ သွဝါးဖ်များအတွက် ဖြစ်သည်။

ပထမအမျိုးအစားအတွက် စည်းကမ်းချက် သုံးခုရှိသည်။ (၁) မွစ်လင်မ်ဖြစ်ခြင်း၊ (၂) သွဝါးဖ်၏ နိယသ် (ရည်စူးမှု)ပြုခြင်း။ အနည်းဆုံး ... ကျွန်ုပ် သွဝါးဖ်ပြုပါသည်ဟု ရည်စူးလိုက်ခြင်းပင် နိယသ်ဖြစ်၏။ သွဝါးဖ်အမျိုးအစားများကို ထည့်သွင်းရန် စည်းကမ်းချက်မဟုတ်ပါ။ (၃) မတ်စ်ဂျိဒေဟရာမ်အတွင်းမှ သွဝါးဖ်ပြုခြင်း။ မတ်စ်ဂျိဒေဟရာမ်အပြင်ဘက်မှ သွဝါးဖ်ပြုပါက ရှရီအသ်အရ အတည်မဖြစ်ပါ။

ဒုတိယအမျိုးအစား သွဝါးဖ်အတွက် စည်းကမ်းချက် သုံးခုရှိသည်။ (၁) အဲဟ်ရာမ်ဝတ်ထားရမည်။ ဤသည်မှာ သွဝါးဖေအွမ်ရဟ်နှင့် သွဝါးဖေကုဒူးမ်တို့အတွက် စည်းကမ်းချက်ဖြစ်၏။ (၂) သတ်မှတ်ချိန်အတွင်း သွဝါးဖ်ပြုခြင်း။ (၃) ဝုကူးဖေအရဖဟ်၏ နောက်တွင်ဖြစ်ခြင်း။ ဤစည်းကမ်းချက် နှစ်ခုမှာ သွဝါဖေဇိယာရသ်နှင့် သွဝါဖေဝေဒါအ်တို့အတွက် ဖြစ်သည်။

** သွဝါးဖ်၏ ဝါဂျိဗ်အချက်များ
သွဝါးဖ်တွင် အချက် (၇)ချက် ဝါဂျိဗ်ဖြစ်သည်။ မလုပ်ပါက ဂျဇာအ် (အစားပေးခြေရန်) တာဝန်ထိုက်သည်။

(၁) မသန့်ကြီး၊ မသန့်ငယ်နှစ်မျိုးလုံးမှ စင်ကြယ်နေရမည်။ (အဝတ်အစားနှင့် ခန္ဓာကိုယ် နှစ်မျိုးလုံးသန့်ရမည်။) (သတိပြုရန်၊ ရာဂစိတ်ကြောင့် အရည်ကြည်ထွက် ယင်းအရာသည် မသန့်ဖြစ်သည်။ အဖြူဆင်းခြင်းသည် မသန့်ဖြစ်သည်။ ထိုအချက်များ ဖြစ်ပေါ်ပါက ဝုဇူပျက်ပါသည်။)
(၂) အရှက်ဖုံးအုပ်ခြင်း။ ဤအချက်ကြောင့် သွဝါးဖ်ပြုရင်း ဖုံးအုပ်ရမည့်အစိတ်အပိုင်း၏ လေးပုံတစ်ပုံ သို့မဟုတ် ထို့ထက်ပိုပေါ်နေပါက ယင်းသွဝါးဖ်ကို အစ အဆုံးပြန်လုပ်ရန် သို့မဟုတ် ဂျဇာအ် တာဝန်ရှိပါသည်။
(၃) ဟဂျရေအတ်စ်ဝဒ်မှ သွဝါးဖ်ကို အစပြုခြင်း။
(၄) ညာဖက်မှ သွဝါးဖ်ပြုခြင်း။ လူကိုယ်တိုင်က ညာဖက်တွင်ရှိပြီး ကအ်ဗဟ်ကျောင်းသည် ဘယ်ဖက်တွင်ရှိသည့် ပုံစံဖြစ်သည်။ ထိုပုံစံနှင့် ဆန့်ကျင်ဘက်လုပ်ပါက ဂျဇအ်တာဝန်ထိုက်သည်။
(၅) ခြေကျင် သွဝါးဖ်ပြုခြင်း။ လမ်းလျှောက်နိုင်သူသည် ခြေကျင်သွဝါးဖ်ပြုရန် ဝါဂျိဗ်ဖြစ်၏။ သွဝါဖေဇိယာရသ်နှင့် သွဝါဖေအွမ်ရဟ်တို့အား ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ စီးနင်း၍ သွဝါးဖ်ပြုပါက သွဝါးဖ်ပြန်ပြုရန် သို့မဟုတ် ဒမ် ပေးဆောင်ရမည်။ အကြောင်းကြောင့် ခြေကျင်သွဝါးဖ်မလုပ်နိုင်ခြင်းဖြစ်ပါမူ ဂျဇအ်တာဝန်မထိုက်ပါ။
(၆) ဟသွီးမ်ကို သွဝါးဖ်၏ စည်းအတွင်းသို့ ထည့်သွင်းခြင်း။ ဟသွီးမ်သည်လည်း ကအ်ဗဟ်ထဲမှပင်ဖြစ်သည်။ ထို့ကြောင့် သွဝါးဖ်ကို ဟသွီးမ်အပြင်မှပြုရမည်။ ဟသွီးမ်ထဲမှ သွဝါးဖ်ပြုပါက ဝါဂျိဗ်တာဝန်ကို မလုပ်ခြင်းကြောင့် ဂျဇအ်တာဝန်ထိုက်ပါသည်။
(၇) သွဝါးဖ်ခုနှစ်ပတ်ကို အပြည့်လုပ်ဆောင်ခြင်း။ သွဝါးဖ်ခုနှစ်ပတ်လုံးကို အပြည့်လုပ်ရန် ဝါဂျိဗ်ဖြစ်သည်။ လေးပတ်၊ ငါးပတ်လုပ်ပြီးလျှင် သွဝါးဖ် အထမြောက်ပြီဖြစ်သည်။ တစ်ဆက်တည်း ခုနှစ်ပတ်အပြည့်လုပ်ရန်လည်း ဝါဂျိဗ်ဖြစ်၏။ မလုပ်လျှင် ဂျဇာအ်တာဝန်ထိုက်သည်။
မှတ်ချက်။ သွဝါးဖ်ပြုပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်ခြင်းသည်လည်း ဝါဂျိဗ်တာဝန်ဖြစ်သည်။

**သွဝါးဖ်၏ စွန္နသ်အချက်များ** (၁ဝ)ချက်ရှိသည်။
(၁) သွဝါးဖ်၏ အပတ်တိုင်းတွင် အမျိုးသားများ اِضْطِبَاعْ အိဒ်ွသွေဗာအ်လုပ်ခြင်း။ (ခြုံထည်ကို ညာဖက် ချိုင်းကြားမှယူ၍ ဘယ်ဘက်ပုခုံးပေါ်တင်ပြီး ညာပုခုံးကိုဖော်ထားခြင်း) မှတ်ချက်။ အိဒ်ွသွေဗာအ်သည် သွဝါးဖ်၏နောက် စအီပြုန်တာဝန်ရှိသည့် သွဝါးဖ်အတွက်သာ စွန္နသ်ဖြစ်သည်။ ပမာအားဖြင့် သွဝါဖေကုဒူးမ်၊ သွဝါဖေအွမ်ရဟ် စသည်များအတွက်ဖြစ်၏။ သွဝါးဖ်တိုင်းအတွက် စွန္နသ်ဖြစ်ခြင်းမဟုတ်ပါ။
(၂) သွဝါးဖ်၏ ပထမသုံးပတ်တွင် ရမလ်လုပ်ခြင်း။ မှတ်ချက်။ ရမလ်သည်လည်း စအီရှိသည့် သွဝါးဖ်အတွက်သာ စွန္နသ်ဖြစ်ပါသည်။ အမျိုးသမီးတို့အတွက် ထိုနှစ်ချက်လုံး တာဝန်မရှိပါ။
(၃) ကျန်သည့်လေးပတ်တွင် ရမလ်မလုပ်ခြင်း။ ဆိုလိုသည်မှာ ကျန်သည့် လေးပတ်တွင် ပုံမှန်သာ လျှောက်ပါ။
(၄) သွဝါးဖ်အစတွင် ဟဂျရေအတ်စ်ဝဒ်ကို استقبال (အိတ်စ်သိက်ဗာလ် ဂုဏ်ပေး) ခြင်း။ ဆိုလိုသည်မှာ ဟဂျရေအတ်စ်ဝဒ်ရှေ့တည့်တည့်တွင်ရပ်၍ သွဝါးဖ်ကို အစပြုခြင်း။
(၅) အိတ်စ်သိက်ဗာလ် လုပ်ချိန်တွင် သပ်က်ဗီရ်ဆိုခြင်း။ သွဝါးဖ်ကို ဟဂျရေအတ်စ်ဝဒ်ရှေ့တည့်တည့်မှ စတင်ချိန် အလ္လာဟ်ဟုအပ်က်ဗရ် ဆိုခြင်း။
(၆) ဟဂျရေအတ်စ်ဝဒ်ရှေ့တွင် သပ်က်ဗီရ်ဆိုချိန် လက်နှစ်ဖက်ကို နားရွက်အထိ မြှောက်ခြင်း။
(၇) ဟဂျရေအတ်စ်ဝဒ်ကို အိစ်သေလာမ်လုပ်ခြင်း။ သွဝါးဖ်အစနှင့် အဆုံးတွင် အိစ်သိလာမ်လုပ်ခြင်းသည် စွန္နသ်ဖြစ်သည်။ ကြားမှ အပတ်တိုင်းတွင် အိစ်သိလာမ်လုပ်ခြင်း မုစ်သဟဗ်ဖြစ်သည်။
(၈) ရမလ်လုပ်သည့် အပတ်များမှ အပ ကျန်အပတ်တိုင်းတွင် ရို့ကျိုးစွာလျှောက်ခြင်း။
(၉) အပတ်တိုင်းကို ဆက်တိုက် ပြုလုပ်ခြင်း။
(၁ဝ) ခန္ဓာကိုယ်နှင့် အဝတ်များသည် ပေါ်လွင်သည့် မသန့်များမှ စင်ကြယ်နေခြင်း။

** သွဝါးဖ်၏ မုစ်သဟဗ်အချက်များ** (၁၃)ချက်ရှိသည်။
(၁) ဟဂျရေအတ်စ်ဝဒ်ကို သုံးကြိမ်နမ်းခြင်း။
(၂) သွဝါးဖ်စတင်ချိန်တွင် ကိုယ်တိုင်သည် ဟဂျရေအတ်စ်ဝဒ်၏ ညာဖက်တွင် ရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ဟဂျရေအတ်စ်ဝဒ်ရှေ့တွင်ရှိ၍ တစ်ပြေးညီဖြစ်နေခြင်း။
(၃) သွဝါးဖ်ပြုနေစဉ်အတွင်း ရုက်နေယမာနီကို အိစ်သိလာမ်လုပ်ခြင်း။
(၄) သွဝါးဖ်ပြုနေစဉ် ဇိကိရ်၊ ဒုအာများ အဆက်မပြတ်ပြုနေခြင်း။
(၅) အမျိုးသားများသည် ဗိုင်သွလ္လာဟ်နှင့် အနီးဆုံးနေရာတွင် နေရာလည်းရမည်။ တခြားသူများကို တွန်းတိုက်၍ သွားရခြင်းမျိုးလည်း မရှိပါမူ ထိုအနီးဆုံးနေရာမှ သွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။ အမျိုးသမီးတို့အတွက် ဗိုင်သွလ္လာဟ်အနီးတွင် ယောက်ျားများ ရှိနေချိန်တွင် အဝေးမှ သွဝါးဖ်ပြုခြင်းသည် မုစ်သဟဗ်ဖြစ်၏။
(၆) အမျိုးသမီးတို့အတွက် အကောင်းဆုံးမှာ ညအချိန် သွဝါးဖ်ပြုခြင်းဖြစ်သည်။
(၇) သွဝါးဖ်၏ အပတ်ရေတစ်ခုခုတွင် အုဇုရ်ဖြစ်စေ၊ အုဇုရ်မရှိပဲဖြစ်စေ အပတ်ရေမပြည့်ဘဲ လွတ်ကျန်ခဲ့မည်။ သို့မဟုတ် မက္ကရူးဟ်ထိုက်သည့်ပုံစံဖြင့် သွဝါးဖ်ပြုခဲ့သူဆိုပါမူ ယင်းသွဝါးဖ်ကို အစ အဆုံးပြန်လုပ်ခြင်းက မုစ်သဟဗ်ဖြစ်သည်။
(၈) သွဝါးဖ်ပြုချိန် ပြောပိုင်ခွင့်ရှိသည့် စကားများကိုပင် ရှောင်ကြဉ်ခြင်း။ (စကားမပြောဘဲနေခြင်း)
(၉) သွဝါးဖ်ပြုနေစဉ်အတွင်း စိတ်တည်ငြိမ် ရို့ကျိုးမှုကို ပျက်ပြားစေမည့် လုပ်ရပ်၊ အခြေအနေတိုင်းကို ရှောင်ကြဉ်ခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ (ပမာ လူများကို လိုက်ကြည့်ခြင်း၊ ခါးထောက်ခြင်း။)
(၁၀) သွဝါးဖ်ပြုနေစဉ်အတွင်း စိတ်တွင်း စွဲထင်စေသည့် မြင်ကွင်းများ၊ အရာဝတ္ထုများ၊ စိတ်နစ်သွားစေသည့်အရာများမှ မိမိ၏ အကြည့်ကိုထိန်းထားခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ ထို့ကြောင့် မိမိလျှောက်နေသည့် နေရာထက် ပိုမကြည့်ခြင်းက အကောင်းဆုံးဖြစ်သည်။
(၁၁) ဒုအာ၊ ဇိကိရ်တို့ကို အသံကျယ်ကျယ်ဖြင့် ဖတ်လျှင် အနားရှိသူများကို စိတ်အနှောင့်အယှက်ဖြစ်စေပါက တိုးတိုးဖတ်ရန် ဝါဂျိဗ်ဖြစ်သည်။ အနှောင့်အယှက် မဖြစ်စေပါကလည်း တိုးတိုးဖတ်ခြင်းကသာ မုစ်သဟဗ်ဖြစ်ပါသည်။
(၁၂) သွဝါးဖ်ပြုနေစဉ်အတွင်း ရှရီအသ်၏ အမိန့်များနှင့် ဆန့်ကျင်သည့် လုပ်ရပ်တိုင်းကို ရှောင်ကြဉ်ရမည်။
(၁၃) သွဝါးဖ်ပြုနေစဉ်အတွင်း လူတစ်ဦးဦးထံသို့ အကြည့်ရောက်သွားမည်။ ယင်းသူတွင် ပြစ်ချက်တစ်ခုခု သို့မဟုတ် ဟဂ်ျဆိုင်ရာ အသိပညာကို သေချာမသိသူဖြစ်ပါက ၎င်းကို မနှိမ်ပါနှင့်။ အမြင်မစောင်းပါနှင့်။ ဖြစ်နိုင်ပါက အခြေအနေပေးလျှင် အေးဆေးစွာ ပြောပြပါ။

** သွဝါးဖ်တွင် မုဗဟ်ဖြစ်သည့်အချက်များ**
(မုဗဟ်ဟူသည်မှာ ပြုပိုင်သည့် အမိန့်မျိုးဖြစ်သော်လည်း မတတ်သာသည့်အဆုံး ပြုခွင့်ပေးထားသည့် အမိန့်မျိုးဖြစ်သည်။ လွတ်လပ်စွာ လုပ်ခွင့်ပေးထားခြင်းမျိုးမဟုတ်ပါ။)
(၁) တစ်ဦးဦးကို စလာမ်ပေးခြင်း။ ၎င်းသည် ဇိကိရ် အစရှိသည့်တို့ကို ဖတ်နေသူမဟုတ်ရ။ ယင်းသို့သောသူကို စလာမ်ပေးခြင်းသည် မက္ကရူဟ်ဖြစ်သည်။
(၂) နှာချေသူက အလ်ဟမ်ဒုလိလ္လာဟ် ဆိုခြင်း။ (ယင်းသို့ဆိုရာတွင် အသံနှင့် ဆိုရမည်ဟု မပါရှိပါ။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် အလ်ဟမ်ဒုလစ်လ်လဟ်ကို အသံမထွက်ဘဲ ဆိုခြင်းကသာ သင့်တော်၏။)
(၃) နှာချေသူနှင့် စလာမ်ပေးသူအား အဖြေပြန်ပေးခြင်း။
(၄) လိုအပ်လာပါက လိုအပ်သလောက် စကားပြောခြင်း။
(၅) ရေ စသည်တို့ သောက်ခြင်း။
(၆) လိုအပ်သော မစာအိလ်များကို မေးခြင်းနှင့် မေးလာသည်များကို ဖြေခြင်း။
(၇) သန့်သော ခြေအိတ်၊ ဖိနပ်စသည်တို့ဝတ်၍ သွဝါးဖ်ပြုခြင်း။
(၈) ရုက်နေယမာနီကို အိစ်သိလာမ်မလုပ်ခြင်း။
(၉) ကောင်းသောစာသားများပါသည့် ကဗျာ၊ လင်္ကာများ ဆိုနေသည်။
(၁ဝ) အကြောင်းတစ်ခုခုကြောင့် အစီးအနင်း စသည်တို့ဖြင့် သွဝါးဖ်လုပ်ခြင်း။

** သွဝါးဖ်တွင် မက္ကရူးဟ်ဖြစ်သည့် အချက်များ
(မက္ကရူးဟ်များ ပါဝင်ပါက ယင်းအမလ်၏ ကုသိုလ်သည် နည်းသွားမည်ဖြစ်သည်။ အလ္လာဟ်ထံသို့ အပြစ်အနာအဆာများပါနေသည့် အမလ်ကို ဆက်သသည်နှင့် တူပေသည်။)

(၁) အပိုစကားများ ပြောခြင်း။ အကျိုးမရှိသည့် အလုပ်များ လုပ်နေခြင်း။
(၂) အရောင်းအဝယ်လုပ်ခြင်း၊ သို့မဟုတ် ဈေးစကားများ ပြောနေခြင်း။
(၃) စားနေခြင်း။ (အချို့ပညာရှင်တို့က သောက်ခြင်းကိုပါ မက္ကရူးဟ် ဟုပြထားသည်။)
(၄) အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်းစသည့် စကားရပ်များမပါသည့် ကဗျာလင်္ကာများ ဖတ်ခြင်း။
(၅) ဇိကိရ်၊ သိလာဝသ်၊ ဒုအာတို့ကို အသံကျယ်ကျယ်ဖြင့် ဖတ်နေခြင်း။ အကယ်၍ ယင်းအသံကြောင့် အနီးရှိ သွဝါးဖ်ပြုနေသူ နမားဇ်ဖတ်နေသူတို့ အနှောင့်အယှက်ဖြစ်ရပါက မက္ကရူးဟ်ဖြစ်သည်။
(၆) မသန့်သည့် အထည်ကို ဝတ်လျှက် သွဝါးဖ်ပြုခြင်း။
(၇) ဟဂျရေအတ်စ်ဝဒ်ကို အိစ်သိက်ဗာလ်မလုပ်မီအရင် လက်မြှောက်လိုက်ခြင်း။
(၈) ကျင်ကြီး၊ ကျင်ငယ် စွန့်ချင်စိတ်ရှိနေချိန် သွဝါးဖ်ပြုခြင်း။
(၉) ဗိုက်ဆာလျှက်၊ ရေဆာလျှက်၊ ဒေါသထွက် စိတ်တိုလျှက် သွဝါးဖ်ပြုခြင်း။
(၁ဝ) ဒုအာပြုရန် လက်မြှောက်လိုက်ခြင်း သို့မဟုတ် နမားဇ်ကဲ့သို့ လက်ပိုက်ထားခြင်း။
(၁၁) သွဝါးဖ်ပြုနေစဉ် ရပ်၍ ဒုအာ စသည်များ ဖတ်နေခြင်း။
(၁၂) သွဝါးဖ်ပြုနေစဉ် အရေးတစ်ကြီးလိုအပ်ချက်မရှိဘဲ အပြင်ထွက်လိုက်ခြင်း။

** သွဝါးဖ်တွင် ဟရာမ်ဖြစ်သည့် အချက်များ
(၁) ဟိုင်းဇ်၊ နိဖားစ်၊ ဂျနာဗသ် (ရေချိုးရန် ဖရ်ဇ်ထိုက်သည့်) အခြေအနေတို့ဖြင့် သွဝါးဖ်ပြုခြင်း။
(၂) ဝုဇူမရှိဘဲ သွဝါးဖ်ပြုခြင်း။
(၃) အရှက်ပေါ်နေသည့် အခြေအနေဖြင့် သွဝါးဖ်ပြုခြင်း။
(၄) အကြောင်းတစ်စုံတစ်ရာမရှိဘဲ အစီးအနင်းဖြင့် သွဝါးဖ်ပြုခြင်း။
(၅) ဟသွီးမ်အတွင်းမှ သွဝါးဖ်ပြုခြင်း။
(၆) သွဝါးဖ်၏ အပတ်ရေတစ်ခုခုကို လွှတ်လိုက်ခြင်း။
(၇) အကြောင်းမဲ့ ခြေနောက်ပြန်ဖြင့် သွဝါးဖ်ပြုခြင်း။

သွဝါးဖ်ပြုနေစဉ်အတွင်း ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်း
သွဝါးဖ်ပြုနေစဉ်တစ်လျှောက် မိမိ၏ ကြည့်ခြင်းသည် လမ်းလျှောက်ရာ နေရာတွင်သာ ဖြစ်ရမည်။ သွဝါးဖ်ပြုနေစဉ် ဟိုဟိုဒီဒီ ရှောက်ကြည့်နေခြင်း၊ ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်းတို့သည် လုံးဝမသင့်တော်ပေ။ (အချို့သော ကျမ်းများတွင် သွဝါးဖ်ပြုနေစဉ်အတွင်း ကအ်ဗဟ်ကျောင်းတော်ကို ကြည့်ခြင်း မပိုင်ဟု ဖော်ပြထားသည်။ ယင်းသို့ မပိုင်သည့် ပုံစံမှာ ရင်ဘတ်နှင့် မျက်နှာ နှစ်ခုလုံးကို ဗိုင်သွလ္လဟ်ဘက်သို့ လှည့်ခြင်းမျိုးဖြစ်သည်။) အချို့သူတို့သည် သွဝါးဖ်ပြုစဉ်တစ်လျှောက်လုံး ကအ်ဗဟ်ကျောင်းတော်ကို ကြည့်နေကြသည်။ ၎င်းတို့၏ လုပ်ရပ်သည် မှားပါသည်။

သွဝါးဖ်ပြုနေစဉ် ကအ်ဗဟ်ဘက်သို့ ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်း
သွဝါးဖ်ပြုနေစဉ် ကအ်ဗဟ်ဘက်သို့ တမင်သက်သက် (ရည်ရွယ်၍) ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်းတို့ ပြုလိုက်ပါက ယင်းအခြေအနေရှိနေသည့် အကွာအဝေးကို သွဝါးဖ်အဖြစ် မသတ်မှတ်ပါ။ (ထို့ကြောင့် နောက်ပြန်ဆုတ်၍ သွဝါးဖ်ပြန်လုပ်ရမည်။ ပမာအားဖြင့် ခြေလေးလှမ်းစာမျှ ထိုအပြုအမူမျိုး လုပ်လိုက်ပါက ထိုမျှခန့်ကို ပြန်လာ၍ ပုံစံအမှန်ဖြင့် သွဝါးဖ်ပြည့်အောင်လုပ်ပါ။)

သွဝါးဖ်ပြုနေစဉ် လူအုပ်ကြောင့် ရင်ဘတ်သည် ကအ်ဗဟ်ဘက်သို့ လှည့်သွားခြင်း
သွဝါးဖ်ပြုနေစဉ်အတွင်း လူများခြင်းကြောင့် မရည်ရွယ်ဘဲ ရုတ်တရက် ကအ်ဗဟ်ဘက်သို့ ရင်ဘတ်လှည့်ခြင်း၊ ကျောပေးခြင်းတို့ဖြစ်သွားခဲ့လျှင် ယင်းပုံစံသည် အခွင့်ရှိသဖြင့် သွဝါးဖ်တွင် မည်သို့မျှ ထိခိုက်မှု မရှိပါ။

သွဝါးဖ်၏ အပတ်ရေများ ရောသွားခြင်း
သွဝါးဖ်လုပ်နေစဉ်အတွင်း အပတ်ရေ ဘယ်နှစ်ကြိမ်ပြီးသွားသည်ကို ရောသွားပါမူ ယင်းသွဝါးဖ်သည် အွမ်ရဟ် သို့မဟုတ် သွဝါဖေဇိယာရသ်ဖြစ်လျှင် ဤသို့လုပ်ပါ။ သံသယဖြစ်နေသည့် အပတ်ရေကနေ ပြန်ရေတွက်ပါ။ (ပမာ၊ နှစ်ပတ် ပြီးတာလား၊ သုံးပတ် ပြီးတာလား မကွဲပြားပေ၊ သုံးပတ်နှင့်ပတ်သက်ပြီး သံသယဖြစ်ခြင်းဖြစ်လျှင် ဤ တတိယအပတ်မှ ပြန်စပတ်ပါ။) သွဝါဖေဇိယာရသ်မှအပ တခြားသော စွန္နသ်၊ နဖိလ်သွဝါးဖ်များဖြစ်လျှင် အထင်များသည့် အပတ်ရေမှ စပါ။

ရမလ်လုပ်ရန် မေ့သွားလျှင်
ပထမသုံးပတ် သို့မဟုတ် ထို့ထက်နည်းသော အပတ်ရေတွင် ရမလ်လုပ်ရန် မေ့သွားပါက အစားပြန်ဖြည့်ရန် မရှိပါ။

ခုနှစ်ပတ်လုံးတွင် ရမလ်လုပ်ခြင်း
ပထမသုံးပတ်ပြီးလျှင် ပုံမှန်အတိုင်း ပြန်လျှောက်ခြင်းသည် စွန္နသ်ဖြစ်သည်။ အကယ်၍ မေ့ပြီး ခုနှစ်ပတ်လုံးတွင် ရမလ်လုပ်လိုက်ပါမူ ဂျဇအ် တာဝန်မထိုက်ပါ။ တမင်သက်သက်ပြုလုပ်ခြင်းဖြစ်မူ မက္ကရူဟ်သန်ဇီဟီထိုက်ပါသည်။

အကြောင်းမဲ့ ရမလ်မလုပ်ခြင်း
အကြောင်းမဲ့ ရမလ်မလုပ်လျှင် ဂျဇအ်မထိုက်ပါ။ သို့သော ဤသို့လုပ်ခြင်းသည် မက္ကရူဟ်ဖြစ်၏။ ကျန်းမာရေး၊ အသက်ကြီးခြင်း စသည့် အကြောင်းတစ်ခုခုကြောင့် ရမလ်မလုပ်နိုင်ခြင်းဖြစ်မူ အကြောင်းမဟုတ်ပါ။

သွဝါးဖ်ပြီးနောက် အိဒ်ွသိဗာအ်၏ ပုံစံကို ချက်ချင်းပြင်လိုက်ရန်
သွဝါးဖ်ပြီးလျှင် အိဒ်ွသိဗာအ်လုပ်ခြင်းကို ရပ်လိုက်ရမည်။ သဘောမှာ အဲဟ်ရာမ်ကို ပုခုံးပေါ်ပြန်ခြုံလိုက်ရမည်။ အကယ်၍ အိဒ်ွသိဗာအ်၏ ပုံစံအတိုင်း နမားဇ်နှစ်ရကအသ်ကို ဖတ်လိုက်ပါမူ မက္ကရူဟ်ဖြစ်သည်။

သွဝါးဖ်၏ နမားဇ်နှစ်ရကအသ်ဖတ်ခြင်း
သွဝါးဖ်ပြီးနောက် နမားဇ်နှစ်ရကအသ်ဖတ်ရန် အရေးကြီးသည်။ မကာမေအိဗ်ရာဟီးမ်အနီးတွင် ဖတ်ရမည်။ သို့မဟုတ် နေရာလွတ်ရာတွင် ဖတ်လိုက်ပါ။

သွဝါးဖ်နမားဇ်၏ စူရဟ်
ပထမရကအသ်တွင် စူရဟ် ကာဖိရူးန်၊ ဒုတိယရကအသ်တွင် စူရဟ်အိခ်လားစ်ွတွဲခြင်း မုစ်သဟဗ်ဖြစ်သည်။

မက္ကရူးဟ်ချိန်များတွင် သွဝါးဖ်ပြုခြင်း
နမားဇ်ဖတ်ခြင်း မက္ကရူးဟ်ဖြစ်သည့် အချိန်များတွင် သွဝါးဖ်ပြုခြင်း မက္ကရူဟ်မဟုတ်ပါ။ ထိုအချိန်များတွင် သွဝါးဖ်ပြုပြီးနောက် သွဝါးဖ်နမားဇ်ကို ထိုအချိန်တွင်ဖတ်ခြင်းက မက္ကရူဟ်ဖြစ်သည်။

နားလည်သဘောပေါက်နိုင်ခြင်းမရှိသည့် ကလေးငယ်၏ သွဝါးဖ်သည် အတည်မဖြစ်
ယင်းသို့သောကလေးငယ်သည် ကိုယ်တိုင်သွဝါးဖ်လုပ်ပါက သွဝါးဖ်အထမမြောက်ပါ။ သွဝါးဖ် မှန်ကန်ရန်အတွက် နိယသ် ရည်စူးချက်ရှိခြင်းသည် စည်းကမ်းချက်ဖြစ်၏။ ကလေးငယ်သည် ရည်စူးမှု၊ ရည်ရွယ်မှုတို့ကို လုပ်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် ယင်းသို့သောကလေးငယ်၏ အဲဟ်ရာမ်နှင့် သွဝါးဖ် စသည်တို့ကို အုပ်ထိန်းသူက လုပ်ပေးရပါမည်။

သွဝါးဖ်ပြုစဉ် သလ်ဗီယဟ်ဆိုခြင်း
သွဝါးဖ်ပြုသူသည် အဲဟ်ရာမ်ဝတ်ထားသည်ဖြစ်စေ၊ မဝတ်ထားသည်ဖြစ်စေ သွဝါးဖ်ပြုနေစဉ် သလ်ဗီယဟ် မဆိုပါနှင့်။ သွဝါးဖ်ပြုချိန်မှအပ ကျန်အခြေအနေအားလုံးတွင် အဲဟ်ရာမ်ဝတ်ထားသူ၊ ဟာဂျီတို့သည် ဂျမရာအေအွက်ဗဟ်၏ ရမီပြုသည်အထိ သလ်ဗီယဟ်ဖတ်နေရပါမည်။

သွဝါဖေကုဒူးမ်တွင် အမှားများ၊ အပြစ်များ လုပ်ခြင်း
(၁) သွဝါဖေကုဒူးမ်၏ အပတ်ရေအများစုကို မသန့်သည့်အခြေအနေနှင့် ပြုခဲ့ပါမူ ဒမ် (သားကောင် ဇဗဟ်ပြုရန်) ဝါဂျိဗ်ထိုက်သည်။ သန့်ပြန့်အောင်ပြု၍ သွဝါးဖ်ပြန်လုပ်ရမည်။ ထိုသို့လုပ်လိုက်ပါမူ ဒမ် မထိုက်တော့ပါ။
(၂) သွဝါဖေကုဒူးမ်၏ အပတ်ရေအများစုကို ဝုဇူမရှိဘဲ လုပ်ခဲ့ပါမူ ထိုသွဝါးဖ်ကို ဝုဇူနှင့်တကွပြန်လုပ်ခြင်းသည် မုစ်သဟဗ်ဖြစ်သည်။ ထိုသို့ပြန်မလုပ်ပါက တစ်ပတ်တိုင်းအတွက် စွဒကာအေဖိသိရ်တစ်ခုစီ တာဝန်ထိုက်သည်။
(၃) သွဝါဖေကုဒူးမ်ကို လွှတ်လိုက်ခြင်းသည် မက္ကရူဟ်ဖြစ်သည်။ သို့သော် ဂျဇာတာဝန်မထိုက်ပါ။ အကယ်၍ သွဝါဖကုဒူးမ်စပြီးနောက် အပတ်ရေအများစုကို လွှတ်လိုက်ခြင်းဖြစ်မူ ယင်းသွဝါးဖ်ကို ပြည့်အောင် ဖြည့်ရန် တာဝန်ရှိသည်။ ပြန်မဖြည့်ပါက ဒမ် တာဝန်ထိုက်သည်။ နဖိလ်သွဝါးဖ်အမိန့်သည်လည်း ထိုအတိုင်းဖြစ်သည်။
မှတ်ချက်။ သွဝါဖေသဟိယဟ်နှင့် သွဝါဖေနဖိလ်တို့သည် သွဝါဖေကုဒူးမ်နှင့် အမိန့်တူသည်။

[ကျမ်းကိုး။ كتاب المسائل, جلدثالث, مرتب مفتي محمد منصور پوری  جامعه قاسميه مدرسه شاهي مراد اباد]
ဤအကြောင်းအရာသည် သွဝါးဖ်နှင့် ယင်း၏အခြေခံအချက်များကို မုစ်လင်မ်တို့ သိရှိစေရန် ဖော်ပြပေးခြင်းမျှသာ ဖြစ်ပါသည်။ ဟဂ်ျပြုနေစဉ် သို့မဟုတ် ဟဂ်ျနှင့်သက်ဆိုင်သည့် အခြားသော မစာအိလ်များကို ထပ်မံသိရှိလိုပါက နီးစပ်ရာ အဲဟ်လေစွန္နသ်၏ မုဖ်သီဆွာဟိဗ်များကို မေးမြန်းပါရန် အကြံပြုပါသည်။
Credit ; အလ်မုဖီးဒ်က ရေးသားသည်။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, September 6, 2016

ဟဂ်ျပုံပြ

ဟဂ်ျကာလငါးရက်၏ ကျင့်ဆောက်တည်မှု အကျဉ်းချုပ်ကို မုစ်လင်မ်တို့ လေ့လာနိုင်ရန် အလ်မုဖီးဒ်မှ တင်ဆက်လိုက်ပါသည်။ မည်သူမဆို ဤအကြောင်းအရာနှင့် ပုံအား မုစ်လင်မ်တို့အကျိုးအတွက် ဖြန့်ဝေနိုင်ပါသည်။

ပုံတွင်ပါဝင်သည့် ဟဂ်ျလုပ်ဆောင်ချက်များအား အနည်းငယ်ရှင်းပြပါမည်။ 
မီကားသ် ( ميقات )
ဟဂ်ျ၊ အွမ္မရဟ်တို့ပြုလုပ်ရန်အတွက် မက္ကဟ်မြို့တွင်းသို့မ၀င်မီ သတ်မှတ်ရာ အ၀တ်အထည်ကို ဆင်မြန်းရမည့် နယ်နမိတ်ဖြစ်သည်။ ကမ္ဘာ့နေရာဒေသ အသီးသီးတို့အတွက် သီးခြားသော နယ်နမိတ်များ သတ်မှတ်ပေးထားသည်။


အဲဟ်ရာမ် ( احرام )
ဟဂ်ျ၊ အွမ္မရဟ်တို့ပြုရာတွင် ဆင်မြန်းထားရမည့် ၀တ်စုံအမည်ဖြစ်သည်။ အမျိုးသားတို့အတွက် အဲဟ်ရာမ် စည်းကမ်း သတ်မှတ်ပုံစံအတိုင်း ဆင်မြန်းရမည်။ အမျိုးသမီးတို့အတွက် လွယ်ကူစေရန်အလို့ငှာ သီးသန့်သတ်မှတ်မထားပါ။ လုံခြုံသည့် အထည်ကို ဆင်မြန်းရမည်။

သွဝါးဖ် ( طواف )
ကအ်ဗဟ်ကျောင်းတော်ကြီးအား ခုနှစ်ကြိမ် ပတ်ခြင်းကို ခေါ်ဆိုသည်။ သွဝါးဖေကုဒူးမ်ဟူသည် မစ်ဂျိဒေဟရာမ်သို့ရောက်ရှိသည်နှင့် ပြုလုပ်ရသည့် သွဝါးဖ်ကို ခေါ်ဆိုသည်။ သွဝါဖေဝေဒါအ်ဟူသည် နောက်ဆုံးနှုတ်ဆက် ခွဲခွာသည့် သွဝါးဖ်ဖြစ်သည်။ သွဝါဖေဇေယာရသ်ဟူသည် ဟဂ်ျကာလအတွင်း ကအ်ဗဟ်ကို ဖူးတွေ့သည့် သွဝါးဖ်ဖြစ်သည်။ ဟဂ်ျ၏ အဓိကတာဝန်ဖြစ်သည်။ ဤသွဝါးဖ်ကို မပြုပါက အဲဟ်ရာမ်ချွတ်ပြီးလျှင်လည်း လင်မယားနေခွင့် မရှိပေ။

စအီ ( سعي )
စအီဟူသည်မှာ ဆွဖာတောင်နှင့် မရ်ဝါတောင်ကြားတွင် ခုနှစ်ကြိမ်ပြေးခြင်းကို ခေါ်ဆိုသည်။ 

ဝုကူးဖ် ( وقوف )
ဝုကူးဖ်ဟူသည်မှာ ဆိုင်းငံ့ခြင်းကို ခေါ်ဆိုသည်။ ဟဂ်ျ၏ အဓိက ဆိုင်းငံ့ရာနေရာမှာ အရဖဟ်တွင်ဖြစ်၏။ မေနာ၊ မုဇ်ဒလိဖဟ်တို့တွင်လည်း ဆိုင်းငံ့ရခြင်း ရှိ၏။

ဂျမ်ရဟ် ( جمره )
ဂျမရဟ်ဟူသည်မှာ ရှိုက်သွာန်ကို ခဲပေါက်ခြင်းကို ခေါ်ဆိုသည်။ ဤလုပ်ရပ်သည် တမန်တော်အီဗရာဟီးမ်လုပ်ခဲ့သည့် လုပ်ရပ်ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုမုစ်လင်မ်တို့၏ ဟဂ်ျတွင် တာဝန်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ အမှန်တကယ် ယင်းခဲပေါက်ရာနေရာတွင် ရှိုက်သွာန်ရှိနေသည်မဟုတ်ပါ။ ပုံစံတူ လုပ်ဆောင်ခိုင်းထားခြင်းသာ ဖြစ်၏။ ယင်းနေရာတွင် ရှိုက်သွာန်ရှိနေသည်ဟု ယူဆထားသူများရှိလျှင် ဤစာသားကို သေချာစွာဖတ်ပါ။ ဂျမရဟ်ကို နေရာသုံးခုတွင် သုံးကြိမ်လုပ်ရသည်။ တစ်ခါပေါက်လျှင် ခဲခုနှစ်လုံးပေါက်ရသည်။

ဟဂ်ျကျင့်ဆောက်တည်မှုကို မဟာတမန်တော်မြတ်ကြီး ပြုလုပ်ခဲ့ပြသည်နှင့်အညီ ကျင့်ဆောက်တည်နိုင်ရန် သက်ဆိုင်အာလင်မ်များ၊ စာအုပ် စာပေများကို လေ့လာပါရန် အကြံပြုအပ်ပါသည်။

အို လောကအပေါင်းကို ဖန်ဆင်း စိုးပိုင် မွေးမြူ စောင့်ရှောက်တော်မူသော အလ္လာဟ်အရှင်၊ ကျွန်တော်မျိုးနှင့်တကွ မိသားစုဝင်အားလုံးကို အရှင့်အိမ်တော်သို့ ခေါ်ယူတော်မူပါ။ မုစ်လင်မ်တိုင်းကိုလည်း ဟဂ်ျပြုခွင့် ပေးသနားပါ။ ဟဂ်ျပြုနေသူများနှင့် ပြုပြီးသူများ၏ ဟဂ်ျကိုလည်း အလ္လာဟ်အရှင် လက်ခံတော်မူပါ။ အာမီးန်။
အလ်မုဖီးဒ်

ကလေးငယ်ကို ခေါင်းရိတ်ပေးခြင်း စွန္နသ်အကြောင်း


ဤအကြောင်းအရာ ရေးသားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အစ္စလာမ်တွင်ရှိသည့် အစ္စလာမ့်နည်းလမ်းများကို မုစ်လင်မ်နှင့် လူအများ သိစေရန်ရည်ရွယ်သည်။ ကလေးငယ်ကို ခေါင်းရိတ်ခြင်းအကြောင်းကို အဓိကဦးစားပေးရခြင်းမှာ ယနေ့အခါတွင် ကလေးကို ခေါင်းရိတ်ခြင်းသည် မသင့်တော်ကြောင်း မခိုင်လုံသည့် စကားရပ်များသည် လူအများကြားတွင် အလွန်ပျံ့နှံ့နေပေရာ မုစ်လင်မ်များကိုယ်တိုင် ယင်းစကားရပ်များကို လက်ခံသူများရှိနေသည်ကို တွေ့ရပါသည်။ အစ္စလာမ်ဘာသာရေးကို တတ်သိပညာရှင်များကိုယ်တိုင် ထိုအကြောင်းအရာများကို လက်လွတ်စပယ် ဖြန့်နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရသည်။ အမှန်တကယ်ဆိုလျှင် ယင်းစကားရပ်သည် စွန္နသ်နှင့် ဆန့်ကျင်ကြောင်း၊ စွန္နသ်မည်သို့ရှိကြောင်း ထုတ်ဖော်ရမည်ဖြစ်သည်။ သို့သော် မည်သူမှ ပြန်လည် ရေးသားသည်ကို မတွေ့ရပါ။ ထို့ကြောင့် အစ္စလာမ့်၏ နည်းနှင့် ယင်း၏ကောင်းကျိုးကို သိမြင်စေရန် အလ်မုဖီးဒ်မှ ဖော်ပြအပ်ပါသည်။ မည်သူမဆို အစ္စလာမ်တွင်ရှိသည့် လုပ်ဆောင်ချက်များကို ကျင့်သုံးပါက လောကီတွင် ဆိုးကျိုးကင်းစင် ကျန်းမာပျော်ရွှင်ရမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ဤနေရာတွင် ကလေးမွေးရာတွင် ပြုကျင့်ရသည့် အစ္စလာမ့်နည်းများကို မိတ်ဆက်သဘောမျိုး တင်ပြထားပါသည်။ လေ့လာပါ။ ကျင့်သုံးပါ။ မျှဝေပါ။ တိုက်တွန်းပါ။

အစ္စလာမ်တွင် ကလေးငယ်တစ်ဦးမွေးဖွားလာပါက လုပ်ဆောင်ပေးရမည့် တာဝန်များရှိသည်။ အကျဉ်းချုံဖော်ပြရသော်
(၁) ကလေးမွေးမွေးပြီး အညစ်အကြေးများမှ ဆေးကြောသုတ်သင်ပြီးနောက် ကလေး၏ ညာဘက်နားတွင် အဇာန်ဆိုရမည်၊ ဝဲဘက်နားတွင် သပ်က်ဗီးရ်ဆိုပေးရမည်။ အဇာန်မှာ ဆွလာသ်အတွက် ဖိတ်ခေါ်သည့်အဇာန်အတိုင်းပင် ဖြစ်၏။

(၂) تَحْنِيْكٌ သဟ်နီးက်ပြုပေးခြင်း ( ကိုယ်ကျင့်တရားကောင်းမွန်ပြီး ဘာသာရေးကိုင်းရှိုင်းလိုက်နာသူက စွန်ပလွံခြောက် သို့မဟုတ် အချိုတစ်ခုခုကို ကျေအောင်ဝါး၍ ၎င်းမှအစိတ်အပိုင်းအနည်းငယ်ကို လက်ညှိုးဖြင့်ယူ၍ မွေးပြီးပြီးချင်းကလေးငယ်၏ ပါးစပ်အတွင်းသို့ ထည့်ပေးခြင်းဖြစ်၏။ ထို့သို့ထည့်ပေးရာတွင် လက်ညှိုးကို လက်ဝဲ လက်ယာဘက်များသို့ ဖြေးညှင်းစွာ လှုပ်ပေးရမည်။ ဤသည်မှာ စွန္နသ်ကျင့်စဉ်ဖြစ်၏။ ရင်သွေးငယ်လေးအား ခွံ့ပေးရန် အကောင်းဆုံးအဟာရမှာ စွန်ပလွန်သီးခြောက်ဖြစ်၏။ မရပါက အစိုကို အသုံးပြုနိုင်သည်။ ယင်းလည်း မရနိုင်ပါက အချိုတစ်ခုခုကို အသုံးပြုနိုင်သည်။ အခြားသောအချိုတွင် ပျားရည်သည် အကောင်းဆုံး အစားအစာဖြစ်၏။ ယင်းလည်းမရပါက မီးနှင့်ကျိုချက်မထားသည့် အစားအစာတစ်မျိုးမျိုးကို အသုံးပြုပါ။

(၃) ကလေးမွေးပြီးနောက် ကလေးကို ကောင်းသောအမည်နာမ မှည့်ပေးခြင်းဖြစ်၏။ အစ္စလာမ်တွင် အမည်ပေးရန်အတွက် အခမ်းအနားကျင်းပရန် မသတ်မှတ်ထားပါ။ အမည်ကို အစောဆုံးပေးခြင်းက အကောင်းဆုံးဖြစ်၏။ ခုနှစ်ရက်ပြည့်မှသာ အမည်ပေးရသည်မဟုတ်ပါ။ အကြောင်းကြောင့် ကြန့်ကြာလျှင်လည်း အမြန်ဆုံး အကောင်အထည်ဖော်ပါ။

(၄) အကီကဟ်ပြုခြင်း
အကီကဟ်ကို ခုနှစ်ရက်ပြည့်ပြီးနောက် ပြုပေးခြင်းသည် မုစ်သဟဗ်ဖြစ်၏။ ခုနှစ်ရက်တွင် မဆောင်ရွက်နိုင်ပါက ခုနှစ်ရက်စီတိုး၍ ဆောင်ရွက်နိုင်သည်။ ၁၄ရက်၊ ၂၁ရက် စသည်ဖြင့်။ ခုနှစ်ရက်ထက်ကျော်ပြီး တခြားမည်သည့်နေ့တွင်မဆို အကီကဟ်ပြုပါက မွေးသည့်နေ့ထက် တစ်ရက်စော၍ အကီကဟ်ပြုရမည်။ ကလေးက တနင်္ဂနွေမွေးလျှင် စနေကို အကီကဟ်ပြုရမည်။ သောကြာမွေးလျှင် ကြာသပတေးကို အကီကဟ်ပြုရမည်။ အကီကဟ်ပြုခွင့်သည့် အချိန်ကာလ ကုန်ဆုံးသည်ဟူ၍ မရှိပါ။ အကီကဟ်ကို ယခုအခါသမယတွင် ဆွေမျိုးအားလုံး၊ မိတ်ဆွေများပါ ဖိတ်ကျွေးသည်အထိ ကြီးကျယ်စွာပြုကြသည်။ တတ်နိုင်လို့ လုပ်သည်က ဘာမှပြဿနာမရှိ။ သို့သော် အားလုံးလိုလို ထိုပုံစံအတိုင်း လုပ်လာသဖြင့် ယင်းသို့မကျွေးမွေးပါက အကီကဟ်မဟုတ်သလို အထိ ယူဆသကဲ့သို့ဖြစ်လာခြင်းသည် မှား၏။ အစ္စလာမ့်၏ တာဝန်များသည် လူအများ လိုက်နာရာတွင် လွယ်ကူမှုကို အထူးဦးစားပေးထားသည်။ ထို့ကြောင့် သတ်မှတ်ထားသလောက်သာ လုပ်ဆောင်ခြင်းက ကောင်း၏။ အကီကဟ်အတွက် ဖိတ်ခေါ်ကျွေးမွေးရန် တာဝန်မရှိပါ။ သားကောင်ကို ဇဗဟ်ပြုပြီးပါက မိမိအတွက်၊ မိမိဆွေမျိုးမိတ်ဆွေများအတွက်နှင့် သူဆင်းရဲများအတွက်ဟု သုံးပုံ ပုံ ဝေငှလိုက်လျှင် တာဝန်ကျေပါသည်။

(၅) ခေါင်းရိတ်ပေးခြင်း၊ (၆) ခသ်နဟ်ပြုပေးခြင်း။ ယခု ခေါင်းရိတ်ခြင်းအကြောင်းကို ဖော်ပြမည်။

ကလေးမွေးပြီး ခုနှစ်ရက်မြောက်နေ့တွင် ကလေး၏ဦးခေါင်းမှ ဆံပင်ကိုရိတ်လိုက်ရမည်။ ရိတ်ပြီးသားဆံပင်နှင့် အညီ ငွေသားကိုချိန်တွယ်၍ ဆင်းရဲသားကို ပေးလှူလိုက်ရမည်။ ယင်းစွန္နသ်ကို အတည်ပြုထားသော ဟဒီးစ်များမှာ အောက်ပါအတိုင်းဖြစ်၏။ တမန်တော်မြတ်သည် မြေးတော်ဟစန်သခင်အတွက် အကီကဟ်ပြုပေးပြီးနောက် ဟဇရသ်ဖာသွိမဟ်သခင်မအား အို ဖာသွိမဟ် အသင်မသည် ဟစန်၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ပါ။ ရရှိလာသည့် ငွေသားကို ဆင်းရဲသူများကို ပေးလှူပါဟု မိန့်တော်မူ၏။ ဖာသွိမဟ်သခင်မမိန့်သည်မှာ ကျွန်မသည် ဟစန်၏ ဆံပင်များကို ငွေသားဖြင့် ချိန်တွယ်ရာ ငွေဒင်္ဂါးတစ်ပြား သို့မဟုတ် တစ်ပြားထက် နည်း၍ ရရှိသည်ဟု ဆိုသည်။

ဖာသွိမဟ်သခင်မသည် မိမိ၏ သားတော်များဖြစ်သော ဟစန်သခင်၊ ဟုစိုင်းန်သခင်၊ သမီးများဖြစ်သော ဇိုင်နဗ်သခင်မ၊ အွမ်မေ့ကုလ်စူးမ်သခင်မတို့၏ ဆံပင်များကို ရိတ်၍ ငွေသားဖြင့် ချိန်တွယ်ကာ ယင်းငွေသားကို ဆင်းရဲသူများအား ပေးကမ်းတော်မူသည်။

မတ်စ်အလဟ်အရ ယောက်ျားလေး၊ မိန်းကလေး နှစ်ဦးလုံး၏ ဆံပင်ကို ရိတ်ရမည်။ တစ်ဦးချင်းဆံပင်နှင့် အလေးချိန်တူငွေသားကို လှူဒါန်းလိုက်ပါ။ ဆံပင်ရိတ်ရာတွင် ခေါင်းတစ်လုံးရှိ ဆံပင်အားလုံးကို ရိတ်လိုက်ရမည်။ အချို့က ဆံပင်အချို့ကိုရိတ်ပြီး အချို့ကို ချန်ထားသည်။ ယင်းလုပ်ရပ်ကို အရဗီလို ကဇအ်ဟုခေါ်သည်။ ယင်းပုံစံကို တမန်တော်က တားထား၏။
ခေါင်းရိတ်ပြီးနောက် ဦးခေါင်းကို ကုံကုမံ၊ အမွှေးနံသာ စသည်တို့ဖြင့် သုတ်လိမ်းရမည်ဟု အစ္စလာမ့်တရားတော်က လမ်းညွှန်ထား၏။

ဆံပင်ရိတ်လိုက်ခြင်း၏ အကျိုးကျေးဇူး
* ကလေး၏ မွေးရာပါဆံပင်သည် မိခင်ဝမ်းတွင်းရှိအရာတို့ကြောင့် ညစ်ပေနေသည်။ ထိုညစ်ညမ်းသောဆံပင်ကို ဖယ်ရှား၍ သန့်ရှင်းမှုရရှိစေရန် ဖြစ်သည်။
* မွေးရာပါဆံပင်သည် အလွန်အားနည်းသည်။ ၎င်းကို ရိတ်လိုက်ခြင်းဖြင့် သန်မာသောဆံပင်များ ပေါက်လာသည်။
* မွေးရာပါဆံပင်ကို ဖယ်ရှားလိုက်ခြင်းဖြင့် ဆံပင်၏ အရင်းအမြစ်များ ပွင့်လာပြီး ကလေး၏ ကျန်းမာရေးအပေါ်မှာ အထူးကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပါသည်။
* ဆံပင်ရိတ်လိုက်ခြင်းဖြင့် မြင်ခြင်း၊ ရှုရှိုက်ခြင်း၊ စဉ်းစားနိုင်ခြင်း၊ ခွန်အား၊ စွမ်းအားများပါ တိုးလာသည်။

ဒုတိယအကျိုးကျေးဇူးမှာ ဆံပင်၏ အလေးချိန်နှင့်အတူ ငွေသားလှူဒါန်းခြင်းဖြစ်၏။ မိမိတွင် ကလေးမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပျော်ရွှင်မှုတွင် နွမ်းပါးသူများကိုပါ ပါဝင်စေခြင်းဖြစ်၏။ မိသားစုတစ်ခု၊ အိမ်တစ်အိမ်တည်း၏ ပျော်ရွှင်မှုမဟုတ်တော့ဘဲ အခြားသောသူများတွင်လည်း ပျော်ရွှင်မှုဖြစ်ရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်မှုကို ထုတ်ဖော်ရာရောက်ပေသည်။

ထိုသို့သော ကောင်းခြင်းများရှိသည့် ခေါင်းရိတ်ခြင်းအား အချို့ ကဓားထိ၍ ပိုးဝင်မည်။ ပိုးဝင်လျှင် သေမည်။ အသင့်ကလေးကို မသတ်ပါနှင့်ဟူသည့် ခိုင်မာချက်မရှိသည့် စကားရပ်ဖြင့် စွန္နသ်တစ်ခုကို ဖျက်ဆီးလိုက်သည်။ အယူလွဲမှားအောင် လုပ်ထားပေသည်။ ဓားမထိအောင် ဂရုပြုလျှင် သို့မဟုတ် ကျွမ်းကျင်သူထံ ခေါင်းတုံးခိုင်းလျှင်လည်း ရ၏။ အဓိကမှာ စွန္နသ်၊ အစ္စလာမ့်နည်းကို ကျင့်သုံးလိုစိတ်ရှိရန်ဖြစ်၏။ ကလေးပေါင်းများစွာ၊ စာရေးသူတို့ ဘိုးစဉ်ဘောင်ဆက် ဆွေမျိုးများအားလုံး၊ ရှိရှိသမျှသော မုစ်လင်မ်မိသားစုများသည် မိမိတို့၏ ရင်သွေးငယ်များအား ခေါင်းတုံးပေးခဲ့ကြသည်။ မွေးပြီး ခုနှစ်ရက်တွင် ခေါင်းတုံးပေးလိုက်သည်။ တစ်ယောက်မျှ ခေါင်းတုံးစဉ် ဓားထိပြီး သေသည်ဟူ၍ မကြားဖူးပါ။ အသက် ခုနှစ်ဆယ် ရှစ်ဆယ်၊ ကိုးဆယ်နေထိုင်သွားခဲ့ကြသည်။ ထို့ကြောင့် မသေချာသည့် စကားရပ်ဖြင့် သေချာပြီးသာ ကျင့်စဉ်တစ်ခုကို မစွန့်လွှတ်ကြပါနှင့်ဟု ပြောရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

[ အစ္စလာမ်နှင့် သားသမီးပြုစုပျိုးထောင်ရေး (မွဖ်သီနူးရ်မုဟမ္မဒ်ဆွာဟိဗ်)။ ပြန့်ကျဲနေသော ပုလဲလုံးများ အတွဲ ၅ တို့မှ ကောက်နှုတ်ဖော်ပြသည်။]
Credit: အလ်မုဖီးဒ်က ရေးသားသည်။

Saturday, September 3, 2016

ဇိလ်ဟဂ်ျလ ပထမ (၁ဝ) ရက်၏ ထွတ်မြတ်မှုနှင့် သပ်က်ဗီရေသပ်ရှ်ရီးက်


ဇိလ်ဟဂ်ျလတွင် ရရှိမည့် ကုသိုလ်များ

ဇိလ်ဟဂ်ျလသည် ထွတ်မြတ်သည့် လပေါင်း လေးလတွင် တစ်လအပါအဝင်ဖြစ်ပါသည်။ ဇိလ်ဟဂ်ျလ၏ ထွတ်မြတ်မှုကို လအမည်မှပင် စတင်သိရှိနိုင်သည်။ ဇိလ်ဟဂ်ျ၏ အဓိပ္ပါယ်မှာ ဟဂ်ျပြုရသည့်လ ဟူ၍ဖြစ်သည်။ အစ္စလာ့မ်၏ မဏ္ဍိုင်ကြီးငါးခုအနက် နောက်ဆုံးမဏ္ဍိုင်ဖြစ်သော ဟဂ်ျအမိန့်ကို ဤလတွင် လုပ်ဆောင်ရသည်။ ဟဂ်ျဟူသည့် ကျင့်ဆောက်တည်မှုကို ကြိုက်သည့်အချိန်၊ ကြိုက်သည့်နေရာတွင် ကျင့်ဆောင်ခွင့်မရှိပေ။ သတ်မှတ်ထားသည့်အချိန်နှင့် သတ်မှတ်ထားသည့်နေရာမှာသာလျှင် ကျင့်ဆောက်တည်ခွင့် ရှိပေသည်။

**ဇိလ်ဟဂ်ျလပထမဆယ်ညအတွက် ကုရ်အာန်၌ပါရှိခြင်း
ကျမ်းမြတ်ကုရ်အာန် စူရာဖဂ်ျရ် (ကဏ္ဍအမှတ် ၈၉) ၌ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သခင်က "ဝလယားလင်န် အရှ်ရင်န်" ညဆယ်ည၏ ကစမ်ဟူ၍ ကျိန်ဆိုမိန့်ကြားထားသည်။ ယင်းဆယ်ညဟူသည့် ဇိလ်ဟဂ်ျလ၏ ပထမဆယ်ရက်၏ ညများကိုဆိုလိုပေသည်။ ဤဆယ်ည၏ ထူးမြတ်မှု ဗရကသ်ရှိမှုတို့ကို မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ကလည်း မိန့်ထားခြင်းများ ရှိပေသည်။

**ဇိလ်ဟဂ်ျလ ပထမ (၁ဝ) ရက်တွင် အိဗာဒသ်ပြုခြင်း
အစ္စလာ့မ်ပညာရှင်များ အမိန့်ရှိသည်မှာ အိဒွလ်အဿွ်ဟာလ (ဇိလ်ဟဂ်ျလ)၏ ပထမ(၁ဝ)နေ့ သည် ရမဿွာန်လ၏ နောက်ဆုံး(၁ဝ)နေ့ထက်မြတ်သည်။ ရမဿွာန်လ၏ နောက်ဆုံး (၁ဝ) ည သည် အီဒွလ်အဿွဟာ လမြတ်၏ နောက်ဆုံး (၁ဝ) ည ထက် မြတ်ပေသည်။ ဆိုလိုသည်မှာ ရမဿွာန်လမြတ်၏ နောက်ဆုံး (၁ဝ) ရက်ပင်ဖြစ်စေ၊ ဇိလ်ဟဂ်ျလ၏ ပထမ (၁ဝ) ရက်ပင် ဖြစ်စေ။ ယင်း (၁ဝ) ရက်၏ နေ့ ညအပါအဝင် အချိန်တိုင်းသည် အလွန်မှပင် ဗရကသ်နှင့် ပြည့်စုံသော ကာလဖြစ်ပေသည်။ ထို့ကြောင့် များစွာအိဗာဒသ် ပြုရပါမည်။
ဟဇရသ်အဗ်ဒွလ္လာဟ်ဗင်န်အဗ္ဗားစ် (ရသွီယလ္လာဟုသအာလာအန်ဟု)ထံမှ ဆင့်ပြန်ချက်လာရှိသည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အမိန့်ရှိတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အီဒွလ်အဿွ်ဟာလ ပထမ (၁ဝ) ရက်တွင် ပြုမူသော ကောင်းမှုအမလ်ကို ပို၍နှစ်သက်တော်မူပေသည်။ (ယင်းကာလသည် အခြားသောနေ့ ရက်များထက် သာပိုထွတ်မြတ်ပေသည်။)
ဟဇရသ်အဗူဟုရိုင်ရာ ရသွီယလ္လာဟုအန်ဟု ထံမှ ဆင့်ပြန်ချက်လာရှိသည်။ မြတ်နဗီဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် အမိန့်ရှိတော်မူသည်မှာ ဇိလ်ဟဂ်ျလ ပထမ ၁ဝ ရက်တွင် ရိုဇာထားခြင်းဖြင့် ရိုဇာတစ်လုံး၏ အကျိုးစဝါးဗ်သည် တစ်နှစ်ပတ်လုံး ရိုဇာထားခြင်းနှင့် ညီမျှစွာ ရရှိမည်။ ဇိလ်ဟဂ်ျလ ပထမ ၁ဝ ရက်၏ ညများတွင် အိဗာဒသ်ပြုခြင်း၏စဝါးဗ်မှာ ကဒရ်ညတွင် အိဗာဒသ်ပြုသည်နှင့် အတူတူပင် ဖြစ်၏။ (သိရ်မီဇီ)

**ကုရ်ဗာနီပြုမည့်သူများသည်....
ကုရ်ဗာနီပြုမည့်ဟု ရည်ရွယ်ထားသူများသည် ဇိလ်ဟဂ်ျလ တစ်ရက်နေ့မှစ၍ လက်သည်းခြေသည်း၊ ဆံပင်၊ အမွေးအမှင်တို့ကို ညှပ်ခြင်းရိတ်ခြင်းမပြုပါနှင့်။ ကုရ်ဘာနီပြုပြီးမှ သန့်ရှင်းမှု ပြုပါ။
ကုရ်ဗာနီပြုမည့်သူသည် အီးဒ်နမားဇ်မတိုင်မီ ဘာမှမစားဘဲ မိမိ၏ သားကောင်ဇဗာပြုပြီးမှ ယင်းအသားကို ဦးစွာစားသင့်ပါသည်။

**အီးဒ်ညတွင် အိဗာဒသ်ပြုခြင်း
မနက်အီးဒ်ဖြစ်မည့် မတိုင်ခင်ည (အီးဒ်ည)တွင် တစ်ညတာလုံး နမားဇ်ဆောက်တည်ခြင်းနှင့် ဇိကိရ် သိလာဝသ်ပြုနေခြင်းတို့ဖြင့် ညအချိန်ကို နိုးကြားစွာရှိနေစေခြင်းသည်လည်း အလွန်အကျိုးစဝါးဗ်ရမည်ဖြစ်ကြောင်း မိန့်ကြားချက်များ လာရှိထားပေသည်။
ဟဇရသ် အဗူအိုမာမဟ်သခင်ထံမှ ဆင့်ပြန်ချက်လာရှိသည်။ မြတ်နဗီမိန့်ကြားတော်မူသည်မှာ အကြင်သူသည် အီးဒ်ည နှစ်ညတွင် စဝါးဗ်ရရှိမည်ဟု ယုံကြည်ချက်ထား၍ တစ်ညတာလုံး (အရှင့်အား အိဗာဒသ်ပြုခြင်းတို့ဖြင့်) နိုးကြား (ရှင်သန်) လျှက်ရှိနေခဲ့သည်။ လူအများ၏ နှလုံးသားသေမည့်နေတွင် ထိုသူသည် နှလုံးသားသေမည် မဟုတ်ပေ။ (ဆိုလိုသည်မှာ ကိယာမသ်နေ့၏ ကြောက်မယ်ဖွယ် အခြေအနေများမှ ထိန်းသိမ်းမှု ရရှိမည်ဖြစ်သည်။ (အသ်သရ်ဂီးဗုဝသ်သရ်ဟီးဗ် လိလ်မန်ဇုရီ)

**သပ်က်ဗီရေသရှ်ရီးက်
သပ်က်ဗီရေသရှ်ရီးက် - အလ္လာဟုအပ်က်ဗရ် အလ္လာဟ်ဟုအပ်က်ဗရ် လာအိလာဟ အိလ်လလ္လာဟု ဝလ္လာဟုအပ်က်ဗရ် အလ္လာဟုအပ်က်ဗရ် ဝလစ်လ်လာဟိလ် ဟမ်ဒ် ။

**သပ်က်ဗီရေသရှ်ရီးက် ရွတ်ဆိုခြင်း
သပ်က်ဗီရေသရှ်ရီးက် ရွတ်ဆိုရမည့် ကာလမှာ အရဖဟ် (ဇိလ်ဟဂ်ျလ ၉ ရက်) နေ့ ဖဂျရ်အချိန်မှ စတင်ပြီး ဇိလ်ဟဂ်ျလ ၁၃ ရက်နေ့ အဆွရ်ပြီးသည့် အချိန်ထိဖြစ်ပေသည်။ ( ၅ ရက် ရွတ်ဆိုရမည်ဖြစ်သည်။)
သပ်က်ဗီရေသရှ်ရီးက်ကို နမားဇ်ငါးကြိမ်၏ ဖရ်ဇ်နမားဇ်ဝတ်ပြုပြီးသောအခါ တစ်ကြိမ်ရွတ်ဆိုရန် ဝါဂျိဗ်ဖြစ်သည်။ အမျိုးသမီးများသည် တိုးတီးစွာ ရွတ်ဆိုရမည်။

**သပ်က်ဗီရေသရှ်ရီးက်ရွတ်ဆိုရန် မေ့သွားသော်
ဖရ်ဇ်နမားဇ်ဝတ်ပြုပြီးသည့်နောက် ချက်ခြင်းပင် သပ်က်ဗီရေသရှ်ရီးက် ရွတ်ဆိုလိုက်ရမည်။ အကယ်၍ မေ့လျော့သွားမည်။ သို့မဟုတ် တမင်သကာ မရွတ်ဆိုဘဲ နေခဲ့မည်။ အမျိုးသားအနေဖြင့် မတ်စ်ဂျိဒ်အပြင်သို့ ထွက်သွားလိုက်မည်။ မိမိဆောက်တည်လိုက်သည့် နမားဇ်အချိန်အတွက် သပ်က်ဗီရေသရှ်ရီးက် မရွတ်ဆိုဖြစ်ခဲ့ပါက ယင်းအတွက် ကဇွာလည်း မရှိပေ။ သောဝ်ဗာပြုခြင်းဖြင့်သာ သပ်က်ဗီရေသရှ်ရီးက်လွှတ်လိုက်ခြင်း၏ ဂုနာမှ လွတ်ငြိမ်းခွင့်ရနိုင်မည်ဖြစ်သည်။ အကယ်၍ နမားဇ်ပြီး ပြီးခြင်း ဝုဇူပျက်သွားပါက အကောင်းဆုံးမှာ ယင်းအခြေအနေနှင့်ပင် သပ်က်ဗီရ် ရွတ်ဆိုလိုက်ပါ။ ဝုဇူပြုပြီးမှ ဖတ်လျှင်လည်း ဖတ်ခွင့်ရှိပေသည်။

**အိမာမ်သည် သပ်က်ဗီရေသရှ်ရီးက် ရွတ်ဆိုရန် မေ့သွားလျှင်
အိမာမ်သည် နမားဇ်ဝတ်ပြုပြီးနောက် သပ်က်ဗီရ်ရွတ်ဆိုရန် မေ့နေလျှင် မုက်သဒီများသည် ချက်ခြင်းပင် သပ်က်ဗီရ်ရွတ်ဆိုလိုက်ရမည်။ အိမာမ် (အကြာကြီးနေမှ သတိရ၍ စတင်) ဆိုသည့်အချိန်ကို စောင့်ဆိုင်းမနေရပေ။

**သပ်က်ဗီရေသရှ်ရီးက် ကို အကြိမ်မည်မျှ ရွတ်ဆိုရမည်နည်း။
သပ်က်ဗီရေသရှ်ရီးက် ကို ဖရ်ဇ်နမားဇ်၏နောက် တစ်ကြိမ်ရွတ်ဆိုရန် အမိန့်ရှိထားသည်။ ထို့ကြောင့် နမားဇ်ပြီးနောက်တွင် တစ်ကြိမ်ထက် ပို၍ဆိုခြင်းသည် စွန္နသ်နည်းလမ်းနှင့် ဆန့်ကျင်ပေသည်။
[ ဟစ်ဂ်ျရီ ၁၄၂၆ ထုတ် စအာဒသ်စာစောင်မှ ကောက်နှုတ်တင်ပြသည်။ ]

**နမားဇ်အချိန်မှ အပ ကျန်အချိန်များတွင် သပ်က်ဗီရ်ရွတ်ဆိုခြင်း
ဟဒီးစ်ပညာရှင်များ၏ အဆိုအရ သပ်က်ဗီရေသပ်ရှ်ရီးက် ရွတ်ဆိုခြင်းသည် နေ့၊ ရက်ကို အကြောင်းခံ၍ ရွတ်ဆိုခြင်းဖြစ်သဖြင့် ကြိုက်သလောက် ရွတ်ဆိုခွင့်ရှိပေသည်။ နမားဇ်ပြီး အချိန်တွင်တစ်ခေါက်ရွတ်ဆိုပြီးသည့်နောက် ကျန်အချိန်များတွင်လည်း မိမိနှစ်သက်သလို ရွတ်ဆိုနေခွင့်ရှိပေသည်။ ဟဒီးစ်ပညာရှင်များထံတွင် ထိုအဆိုသည် ပို၍ကောင်းမွန်သော အဆိုတစ်ရပ်ဖြစ်ပေသည်။

**ဇိလ်ဟဂ်ျလအတွင်းမှ အချို့ရက်များ၏ အခေါ်အဝေါ်
ဇိလ်ဟဂ်ျလ (၈) ရက်နေ့ကို ယောင်မွသ်သရ်ဝီယဟ်
ဇိလ်ဟဂ်ျလ (၉) ရက်နေ့ကို ယောင်မွလ်အရဖဟ်
ဇိလ်ဟဂ်ျလ (၁ဝ) ရက်နေ့ကို ယောင်မွန်နဟရ် ဟု ခေါ်ဆိုပေသည်။

**သရှ်ရီးက် ဟု အမည်တွင်ရသည့်အကြောင်း
သပ်ရှ်ရီးက်ဟု ခေါ်ရခြင်းနှင့် ပတ်သက်၍ အကြောင်းအရာ နှစ်မျိုးကို တင်ပြထားပေသည်။
(၁) အိုက်ယာမေသပ်ရှ်ရီးက် (သပ်ရှ်ရီးက်၏နေ့ရက်များ) ဇိလ်ဟဂ်ျလ ၁၁/၁၂/၁၃ ရက်များကို ဆိုလိုသည်။ သပ်ရှ်ရီးက်ဟူသည့်စာလုံးဖြင့် ယင်းနေ့များခေါ်ဆိုရခြင်းမှာ လူတို့သည် ကုရ်ဗာနီအသားများကို အတုံးများပြုလုပ်ပြီးသည့်နောက် (အခြောက်သိမ်းဆည်းရန်) နေပူလှမ်းလိုက်သည်။ ယင်းသို့ နေ၏အပူရှိန်ဖြင့် ခြောက်သွေ့သွားသော အသားကို "သပ်ရှ်ရီကုလ် လဟမ်" ဟု ခေါ်ပေသည်။ ဤသည်ကို အကြောင်းခံ၍ အိုက်ယာမေသပ်ရှ်ရီးက် ဟု ခေါ်ဆိုခြင်းဖြစ်သည်။ (ဗဟ်ရွရ်ရာအိက် တွဲ ၂၊ စာ ၆၄)
(၂) ပညာရှင်အချို့မှ တင်ပြသည်မှာ …. အီးဒ်နမားဇ်ကို နေထွက်သည့်အချိန်မှ ဖတ်ရွတ်ရသည့်အတွက် အီးဒ်နမားဇ်နှင့် ကုရ်ဗာနီနေ့ကို သပ်ရှ်ရီးက် ဟု ခေါ်ဆိုသည်။ အီးဒ်နမားဇ်ဖတ်သည့် နမာဇီများကိုလည်း သပ်ရှ်ရီးက်ဟုမုရှ်ရိက် ဟု ခေါ်တွင်သည်။ အကြောင်းမှာ နမားဇ်ဝတ်ပြုရန်အတွက် နေထွက်သည့်အချိန်ကို စောင့်ဆိုင်းလေသည်။ ယင်းအကြောင်းအချက်တို့ကြောင့် အီးဒ်နေ့ကို သပ်ရှ်ရီးက် ဟု ခေါ်တွင်ခြင်းဖြစ်သည်။
ဖသ်ဟုလ်ကဒီးရ်ကျမ်းတွင် ပါရှိသည်မှာ ယောင်မေနဟ်ရ် အပါအဝင် ကျန်ရက်များအား သပ်ရှ်ရီးက်ဟုခေါ်ရခြင်းမှာ အီဒွလ်အဿွဟာ ၏ အမလ်များဖြစ်သည့် သပ်က်ဗီရ်ရွတ်ဆိုခြင်း၊ ဇဗာပြုခြင်း၊ အသားများကို အပိုင်းများ ၊ အတုံးများပြုခြင်းတို့ကို နေထွက်ပြီးနောက်မှသာ ပြုမူလုပ်ဆောင်ရသည့်အတွက် သပ်ရှ်ရီးက်၏ နေ့ရက်များဟု ခေါ်တွင်ခြင်းဖြစ်ပေသည်။

**အိုက်ယာမေသပ်ရှ်ရီးက်တွင် ရိုဇာထားခွင့်မရှိခြင်း
အိုက်ယာမေသပ်ရှ်ရီးက် ရက်များဖြစ်သည့် ဇိလ်ဟဂ်ျလ ၁၁/၁၂/၁၃ ရက်များတွင် ရိုဇာထားခွင့်မရှိပေ။ တစ်နှစ်ပတ်လုံးတွင် အီဒွလ်ဖသ်ွရ်၊ အီဒွလ်အဿွဟာနှင့် အိုက်ယာမေသပ်ရှ်ရီးက်ရက်များတွင် ရိုဇာထားခြင်းကို တားမြစ်ထားသည်။ ။ ယင်းငါးရက်မှအပ ကျန်မည်သည့်နေ့ရက်တွင်မဆို ရိုဇာထားနိုင်ပေသည်။ ထို့ကြောင့် အရဗီလများ၏ အလယ်ရက်ဖြစ်သော ၁၁၊ ၁၂၊ ၁၃တွင် နဖိလ်ရိုဇာစောင့်ထိန်းသူများသည် ဤဇိလ်ဟဂ်ျလ၏ အလယ်ရက်တို့တွင် ရိုဇာမထားရပါ။

**သပ်က်ဗီရ် နှင့်ပတ်သတ်သည့် မှတ်သားဖွယ်တစ်ခု
ဟဇရသ်အိဗ်ရာဟီးမ် ခလီလွလ္လာဟ်သည် မိမိ၏ သားတော်မောင် ဟဇရသ်အိစ္စမာအီးလ် အလိုင်ဟိစ္စလာမ်အား အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့် ဇဗဟ်ပြုသည့်အခါ ကောင်းကင်တမန် ဟဇရသ်ဂျိဗ်ရအီးလ်သည် ဂျန္နသ်မှ ဟဇရသ်အိစ္စမာအီလ်၏ ဖိဒ်ယဟ် (ဒွန်ဗာ) အား ယူဆောင်ဆင်းသက်လာလေသည်။ ဟဇရသ်ဂျိဗ်ရအီးလ်သည် အိဗ်ရာဟီးမ်ခလီလွလ္လာဟ်အနေဖြင့် ချက်ခြင်းပင် ဟဇရသ်အိစ္စမာအီးလ်အား ဇဗဟ်ပြုမည်ကို စိုးရိမ်၍ "" အလ္လာဟ်ဟုအပ်က်ဗရ် အလ္လာဟ်ဟုအပ်က်ဗရ် "" ဟု နှုတ်လျှာမှ ထွက်ပေါ်လာလေသည်။ ဟဇရသ်အိဗ်ရာဟီးမ်သည် ဟဇရသ်ဂျိဗ်ရအီးလ်အား တွေ့မြင်သောအခါ ""လာအိလာဟ အိလ္လလ္လာဟု ဝလ္လာဟုအပ်က်ဗရ်"" ဟု ပြောဆိုလိုက်သည်။ ပြီးနောက် ဟဇရသ်အိစ်မာအီးလ်သည် ဖိဒ်ယဟ်ရောက်ရှိလာကြောင်း သိရှိသွားသောအခါ "" အလ္လာဟုအပ်က်ဗရ် ဝလစ်လ်လာ ဟိလ်ဟမ်ဒ် "" ဟု ဆက်လက်မိန့်ကြားလိုက်လေသည်။ ဤသည်မှာ သပ်က်ဗီရ်နှင့် စပ်လျဉ်းသည့် မှတ်သားဖွယ်အကြောင်းအရာ တစ်ခုကို တင်ပြထားခြင်းဖြစ်သည်။ သမိုင်းအကြောင်းအရာဖြစ်သည့် အတွက် ကွဲလွဲမှုများလည်းရှိနိုင်ပါသည်။ ဗဟုသုတအနေဖြင့်သာ ဖတ်ရှုလေ့လာထားစေလိုပါသည်။

**ကုရ်ဗာနီပြုချိန် ရွတ်ဆိုရမည့် ဒုအာများ
ကုရ်ဗာနီသားကောင်ကို ကစ်ဗလာဘက်သို့ မျက်နှာမလှည့်မီ ဦးစွာ ဤဒုအာကို ဖတ်ပါ။
အင်နီဝဂ်ျဂျဟ်သု ဝဂျဟိယ လိလ်လဇီ ဖသွရဆ် ဆမားဝါးသိ ဝလ်အရ်ဒွ ဟနီးဖှောင်း ဝမားအန မိနလ်မုရှ်ရိကီးန်၊ အင်န်န ဆွလားသီ၊ ဝနုစုကီ၊ ဝမဟ်ယားယ လိလ်လားဟိလ် ရဗ်ဗိလ်အားလမီးန၊ လာရှရီးက လဟု၊ ဝဗိဇားလိက အုမိရ်သု ဝအနား မိနလ် မုစ်လိမီးန်။ အလ္လာဟွမ္မ မင်(န)က ဝလက။
ထို့နောက် ဗိစ်မိလ်လာ အလ္လာဟုအပ်(က)ဗရ် ဟုဆို၍ ဇဗာပြုပါ။ ဇဗာပြုပြီးနောက် ဤဒုအာကို ရွတ်ဆိုပါ။
အလ်လာဟွမ်မ သကဗ်ဗလ်ဟု မင်(န)နိ ကမာသကဗ်ဗလ်သ မင်(န)ဟဗီးဗေ့က မုဟမ္မဒင်(န) ဝခလီးလေ့က အိဗ်ရာဟီးမ အလိုင်းဟိမဆွ် ဆွလာသုဝစ္စလာမ်။ (ကော်မန့်တွင် ပုံဖြင့်ပြပေးထားသည်။)

** ကုရ်ဗာနီကို သေဆုံးကွယ်လွန်သူ ဆွေမျိုးသားချင်းများဘက်မှလည်း ပြုပေးခွင့်ရှိသည်။ ကုရ်ဗာနီကို အလ္လာဟ်အတွက် ပြုပါသည်။ ရရှိသည့်ကုသိုလ်စဝါးဗ်ကို ကွယ်လွန်သူ မည်သူမည်ဝါအတွက် ပို့သပါ၏ဟု ရည်စူးရမည်။ တမန်တော်မြတ်ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ဘက်မှ ကျွန်ုပ်တို့၏ မိခင်မွန်များ (ကိုယ်တော်မြတ်၏ ကြင်ယာတော်များ) ဘက်မှ ပြုပေးခွင့်ရှိပါသည်။ ထိုသို့ တစ်ဦးတစ်ယောက်ဘက်မှ ကုရ်ဗာနီပြုပေးလျှင် ဇဗာပြုပြီးနောက် ရွတ်ဆိုသည့် ဒုအာတွင် "အလ်လာဟွမ်မ သကဗ်ဗလ်ဟု မင်(န)နိ" နေရာ၌ အလ်လာဟွမ်မ သကဗ်ဗလ်ဟု မင်(န)ဖုလာနင်(န) ဟုဆိုရမည်။ အမည်သိရှိပါက ဖုလာနင်(န) နေရာ၌ အမည်ကို ထည့်ပါ။
(ဗဟစ်ရှ်သီးဇေဝရ်)

**ကုရ်ဗာနီ၏ရက်များ၌ အမြတ်ဆုံးကျင့်စဉ်
ကုရ်ဗာနီရက်များဖြစ်သော ဇိလ်ဟဂ်ျလ ၁ဝ၊ ၁၁၊ ၁၂ တွင် အမြတ်ဆုံးသော ကျင့်စဉ်မှာ ကုရ်ဗာနီပြုခြင်းပင် ဖြစ်၏။ ကုရ်ဗာနီရက်များအတွင်း ကုရ်ဗာနီမပြုဘဲ တခြားသောအရာများဖြင့် ဆွဒကာ၊ ခိုင်ရားသ်ပြုလျှင် ကုရ်ဗာနီ၏ ဝါဂျိဗ်တာဝန်ကျေပွန်မည် မဟုတ်ပါ။ ကုရ်ဗာနီဟူသည် သီးသန့်အိဗာဒသ်တစ်မျိုးပင် ဖြစ်၏။ နမားဇ်၏ တာဝန်ကို ရိုဇာထားခြင်းဖြင့် မကျေပွန်နိုင်သလို၊ ရိုဇာ၏ တာဝန်ကို ဇကားသ်ပေးခြင်းဖြင့်လည်း မကျေပွန်ပါ။ ထို့အတူ ဇကားသ်၏ တာဝန်ကို ဟဂ်ျလုပ်ခြင်းဖြင့် ကျေပွန်မှု မရနိုင်ပါ။ သို့ဆိုလျှင် ကုရ်ဗာနီ၏ တာဝန်ကို ဆွဒကာပေးခြင်းဖြင့် အဘယ်မှာ ကျေပွန်နိုင်မည်နည်း။ အချို့က ကုရ်ဗာနီထက် ဆွဒကာပြုခြင်းဖြင့် ဆင်းရဲသားတို့တွင် ပို၍ အကျိုးရှိသည်ဟု ဆိုကြသည်။ ထိုဆင်းရဲသားတို့အတွက် သက်ဆိုင်ရာ ဇကားသ်၊ ဖိသ်ရာများ သတ်မှတ်ပြီးသား ဖြစ်၏။ ကုရ်ဗာနီဟူသည် ကျင့်စဉ်သည် အလ္လာဟ်အရှင်မြတ်ကို ချစ်ကြောင်း၊ အလ္လာဟ်အတွက် စွန့်လွှတ်နိုင်ကြောင်း တမန်တော်အိဗ်ရာဟီမ်နှင့် အိစ်မာအီးလ် (အလိုင်ဟိမစ္စလာမ်)တို့က ဖော်ထုတ်သကဲ့သို့ ကျွန်ုပ်တို့ကလည်း ဖော်ထုတ်ပြခြင်း ဖြစ်၏။ ထို့ကြောင့် ကုရ်ဗာနီ၏ရက်များတွင် ကုရ်ဗာနီပြုခြင်းသာလျှင် အမြတ်ဆုံးသော အမလ်ကျင့်စဉ်ဖြစ်ပေသည်။

အလ်မုဖီးဒ်
ဇိလ်ကအ်ဒဟ်/ ၂၉/ ယောင်မုလ်အိစ်နိုင်းန်/ ဟိဂျရီ ၁၄၃၆

Thursday, September 1, 2016

ယုံကြည်ချက်၊ အစ္စလာမ် နှင့် ကုရ်ဘာနီပြုရခြင်းအကြောင်း


(ဆောင်းပါးတွင် ပါဝင်သော ပုဂ္ဂိုလ်မြတ်များ၏ နာမတော်များဖတ်မိလျှင် မိမိတို့ယုံကြည်ရာအလိုက် မေတ္တာပို့သပါ။)

လူတစ်ယောက်သည် သူတပါးကို မထိခိုက်သမျှကာလပတ်လုံး မိမိယုံကြည်ရာကို ထုတ်ဖော်ခွင့်နှင့် လိုက်နာ ကျင့်သုံးခွင့်ရှိခြင်းသည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း၏ အခြေခံစည်းမျဉ်းတစ်ခုဖြစ်သည်။ သူတပါးကိုထိခိုက်ခြင်း ဟူသည် အသက်ရှင်သန်ခွင့်၊ ဥစ္စာပစ္စည်းပိုင်ဆိုင်ခွင့်နှင့် မိမိယုံကြည်ရာကို ထုတ်ဖော်ကျင့်သုံးခွင့် သုံးခုကို ထိပါးခြင်းဟု ပညာရှင်များက အနက်ဖွင့်သည်။ စိတ်ခံစားချက် ထိခိုက်ခြင်းကို သူတပါးထိခိုက်ခြင်း မြောက်သည်၊ မမြောက်ပါ စသည်ဖြင့် အကွဲအလွဲရှိကြသည်။ ဘာသာရေးယုံကြည်မှုသည် Freedom of Expression တွင်ပါဝင်သည့် ယုံကြည်ရာကို လိုက်နာကျင့်သုံးခြင်း၊ ထုတ်ဖော်ခြင်းဖြစ်သည်။ မတူသည့် ဒေသမှ မတူသည့် လူတို့သည် ကွဲပြားခြားနားသော ဘာသာရေးယုံကြည်ချက်များကို ခံယူ လိုက်နာကျင့်သုံးကြသည်။ ဘာသာရေးကို လုံးဝယုံကြည်မှုမရှိသော ဘာသာမဲ့များလည်း ရှိကြသည်။ မတူသောယုံကြည်ချက် ရှိကြသူတို့သည် မိမိတို့ လက်များကို ညာဘက်နှင့် ဗယ်ဘက် သတ်မှတ်ရာတွင် တူညီနေသည်က အံ့ဖွယ်ဖြစ်သည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် သတ်မှတ်ရာတွင် တူညီနေကြသည်။ တစ်ပတ်တွင် ခုနစ်ရက် သတ်မှတ်ရာတွင် တူညီကြသည်။ မိုးကောင်းကင် ရှိရာအရပ်ကို အပေါ်၊ မြေပြင်ရှိရာအရပ်ကို အောက် ဟု သတ်မှတ်ရာတွင် တူညီကြသည်။ (သိပ္ပံပညာရှင်များထံတွင် အပေါ်နှင့် အောက် ဟူသည်မရှိပေ။) တူချင်ရာတွင် တူကြပြီး မတူချင်ရာတွင် မတူကြသည်မှာ လူတို့၏ အရည်အချင်းတစ်ရပ်ဟု ပြောနိုင်သည်။ စကားတူရာ၊ ဒေသတူရာ၊ ယုံကြည်ချက်တူရာ စုမိကြပြီး Group အုပ်စုများဖြစ်ပေါ်လာသည်။ အားကောင်းသော အုပ်စုက အားနည်းသော အုပ်စုကို အနိုင်ယူခြင်း၊ ဗိုလ်ကျခြင်းတို့ပြုလုပ်ကြရာမှ အားနည်းသောအုပ်စုက ပြန်လည် ခုခံခြင်း၊ တွန်းလှန်ခြင်းကြောင့် စစ်ပွဲများပေါ်လာသည်။ ထိုစစ်ပွဲများ၏ နောက်ပိုင်းတွင် မြို့ပြနိုင်ငံများ၊ ထိုမှ နိုင်ငံငယ်များ၊ နောက်တွင် နိုင်ငံကြီးများ ဖြစ်လာသည်။ ကမ္ဘာ့နိုင်ငံများသည် ဤကဲ့သို့ပင် ဖြစ်တည်လာသည်ကို မည်သည့် သမိုင်းဆရာမှ မငြင်းနိုင်ပေ။ စစ်ပွဲတို့၏ အနိဋ္ဌာရုံများနှင့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လူတို့သည် စားဝတ်နေရေးထက် ငြိမ်းချမ်းရေးကို ပိုမို လိုလားတောင့်တလာကြသည်။ ယနေ့တွင် နိုင်ငံများလည်း အတည်တကျဖြစ်သွားပြီ။ ကုလသမဂ္ဂနှင့် အခြား ကမ္ဘာ့အဖွဲ့အစည်းများလည်း ရှိနေပြီ၊ ထို့ကြောင့် နယ်မြေလု နိုင်ငံပြုသော စစ်များ မဖြစ်ပွားတော့ပဲ စီးပွားရေးနှင့် ဓနဥစ္စာ၊ သယံဇာတ၊ နည်းပညာ လုသော စစ်ပွဲများတော့ ကျန်သေးသည်။ ထိုစစ်ပွဲများသည် အသွင်သစ်ဖြင့် ကမ္ဘာကို ခြိမ်းခြောက်လျက်ရှိပေသည်။ ထို့အပြင် ဘာသာရေး ယုံကြည်ချက်နောက်ခံဖြင့် တိုက်ခိုက်သော စစ်ပွဲများကိုလည်း တွေ့ရှိရမည်ဖြစ်သည်။

လူသားနှင့် ကမ္ဘာကြီးဘယ်ကစ ဖြစ်လာသည်ကို မည်သူမှ မသိသောကြောင့် ကမ္ဘာကြီးနှင့် လူသားတို့သည် အလိုအလျောက် မတော်တဆ ဖြစ်လာသည် ဟူသည့် ယုံကြည်ချက်ရှိသည့် အုပ်စုတစ်စု၊ ထိုအရာကို သိစရာမလိုပါဟု ခံယူသော အုပ်စုတစ်စု၊ ကမ္ဘာနှင့် စကြဝဠာသည် မဟာတန်ခိုးစွမ်းအားရှင်တပါးက ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာသည်ဟု ယုံကြည်ချက်ရှိသည့် အုပ်စုတစ်စု၊ မဟာတန်ခိုး စွမ်းအားရှင် အများအပြားက တိုက်ခိုက်ကြရာမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်သည့် အုပ်စုတစ်စု၊ စသည်ဖြင့် ယုံကြည်ချက် ဂိုဏ်းအသီးသီး ပေါ်ထွက်လာပေသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သော အုပ်စုအားလုံးက ပထမဆုံးလူသားသည် "အာဒမ်" ဖြစ်သည်ဟူသော အဆိုပေါ်တွင် တူညီကြသည်။ ဖန်ဆင်းရှင်ကို မယုံကြည်သည့် အုပ်စုတို့တွင် ပထမဆုံးလူသား၏ အမည်နာမနှင့် ပတ်သက်၍ အဆိုမရှိချေ။ ဘာသာမဲ့အချို့နှင့် မတော်တဆ သီအိုရီကို လက်ခံသူတို့က လူသည် မျောက်က ဆင်းသက်လာသည်ဟူသော အယူအဆကို အခိုင်အမာ လက်ခံထားကြသော်လည်း မျောက်မှ ဆင်းသက်လာသည့် ပထမဆုံးလူ၏ အမည်နှင့် ပတ်သက်၍ ထုတ်ဖော်ထားခြင်း မရှိချေ။ ဖန်ဆင်းရှင်ကိုယုံကြည်သူတို့ လက်ခံသော ကျမ်းကြီးများတွင် ပထမဆုံး လူသားမှာ အာဒမ် ဖြစ်သည်ဟု ဖော်ပြထားသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူများသည် ဖန်ဆင်းရှင်ကို မတွေ့ရလို့ မယုံဘူး ဟူသည့် ဘာသာမဲ့နှင့် ဖန်ဆင်းရှင် လက်မခံသူတို့၏ စောဒကနှင့် အမြဲရင်ဆိုင်ရသည်။ ဖန်ဆင်းရှင် ရှိသည် နှင့် ဖန်ဆင်းရှင် မရှိပါ ဟူသည် တဖက်နှင့်တဖက် ဘယ်တော့မှ မပြီးနိုင်သည့် ဒီဘိတ်တစ်ခုအဖြစ် တည်ရှိနေခဲ့သည်။ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းနှင့် မယုံကြည်ခြင်းသည် လူတစ်ယောက်၏ မွေးရာပါ လွတ်လပ်ခွင့်ဖြစ်လေသည်။ မည်သူကမျှ အတင်းအကျပ် ယုံကြည်ခိုင်းခွင့် မရှိသလို တားဆီးခွင့်လည်း မရှိချေ။

ဖန်ဆင်းရှင်ကို ယုံကြည်သူတို့ထံတွင် ကောင်းကင်ကျကျမ်း ဟု ခေါ်ဆိုသည့် ဖန်ဆင်းရှင်ထံမှ လူသားတို့အတွက် ချမှတ်ပေးသော ကျမ်းကိုယ်စီရှိကြသည်။ ထိုကျမ်းများတွင် လူတို့ လိုက်နာရမည့် စည်းကမ်း၊ စည်းမျဉ်း၊ ဥပဒေ၊ လူလူချင်း တာဝန်များ ဝတ္တရားများ၊ ဝတ်ပြုဆည်းကပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ ဖန်ဆင်းရှင်ရှိခြင်းအကြောင်း၊ လူသားတမန်တော်များအကြောင်း၊ ယုံကြည်ချက် အရေခြုံများ၊ သူတော်ကောင်းများနှင့် သူယုတ်မာများ၊ ကုသိုလ်၊ အကုသိုလ်၊ ကောင်းကင်ဘုံ၊ ငရဲနှင့် တရားစီရင်မည့်နေ့၊ ရှေးလူသားအုပ်စုတို့ ပျက်ဆီးခြင်း၊ အလှူဒါနပြုလုပ်ရန်နှင့် မိမိကို စော်ကားလာပါက ပြန်လည်ခုခံရန်၊ အမျိုးသမီးတို့ အခွင့်အရေးနှင့် ယောက်ျားတို့၏ တာဝန်များ၊ ဆွေမျိုး၏ တာဝန်များ စသည်တို့ကို ဖန်ဆင်းရှင်၏ မုက္ခပါဌ်တော်များအဖြစ်ပါရှိသည်။ ဖန်ဆင်းရှင် လက်မခံသူများသည်လည်း ထိုကျမ်းများတွင် ပါဝင်သော ယုံကြည်ချက်မှအပ အဆုံးအမ အများစုကို နားလည်လက်ခံ လိုက်နာကျင့်သုံးကြသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ လူနှင့် လူ့လောကအကျိုးကို ဆောင်သူကို လူကောင်းဟု သတ်မှတ်ပြီး ပျက်အောင်လုပ်သူကို လူဆိုးဟု သတ်မှတ်ကြသည်။ ဖန်ဆင်းရှင်ကို လက်ခံသော ဂိုဏ်းတွင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတို့သည် လူအများသိသော ယုံကြည်ချက်အုပ်စုများဖြစ်ကြသည်။ ဖန်ဆင်းရှင်ကို လက်ခံသော အခြား လူသိနည်းသည့် ယုံကြည်ချက် အုပ်စုများလည်း ရှိကြသည်။ ဖန်ဆင်းရှင်ကို မယုံကြည်သူတို့သည် မိမိတို့ အထင်ကြီး လေးစားသူတို့၏ အဆုံးအမများ၊ ချမှတ်ထားသော စည်းကမ်းများနှင့် ထိုသူတို့က ကောင်းသည်ဟု ယူဆဟောကြားသော အပြုအမူများ၊ တရားအားထုတ်မှုများကို ဘာသာရေးအဖြစ် ဆောင်ရွက်ကြသည်။ ဖန်ဆင်းရှင်ကို ယုံကြည်သူတို့သည် ကောင်းကင်ကျ ကျမ်းကို ယုံကြည်ရသည်။ ထိုကျမ်းယူဆောင်လာပေးသော လူသား တမန်တော်များကို ယုံကြည်ရသည်။ ထိုအတိုင်း လိုက်နာကျင့်ကြံ ဆောက်တည်ရသည်။ ကောင်းကျိုးဆိုးပြစ်ကို ကမ္ဘာ့တရားစီရင်မည့်နေ့တွင် ခံစား စံစားရမည်ဟု မှတ်ယူကြသည်။ ဘာသာမဲ့တို့သည် မိမိတို့လက်ခံသော အရာများကို လက်ခံ၍ လက်မခံသော အရာများကို လက်မခံကြောင်း အကြောင်းအကျိုးပြကြသည်။ အုပ်စုသုံးခုလုံးသည် မိမိတို့ ရပ်တည်သည့် ယုံကြည်ချက်ကို အထောက်အပံ့ဖြစ်စေမည့် သိပ္ပံတွေ့ရှိချက်၊ လောက နိယာမ၊ လူ့သဘာဝများကို ကိုးကားပြီး အထောက်အထားအဖြစ် မိမိတို့ လက်ခံသည့် အယူအဆအပေါ် ခိုင်မာကြောင်း သက်သေပြကြသည်။ 

ယုံကြည်ချက်တစ်ခုမှ အခြားတစ်ခုသို့ ရွှေ့ပြောင်းယုံကြည်သူများ အမြောက်အမြားရှိသည်။ မြန်မာဝေါဟာရအားဖြင့် ဘာသာ ကူးပြောင်းသူဟု ခေါ်သည်။ ယုံကြည်သူများသည် မယုံကြည်သူများကို ဖိတ်ခေါ်ခွင့်၊ ရှင်းပြခွင့်ရှိသည်ဟု ယဉ်ကျေးသော လူ့အသိုင်းအဝိုင်းက လက်ခံသည်။ လူကောင်းရှိသလို လူဆိုးလည်းရှိသဖြင့် ယုံကြည်ချက်များကို စော်ကားသော အုပ်စုများလဲ ဘာသာတိုင်းတွင် ရှိကြသည်။ ထိုသူများကို ငါတို့နဲ့ ဘာသာတူတာပဲဟု လွှတ်ပေးထားလျှင် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း ဖြစ်မည်မဟုတ်ချေ။ ထို့ကြောင့် အခြေခံဥပဒေများတွင် ဤအချက်ကို ထည့်သွင်းရေးဆွဲလေ့ရှိကြသည်။

အစ္စလာမ်ဘာသာသည် ဖန်ဆင်းရှင်ကို ယုံကြည်သော ကောင်းကင်ကျကျမ်းကို လိုက်နာသော တမန်တော်များကို ယုံကြည်သော ကမ္ဘာ့တရားစီရင်မည့်နေ့ကို ယုံကြည်သော ဘာသာတစ်ခုဖြစ်သည်။ ဖန်ဆင်းရှင်၏ အမည်နာမ၊ ကျမ်းစာ၊ တမန်တော်ယုံကြည်မှုတို့တွင် အခြား ဖန်ဆင်းရှင် ယုံကြည်သော ဘာသာများနှင့် ကွဲပြားသည်။ အခြေခံမူဝါဒအားဖြင့်မူ အခြား ဖန်ဆင်းရှင်လက်ခံသော ဘာသာများနှင့် တူညီသည်။ အစ္စလာမ်ဘာသာဝင်များတွင်လည်း အခြားဘာသာဝင်များနည်းတူ လူကောင်း၊ လူဆိုး ရှိသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများကို ဘာသာနှင့် တွဲ၍ မမြင်ရန် အမြော်အမြင်ရှိသူတို့က တားမြစ်ကြခြင်းဖြစ်သည်။ လောကအပေါင်းကို စိုးပိုင်သော လူသားအပေါင်း၏ ဖန်ဆင်းရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ်၏ ကျေနပ်သဘောတူမှု (ရေဒွာအေ မောင်လာ)သည် အစ္စလာမ်ဘာသာဝင်တို့၏ အန္တိမပန်းတိုင်ဖြစ်သည်။ ထိုပန်းတိုင်သို့ရောက်ရှိရန် ယုံကြည်သူဘာသာဝင်သည် ကောင်းကင်ကျ ကျမ်းစာ၊ တမန်တော်၏ ဘဝနေထိုင်မှု၊ အစ္စလာမ့်ဥပဒေ၊ အစ္စလာမ့်အဆုံးအမတို့နှင့်ကိုက်ညီစွာ ဘဝတည်ဆောက် အသက်မွေးမှု ပြုလုပ်ရသည်။ အစ္စလာမ်ဘာသာတွင် ဖန်ဆင်းရှင်အားယုံကြည်မှုနှင့် ခဝပ်ကိုးကွယ်မှုကဏ္ဍသည် ပင်မအချက်ကြီး ၅ ချက် (ယုံကြည်ချက်၊ ခဝပ်ကိုးကွယ်မှု၊ အပေးအယူ(စီးပွားရေး)၊ လူမှုရေး၊ အကျင့်စာရိတ္တ) အနက် နှစ်ခုဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်သည် တရားအားထုတ်နေရုံနှင့် ပြီးပြည့်စုံပြီဟု ကျေနပ်နေရမည့်သူ မဟုတ်ချေ။ စီးပွားရေး၊ လူမှုရေးနှင့် အကျင့်စာရိတ္တပိုင်းများကိုပါ ဖန်ဆင်းရှင်သတ်မှတ်သည့် အတိုင်းဖြစ်ရန် ကြိုးစားအားထုတ်ဖို့လိုသည်။ စီးပွားရေးလုပ်ရာတွင် ဆောင်ရန်(လုပ်ပိုင်သည့်အရာများနှင့်) ရှောင်ရန် (အခွင့်မရှိသည့်အရာများ)ကို အစ္စလာမ်က ပြဌာန်းထားသည်။ အလှူဒါနကို ဘယ်အတိုင်းအတာချမ်းသာရင် ဘယ်လောက်လှူရမည်၊ ဘယ်အတိုင်းအတာ မချမ်းသာရင် အလှူစားခွင့် ရှိသည် (အလှူခံခွင့်မဟုတ်) ဟု သတ်မှတ်ပြဌာန်းထားသည်။ မိမိကိုယ်မိမိ တာဝန်ယူရန်နှင့် မိမိနှင့် သက်ဆိုင်သော မိဘ၊ မောင်နှမ၊ သားသမီး၊ အလုပ်သမားတို့အပေါ် တာဝန်ယူရန် ပြဌာန်းထားသည်။ အစ္စလာမ်တွင် ဘုန်းကြီးမရှိခြင်းမှာ အခွင့်ထူးခံလူတန်းစား မရှိကြောင်းနှင့် ဘာသာဝင်တိုင်းသည် တာဝန်ယူရဲ တာဝန်ခံရဲသော သတ္တိအပြည့်ရှိအောင် သင်ကြားထားခြင်းဖြစ်သည်။ အစ္စလာမ့်ပညာများကို တတ်ကျွမ်းသောပညာရှင်များ၊ သူတော်စဉ်များနှင့် အကြီးအကဲများသည် ဘုန်းကြီးများ မဟုတ်ကြချေ။ သူတို့သည်လည်း မိမိကိုယ်မိမိနှင့် အခြား တာဝန်ထိုက်သူများကို တာဝန်ယူရသော တာဝန်ခံများဖြစ်ကြသည်။ လူအများက ထိုသူတို့ကို ဂါရဝတရားနှင့် ရိုသေလေးစားကြသည်။

အစ္စလာမ်ဘာသာက လူ့လောကကို စွန့်ခွာ၍ မိမိတာဝန်ကို သူတပါးကိုယူခိုင်းပြီး ကိုယ်လွတ်ရုန်းခြင်းကို အားမပေးဘဲ သတ္တိရှိရှိ၊ တာဝန်ယူမှုအပြည့်ဖြင့် ကိုယ်တိုင်ရော မိသားစုကိုပါ တာဝန်ခံရဲသော သူများ ဖြစ်လာဖို့ အားပေးသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တို့သည် မိသားစုဘဝကို ခုံမင်သည်။ မိသားစုအတွက် ပေးဆပ်ကြသည်။ ကိုယ်လွတ်ရုန်းသူ ရှားသည်။ အစ္စလာမ်သည် တရားအားထုတ်ခြင်းကို အကြောင်းပြ၍ မိမိတာဝန်ကို သူများကို ထမ်းပိုးခိုင်းခြင်းမပြုရန် တားမြစ်သည်။ သို့သော် စေတနာသဒ္ဓါရှိစွာဖြင့် ပေးကမ်းမှုကိုမူ လက်ခံခွင့်ပေးထားသည်။ လူတိုင်းသည် ဖန်ဆင်းရှင်ရှေ့မှောက်တွင် သတ်မှတ်ပြီးဖြစ်သော အခွင့်အရေးနှင့် တာဝန်များရှိသည်။ ပေးအပ်ထားသော အခွင့်အရေးများကို ယူပိုင်ခွင့်ရှိပြီး တာဝန်များကို ထမ်းဆောင်ရသည်။ ပျက်ကွက်ပါက တရားစီရင်မည့်နေ့တွင် အစားပေးရမည်။ အလ္လာဟ်အရှင်မြတ်က ကောင်းသည်ဟု သတ်မှတ်သော အရာများကိုသာ ကောင်းသည်ဟု ယုံကြည်ရပြီး မကောင်းဟု သတ်မှတ်ထားသော အရာကို မကောင်းဟုသာ ယုံကြည်လက်ခံရခြင်းသည် အစ္စလာမ့်မူ ဖြစ်သည်။ ဥပမာ ငွေတိုးယူခြင်း၊ ပေးခြင်းကို အလ္လာဟ်အရှင်မြတ်က အကုသိုလ် (မကောင်းသောအလုပ်) ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် အစ္စလာမ်ဘာသာဝင်တို့သည် ငွေတိုးပေးခြင်း ငွေတိုး စားခြင်းတို့ကို မပြုလုပ်ရချေ။ အတိုးမပါဘဲ ငွေချေးရသည်။ အတိုးဟု သဘောသက်ရောက်စေမည့် အရာမှန်သမျှမှ ရှောင်ရသည်။ အစ္စလာမ်ဘာသာဝင်တို့သည် အလ္လာဟ်အရှင်မြတ် ခွင့်ပြုသော အရာများကိုသာ စားသုံးရပြီး တားမြစ်ထားသော အရာများကို မစားသုံးရချေ။ ခွင့်ပြုသော အရာသည် သားကောင်ဖြစ်ပါက အရှင်မစားသောက်ရပေ။ သတ်ဖြတ်ရာတွင်လည်း စိတ်ထင်သလို မသတ်ဖြတ်ရဘဲ သတ်မှတ်ထားသော စည်းကမ်းအရသာ သတ်ဖြတ်ရသည်။ အစ္စလာမ်က ခွင့်ပြုသော သားကောင်အမျိုးအစားသည် နည်းပါးပြီး တားမြစ်ထားသော အမျိုးအစားသည် များပြားသည်။ အစ္စလာမ်သည် ဘာသာတရားဟု လူတို့ သတ်မှတ်သည်ထက် ပိုမိုသော လူမှုဘဝ လှပစွာနေထိုင်ရေး ကျင့်စဉ်တစ်ရပ်ဖြစ်သည်။ လူမှုဘဝ လှပစွာနေထိုင်ရေးအတွက် လိုအပ်သော အရာအားလုံးကို အစ္စလာမ်က ပြဌာန်းပြီးဖြစ်သည်။ ဥပမာ အိမ်ထောင်ပြုခြင်းကို ကောင်းမွန်သော အရာအဖြစ် ပြဌာန်းထားပြီး အစ္စလာမ့် အိမ်ထောင်ရေးဆိုသည်မှာ ဘာသာရပ်တစ်ခုအဖြစ် လေ့လာလို့ရအောင် ကျယ်ဝန်းသည်။ အမျိုးသမီးများကို မတရား ကာမေသုအမှုပြုလုပ်လိုသော ယောက်ျားတို့အရှုမှ ကာကွယ်မှုပြုထားသည်။ အမျိုးသမီးတစ်ဦးအတွက် ဖခင်၊ သား၊ အစ်ကို၊ ခင်ပွန်း တို့အပေါ် တာဝန်ရှိစေပြီး အမျိုးသားတစ်ဦးက မိခင်၊ သမီး၊ အစ်မ၊ ဇနီး တို့အတွက် တာဝန်ယူစေသည်။ ထိုသူတို့ မရှိမှသာ အမျိုးသမီးသည် မိမိကိုယ်ကို တာဝန်ယူရသည်။ အစ္စလာမ့်အုပ်ချုပ်ရေးတွင် အလွန်ကောင်းမွန်သော ခေတ်ရှေ့ပြေးစံနှုန်းများရှိပြီး ယနေ့တွင်လည်း ကျင့်သုံးလိုက ကျင့်သုံးနိုင်သော အချက်အလက်များနှင့် ပြည့်စုံသည်။ အစ္စလာမ့်စစ်တပ်တွင် ညှဉ်းပန်းနှိပ်စက်မှုလုံးဝ မလုပ်ရဘဲ မိန်းမ၊ သက်ကြီးရွယ်အို၊ လူမမယ်နှင့် စစ်ပွဲတွင် မပါဝင်သူများကို အန္တရာယ်မပြုရုံသာမက အကာအကွယ်ပါ ပေးရသည့် စည်းကမ်းရှိသည်။ ယုံကြည်သူတို့အဖို့ အစ္စလာမ်သည် ပြီးပြည့်စုံသော လမ်းညွှန်ချက်အဆုံးအမဖြစ်၍ မယုံကြည်သူတို့အဖို့ အတုယူဖွယ်များရှိသော လူမှုဘဝတည်ဆောက်နည်းပင်ဖြစ်သည်။

အစ္စလာမ်သည် စကြဝဠာတစ်တိုင်းလုံးတွင် လူကို အထွတ်အမြတ်ဆုံးဟု သတ်မှတ်သည်။ ထို့ကြောင့် လူမှအပ အခြားအရာနှင့် သတ္တဝါတိုင်းသည် လူတို့ အသုံးချခံ သို့မဟုတ် လူ့အကျိုးပြု သို့မဟုတ် လူတို့မှီဝဲရန် သို့မဟုတ် လူတို့ စီးပွားဖြစ်ရန် ဖြစ်လာသည်။ အစ္စလာမ်ဘာသာဝင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သလို ထိုအရှင်မြတ်၏ တမန်တော်များနှင့် ထိုတမန်တော်တို့၏ လူမှုဘဝဖြစ်စဉ်များကိုလည်း အလေးထားရသည်။ တမန်တော်တို့အနက် အီဗရာဟင် တမန်တော်သည် အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်မှုများထဲမှ ပြင်းထန်သော စမ်းသပ်မှုများကို အောင်မြင်ခဲ့သော တမန်တော်တစ်ပါးဖြစ်သည်။ စမ်းသပ်မှုမှာ အလ္လာဟ်အရှင်မြတ်အတွက် မိမိ၏ သားအရင်း(၏အသက်)ကို လှူဒါန်းရမည် ဟူ၍ဖြစ်သည်။ ထိုစမ်းသပ်မှုကို အီဗရာဟင် တမန်တော်က အောင်မြင်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကလေးအသက်ကိုမယူဘဲ သားကောင်တစ်မျိုးဖြင့် အစားထိုးပေးလိုက်သည်။ ထိုတမန်တော်ကြီး၏ စမ်းသပ်မှု အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် အစ္စလာမ်ဘာသာဝင်တိုင်းကို နှစ်စဉ် အသက်လှူသော ကျင့်စဉ်တစ်ရပ်ပြုလုပ်ခိုင်းသည်။ ထိုအရာကို ကုရ်ဘာနီ (စွန့်လှူခြင်း၊ စွန့်လှူမှုအကြောင်းခံဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရယူခြင်း) ဟု ခေါ်သည်။ ထိုစွန့်လှူသော အသက်မှ ရလာသော အာဟာရကို မိမိကိုယ်တိုင် စားသုံးခွင့်ပေးပြီး ဆွေမျိုးနှင့် လူသားအားလုံးကိုပါ စားခွင့်ပေးသည်။ မယုံကြည်သူတို့အနက် အချို့သည် ထိုအရာကို မကောင်းပြောကြသည်။ မည်သူ့ကိုမျှ မထိခိုက်သော ယုံကြည်ချက်ပိုင်းဆိုင်ရာ ကျင့်သုံးမှုသည် လွတ်လပ်သော လူတိုင်းအတွက် အခွင့်ရှိသောအရာဖြစ်သည်။ ကုရ်ဘာနီ (စွန့်လှူ) သည်ကို လာမကြည့်သူသည် စိတ်၏ ခံစားချက်လည်း မဖြစ်ပေါ်ပေ။ လူတို့အာဟာရအတွက် သားကောင်သတ်ဖြတ်ခြင်းကို တားမြစ်ရန် မည်သည့် လူ့အဖွဲ့အစည်းကမှ မကြံစည်ဘူးချေ။ လူတို့အတွက် စားထိုက်သော သားကောင်တို့သည် အာဟာရသာဖြစ်ပေသည်။ ဖန်ဆင်းရှင် မယုံကြည်သူ ဘာသာဝင်အချို့က သားကောင်သတ်ဖြတ်ခြင်းကို ဆန့်ကျင်သော်လည်း တစ်ကမ္ဘာလုံးအာဟာရအတွက်မူ ၎င်းတို့ထံတွင်လည်း အဖြေမရှိချေ။ ဖန်ဆင်းရှင်သည် လူတို့အတွက် ဘယ်အရာက ကောင်းသည်။ ဘယ်အရာက ဆိုးသည်ကို သိတော်မူသောကြောင့် သတ်မှတ်ပြီးဖြစ်သည်။ ပြဌာန်းပြီးဖြစ်သည်။ အသစ်ပြဌာန်းရန် ပြင်ဆင်ရန် မလိုအပ်ချေ။ လူလုပ် ဥပဒေများသည်သာ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ပြုရလေသည်။

၂၇/ ဇိလ်ကအ်ဒဟ်/ ဟိဂ်ျရီ ၁၄၃၇/ ယောင်မွလ်ခမီးစ်
1.9.2016
Credit: အလ်မုဖီးဒ်က ရေးသားသည်။

အလ်မုဖီးဒ် Link များ
Website: http://aaitee.blogspot.com
Facebook: http://www.facebook.com/almufeed.mm
Email: haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။