Monday, May 23, 2016

ရိုဇဟ်မထားသူဖြင့် ရိုဇဟ်ထားသူက မဂ်ဖိရသ်ရခြင်း



ဟဇရသ်အွမ်မေ့အုမရဟ်သခင်မထံမှ ဆင့်ပြန်ချက်လာရှိသည်။ သခင်မက အကြောင်းတစ်ရပ်ကို ပြောပြခဲ့သည်မှာ တစ်ခါက တမန်တော်မြတ်သည် ကျွန်မထံသို့ အလည်အပတ် ကြွမြန်းလာခဲ့သည်။ ထို့ကြောင့် ကျွန်မက စားသောက်ဖွယ်ရာတို့ဖြင့် ဧည့်ခံ၏။ တမန်တော်က အသင်မလည်း လာစားလှည့်ပါဟု ဖိတ်ခေါ်လေသည်။ ထိုအခါ ကျွန်မက အို တမန်တော် ကျွန်မ ရိုဇဟ်စောင့်ထိန်းထားပါသည်ဟု လျှောက်ထားသည်။ ထိုအခါ တမန်တော်မြတ်က ရိုဇဟ်စောင့်ထိန်းသူအနီး စားသောက်ပါက ကောင်းကင်တမန်တို့သည် စားသောက်သူ ပြီးသည်အထိ ရိုဇဟ်ထားသူအတွက် မဂ်ဖိရသ်ရရန် ဆုတောင်းပေးနေကြ၏ ဟု မိန့်တော်မူပေသည်။ အထက်ပါဟဒီးစ်ကို အဟ်မဒ်ကျမ်း၊ သိရ်မီဇီကျမ်းတို့တွင် ဆင့်ပြန်ထားပြီး မိရှ်ကားသ်တွင်လည်း ဖော်ပြထားပါသည်။

ဤဟဒီးစ်ကို ဖော်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ရိုဇဟ်စောင့်ထိန်းထားသူ တစ်ဦးဦးရှေ့တွင် နောက်တစ်ယောက်က စားသောက်ပါက မကောင်းဖြစ်သည်။ အားနားစရာ၊ သို့မဟုတ် မားအ့်ဖ်ပြုပါ စသည့်ခံယူချက်အချို့ မွတ်စ်လင်မ်အများစုအတွင်း ရှိကြပါသည်။ အမှန်ရှိသည်မှာ ထိုသို့မဟုတ်ပါ။ ရိုဇဟ်ထားသူအနီး မထားသူက စားသောက်ဖြစ်ပါက ယင်းစားသောက်နေသူ၏ အကြောင်းခံဖြင့် ကောင်းကင်တမန်တို့၏ မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားပေးခြင်းကို အနီးရှိ ရိုဇဟ်စောင့်ထိန်းသူက ရရှိပေသည်။ ထို့ကြောင့် ရှိရင်းစွဲခံယူချက်မှ ရှရီအသ်၏ သင်ပြမှုသို့ ပြောင်းလဲခံယူနိုင်ရန် ရည်ရွယ်ပါသည်။

ဤသို့ စားသောက်နေသူကြောင့် တစ်ဖက်က ရိုဇဟ်ထားသူ မဂ်ဖိရသ်ရသည်ဟု ဆိုလိုက်ခြင်းဖြင့် တမင်သကာ လိုက်လံစားပြနေခြင်း၊ ရိုဇဟ်ထားသူများအား အစားအသောက်ပုံများဖြင့် ပွဲခံခြင်းများ ပြုခိုင်းခြင်း မဟုတ်ပါ။ ထို့အတူ ရမဿွာန်လမြတ်တွင် လူတကာရှေ့ ပေါ်ပေါ်တင်တင် ရမဿွာန်လမြတ်ကို ဂရုမစိုက်သည့်ပုံဖြင့် စားသောက်ခိုင်းသည်လည်း မဟုတ်ပါ။ အခြေအနေအရ ရိုဇဟ်ထားသူရှေ့တွင် စားသောက်ဖြစ်ပါက အားနားစရာမဟုတ်ကြောင်း ယင်းသို့စားသောက်ဖြစ်သွားခြင်းဖြင့် ရိုဇဟ်ထားသူအတွက် ကောင်းကင်တမန်တို့၏ မဂ်ဖိရသ်ပါ ရရှိကြောင်း သိရှိနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် အခြေအနေအရ ရိုဇဟ်ထားသူနှင့် မထားသူတို့ တွေ့ဆုံဖြစ်ပြီး စားသောက်ကြပါကလည်း မည်သို့မှ အားနားစရာမရှိဘဲ ရိုဇဟ်ထားသူကလည်း အနားတွင်ရှိနေကာ မဂ်ဖိရသ်ကို ရယူနိုင်ပါကြောင်း အသိတစ်ခု လက်ဆောင်ပါးလိုက်ပါသည်။

Thursday, May 19, 2016

ဗရားသ်ညမှာ ဆုယူပါ


ဗရားသ်ညမှာ ခွင့်လွှတ်မှု ယူရန်

မကြာမီရက်အနည်းငယ်အတွင်းမှာပင် မွတ်စ်လင်မ်အားလုံး အလွန်နှစ်သက် လိုလားကြသည့် ညထူးညမြတ် တစ်ခု ရောက်ရှိလာတော့မည် ဖြစ်သည်။ အလ်ဟမ်ဒုလစ်လ္လာဟ် မွတ်စ်လင်မ်အားလုံးနီးပါး ယင်းညမြတ်ကို အထူးတန်ဖိုးထားကြ၊ ယခုကတည်းကပင် ထွတ်မြတ်မှုများကို အသိပေး မျှဝေမှုများ ရှိနေကြပေသည်။ ထိုညတွင် ကောင်းမှုများ ပြုလုပ်ကြရန်၊ ဗိဒ်အသ် အစ္စလာမ့်ရှရီအသ်တွင် သတ်မှတ်မထားသည်များ မလုပ်မိကြရန် တိုက်တွန်း အသိပေးချက်များလည်း အများအပြား ရှိနေကြပေပြီ။ စာသားများ၊ စကားလုံးများအနေဖြင့် အားလုံး အသင့်ရှိနေပြီဖြစ်၍ ယင်းတို့အား မွတ်စ်လင်မ်တို့က ပြင်ပတွင် လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အသက်သွင်း ရှင်သန်စေရပါမည်။ ဒီအတိုင်း စာသားများ စကားများဖြင့် ရှိနေခြင်းက အမြတ်မရသေးပေ။ အမြတ်ရရန်မှာ လက်တွေ့ ဆောင်ရွက်မှသာလျှင် အမြတ်ရမည်။ တစ်နည်း ယင်းသို့ ဖတ်ရှုထားသော စာများ၊ နားထောင်ထားသော စကားများအား လက်တွေ့ ကျင့်သုံးရမည်။ နောက်တစ်ဦးအားလည်း ကျင့်သုံးပါရန် ဖိတ်ခေါ်ရမည်။ ဖိတ်ခေါ်မှုရရှိသူကလည်း လက်ခံရပေမည်။ သို့မှသာ ယင်းရေးသားချက်၊ ဟောပြောချက်စကားများသည် ပြီးပြည့်စုံသည့် အမြတ်အစွန်းကို ရရှိမည်ဖြစ်၏။

ဗရားသ်

ရှအ်ဗာန်လ၏ ဆယ့်ငါးရက်ညအား လိုင်လသွလ် ဗရား(အ)သ် ဂျဟန္နမ်မှ လွတ်ကင်းမှုပေးသောည၊ လိုင်လသွဆ်ဆွက်ကိ မှတ်တမ်းစာရင်းစာရွက်ပေးအပ်သည့်ည၊ လိုင်လသွလ် မုဘာရကဟ် ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်သည့်ည ဟူ၍ အမည်မှည့်ခေါ်ကြသည်။ လိုင်လသွလ် ဗရား(အ)သ်ဟူသောအမည်သည် လူသိအများဆုံးဖြစ်သည်။ လူသိအများဆုံးအမည်၏ အဓိပ္ပါယ်ကို ကြည့်ပါ။ ဂျဟန္နမ်မှ လွတ်ကင်းမှုပေးသောညဟူ၍ ဖြစ်သည်။ ဂျဟန္နမ်ဟူသည် ဂျန္နသ်၏ ဆန့်ကျင်ဖက်ဖြစ်ပြီး ဆိုးရွားမှုအစုံနှင့် ပြစ်ဒဏ်ပေးနေသည့်နေရာပင်ဖြစ်၏။ လူသားတို့သည် ယင်းဂျဟန္နမ်၏ပြစ်ဒဏ်များမှ အနိမ့်ဆုံးပြစ်ဒဏ်တစ်ခုပင် ခံနိုင်ရည်မရှိပါ။ ကမ္ဘာဦးအစ အာဒမ်နဗီမှစ၍ ကျွန်ုပ်တို့၏ ချစ်တမန်တော်ကြီး နဗီချုပ် အလ္လာဟ်အရှင်မြတ်၏ အချစ်ဆုံး ကျေးကျွန်ဖြစ်သူ မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်အထိ၊ ကမ္ဘာပေါ်ရှိ လူသားအားလုံးတွင် အမြတ်ဆုံးဖြစ်သော ဆွဟာဗဟ်များ၊ အလ္လာဟ်အချစ်ကိုသာ ဦးစားပေးကာ လောကတွင် အောင်မြင်မှုသရဖူဆောင်းထားသည့် အလ္လာဟ်အချစ်ကို ရရှိပိုင်ဆိုင်ထားကြသည့် ၀လီများ အားလုံး အားလုံးသည် ယင်းဂျဟန္နမ်မှ လွတ်မြောက်ရန် တောင်းခံခဲ့ကြသည်။ ဆုပန်ခဲ့ကြသည်။ ဆုတောင်းပြည့်သည့်နေရာတိုင်းတွင် ဂျဟန္နမ်မှ လွတ်ရပါစေသားဟု ဆုမွန်တောင်းခဲ့ကြပေသည်။ ထိုသို့သော သူများပင်လျှင် ဂျဟန္နမ်တွင် ဆန်စေ့ခန့်မျှပင် မနေရရင် အလ္လာဟ်ပေးသည့်ပြစ်ဒဏ်ကို အနည်းငယ်လေးပင် မခံရရန် အလေးအနက် တောင်းခံခဲ့ကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ ယနေ့ခေတ်လူသား မွစ်လင်မ်တို့အနေဖြင့် ယင်းဂျဟန္နမ်မှ လွတ်မြောက်ရန် အလ္လာဟ်ခတ်သည့် ပြစ်ဒဏ်မှ လွတ်ကင်းရန် အဘယ်အတိုင်းအတာအထိ တောင်းခံရပါမည်နည်း။ စမ်းစစ်ပါ။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အထူးဗန္ဒာဟ် အီမာန်ရှင်တို့အား အလွန့်အလွန် ချစ်ခင်တော်မူသည်။ အီမာန်ရှင်တို့အား ပြစ်ဒဏ်ခတ်ရန်၊ ဂျဟန္နမ်ချရန် မလိုလားပါ။ အထူးသဖြင့် အွမ္မသေမုဟမ္မဒီယာဟူသည့် ကမ္ဘာ့လူသားထုအတွင်း နဗီများပင် တောင့်တ၍ မရခဲ့သည့် ဘွဲ့ထူးကို ရထားသော ကျွန်ုပ်တို့အား ပို၍ပင် ပြစ်ဒဏ်မခတ်၊ ဂျဟန္နမ်သို့ မချလိုပါ။ ထို့ကြောင့်သာလျှင် အစ္စလာမ့်ရှရီအသ်၌ နေ့စဉ်၊ အပတ်စဉ် တစ်နှစ်တွင်လည်း ရက်ပေါင်း လပေါင်းများစွာ ခွင့်လွှတ်မှုပေးခြင်းဟူသည် ဆုထူးချီးမြှင့်သည့် အချိန်ပေါင်း နေ့ပေါင်း ညပေါင်းများစွာ ပါရှိပါသည်။ ယခု မကြာမီရောက်ရှိမည့်ညသည်လည်း ယင်းဆုထူးများ ပေးသနားမည့် အချိန်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ သို့ရာတွင် ထိုဆုထူးကို တောင်းခံသူအား ပေးမည်ဟူသည့် စည်းကမ်းချက်တော့ ရှိသည်။ ယင်းညတွင် အီမာန်ရှိနေသူတိုင်းအား အလကားလိုက်ပေးသည်တော့ မဟုတ်ပါ။ ထို့ပြင် ဆုပေးရာတွင်လည်း စံပြ၊ အကောင်းဆုံး၊ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့် စသဖြင့် အဆင့်ဆင့်လည်း ကွဲပြားပါဦးမည်။ ပေးတော့ပေးသည်။ သို့ရာတွင် ယူတတ်သူအား ပေးမည်။ ယူတတ်သူမှ ရပါမည်။ ကျွန်ုပ်တို့၏ တာဝန်မှာ ဆုပေးသည့်ညတွင် ဆုရအောင် ကြိုးစားရပါမည်။ ဤဆုကို ရဖို့ လာဘ်ထိုးရန်မလိုပါ။ ရုပ်ချော ပိုက်ဆံရှိ ကားပိုင် မြေပိုင် အိမ်ပိုင်ဖို့မလိုပါ။ တော်ကီကောင်းဖို့ အင်္ကျီအ၀တ်အစား လှပဖို့ ဖက်ရှင်ဖြစ်ဖို့ အသားကောင်းဖို့ ဒါတွေမလိုပါ။ ထို့အတူ ဆုရရန် တိုးကြိတ်နေဖို့လည်း မလိုအပ်ပေ။ မိမိနေအိမ်တွင်ပင် အေးအေးသက်သာ ဆုရရန် ကြိုးပမ်းနိုင်ပါသည်။

အထူးဆု

ဗရားသ်ညတွင် ပေးသည့်ဆုမှာ အထူးဆုကြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတိုင်းအား အမျိုးမျိုးသော အရာများ ချီးမြှင့်သည်။ တချို့ကို မတောင်းဘဲနှင့်လည်း ပေးထားသည်။ အချို့ကို တောင်းမှပေးသည်။ ထို့နောက် အချို့ကို အီမာန်ရှင်တိုင်းအား ပေးထားသည်။ တချို့ကိုမူ အီမာန်ရှင်တို့ထဲမှ တောင်းခံသူအား ပေးသည်။ ယင်းသို့သော အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားသည့် အမျိုးမျိုးသော အရာများအနက် မဂ်ဖိရသ်ဟူသည့် ကျူးလွန်ခဲ့သည့်ပြစ်မှုများအား အပြစ်မယူဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဟူသည့် ဆုသည် အလွန်ကြီးကျယ်သော ဆုထူးတစ်မျိုးပင် ဖြစ်ပါ၏။ ဂျန္နသ်ရခြင်းဟူသည်မှာပင် ဂျန္နသ်မရောက်ခင် ပြစ်ဒဏ်ခတ် ခံရမည်လား၊ ဂျဟန္နမ်မကျခြင်းတွင် ဂျဟန္နမ်မရောက်မီ လောကမှ အပြစ်ယူခံနေရမှာလား၊ ကဗရ်မှာ အပြစ်ခံရမှာလား၊ ရောဂါ သောကတွေထဲမှာ အပြစ်တွေကို ဆေးကြောခံရမှာလား စသည်တို့ ဖြစ်နိုင်သေးသည်။ သို့သော် မဂ်ဖိရသ်ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့် ဆုထူးသည် ယင်းသို့သော တခြားပုံစံများဖြင့်ပင် ပြစ်ဒဏ်ခတ် ခံရတော့မည်မဟုတ်ဘဲ ကျူးလွန်မိခဲ့သမျှအား အလ္လာဟ်အရှင်မြတ်က မိမိ၏အသနားတော်ဖြင့် ပြစ်ဒဏ်မခတ်တော့ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းပင် ဖြစ်၏။ အလ္လာဟ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်လျှင် တခြားဘယ်သူမှ အပြစ်ပေးရန် မထိနိုင်တော့ပါ။ အလ္လာဟ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် ရထားသူအား ဂျဟန္နမ်သို့လည်း ထည့်လို့မရပါ။ ကဗရ်မှာ ပြစ်ဒဏ်ခတ်လို့မရပါ။ ထိုသို့သော လွတ်လပ်မှုမျိုးကို ရရှိမည့် လွတ်ငြိမ်းချမ်းသာခွင့်အား အလ္လာဟ်အရှင်မြတ်သည် ဤညမြတ်မဟာတွင် အထူးတလည် ချီးမြှင့်မည်ဖြစ်သည်။ ထို့ကြောင့် အီမာန်ရှင်တိုင်းသည် ယင်းဆုထူးကို ရအောင် ယူကြရပါမည်။ မဂ်ဖိရသ်ကို ပိုင်ဆိုင်သွားပါက အလွန်ပင် ကြည်နူး ချမ်းမြေ့ဖွယ် ဖြစ်၏။ ထို့ကြောင့် ယင်းဆုထူးကို ရအောင် ယူကြပါ။ တခြားသော မွစ်လင်မ်က ရသည်ဆိုလျှင် အသင်နှင့် ကျွန်ုပ် ဘာ့ကြောင့် မရ ရပါမည်နည်း။ အလ္လာဟ်ပေးသည့် ဆုကို ရဖို့ ဘယ်သူ့ကိုမှ ကပ်ရန်မလိုပါ။ အလ္လာဟ်ကိုသာ ကပ်ဖို့လိုမည်။ ဆိုလိုသည်မှာ အလ္လာဟ်က မိမိအား နှစ်သက်ပြီး ပေးချင်လာအောင် အလ္လာဟ်ထံပါးတွင် လျှောက်ထားတောင်းခံရပါမည်။ လူလူချင်းတွင် အောက်ကျို့၍ လောကီချမ်းသာမှုကို ရယူသည့် အကျင့်ရှိသူများအဖို့ ဗရားသ်ညက တောင်းဆိုနေပါသည်။ အလ္လာဟ်ထံတွင် အောက်ကျို့ပါက သိက္ခာလည်းမကျ၊ လူမြင်အရှက်ကွဲရသည်လည်း မဖြစ်ပါ။ အဆုံးဆိုရလျှင် လူ့သည်းခြေကြိုက် ပိုက်ဆံပင် ကုန်ဖို့မလိုအပ်ပါ။ ထို့ကြောင့် အလ္လာဟ်ထံပါးအောက်ကျို့ပြီး အထူးဆုဖြစ်သည့် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာမှုအား ရယူတောင်းခံကြပါ။

အငြင်းများနှင့် ဗရားသ်

ယနေ့အခါသမယရှိ မွစ်လင်မ်အသိုင်းအ၀ိုင်း အထူးဆိုရလျှင် အွန်လိုင်း မွစ်လင်မ်အသိုင်းအ၀ိုင်းသည် အလွန်အငြင်းသန်သော အုပ်စုတစ်ခုဖြစ်သည်။ အခြေအနေ အချိန်အခါ ရှေ့လူ နောက်လူ ဘာမှမကြည့်ဘဲ၊ မိမိပြောလိုသည်ကိုသာ တစ်စိုက်မတ်မတ် ငြင်းကြသည်။ အငြင်းအခုံအဖြစ်ဆုံးသော အုပ်စုပင် ဖြစ်၏။ မိမိတို့ ငြင်းနေသည့်အရာသည် ရှရီအသ်၏ မည်သည့်အဆင့်အတန်းတွင် ရှိသည်။ ငြင်းလိုက်ခြင်းကြောင့် ဖတ်ရှုနေသူများတွင် ခံစား၊ မှတ်ယူသွားသည့် အသိများ အဘယ်ကဲ့သို့ ရှိသွားမည်။ ကိုယ်ငြင်းလိုက်လို့ မွစ်လင်မ်တို့ထဲမှ အသိနည်းသူများ အယူအဆပြောင်းသွားနိုင်ခြင်း ရှိ မရှိ စသည်တို့အား လုံးဝစဉ်းစား ဆင်ခြင်ခြင်း မရှိပေ။ အာရုံရှိသည်မှာ ငြင်းရန်သာဖြစ်၏။ ဒီအကြောင်းအရာရောက်လျှင် ဒါငြင်းရမည်ဟု လှေနံဓါးထစ် မှတ်ယူထားသူ အများအပြား ရှိကြသည်။ တချို့သော အငြင်းများသည် ဘေးထွက်ဆိုးကျိုး အလွန်များလှသည်။ ယခု ဗရားသ်တွင်လည်း စပြီး ငြင်းကြမည်သာ ဖြစ်၏။
မြန်မာပြည်တွင် ယခင် ရှိခဲ့ဖူးသော အာလင်မ်ကြီးများကို ပြန်လည် တမ်းတမိပါသည်။ လက်ရှိ သက်ရှိထင်ရှား ရှိနေသည့် အာလင်မ်ကြီးများအားလည်း တမ်းတပါ၏။ ၎င်းတို့သည် မည်သည့်အခါမှ လုပ်ရပ်တစ်ခုအား တစ်ဆုံးပုတ်ခတ်ပြောဆို ကန့်ကွက်သည်ဟု မရှိပါ။ သူ့ကဏ္ဍနှင့် သူ ပြေပြေလည်လည် ရှင်းပြသည်။ တစ်ဖက်သား လက်ခံချင်လာအောင် ပြောပြတတ်သလို မြန်မာပြည်ရှိ မွစ်လင်မ်တို့၏ စရိုက်နှင့် ကိုက်ညီအောင်လည်း သင်ပြပေးသည်။ ဗရားသ်အကြောင်းနှင့် ဆက်စပ်၍ ယခင်ဆရာကြီးများ၏ ဟောပြောချက်များကို နားထောင်ရပါလျှင် အိမ်ပြန်သည်နှင့် တစ်ညလုံး ကောင်းမှုကုသိုလ်များ ပြုလိုစိတ် ထက်သန်သွားမည်။ လိုလားစွာ အိဗာဒသ်ပြုကြမည်။ ယခုခေတ် အငြင်းအုပ်စု၏ စကားများကို ဖတ်လိုက်ပါက လုပ်မည်ဟု စဉ်းစားထားသည်များပါ အကုန်ပျောက်၍ ဖွင့်ထားသည့် ကုရ်အာန်ပါပိတ် အိပ်ရမည့်အတိုင်း ငြင်းကြပေသည်။ အစ္စလာမ်မှ သွန်သင်သည်မှာ ငြင်းရန်မဟုတ်။ သင်ပြရန်သာ ဖြစ်သည်။ မငြင်းခိုင်းထားပေ။ ဗရားသ်နှင့်ပတ်သက်၍ မွစ်လင်မ်ထုအတွင်း အုပ်စုအချို့ရှိသည်။ တစ်ခုမှာ ရှရီအသ်မှ မသတ်မှတ်သည်ကို သတ်မှတ်သည်ဟု မှတ်ယူ၍ ကျင့်စဉ်များသတ်မှတ်သည့် အုပ်စုဖြစ်သည်။ နောက်တစ်စုမှာ ပြုလုပ်ခွင့်ရှိသည်နှင့် မရှိသည်များအား ရောသုတ်၍ မပိုင် ဗိဒ်အသ်ပါဟု တစ်ညလုံး ထိုင်ငြင်းသည့် အုပ်စု ဖြစ်သည်။ နောက်တစ်စုမှာ အိဗာဒသ်လည်းမလုပ်၊ ငြင်းသည်လည်းမဟုတ်၊ ဗရားသ်တွင် သင်္ကြန်ကားနှင့်ပတ်သလို တစ်မြို့လုံး လိုက်ပတ်နေသူများဖြစ်သည်။ နောက်တစ်စုမှာ အိပ်ပုပ်အုပ်စုဖြစ်သည်။ ထိုအုပ်စုများ၏ လုပ်ရပ်တို့သည် အရေမရ အဖတ်မရနှင့် အသွားမတော်လျှင် အပြစ်ထိုက်မည့် လုပ်ရပ်များ ဖြစ်ပါသည်။ ကုသိုလ်ပိုပေးသည်ဟု ပြထားသည့် နေရာများ၊ အချိန်များ ညများ ရက်များတွင် ကောင်းမှုလုပ်ပါက ကုသိုလ်ပိုရသလို ပြစ်မှုလုပ်ပါကလည်း ပြစ်ဒဏ်ပိုကြီး၏။ ဗရားသ်ဟု ဆိုသည်နှင့် ဘာလုပ်လုပ် ခွင့်လွှတ်ပေးမည်ဟု မဆိုလိုပါ။ ထို့ပြင် အကြောင်းကိစ္စတစ်ခု မှားကြောင်း ပြောလိုပါကလည်း တစ်ဖက်သူ နားလည်အောင် လက်ခံနိုင်အောင် ပြောပါ။ ထိုသို့မှ လက်မခံလျှင် သူ့ထိုက်နှင့် သူ့ကံသာ ဖြစ်၏။ ဒီ့ထက်ပို၍လည်း တာဝန်မပေးထားပေ။ ငြင်းဖို့မလိုအပ်။ ထို့အတူ ကောင်းမှုပြုသူများအား ပုတ်ခတ်စော်ကားရန်လည်း မလိုပါ။

ဗရားသ်မှာ ကျင့်စဉ် မသတ်မှတ်ထားခြင်း

ဗရားသ်ညတွင် မည်သို့သော ကောင်းမှုပြုရမည်ဟု အတိအကျ မသတ်မှတ်ထားပါ။ ထိုသို့မသတ်မှတ်ထားခြင်းမှာ လူတို့ လွယ်ကူ သက်သာစေရန် ဖြစ်၏။ ဒါမှမလုပ်လျှင် ဗရားသ်မဖြစ်ဟု ယူဆဖို့မလိုအပ်ပေ။ ဗရားသ်တစ်ညတွင်သာ ကောင်းမှုများ ပုံအောလုပ်ပြီး ကျန်နေ့များတွင်မူ ဖဂျရ်မထ၊ ရုပ်ရှင်မဖျက် အတင်းမပျက် ဓါတ်ပုံရိုက်မပြတ်ဖြစ်နေလျှင် ထောပတ်ပေါ်တွင် ငပိအုပ်သကဲ့သို့ ဖြစ်နေပါမည်။ ဗရားသ်ညဟူသည် အလ္လာဟ်ထံပါးမှ တောင်းခံရမည့် ညဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ဘယ်သူတောင်းမလဲ ငါအရှင်ပေးမည်ဟု မိန့်နေသည့် ညဖြစ်သည်။ ထို့ကြောင့် ယင်းညမှစ၍ နောက်နေ့တိုင်းတွင် ပြစ်မှုများမှ ရှောင်နိုင်စွမ်းပေးပါဟု တောင်းခံရပါမည်။ အစ္စလာမ့်၏ ထူးမြတ်သည့် ညများနှင့် ပတ်သက်၍ မိန့်ထားမှုများတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းရန်ကိုသာ အဓိကထားသည်။ တခြား ထွေထွေထူးထူး ဘာမှမပြထားပေ။ ထိုသို့ မပြထားခြင်းမှာ လုံးဝမလုပ်ရဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရပါမည်။ သတ်မှတ်ချက် မထားရခြင်းမှာ လူသားတို့လွယ်ကူရန်အတွက်သာ ဖြစ်ပြီး လုပ်လျှင် ရမည်။ ပိုလုပ်သူက ပိုရမည် ဖြစ်၏။ တချို့က မလုပ်လည်း ရသည်ဟု မှတ်ယူထားသည်။ မလုပ်လျှင် မရပါ။ လုပ်သူကဲ့သို့ ကုသိုလ်များ ပိုမရနိုင်တော့ပါ။ အဓိက သိထားရမည်မှာ ဗရားသ်နှင့်ပတ်သက်၍ ကျင့်စဉ်များ ဘာဖတ်မှ ရမည်ဟုသည့် စာသားများ မရှိခြင်းပင် ဖြစ်၏။
လူတစ်ဦးသည် ဗရားသ်တွင် နဖိလ်နမားဇ်များ ဖတ်မည်။ ဖတ်နိုင်သည်။ ကုရ်အာန်များ ဖတ်နိုင်သည်။ ဟာဂျသ်ဖတ်၊ စူရဟ်ယာစီးန်ဖတ်၍ တောင်းဆုများ ပြုနိုင်သည်။ ဘာမှမဖတ်ဘဲ ဒီအတိုင်း တောင်းဆုများပြုနေမည်။ ထိုပုံစံလည်း ဖြစ်ပါသည်။ ဇိကိရ်များ၊ ဒရူးဒ်များ၊ အိစ်သိဂ်ဖာရ်များ ပြုနေမည်။ ဒီလိုလည်း ဖြစ်သည်။ အဓိကမှာ ဒါလုပ်မှ ဗရားသ်ဖြစ်မည်၊ ဗရားသ်မှာ ဒါတွေပဲ ဖတ်ရမည်ဟု မယူဆထားရန် အလွန်အရေးကြီးသည်။ အလ္လာဟ်ထံမှ လွတ်ငြိမ်းခွင့်ရရန် တောင်းခံပါ။ ကုသိုလ်များ ရရန် ကောင်းမှုများပြုပါ။ ငြင်းခြင်းသည် ကောင်းမှုတွင်မပါ။ တချို့ က အိပ်လိုက် အိပ်လိုက်ဟု တိုက်တွန်းကြသည်။ ပမာတစ်ခုပြမည်။ သမ္မတတစ်ဦးက ငါ့အနေနဲ့ ဒီကနေ့ညမှာ နိုင်ငံတော်ပိုင် ဘဏ်တိုက်ကို တစ်ညလုံး ဖွင့်ပေးထားမယ်။ မည်သူမဆို ကြိုက်သလောက် လာယူပါဟု ကြေငြာထားလျှင် ထိုညကို တစ်ညလုံးအိပ်မည်လား၊ သို့မဟုတ် ခေါက်တုံ့ ခေါက်ပြန် တစ်ညလုံး သယ်ထုတ်မည်လား။ စဉ်းစားပါ။ ဗရားသ်ည၊ ထို့အတူ ညထူးညမြတ်များအကြောင်းရောက်လျှင် အများအားဖြင့် ချွေးသိပ်စကား အိပ်လိုက်ပါဟု ပြောကြသည်။ အိပ်လည်း အိပ်ကြသည်။ အလ္လာဟ်အရှင်က ငါ့ထံက ဘယ်သူ လာယူမလဲ ငါ့ထံက ဘယ်သူလာယူမလဲဟု မိန့်နေသည်။ ကျွန်ုပ်တို့က အိပ်ကောင်းခြင်း အိပ်နေကြသည်။ အိပ်သင့်ပါသလား။ ထိုသို့အိပ်နေရမည့် ညဖြစ်ပါသလား။ မကျန်းမာသူ အခက်အခဲရှိသူများဖြစ်လျှင်မူ မဆိုပါ။ အိပ်နိုင် နားနိုင်သည်။ ယခုမူ အကောင်းအတိုင်းကြီးနှင့် အငြင်းအခုံ အစုံလုပ်ပြီးပါက အိပ်လိုက်သူများ၊ သူတစ်ပါး ကောင်းမှုလုပ်သည်ကို ပုတ်ခတ်ပြီး အိပ်ခိုင်းသူများ၊ ဘာမှမလုပ်ဘဲ အိပ်ခြင်းကို စွဲကိုင်ကျင့်သုံးနေသူများအနေဖြင့် စဉ်းစားပါ။ အခြားသော ညများတွင်လည်း အိပ်ကြသည်။ ယခုကဲ့သို့ညတွင်လည်း အိပ်နေပါမည်လား။

မိန်းကလေးများ ပိုယူပါ

ဗရားသ်အပါအ၀င် ညထူးညမြတ်၊ နေ့ထူးနေ့မြတ်များရောက်လာလျှင် မွစ်လင်မ်အမျိုးသမီးအချို့တို့မှာ သောကဖြစ်ကြသည်။ စိတ်မကောင်းဖြစ်ကြသည်။ ငါတော့ ဗရားသ်ကို ကိုယ်မသန့်သည့်အဖြစ်နှင့် ဖြတ်သန်းရတော့ပါမည်လားဟု တွေးနေကြရသည်။ ယင်းအတွေးသည် မှားပါသည်။ အလ္လာဟ်က အမျိုးသမီးတို့ ခန္ဓာကိုယ်အတွင်း သတ်မှတ်ပေးထားသည့်အရာသည် သူ့ကာလနှင့်သူ ဆင်းသက်ရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ဘာမှ ၀မ်းနည်း သောကရောက်ရန်မလိုအပ်ပါ။ အမျိုးသမီးတို့၏ အထူးကာလတွင် ပြုလုပ်ခွင့် မရှိသည်မှာ အနည်းငယ်သာ ဖြစ်၏။ နမားဇ် မဖတ်ရ၊ ကုရ်အာန်မဖတ်ရ။ ရိုဇဟ်မထားရ။ ဒီလောက်သာ ဖြစ်သည်။ ကအ်ဗဟ်ရောက်နေသူများ သွဝါးဖ်မလုပ်ရ။ လုပ်နိုင်သည့် ကောင်းမှုများ အလွန်များပြားစွာ ပြန့်ကျဲလျက် ရှိနေသည်ကို သတိပြုရပါမည်။ အစ္စလာမ်တွင် နမားဇ်ဖတ်မှ ကုသိုလ်ပေးမည်ဟု မပြထားပေ။ သပ်စ်ဗီများစိပ်နိုင်သည်။ ထို့ပြင် ဗရားသ်ဟူသည် ဆုတောင်းရမည့်ည ဒုအာများ တောင်းခံရမည့်ညဖြစ်ပါသည်။ အစ္စလာမ့်မှ လွယ်ကူမှုပြုပေးထားသည်။ ဒုအာတောင်းဖို့ နေရာ ဌာန အချိန် သန့်ပြန့်မှု မည်သည့်စည်းကမ်းချက် တစ်ခုမျှ မသတ်မှတ်ပေးထားပါ။ (မသတ်မှတ်ခြင်းမှာ မလုပ်နှင့်ပြောသည်မဟုတ်ပါ။ လုပ်နိုင်ပါက ပိုကောင်းသည်။ မလုပ်လည်း ရသည်။) တောင်းဆုဒုအာပြုဖို့ သန့်ပြန့်ရန် စည်းကမ်းချက်မပါဝင်ပါ။ ထို့ကြောင့် တောင်းဆုများ ပြုပါ။ ၀ုဇူပြုပြီး အခင်းခင်း၍ သပ်စ်ဗီစိတ် အိစ်သိဂ်ဖာရ်ပြု တောင်းဆုများပြုပါ။ မုနာဂျသိ မက်ဗူးလ်ကို ဖတ်နိုင်သည်။ မိမိရသည့် ဇိကိရ်များ ဖတ်နိုင်သည်။ တစ်မျိုးဖတ်နေရသည်ကို ငြီးငွေ့လာလျှင် နောက်တစ်မျိုးပြောင်းဖတ်ပါ။ ထိုညကို ဖြတ်သန်းဖို့ တားဆေးများ သောက်ခြင်း၊ သွေးဆင်းနေသည်ကို ရပ်အောင်လုပ်ခြင်းများ မပြုရပါ။ အကယ်၍ မိမိလုပ်ရပ်ကြောင့် ခန္ဓာကိုယ်တွင် ရောဂါတစ်ခုခုဖြစ်လာလျှင် ပြစ်မှုပါထိုက်ပါမည်။ ထို့ကြောင့် အရှိကို အရှိအတိုင်းသာ ထားပါ။ အစ္စလာမ့်၏ လွယ်ကူ သက်သာမှုကို ဖော်ဆောင် ကျင့်သုံးပါ။ သူများထက်ပိုပြီး ဇိကိရ်ဖတ်လိုက်ပါ။ သူများထက်ပိုပြီး ဒုအာများတောင်းပါ။ ကိုယ်လိုချင်သမျှ အားလုံးကို အလ္လာဟ်ထံက တောင်းပါ။

ရိုဇဟ်ကုသိုလ် ပိုရနည်း

ဗရားသ်ညပြီး နောက်တစ်နေ့တွင် နဖိလ်ရိုဇဟ်များ ထားကြသည်။ ဗရားသ်၏ ရိုဇဟ်ကို တစ်လုံးတည်းလည်း ထားနိုင်သည်။ ဗရားသ်သည် အရဗီရက်စွဲအရ ၁၅ရက်တွင် ကျရောက်သည်။ တမန်တော်မြတ်သည် အရဗီလစဉ် အလယ်ရက်ဖြစ်သော ၁၃၊ ၁၄၊ ၁၅တွင် နဖိလ်ရိုဇဟ် စောင့်ထိန်းလေ့ရှိပါသည်။ ထို့ကြောင့် ယခုလတွင်လည်း စာဖတ်သူအနေဖြင့် ကုသိုလ်ပိုလိုချင်ပါက တမန်တော်၏ ယင်းစွန္နသ်လေးကိုပါ ယူဆောင် ကျင့်သုံးလိုက်ပါ။ ကုသိုလ်ပိုရပါမည်။ ရှအ်ဗာန်လတွင် တမန်တော်သည် ရိုဇဟ်များစွာထားခြင်းကို ကျင့်သုံးပြခဲ့သည်။ ကျွန်ုပ်တို့တွင်လည်း တမန်တော်စွန္နသ်ကို အလွန်နှစ်နှစ်သက်သက် ကျင့်သုံးလေ့ ရှိပါသည်။ ပမာ ၀လီမာကို စွန္နသ်ဖြစ်၍ မရမက ကျင့်သုံးကြသည်။ ဒါဝသ်ဖိတ်လျှင် သွားရမည်ဟူသည့် စွန္နသ်ကို အပြည့်အ၀အကောင်အထည် ဖော်ကြသည်။ ယခုလည်း တမန်တော်၏ စွန္နသ်တစ်ခုဖြစ်သည့် လစဉ်သုံးရက် ရိုဇဟ်ထားခြင်းကိုလည်း ကျင့်သုံးနိုင်ပါသည်။ စွန္နသ်အကောင်အထည်ဖော်ခြင်းလည်းဖြစ်သလို နဖိလ်ရိုဇဟ်၏ ကုသိုလ်လည်း ရပါမည်။ နဖိလ်သည် အလွန်တန်ဖိုးကြီးလှသော ကောင်းမှုတစ်မျိုးပင်ဖြစ်ပြီး အလ္လာဟ်အလိုတူမှ ကျင့်သုံးနိုင်ပါသည်။ ဗရားသ်တစ်ရက်တည်းထားမည့်အစား သုံးရက်ထားနိုင်ပါက ပိုကောင်းပါသည်။

ရှေ့နှစ်အတွက် ကြိုပြင်ပါ

ဗရားသ်ညတွင် ရှေ့တစ်နှစ်စာ အစီအစဉ်များ သတ်ဆိုင်ရာကောင်းကင်တမန်များထံသို့ အပ်နှင်းသည်။ ထို့ကြောင့် မိမိ၏ရှေ့တစ်နှစ်ကို မည်သို့ဖြစ်လိုသည်ကို အလ္လာဟ်ထံ ပြောပါ။ ဖြစ်ချင်သည်များကို တောင်းပါ။ ရအောင်တောင်းလျှင် ရပါမည်။ မရ တရ တောင်းလျှင် မရ တရ ဖြစ်မည်။ လုံးဝမတောင်းလျှင် ဘာမှလည်း မရပါ။ ထိုမျှသာ ကွာခြားပါသည်။

ပြစ်မှု ထူလှသည့် ယနေ့အခါသမယမျိုးတွင် ကျွန်ုပ်တို့သည် ရရှိသည့် အချိန်လေးကို အလွန်တန်ဖိုးထား၍ ဖြတ်သန်းရပါမည်။ သူများအိပ်တိုင်း မိမိလိုက်အိပ်သင့်ပါသလား ဟူသည်ကို ကိုယ်တိုင် ဆုံးဖြတ်ပါ။ တမန်တော်မြတ်ရှိစဉ်က ဗရားသ်၏ ချီးမြှင့်မှုနှင့် ယနေ့ ကျွန်ုပ်တို့ရရှိမည့် ဗရားသ်၏ ချီးမြှင့်မှုတို့သည် အတူတူပင် ဖြစ်သည်။ တမန်တော်ရှိချိန် မို့လို့ ပိုပေးသည်။ ငမိုက်သားတွေ ပေါများနေလို့ လျှော့ပေးသည်ဟူ၍ မရှိပါ။ အလ္လာဟ်အရှင်မြတ်က ပေးမည်ဟု မိန့်ထားခြင်းများသည် မိန့်သည်အချိန်မှ စ၍ ယနေ့အထိ၊ ကိယာမသ်အထိ ထိုအတိုင်း ရှိနေပါမည်။ ကွာခြားသွားသည်မှာ ယင်းဆုလာဘ်ကို ရယူနိုင်သူ အရည်အချင်းများ ကွာသွားခြင်းပင် ဖြစ်၏။ ပေးခြင်းက ဒီအတိုင်းသာ ရှိပါသည်။ ယူနိုင်သူများသာ ကွာခြားသွားသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ဗရားသ်၏ အထူးဆုများကို ရအောင်ယူနိုင်သူများဖြစ်အောင် ကြိုးစားပါ။ လွတ်ငြိမ်းချမ်းသာခွင့်ကို အရယူနိုင်အောင် တောင်းခံပါ။ ရှေ့နှစ်အတွက် ကြိုပြင်ကြပါ။ ကုသိုလ်တွေ ပိုရအောင် အပြိုင်အဆိုင် ကြိုးပမ်းကြပါဟု အလ်မုဖီးဒ်၏ ချစ်ပရိတ်သတ်ကြီးအား တိုက်တွန်းလိုက်ရပါသည်။

ရှအ်ဗာန်၊ ၁၂၊ ယောင်မုလ်ဂျုမုအဟ်၊ ၁၄၃၆။
19.May.16

ဤလင့်မှ ရှဲပေးနိုင်ပါသည်။
https://web.facebook.com/almufeed.mm/posts/977926825661240:0

Wednesday, May 4, 2016

မိအ်ရားဂ်ျည


မိအ်ရားဂ်ျညသည် ထူးမြတ်မှုရှိသည့် ညများတွင် ပါဝင်သလား၊ ယင်းညတွင် မည်သည့်ကောင်းမှုများ အထူးတလည် ကျင့်ရမည်နည်း၊ တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျညတွင် အဘယ်သို့ ကျင့်ကြံခဲ့ပါသနည်း၊ မိအ်ရားဂ်ျသည် ရဂျဗ် ၂၇ရက်တွင်သာ အတိအကျဖြစ်ခဲ့သလား စသည်တို့အား ယနေ့ကျွန်ုပ်တို့ မိအ်ရားဂ်ျကို အထူးအိဗာဒသ်ပြုရာ ညတစ်ညအဖြစ်မသတ်မှတ်မီ သိရှိရန် လိုအပ်ပါသည်။

တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျတွင် ကျင့်ကြံခဲ့ပုံ

မိအ်ရားဂ်ျဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် ဤလောကကြီးအတွင်းဝယ် (၁၈)နှစ်ကြာသည်အထိ သက်ရှိထင်ရှား ရှိခဲ့သည်။ ထို(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့် စပ်လျဉ်း၍ ယင်းညအား အလေးထားရန် အထူးတလည်မိန့်ကြားခြင်း (သို့) ဤညတွင် ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် အကျိုးစဝါးဗ် ပိုရမည်ဟု မိန့်ကြားခြင်းမျိုး မရှိခဲ့ပါ။ တမန်တော်မြတ်ရှိနေစဉ်တွင် ယင်းည၌ မအိပ်ဘဲ နိုးကြားနေခြင်း၊ အလေးအနက်ပြုခြင်းများလည်း မရှိခဲ့ပါ။ ထို့ကြောင့် တမန်တော်မြတ်ရှိစဉ်က မိအ်ရားဂ်ျညတွင် အထူးအိဗာဒသ်ပြုခြင်း မရှိသည်ကို သိရပါသည်။

မိအ်ရားဂ်ျညသည် ထူးမြတ်မှုရှိသည့် ညများတွင် ပါဝင်မှု ရှိ၊ မရှိ

ရဂျဗ်လ ၂၇ ရက်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟု ကျော်ကြားပြီး ဤညတွင်လည်း ကဒရ်ကဲ့သို့ပင် ကျင့်ဆောင်ကြရမည်။ ကဒရ်ညမြတ်ကဲ့သို့ ထူးမြတ်မှုများ မိအ်ရားဂ်ျညတွင်လည်း ရှိသည်ဟု ယူဆရုံသာမက ကဒရ်ညထက်ပင် ပိုသည်ဟူ၍ တစ်နေရာ၌ရေးသားထားသည်ကို ကျွန်ုပ်(မွဖ်သီသကီး) ဖတ်ရှုခဲ့ဖူးသည်။ ထို့ပြင် မိအ်ရားဂ်ျည၌ ရကအသ်မည်မျှဖတ်ရမည်။ ရကအသ်တိုင်းတွင် မည်သည့်စူရဟ်များသာ ဖတ်ရသည်ဟူသော သီးသန့်နမားဇ်များလည်း ထွင်ထားသည်။ ထိုယူဆချက်၊ လုပ်ဆောင်ချက်များအားလုံးသည် မှားပါသည်။ အစ္စလာမ့်ရှရီအသ်တွင် ယင်းယူဆချက်များနှင့် လုပ်ဆောင်ချက်များ လုံးဝမပါဝင်ကြောင်း ကောင်းစွာ သိမှတ်ထားရပါမည်။ ထို့ပြင် ထူးမြတ်သည့် ညများဟု သတ်မှတ်သည့်ညများတွင် မိအ်ရားဂ်ျ မပါဝင်ပါ။

မိအ်ရားဂ်ျသည် ရဂျဗ် ၂၇ရက်တွင်သာ ဖြစ်ခဲ့ခြင်းလား

တမန်တော်မြတ်သည် မိအ်ရားဂ်ျ ကောင်းကင်ခရီး ကြွမြန်းတော်မူခဲ့သည်။ သို့သော် ရဂျဗ်လ ၂၇ ရက်ညတွင် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်ဟူ၍ အတိအကျ မဖော်ပြထားပါ။ မိအ်ရားဂ်ျဖြစ်သည့် ညနှင့်ပတ်သက်၍ မတူညီသော ဆင့်ပြန်ချက်များစွာ လာရှိထားသည်။ အချို့သောဆင့်ပြန်ချက်များ၌ ရဗီအွလ်အောက်ဝလ်လတွင် မိအ်ရားဂ်ျဖြစ်သည်ဟု ပါရှိပြီး အချို့ဆင့်ပြန်ချက်များ၌မူ ရဂျဗ်လဟု တင်ပြထားသည်။ သို့သာမက မိအ်ရားဂ်ျနှင့် ပတ်သက်သည့် ကျန်ရှိသော ဆင့်ပြန်ချက်များ၌ အခြားလများတွင် ဖြစ်သည်ဟုလည်း ဖော်ပြထားသည့်အတွက် မည်သည့်ညသည် မိအ်ရားဂ်ျညဖြစ်သည်ဟူ၍ တိကျစွာမပြောနိုင်ပါ။

မိအ်ရားဂ်ျည၏ ကျင့်စဉ် အဘယ့်ကြောင့် မှတ်တမ်းမရှိခဲ့ရသနည်း

မိအ်ရားဂ်ျညသည်လည်း ကဒရ်ကဲ့သို့ အထူးသတ်မှတ်မှုရှိသော ညဖြစ်ပြီး ကဒရ်ညမြတ်ကဲ့သို့ အထူးပညတ်တော်များ ရှိခဲ့ရိုးမှန်လျှင် ထိုည၏ နေ့ ရက်နှင့် လတို့ကို မှတ်တမ်းတင် ထိန်းသိမ်းရန် အရေးကြီးသည်။ ယခုမူ ထိုည၏ နေ့ရက်နှင့် လတို့အား မှတ်တမ်းတင် ထိန်းသိမ်းထားခြင်း မရှိထားသောကြောင့် ရဂျဗ်လ (၂၇) ရက်ညသာလျှင် မိအ်ရားဂ်ျညဖြစ်သည် ဟူ၍ အတိအကျ သတ်မှတ်ခွင့်မရှိပါ။ ရက်ကာလကို မှတ်တမ်းတင်ထားမှုမရှိခြင်းကြောင့် ယင်းညသည် အီမာန်ရှင်တို့အတွက် ထူးခြားသည့် တာဝန်များ သတ်မှတ်ထားခြင်း မရှိကြောင်းကို သိရပါသည်။

မိအ်ရားဂ်ျသည် ထူးမြတ်ခဲ့သည် မှန်သော်လည်း

တမန်တော်မြတ်သည် မိအ်ရားဂ်ျခရီး ကြွမြန်းတော်မူခဲ့သည်။ ထိုည၌ပင် ကြီးကျယ်သော ဖြစ်ရပ်များ၊ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား အနီးကပ်ဆုံးသော အဆင့်၊ အပါးတော်၌ ခစားခြင်းဟူသော အခွင့်ထူးကို ပေးသနားခြင်း၊ အုမ္မသ်အတွက် နမားဇ်များအား လက်ဆောင်ပါးတော်မူခဲ့သည်။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းထားသည့် ထိုမိအ်ရားဂ်ျသည် ထူးမြတ်ကြီးကျယ်သည့်ည မုချဖြစ်ပြီး ထိုည၏ ကြီးမြတ်ထူးကဲမှုအပေါ် မည်သည့်မုစ်လင်မ်ကမျှ သံသယမဖြစ်ရပါ။ တမန်တော်မြတ်ကိုယ်တိုင် ကြွမြန်းခဲ့သည့် မိအ်ရားဂ်ျဖြစ်ရပ် ပေါ်ပေါက်ခဲ့သောညသည် ထွတ်မြတ်ခဲ့သည်။ ရဂျဗ် (၂၇) ရက်ညက ထွတ်မြတ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့ကြောင့် မွစ်လင်၏တာဝန်မှာ တမန်တော်ကိုယ်တိုင် သွားခဲ့သည့် မိအ်ရားဂ်ျညသည် အမှန်ပင်ဖြစ်ကြောင်း၊ ယင်းသို့သွားခဲ့သည့် ညက ထူးကဲကြောင်းကိုသာ စိတ်တွင် စွဲမှတ်ယုံကြည်ရမည် ဖြစ်ပြီး ယင်းညတွင် အိဗာဒသ်များ၊ တစ်ညလုံး မအိပ်ခြင်းများ ပြုလုပ်ရန် တာဝန်မရှိပါ။

တမန်တော်မြတ် နဗီဖြစ်ပြီး (၅) နှစ်မြောက်တွင် မိအ်ရားဂ်ျကို ရရှိခဲ့သည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် တမန်တော်မြတ်သည် လောက၌ (၁၈)နှစ်တိုင် သက်တော်ထင်ရှား ရှိခဲ့သည်။ ယင်း(၁၈)နှစ်တာ ကာလအတွင်း မိအ်ရားဂ်ျနှင့်ပတ်သက်၍ အထူးမိန့်ကြားခြင်း၊ ဤည၌ ကဒရ်ညကဲ့သို့ နိုးကြားနေခြင်းဖြင့် ကုသိုလ်များပြားစွာ ရမည် စသည်တို့ မိန့်ခဲ့ခြင်း မရှိပါ။ ထိုခေတ်ထိုအခါက ဤည၌နိုးကြားခြင်း၊ အလေးထားခြင်းများလည်း မရှိခဲ့ပါ။ တမန်တော်မြတ်ကိုယ်တိုင် နိုးကြားခြင်း မပြုခဲ့။ ဆွဟာဗဟ်များအား နိုးကြားရန် မိန့်ခြင်းလည်း မရှိခဲ့ပါ။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၁၀၀ အထိ ဤလောကတွင် ဆွဟာဗာများ ရှိနေကြသေးသည်။ ထိုရာစု တစ်ခုလုံးအတွင်း မည်သည့်ဆွဟာဗဟ်ကမျှ ရဂျဗ်လ (၂၇)ရက်ညအား အထူးအလေးထားသည့် ဖြစ်ရပ်များ မရှိခဲ့ပါ။ တမန်တော်မြတ်နှင့် ဆွဟာဗာများမလုပ်ခဲ့သည့် ကိစ္စရပ်များအား အစ္စလာမ့်အစိတ်အပိုင်းအဖြစ် သတ်မှတ်ခြင်း၊ စွန္နသ်ဟုသတ်မှတ်ခြင်း၊ ထိုလုပ်ရပ်အား စွန္နသ်ကဲ့သို့ အရေးတယူပြုလုပ်ခြင်းသည် ဗိဒ်အသ်ဖြစ်၏။

မိအ်ရားဂ်ျဟု ယူဆသည့်ညတွင် သီးသန့်အိဗာဒသ်ပြုခြင်း ဗိဒ်အသ်
ထိုညတွင် အိဗာဒသ်ပြုခြင်း၊ ယင်းညအား အလေးအနက်ထားခြင်းမှာ ဗိဒ်အသ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က ညတိုင်း ညတိုင်းတွင် တစ်ညလုံး မအိပ်ဘဲ အိဗာဒသ်ပြုနိုင်စွမ်း ချီးမြှင့်ပါက အကောင်းတကာ့ အကောင်းဆုံးပင်ဖြစ်သည်။ ညစဉ်နိုးကြားလျှက် အိဗာဒသ်ပြုပြီး အလားတူ (၂၇)ရက်ညတွင်လည်း နိုးကြားလျက် အိဗဒသ်ပြုမည်ဆိုပါက မည်သို့မျှဆိုရန် အကြောင်းမရှိပါ။

ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇာဟ်ရှိ / မရှိ
အချို့သူတို့က ရဂျဗ်လ (၂၇) ရက်နေ့၏ ရိုဇာဟ်သည် အာရှူရဟ်နှင့် အရာဖဟ်နေ့များ၏ ရိုဇာဟ်များကဲ့သို့ ထူးမြတ်မှုရှိသည်ဟု ယူဆထားသည်။ ထိုနေ့၏ ရိုဇာဟ်နှင့် စပ်လျဉ်း၍ ဆွဟီးစနဒ်ဖြင့် ဆင့်ပြန်ချက်မရှိပါ။

ဟဇရသ်အုမရ်က ဗိဒ်အသ်ဖြစ်ကြောင်း အတိအလင်းတားမြစ်ခြင်း
ဟဇရသ်အုမရ် အုပ်ချုပ်စဉ်က လူအချို့သည် ရဂျဗ်လ (၂၇) ရက်နေ့ ရိုဇဟ်ကို အထူးအလေးထား၍ စောင့်ထိန်းနေကြောင်း ကြားသဖြင့် ချက်ခြင်းအိမ်မှ ထွက်၍ လူတစ်ဦးခြင်းကို တွေ့ဆုံပြီး အသင်ကျွန်ုပ်ရှေ့၌ စားသောက်ပြီး ရိုဇဟ်မရှိကြောင်း သက်သေပြဟု ပြောပြီး ဇွတ်အတင်း စားသောက်စေသည်။ ထိုသို့ တိတိကျကျ လူတို့အား စားသောက်စေခြင်းမှာ လူတို့က ယနေ့အတွက် ရိုဇဟ်နှင့် ပတ်သက်၍ အထူးသတ်မှတ်ချက်နှင့် ထူးမြတ်မှုများမရှိဘဲ အခြားသောနေ့များ၌ နဖိလ်ရိုဇဟ်စောင့်ထိန်းနိုင်သကဲ့သို့ ဤနေ့တွင်လည်း နဖိလ်ရိုဇဟ်ထားနိုင်ပြီး မည်သို့မျှ ကွာခြားချက်မရှိ ဟု သိရှိလာကြစေရန်ဖြစ်သည်။ ဟဇရသ်အုမရ်သည် ရဂျဗ်လ (၂၇) ရက်နေ့တွင် ရိုဇဟ်စောင့်ထိန်းခြင်းအား ဗိဒ်အသ်ဟု အတိအလင်းတားမြစ်ခဲ့ပြီး အစ္စလာမ်အတွင်း ကိုယ့်ယူဆချက်ဖြင့် အပိုလုပ်ဆောင်ချက်များမရှိစေရန် ဆောင်ရွက်ခဲ့သည်။

ထိုည၌သာ နိုးကြားလိုသူတို့၏ စောဒက 
အချို့က အဲ့ဒီညမှာ နိုးနိုးကြားကြားနဲ့ အိဗာဒသ်ပြုလုပ်ပြီး နေ့ဘက်မှာ ရိုဇဟ်ထားတာပဲ၊ အပြစ်ကျူးလွန်တာ၊ ခိုးမှုကျူးလွန်တာ၊ အရက်သောက်တာ၊ ဓားပြတိုက်တာမှ မဟုတ်ပဲ၊ အိဗာဒသ်ပြုကြတာပဲ၊ နေ့ဘက်မှာ ရိုဇဟ်ထားရင်လည်း မကောင်းတာလုပ်တာမှ မဟုတ်ပဲဟု စောဒက တတ်ကြသည်။

အစ္စလာမ်က အမိန့်နာခံရန် တောင်းဆိုထားခြင်း
ဟဇရသ်အုမရ်က ထိုနေ့၌ ရိုဇဟ်စောင့်ထိန်းရန် အလ္လာဟ်အရှင်မြတ်က မိန့်တော်မူခြင်းမရှိပဲ မိမိဘက်မှ ဖန်တီးပြီး အလေးအနက်ထားနေခြင်းသည် အဓိက မကောင်းခြင်းပင် ဖြစ်သည်ဟု မိန့်တော်မူသည်။ အစ္စလာမ့်မိန့်မှာချက်အားလုံး၏ အချုပ်မှာ အမိန့်နာခံခြင်းပင် ဖြစ်၏။ နမားဇ်ဝတ်ပြုပါဟု မိန့်သည့်အခါ နမားဇ်ဝတ်ပြုခြင်း အိဗာဒသ်ဖြစ်သည်။ နမားဇ်ဝတ်မပြုနှင့်ဟု မိန့်သည့်အခါ နမားဇ်ဝတ်မပြုခြင်းမှာ အိဗါဒသ်ဖြစ်သည်။ ရိုဇဟ်မထားနှင့်ဟု မိန့်လျှင် ရိုဇဟ်မထားခြင်း အိဗာဒသ်ဖြစ်သည်။ အကယ်၍ ထိုအချိန်၌ ရိုဇဟ်ထားလိုက်မည်ဆိုပါက ဒီးန်နှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ အစ္စလာမ်၏ လုပ်ဆောင်ချက်အားလုံးသည် အမိန့်နာခံခြင်း အတွင်း၌သာ ရှိ၏။

အစ္စလာမ်အတွင်း အပိုလုပ်ရပ်များ ထည့်သွင်းခြင်း

လူတစ်ဦးသည် ထိုနေ့၏ ရိုဇဟ်အား အလွန်အလေးထားနေလျှင် ၎င်းသည် အစ္စလာမ်အတွင်း မိမိဘက်မှ အပိုလုပ်ရပ်များ ဖြည့်စွက်သူပင် ဖြစ်သည်။ အစ္စလာမ်အား မိမိနည်း မိမိဟန်ဖြင့် ပြုလုပ်နေသူဖြစ်သည်။ ထို့ကြောင့် ဤပုံစံဖြင့် ရိုဇဟ်ထားခြင်း မပိုင်ပါ။ မွတ်စ်လင်မ်တစ်ဦးသည် အများအားဖြင့် အခြားရက်များတွင်လည်း ရိုဇဟ်ထားလေ့ရှိပြီး ရိုဇဟ်ထားနေကျရက်နှင့် တိုက်ဆိုင်နေပါက ထားပါ။ ထိုသူ့အတွက် တားမြစ်ချက်မရှိ။ သို့ရာတွင် ထိုနေ့၏ ရိုဇဟ်သည် ပို၍ထူးမြတ်သည်၊ ပို၍ ကုသိုလ်ဆဝါဗ်းရရှိမည်ဟု ယူဆပြီး စောင့်ထိန်းလျှင် (သို့) ထိုည၌သာ နိုးကြား၍ အိဗာဒသ်ပြုခြင်းဖြစ်လျှင် ဗိဒ်အသ်ဖြစ်သည်။

မုန့်အချိုများပြုလုပ်ခြင်း

ရဂျဗ်လ (၂၇) ရက်နေ့ ဓလေ့တစ်ခုမှာ နဇရ်ကိုး၍ မုန့်အချိုများ လုပ်ခြင်းဖြစ်သည်။ ထိုနေ့တွင် မုန့်အချိုမပြုလုပ်ပါက မည်မျှပင် နမားဇ်ဖတ်သူ၊ ရိုဇဟ်ထားသူ၊ အပြစ်ရှောင်ကြဉ်သူပင် ဖြစ်ပါစေ မုစ်လင်မ်မဟုတ်သကဲ့သို့ပင်။ ကိုယ်တိုင်လည်း မုန့်အချိုမလုပ်၊ မုန့်အချိုလုပ်သူများအားလည်း မလုပ်ရန် တားမြစ်ပါက ၎င်းအား လအ်နသ်ပို့ခြင်း၊ မကောင်းပြောခြင်းများဖြင့် ရှုတ်ချကြတော့၏။ ထိုသို့ မုန့်များပြုလုပ်ကြရန် ဆွဟာဗဟ်များ၊ သာဗိအီးန်များ၊ သဗ္ဗအ်သာဗီအီးန်များနှင့် အိမာမ်ကြီးများ၏ ညွှန်ကြားမိန့်ဆိုချက်၊ ပြုလုပ်ဆောင်ရွက်ချက် တစ်ခုမျှမရှိခဲ့ပါ။

အကျိုးမဲ့ကိစ္စများအတွင်း နစ်သွားသော အုမ္မသ်
ကျွန်ုပ်တို့ အုမ္မသ်သည် အထက်ပါကဲ့သို့ အကျိုးမရှိသည့် လုပ်ရပ်များတွင် နစ်သွားပြီ ဖြစ်၏။ အကျိုးမဲ့ကိစ္စများကို အရေးကြီးသည်ဟု မှတ်ယူနေသဖြင့် အမှန်တကယ် အကျိုးရှိ အရေးကြီးသည့် တာဝန်များ မှေးမှိန် ပျောက်ကွယ်သွားရတော့၏။ ထိုအချက်များနှင့် စပ်လျဉ်း၍ မိမိနောင်တော် မုစ်လင်မ်များအား တဖြည်းဖြည်းခြင်း သဘောပေါက်သည်အထိ ရှင်းပြရန်လိုအပ်ပါသည်။ အချို့သူတို့မှာ နားမလည်သဖြင့် ပြုလုပ်ကြခြင်းဖြစ်ပြီး ၎င်းတို့စိတ်အတွင်း၌ မည်သို့မျှ အတိုက်အခံပြုလိုမှု မရှိကြပါ။ ကုရ်အာန်နှင့် ဟဒီးစ်တော်များအရ မည်သို့မျှ အခြေအမြစ်မရှိသော ကိစ္စရပ်များဖြစ်သည့်အတွက် လူတို့အား ချစ်ခင်ကြင်နာစိတ်ဖြင့် သဘောပေါက် နားလည်အောင်ရှင်းပြရမည်။ ထိုအခမ်းအနားများ၌ ကိုယ်တိုင်ပါဝင်ခြင်း၊ အခြားသူများအား သွားဖို့တိုက်တွန်းခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။
နိဂုံးချုပ်တင်ပြရလျှင် ရဂျဗ်လသည် ရမဇာန်၏ အကြိုလဖြစ်ပြီး ရမဇာန်အတွက် မိမိကိုယ်တိုင် ယခုကတည်းက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်ပါသည်။ တမန်တော်မြတ်သည် ရမဇာန်မရောက်မီ ၂ လအရင်ကပင် ဒုအာပြုခဲ့သည်။ ထို့ပြင် လမြတ်ရမဇာန်အတွက် မိမိကိုယ်မိမိ ယခုကတည်းက ပြင်ဆင်ကြ၊ ရမဇာန်သို့ရောက်ရှိလာလျှင် မိမိတို့၏ အချိန်များအား အလ္လာဟ်အရှင်မြတ်ကို သတိရတသရာတွင် များစွာ သုံးစွဲရန်၊ အိဗာဒသ်အတွက် သုံးစွဲရန် အချိန်ဇယားဆွဲ၍ အသင့်ပြင်ကြ ဟူ၍ လူတို့အား ကြိုတင်အသိပေး လှုံဆော်ခဲ့ပါသည်။ ကျွန်ုပ်တို့လည်း တမန်တော်ပြသလမ်းညွှန်ခဲ့သည့်အတိုင်း ဘ၀ရှင်သန် အမိန့်နာခံရမည်သာ ဖြစ်ပါသည်။

((ကမ္ဘာ့ဖိကဟ်ပညာရှင်များအဖွဲ့ချုပ် ဒု-ဥက္ကဌဖြစ်သော မုဖ်သီသကီး (အုဆ်မာနီ) ရေးသားသည်ကို မုဖ်သီအာဒမ် (မဇွာဟေရီ) ပြန်ဆိုတင်ပြထားသည့် အလ်မီဇားန် အတွဲ-၈၌ပါဝင်သည့် "မိအ်ရားဂ်ျအကြောင်း နှင့် ရဂျဗ်လတွင် ပြင်ဆင်ရမည့်အရာများ" ဆောင်းပါးကို မှီငြမ်းရေးသား၍ အလ်မုဖီးဒ်၏ ချစ်ပရိသတ်အတွက် ပြန်လည်တင်ဆက်လိုက်ပါသည်။))