Saturday, March 12, 2016

အစ္စလာမ့်ပညာရေးစနစ်တစ်ခု လိုအပ်နေခြင်း


ဤလင့်မှ ရှဲနိုင်သည်။
https://www.facebook.com/almufeed.mm/posts/927385464048710:0

မြန်မာပြည်ရှိ မွစ်လင်မ်လူတန်းစားအားလုံး မိမိတို့ဘာသာရေးဆိုင်ရာ ပညာရပ်များကို သင်ယူနိုင်မည့် အစ္စလာမ့်ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာရန် အလွန်လိုအပ်နေပါသည်။ လူတန်းစားအားလုံးဟူသည်မှာ ကလေး၊ လူငယ်၊ လူကြီး၊ စီးပွားရေးသမားများ၊ အိမ်ထောင်ရှင်၊ သက်ကြီးရွယ်အို၊ ၀န်ထမ်း၊ အိုင်တီပညာရှင်များ၊ ဆရာဝန်များ၊ ခေတ်ပညာရပ်များတွင် တာဝန်ထမ်းဆောင်နေသူများ စသဖြင့် အခြေအနေအစုံတွင် ပုံစံမျိုးစုံဖြင့် ကျင်လည်ရုန်းကန် နေရသူအားလုံး အစ္စလာမ့်ပညာရပ်များကို သင်ယူနိုင်မည့် စနစ်တစ်ခု မွစ်လင်မ်တို့အတွင်း ပေါ်ထွက်လာရန် အရေးတကြီးလိုအပ်ပါသည်။

မြန်မာပြည်၏ ယခုလက်ရှိ အစ္စလာမ့်ပညာရေးစနစ်တွင် လူတန်းစား နှစ်မျိုးသာ သင်ယူနိုင်သည်။ တစ်မျိုးမှာ ကလေးငယ်ဖြစ်ပြီး နောက်တစ်မျိုးမှာ မော်လ၀ီ ကျောင်းသူ၊ ကျောင်းသား ဖြစ်သည်။ ကလေးငယ် သင်ယူမှုတွင် အများဆုံး အသက်ဆယ့်နှစ် ဆယ့်သုံးခန့်အထိသာ သင်ယူနိုင်သည်။ မိန်းကလေးဖြစ်၍ အပျိုဘော်ဝင်လျှင် အစ္စလာမ့်ပညာရေးကို ဆက်လက်သင်ယူဖို့ မလွယ်ကူတော့ပါ။ ဤလူတန်းစားနှစ်ခုသည် အမှန်အားဖြင့် နည်းပါးသော လူတန်းစားဖြစ်ပြီး လူ့ဘ၀ရပ်တည်မှုတွင် အလွန်နည်းပါးသော အချိန်ကာလတစ်ခုသာ ဖြစ်၏။ လူတစ်ဦးသည် အမြဲတန်း ကလေးဖြစ်နေသည် မဟုတ်ပါ။ ကလေးဘ၀မှ ကြီးလာမည်။ အရွယ်ရောက်လာမည်။ စီးပွားရေးလုပ်မည်။ အိမ်ထောင်ပြုမည်။ ပြီးနောက်တွင် မိဘ ဟူသည်ဘ၀ကို ဖြတ်သန်းရမည်။ မိဘဟူသည့် ဘ၀သက်တမ်းသည် လူ့ဘ၀တွင် အကြာရှည်ဆုံးနှင့် ဘ၀နောက်ဆုံးအထိ ရှိနေသည့် ပုံစံဖြစ်သည်။ ထိုအတောအတွင်း အုပ်ချုပ်သူများ ပမာအားဖြင့် ဗလီဂေါပက၊ အဖွဲ့အစည်းတစ်ခုခု၏ ဥက္ကဌ၊ ဆရာသမား၊ ပညာရှင်၊ ဆရာဝန် ၊ ရုံးဝန်ထမ်း စသည်ဖြင့် ဖြတ်သန်းဦးမည်။ လူပေါင်းစုံနှင့် တွေ့ဆုံပြောဆို ဆက်ဆံနေရမည်။

ပထမဆိုခဲ့သည့် ကလေးလူတန်းစား ပညာရေးတွင် အထက်ပါ လူ့ဘ၀တွင် ကျင်လည်ကြုံတွေ့ရမည့် အခြေအနေအားလုံးကို အစ္စလာမ့်နည်းကျ သင်ပေးလို့ မရပေ။ ကလေးဘ၀ သင်ယူမှုတွင် ကလေးနှင့် လိုက်လျောညီထွေသည်များကိုသာ သင်ပေးလို့ရသလို ကလေးသည်လည်း ထိုမျှသာ နားလည်သူ ဖြစ်၏။ ကလေးတစ်ဦးကို စီးပွားရေးဆိုင် အစ္စလာမ့်အမိန့်များ၊ အိမ်ထောင်ဆိုင်ရာ အမိန့်များ သွားပြောလို့မရပေ။ သို့ဆိုလျှင် ယင်းအခြေအနေများသို့ ရောက်ရှိနေသည့် မွစ်လင်မ်တို့အနေဖြင့် မိမိတို့ထမ်းဆောင်နေရသည့် ဘ၀တာဝန်များကို အစ္စလာမ့်နည်းကျ သင်ယူဆည်းပူးလိုလျှင် အဘယ်မှာ သင်ယူရမည်နည်း။ တဖန်ကလေးဟူသည် မိသားစုတစ်ခုတွင် အရေးပါ အရာရောက်သူ မဟုတ်ပေ။ ကလေးသည် စီးပွားရှာသူမဟုတ်။ အိမ်ထောင်တာဝန်ကို ထမ်းဆောင်နေသူမဟုတ်။ ကလေးကို ကျောင်းချိန် လေးနာရီခန့်တွင် ကုရ်အာန်အသံ ကလိမဟ်အသံများ ထည့်ပေးလိုက်သည်။ အိမ်တွင် နှစ်ဆယ့်လေးနာရီ သီချင်းသံ ရုပ်ရှင်သံ ဗီဒီယိုအသံ ဆဲသံ ဆိုသံများ သွင်းပေးနေသည်။ မည်သည့်အသံက ထိုကလေးကို ပို၍ စွဲစေမည်နည်း။ အိမ်တစ်အိမ်တွင် ကလေးဦးရေထက် လူကြီးဦးရေက ပိုများပြီး ကလေးထက် လူကြီးက အရေးကိစ္စပေါင်းစုံနှင့် သာပိုကြုံတွေ့ရပေသည်။ အစ္စလာမ်တွင်လည်း အရွယ်မရောက်သေးသည့် ကလေးအတွက် အမိန့်များ သတ်မှတ်ပြဌာန်းခြင်း မရှိသေးပေ။ အရွယ်ရောက်ပြီးမှသာ အမိန့်များလိုက်နာရန် တာဝန်ရှိလာသည်။ ယခု တာဝန်ထမ်းရန်ပင် မရှိသည့်ကလေး၊ နားလည်သုံးသပ်နိုင်စွမ်း နည်းပါးသည့်ကလေးကို စာသင်သည်။ ၎င်းကလေး အရွယ်ရောက် လာသည့်အခါ ဆက်သင်ခြင်းမရှိတော့ပေ။ ယင်းကလေးငယ် အရွယ်ရောက် စဉ်းစားသုံးသပ်နိုင်ချိန်တွင် မက်သဗ်ပြီးသွားပြီဖြစ်၏။ အရွယ်ရောက်ပြီးချိန် ဆက်သိရမည်များကို သင်ယူနိုင်မည့်နေရာ ရှိရမည်။ ထိုသို့သင်ယူနိုင်ရန် အစီအစဉ်တစ်ခု ရှိရမည်။

ယခုလက်ရှိ သင်ယူနိုင်သည့် လူတန်းစားအနက် နောက်တစ်မျိုးဖြစ်သည့် မော်လ၀ီကျောင်းသူ၊ ကျောင်းသားလူတန်းစား သင်ယူနိုင်မှုတွင် လူတစ်ဦးအနေဖြင့် အချိန်ကာလတစ်ခုကို အပြီး ပေးဆပ်နိုင်မှသာလျှင် ပညာရမည်ဖြစ်သည်။ ကျောင်းပုံစံ သင်ယူရမည်။ နေ့အချိန်တစ်ခုလုံးတွင် သင်ယူရမည်။ သတ်မှတ်ထားသည့် နှစ်ကာလအပြည့် အချိန်ပေးနိုင်မှသာလျှင် သင်ယူဆည်းပူးနိုင်ပေမည်။ ထိုသင်ယူနေမှုတွင် ပါဝင်သူများကို ကြည့်ပါ။ ၎င်းတို့က ပညာတစ်ခုကို အခြေခံမှစ၍ အဆင့်တစ်ခု ရောက်သည်အထိ သင်ယူနေသည်။ အိမ်ထောင်ရေးတာဝန်၊ စီးပွားရေးတာဝန်၊ လူမှုရေးတာဝန်၊ မိသားစုအရေးတာဝန် နိုင်ငံရေးတာဝန် ရုံးတာဝန် အိမ်တာဝန်၊ ဆိုင်တာဝန် စသည့်တာဝန်များကို ထမ်းဆောင်သူများ မဟုတ်ပေ။ အကယ်၍ ထိုသို့ တာဝန်ထမ်းဆောင်သူများက မိမိတို့ တာဝန်ပိုင်းဆိုင်ရာနှင့် စပ်လျဉ်း၍ အစ္စလာမ့်အသိများ သို့မဟုတ် အခြေနေအကြောင်းကြောင့် အစ္စလာမ့်အခြေခံပညာ မသင်ခဲ့ရ၍ ယခု ထိုတာဝန်များ ထမ်းဆောင်ရင်း သင်ယူလိုသည်ဆိုလျှင် မည်သည့်နေရာတွင် သင်ယူရမည်နည်း။ ၎င်းတို့အား ကျောင်းတတ်ပေါ့ဟု ဆိုလိုက်လျှင် အစ္စလာမ်က ကျောင်းတတ်မှ ပညာရမှာလား၊ အစ္စလာမ်မှာ သည်လို နေ့ဘယ်အချိန်မှ ဘယ်အချိန်အထိ သင်ယူမှ ပညာရမည်ဟု သတ်မှတ်ထားပါသလားဟု မေးခွန်းများ ထုတ်နိုင်ပေသည်။ ထို့ပြင် ယင်းလူတန်းစား သင်ကြားမှုတွင် အိမ်ထောင်ရှင်များအနေဖြင့် ပါဝင် သင်ယူနိုင်ခြင်းမရှိပေ။ အစ္စလာမ့်သည် လောကီကိုစွန့်ပြီး ပညာကြီးပဲသင် အိလိမ်ကြီးပဲသင်ဟု လုံးဝမပြဌာန်းထားပေ။ အစ္စလာမ့်ပုံစံမှာ လောကီကို အကြောင်းခံပြီး အာခိရသ်အတွက် စ၀ါးဗ်ကို ရှာဖွေရန်ဖြစ်သည်။ ခေတ်၏ပညာရပ်များ လက်မှုပညာ စီးပွားရှာဖွေပညာများကို သင်ပြီး ထိုအရာများကို အစ္စလာမ့်နည်းနှင့် ကိုက်ညီစွာကျင့်သုံးရမည်သာဖြစ်၏။ ဆရာဝန် အင်ဂျင်နီယာ ရှေ့နေ အိုင်တီပညာ အဆုံးဆိုရသော် အင်္ဂါဂြိုလ်အထိ သွားခွင့်ရှိသည်။ ထိုအရာများကို အစ္စလာမ့်နည်းကျ အသုံးချရမည်ကိုလည်း တောင်းဆိုထားပေသည်။ ထို့ကြောင့် စီးပွားလည်း အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့် ပုံစံ၊ အိမ်ထောင်လည်းပြု အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့်ပုံစံ၊ ခေတ်ပညာရှင်လည်းလုပ် အစ္စလာမ်ကိုလည်း သင်ယူနိုင်မည့်ပုံစံ စနစ်တစ်ခု ရှိရပေမည်။

အစ္စလာမ်၏ အဓိပတိပညာရှင်ကြီးများဖြစ်သော အလ္လာဟ့်အချစ်တော် ဆွဟာဗာဟ် ဆွဟာဗီယဟ်ကြီးများ ခေတ်က မည်သို့ ပညာသင်ယူသည်ကို အနည်းငယ် လေ့လာကြည့်မည်။ ဆွဟာဗာဟ်တို့သည် တမန်တော်မြတ် ဆွလ္လလ္လားအလိုင်းဟိဝစလ္လမ်ထံမှ အစ္စလာမ့်ပညာကို တိုက်ရိုက် ဆည်းပူးခဲ့ရသူများဖြစ်သည်။ ဆွဟာဗဟ်တို့သည် အလုပ်လည်း လုပ်သည်။ အိမ်ထောင်လည်း ပြုသည်။ သားသမီးလည်း မွေးဖွားကြသည်။ စီးပွားလည်း ရှာဖွေသည်။ ထိုလောကီကိစ္စရပ်များအားလုံးကို ဆောင်ရွက်နေသလို တစ်ဖက်တွင် ပညာ သင်ယူသည်။ သင်ယူသူတိုင်းသည် နောက်တစ်ဖက်တွင် ပြန်သင်ပေးသူလည်း ဖြစ်၏။ ဆွဟာဗဟ်တို့တွင်လည်း ကျောင်းသား လူတန်းစား ရှိခဲ့ပါသည်။ အဆ်ွဟာဗေစုဖ်ဖဟ်ဟု ခေါ်သည်။ ၎င်းတို့သည် ပညာသင်ယူသူ သီးသန့်သာ ဖြစ်၏။ အချိန်ပြည့် ပညာကိုသာ ဆည်းပူးနေသည်။ အဓိကပြောလိုသည်မှာ ဆွဟာဗဟ်တို့တွင်လည်း ကျောင်းသား လူတန်းစားရှိသလို လူတန်းစားအစုံ သင်ယူဆည်းပူးနိုင်သည့် အခြေအနေလည်း ရှိခဲ့သည်။ ကျွန်ုပ်တို့တွင်မူ ကျောင်းသားလူတန်းစား တစ်ခုသာ သင်ယူနိုင်သည့် ပုံစံဖြစ်ပြီး ကျန်သည့် လူတန်းစားအစုံ သင်ယူနိုင်သည့် အခြေအနေမရှိပါ။

အမျိုးသမီးပိုင်းဆိုင်ရာကို ဆိုရလျှင် တမန်တော်ခေတ်ကတည်းက အာလိမဟ် ဟာဖိဇဟ် မုဖ်သီယဟ်များ ရှိခဲ့ပါသည်။ တမန်တော်ခေတ်မှစလို့ ဆွဟာဗဟ်ခေတ် အိမာမ်ကြီးများ၊ မုဟဒ္ဒိစ်၊ မုဖစ်စိရ်များ ခေတ်အထိ အစ္စလာမ့်ပညာကို ထူးချွန်ပြောင်မြောက်စွာတတ်သည့် အမျိုးသမီးအုပ်စုရှိခဲ့သည်။ ယင်းအမျိုးသမီးတို့သည် တစ်ဖက်တွင် အိမ်ထောင်ပိုင်းဆိုင်ရာတာဝန်များကို လုပ်ဆောင်ပြီး နောက်တစ်ဖက်တွင် အစ္စလာမ်ကို သင်ယူသူ၊ သင်ပေးသူများ ဖြစ်ကြပေသည်။ယနေ့လည်း မိန်းကလေးကျောင်းများ ရှိနေသည်။ ကွာခြားမှုမှာ ယခင်က အမျိုးသမီး လူတန်းစားအစုံ သင်ယူနိုင်ပြီး ယနေ့တွင်မူ ကျောင်းသူလူတန်းစား တစ်မျိုးသာ သင်ယူနိုင်သည့် ပုံစံဖြစ်နေသည်။

အထက်တွင် ဖော်ပြခဲ့သလို လူတန်းစားအမျိုးမျိုးရှိသည့်အနက် အနည်းပါးဆုံးသော လူတန်းစားအတွက်သာ အစ္စလာမ့်ပညာကို သင်ယူနိုင်ပြီး ကျန်လူတန်းစားများအတွက် သင်ယူနိုင်သည့် ပုံစံ နေရာဌာနတို့ မရှိပေ။ မြန်မာပြည်တွင် ထိုသို့ မရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပေသည်။

ကျောင်း များစွာရှိသည်။ သို့သော် လူတန်းစား အစုံ သင်ယူနိုင်သည်မဟုတ်ပေ။ ကျောင်းတွင် အချိန်ပေးနိုင်မှ ပညာရမည်။ ထိုပညာတွင်လည်း အဓိကနှင့် အဓိကကို အကူပေးသည့် ပညာရပ်များ ပါဝင်လျက်ရှိရာ ကျောင်းသားအတွက်မူ အဓိကနှင့် အဓိကကို အကူပေးသည်များ အားလုံးသိထားရန် အရေးကြီးပြီး ကျောင်းသား မဟုတ်သူအတွက် အဓိကကိုသာ သိရန် အရေးကြီးသည်။ ပမာအားဖြင့် ၀ုဇူပြုခြင်းကြောင်းကို ကျောင်းသားတစ်ဦး သင်ယူရန် ဦးစွာ အရဗီ၊ အရဗီသဒ္ဒါ၊ ၀ုဇူအမိန့်ကို ထုတ်နှုတ်သည့် အာယသ်၊ ယင်းအာယသ်မှ အမိန့်ထုတ်သည့် အုစူလ်၊ ဟဒီးစ်မှ ပြဆိုမှု၊ တဖန် အသုံးအနှုန်းပညာရပ်၊ အိမာမ်များ၏ အဆိုကွဲများ၊ အဆိုကွဲများ၏ အထောက်အထားများ။ ကျင့်သုံးမှု သမိုင်း စသည်ဖြင့် အသေးစိတ် သင်ယူရမည်။ လုပ်ရပ်တစ်ခု ပိုင်သည်ဟု ဆိုလျှင် ပိုင်ကြောင်း ဘယ်သူက ဘာအထောက်အထားနဲ့ ဘယ်လိုစကားလုံးသုံးပြီး ပြောသလဲ စသည်ဖြင့် သင်ယူရမည်။ ကျောင်းသားလူတန်းစားမဟုတ်သူအတွက် ထိုအချက်အားလုံးသိရန် မလိုအပ်ပေ။ အဓိကဖြစ်သည့် ၀ုဇူ မည်သို့လုပ်ရသနည်း။ ဘယ်အရာက ပျက်စေ၍ ဘယ်အရာက ၀ုဇူမပျက်စေသနည်း။ စသည်ဖြင့် လက်တွေ့ကျင့်သုံးရန် အဓိကကျသည့် အချက်သာ လိုအပ်သည်။

အစ္စလာမ်သည် မွေးရာမှ သေသည်အထိ တွေ့ကြုံရမည့် ကိစ္စရပ်တိုင်းအတွက် ပညတ်ချက်များ ရှိသည်ဟု ဆိုထား၏။ တဖက်တွင် မွေးရာမှ သေသည်အထိ ပညာ သင်ယူဟု ပြောထားသည်။ နောက်တဖက်တွင် မွစ်လင်မ်ယောက်ျား မိန်းမတိုင်း ပညာသင်ယူရန် ဖရ်ဇ်ဖြစ်၏ မိန့်ထားပြန်သည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ လက်ရှိ ပညာရေးစနစ်သည် ထို ညွှန်ကြားမှုအားလုံးကို ဖော်ဆောင်ပါရဲ့လားဟူသည်ကို ကြည့်ရပါမည်။ ကျောင်းအိပ် ကျောင်းစားတတ်သူသာ ပညာသင်ရမည်။ အိမ်ထောင်မရှိသူသာ ပညာသင်ရမည်။ စီးပွားရေးမလုပ်သူသာ ပညာသင်ရမည်ဟု မကန့်သတ်ထားပေ။ မွေးရာမှ သေသည်အထိ ပညာသင်ယူဟုဆိုထားရာ လူသည် အချိန်တိုင်း ကျောင်းသား၊ ကလေး အဖြစ်နှင့်သာ ရပ်နေသည်မဟုတ်ပါ။ ကလေးဘ၀မှ လူရွယ် လူငယ် လူကြီး စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲသွားပါသည်။ ထိုအဆင့်တိုင်းတွင် မွစ်လင်မ်သည် ပညာသင်နေရမည်။ ထိုသို့ ပညာသင်နေရန် သင်ယူနိုင်သည့် နေရာ၊ သင်ပေးနိုင်မည့် နေရာတို့ အလွန်လိုအပ်ပေသည်။

ယခုလောလောလတ်လတ် ဖြစ်ထားသည့် အခြေအနေတစ်ခုနှင့် ဆက်စပ်ပြီး ဖော်ပြရသော် သိပ်မကြာခင်က ကုရ်အာန်ကို တခြားဘာသာစကားဖြင့် မဖတ်ပိုင် မရေးပိုင် မထုတ်ဝေပိုင်ဟု အစ္စလာမ့်ပညတ်ချက် ထွက်ပေါ်လာခဲ့သည်။ ထောက်ခံသူ မထောက်ခံသူ ဝေဖန်သူ ပြစ်တင်သူ ရှုံချသူ အားလုံးရှိခဲ့ကြသည်။ အာလင်မ်မဟုတ်သည့် လူတန်းစားအတွင်း ထိုပညတ်ချက်ကို လက်မခံသူများသည်ဟု ယူဆသည်။ ယခုပြောလိုသည်မှာ အာလင်မ်မဟုတ်သည့် လူတန်းစားများအတွင်း လက်မခံသူများ ဘာ့ကြောင့် လက်မခံကြသနည်း။ အဖြေမှာ ရှင်းပါသည်။ အရဗီကို မူရင်းအတိုင်း ကြည့်၍ပင် မဖတ်တတ်သူများ ရှိနေသောကြောင့် ဖြစ်၏။ အကယ်၍သာ မွစ်လင်မ်အားလုံး မိမိတို့၏ ကျမ်းဖြစ်သော ကုရ်အာန်ကို မူရင်းအတိုင်း ဖတ်တတ်ကြပါလျှင် ထိုသို့ အရဗီအသံထွက်ကို ထည့်ရေးပေးသူ ရှိလာမည်မဟုတ်။ အသံထွက် ထည့်မရေးလျှင် ရိုက်နှိပ်ရန်လည်း မလိုအပ်တော့ပေ။ အသံထွက်လည်း ထည့်မရေး ရိုက်နှိပ်ခြင်းလည်း မရှိတော့လျှင် ထိုအသံထွက်ကို ကြည့်ဖတ်မည့်သူလည်း မရှိပါ။ ကုရ်အာန်ကို အရဗီမူရင်းအတိုင်းမဟုတ်ဘဲ အသံထွက်ဖြင့် ဖတ်သူမရှိလျှင် ထို ဖသာဝါလည်း ထွက်လာစရာအကြောင်းမရှိတော့ပေ။ ယင်းဖသာဝါမထွက်ခဲ့လျှင် ယခုကဲ့သို့ တစ်ဦးကို တစ်ဦး ပြစ်တင်ဝေဖန်ခြင်း၊ ရှုတ်ချခြင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားတိုက်ပွဲများ ပြုနေရခြင်းတို့လည်း မရှိတော့ပေ။ ထိုသို့မဖြစ် မရှိရခြင်းတို့သည် ပင်မလုပ်ဆောင်ချက်ဖြစ်သော ကုရ်အာန်ကို အရဗီမူရင်းအတိုင်း ဖတ်တတ်ခြင်းဟူသည့် ပညာရပ် မွစ်လင်မ်တိုင်းတွင် ရှိနေသောကြောင့်ပင် ဖြစ်၏။ ယခု ထိုသို့ မဖတ်တတ်သူများ ရှိနေသဖြင့် အပေါ်က ကိစ္စရပ်အားလုံး၏ ပြောင်းပြန်ဖြစ်သော အသံထွက်များရေးခြင်း ရိုက်နှိပ်ခြင်း ဖတ်ခြင်း ဖသာဝါပေးရခြင်းတို့ ဖြစ်လာပြီး အဆုံးတွင် အကုသိုလ်ဖြစ်သည့် တစ်ဦးနှင့်တစ်ဦး မကောင်းပြောခြင်း လွဲမှားနေသော ထင်မြင်ယူဆချက်များဖြင့် စွတ်စွဲခြင်းတို့ ဖြစ်လာရသည်။ ဤအခြေအနေတစ်ခုကို အစ္စလာမ့်ကိစ္စရပ်တိုင်းတွင် ချိန်ထိုးကြည့်ပါ။ သက်ဆိုင်ရာ အသိပညာကို သင်ယူနိုင်သည့်နေရာ မရှိသဖြင့် ရရာကို ဆွဲကိုင် လိုက်ကြပေသည်။ မြန်မာပြည်ရှိ အစ္စလာမ့်ပညာရေးစနစ်တွင် လူတန်းစားအစုံအတွက် သင်ကြားရေးများ အလွန်ပင် လစ်ဟနေပါသည်။ ထိုသို့ ပညာရေးလစ်ဟခြင်းကြောင့် မွစ်လင်မ်အများစု အကုသိုလ်နွံတွင် နစ်နေရသည်။ အကြောင်းအရင်းမှာ သက်ဆိုင်ရာပညာရပ်ကို မသင်ယူထားသောကြောင့်ပင် ဖြစ်၏။ သက္ကလီးဒ်နှင့် သက်ဆိုင်သည့် အသိပညာမရှိသဖြင့် သက္ကလီးဒ်ကို ပုတ်ခတ်သူတို့က နှစ်ခွန်းပြောလိုက်လျှင် စစ်မှန်သည့်မွစ်လင်မ်တို့ ကြောင်သွားရ၏။ ယောင်သွားရ၏။ နောက်ဆုံး အမောင် တောင်မှန်း မြောက်မှန်းမသိဘဲ အိမာမ်ကိုလက်ခံသူတို့က အိမာမ်ကို စော်ကားသူ ပုတ်ခတ်သူတို့ဖြစ်သွား၏။ ဘာ့ကြောင့်နည်း။ သက္ကလီးဒ်နှင့်ပတ်သက်သည့် အသိပညာရပ်များ မရှိ၍ ဖြစ်ပေသည်။

အထက်က ကုရ်အာန်ပိုင်းဆိုင်ရာဖတ်ရွတ်မှုကို ဆက်ရသော် ကုရ်အာန်ကို မြန်မာပြည်ရှိ မွစ်လင်မ်တစ်ဦးသည် မက်သဗ်တန်းတွင်သာ သင်ယူနိုင်ပြီး အခြားသော အသက်အရွယ် အခြေအနေတို့တွင် သင်ယူနိုင်သည့် စနစ်မရှိပေ။ ကုရ်အာန်တတ်ခြင်ရင် အရင်ကတည်းက မက်သဗ်တတ်ပေါ့ ဟု ပြောမရပါ။ အခြေအနေအရ မက်သဗ်ကို မတတ်နိုင်သူရှိသလို မက်သဗ်တော့တတ်ခဲ့ပြီး ယခုအသက် ငါးဆယ်။ စီးပွားရေးတွေလုပ်လိုက်တာ အခု ကျွန်တော် ကုရ်အာန်မဖတ်တတ်တော့ဘူး။ ပြန်သင်ချင်တယ် ဆိုလျှင် ဘယ်နေရာတွင် သင်ယူရမည်နည်း။ သက်ကြီးကုရ်အာန်သင်တန်းရှိတယ်။ ဗလီမှာမေးပေါ့ ဆရာခေါ်သင်လေ စသည်တို့သည် စည်းစနစ်မကျသည့် အဖြေများသာဖြစ်၏။ ယခုဆိုလိုချင်သည့် အစ္စလာမ့်ပညာရေးစနစ်မှာ အချိန်တိုင်း လူတန်းစားအစုံ မိမိသိလိုသည်များကို သင်ယူနိုင်မည့် ပုံစံဖြစ်သည်။ နေရာကွက်တိကွက်ကြား လက်တို့ပြီး သင်ကြသည့် ပုံစံမဟုတ်ပါ။

မွစ်လင်မ်တို့က အစ္စလာမ့်ပညာသင်ခြင်းဟု ယူဆထားသည့် ပုံစံအချို့ ရှိနေသေးသည်။ ဗယာန်၊ သဗ်လီးဂ် (ဂျမာအသ်ထွက်ခြင်း)နှင့် နွေရာသီသင်တန်းတို့ ဖြစ်၏။ ဗယာန်ဟူသည် ပညာသင်ခြင်းမဟုတ်။ အခြေအနေတစ်ခုကို အကြောင်းပြု၍ ဆုံးမခြင်းတစ်မျိုးဖြစ်သည်။ ဗယာန်သည် လူတို့၏ နှလုံးသားအတွင်း မှ ရောဂါဆိုးများကို ကုသပေးသည့် လုပ်ရပ်တစ်ခုဖြစ်၏။ ပညာသင်ခြင်းနှင့် ရောလို့မရပေ။ ပင်မရည်ရွယ်ချက်များ မတူညီပါ။ ပညာသင်ခြင်းဟူသည် ပမာအားဖြင့် နမားဇ်ဆိုလျှင် နမားဇ်တွင်ရှိသည့် ဖရ်ဇ်၊ ၀ါဂျိဗ်၊ စွန္နသ်၊ မွစ်သဟဗ်၊ မက္ကရူဟ်၊ ဟရာမ်၊ နမားဇ်ပိုင်ခြင်း မပိုင်ခြင်း ပျက်ခြင်း ဖျက်ခြင်း အချိန်ကျခြင်း မကျခြင်း ခရီးသည်နမားဇ် ရောဂါဖြစ်နေလျှင် မည်သို့နမားဇ်ဖတ်ရမည် ထိုင်ဖတ်ခြင်း မတ်တပ်ရပ်ဖတ်ခြင်း နမားဇ်တစ်ခုပိုင်ဖို့ ဘာတွေလိုသလဲ စသည်ဖြင့်ပါဝင်ခြင်းကို ပညာရပ်ဟုခေါ်သည်။ ဗယာန်ကို ပမာပြရလျှင် ထိုနမားဇ်ကို ဆောက်တည်ရမည့်အကြောင်း မွစ်လင်မ်ဖြစ်လျှင် နမားဇ်ဖတ်ရန် မည်မျှအရေးကြီးခြင်း၊ နမားဇ်ဖတ်ခြင်းကြောင့် ရရှိမည့် ကုသိုလ် မဖတ်လျှင် ခံရမည့်အပြစ် နမားဇ်ဖတ်ခြင်းကြောင့် လောကီအကျိုးရလဒ် နှလုံးသားအတွင်း အကျိုးပြုပုံ စသည်တို့ပါဝင်မည်။ ဗယာန်တွင် ပညာရပ်ကဲ့သို့ အစုံပြောခြင်းမရှိသလို ဗယာန်၏ ရည်ရွယ်ချက်နှင့်လည်း မကိုက်ညီပေ။ ဗယာန်ဟူသည် လူတို့ အကြောင်းအရာ၊ ကိစ္စတစ်ခု လုပ်ဆောင်လာရန် တရားဟောခြင်း၊ တရားရေးအေးကို ပူလောင်နေသည့်ရင်တွင်းသို့ ထည့်သွင်းပေးခြင်းဖြစ်ပြီး ပညာသင်ခြင်း မဟုတ်ပေ။ တဖန် သဗ်လီးဂ်ကို လူတို့က ပညာသင်သည်ဟု ထင်နေကြသည်။ သဗ်လီးဂ်ဟူသည့် အဓိပ္ပါယ်က ပို့ပေးခြင်းဖြစ်ပြီး သင်ယူခြင်းဟူသည့် အဓိပ္ပါယ်မပါဝင်ပါ။ သဗ်လီးဂ်တွင် လူတို့ကို နမားဇ်ဖတ်လာအောင် ဖိတ်ခေါ်မည်။ ဗလီရောက်လာအောင် ဆောင်ရွက်ပေးမည်။ အိမ်တွင်း ဘာသာရေးလုပ်ငန်းများ ဖြစ်ပေါ်လာရန် ပြောပြမည်။ မွစ်လင်မ်ဟုသာ ပြောတတ်ပြီး အစ္စလာမ်နှင့် ပတ်သတ်၍ နကန်းတစ်လုံးမျှ နားမလည်သူကို အစ္စလာမ်မှာ ဘာတွေ ဘာတွေရှိတယ်။ မွစ်လင်မ်ဆိုတာ နမားဇ်ဖတ်ရတယ်။ ရိုဇဟ်ထားရတယ်။ ဗုရ်ကအ်ဝတ်ရတယ်။ စသည်ဖြင့် အမိန့်များကို သိလာအောင် ပို့ပေးသူ ဗလီလာအောင် ဖိတ်ခေါ်သူဖြစ်၏။ သဗ်လီးဂ်လုပ်ငန်းအတွင်း နမားဇ်၏ ဖရ်ဇ်များ စွန္နသ်များ ၀ါဂျိဗ်များ မပြောပေ။ ပြောခြင်းကလည်း သဗ်လီးဂ်၏ ရည်ရွယ်ချက်နှင့် မကိုက်ညီပေ။ ကျွန်ုပ်တို့တွင် ဗယာန်ရှိသည်။ သဗ်လီးဂ်ရှိသည်။ သို့သော် ထိုအရာနှစ်ခု၏ အဓိကအချက်ဖြစ်သော ပညာ မရှိပေ။ ထိုပညာကို လူတန်းစားအစုံ သင်ယူနိုင်သည့်အခြေအနေ မရှိပေ။ လုပ်ရပ်တိုင်းတွင် သူ့နည်းသူ့ဟန် သူ့စံများ ရှိသည်။ နည်းစနစ်မကျသည့်အရာသည် ပုံထွက်လည်း မကောင်းသလို အသုံးလည်း မ၀င်ပေ။ ယနေ့ ကျွန်ုပ်တို့ ဖဇီလသ်ကို ရှာနေကြသည်။ ဘာလုပ်ရင် ဘာဖဇီလသ်ရမည်ကို သိလိုကြသည်။ ဖဇီလသ်ကို ရှရီအသ်နှင့်ကိုက်ညီမှသာ ရမည်ဖြစ်ပြီး ရှရီအသ်နှင့် မကိုက်ညီလျှင် ဖဇီလသ်မှ အဇားဗ်ဖြစ်သွားပေမည်။

နွေရာသီသင်တန်းသည်လည်း လူအချို့သာ တတ်ရောက်နိုင်ပြီး လူတန်းစားအစုံ တတ်နိုင်သည်မဟုတ်။ တဖန် နွေရာသီသင်တန်းတွင် တတ်သည့်အချိန်သည် ကျန်အချိန်များနှင့် စာလျှင် နည်းသလား များသလားဟူသည်ကို ယခုကြည့်မည်။ နွေရာသီသင်တန်းကို အများအားဖြင့် အစိုးရကျောင်းသား လူတန်းစားများသာ တတ်သည်။ တစ်နည်း ကျောင်းသား လူတန်းစား တတ်နိုင်သည့် သင်ကြားမှုပုံစံဖြစ်၏။ အချိန်အားဖြင့် တနေ့ သုံးနာရီခန့်သာဖြစ်သည်။ ထို့ထက်လည်း အနည်းငယ် ပိုချင် ပိုပေမည်။ တစ်နေ့ ၂၄နာရီတွင် ပျမ်းမျှအိပ်ချိန် ရှစ်နာရီကို ဖယ်လိုက်ပါ။ ၁၆နာရီ ကျန်မည်။ ယင်းမှ တစ်ကိုယ်ရေသုံးနှင့် မိသားစုပိုင်းဆိုင်ရာအချိန် ၅နာရီခန့်ဖယ်လိုက်လျှင် ၁၁နာရီကျန်မည်။ ထို ၁၁နာရီစာ အချိန်ပိုနေသည့် လူငယ်များကို သုံးနာရီကျော်ကျော်သာ အစ္စလာမ့်အသိပညာပေးသည်ဆိုလျှင် လုံလောက်ပါမည်။ နေ့ရော ညပါ အစ္စလာမ်နှင့် သက်ဆိုင်သည့် စာပေအသံများနှင့်သာ ရင်းနှီးပြီး အစ္စလာမ့်ကျောင်းများတွင် အချိန်ပေးတတ်လာသူများပင် တလွဲလုပ်သည်က များ၏။ ယခုလို အစိုးရကျောင်းများ အသံပေါင်းစုံအကြား နေသူများကို တစ်နေ့သုံးနာရီ သုံးလမျှသင်ပေးသည်ဆိုလျှင် မည်မျှထိရောက်မည်နည်း။ လောကီပညာရပ်များကို တစ်နှစ်ပတ်လုံး ၃၆၅ရက်ရှိသည်အနက် ရက်သုံးရာစာလောက် နေ့ရောညပါ နားထဲဝင်နေသူများကို သုံးလမျှ တစ်ခါသင် သုံးနာရီဆိုလျှင် ဆင်ပါးစပ် နှမ်းပတ်သည်နှင့် တူနေမည်။

ထို့ကြောင့် မြန်မာပြည် အစ္စလာမ့်ပညာရေးစနစ်ကို မွစ်လင်မ်လူတန်းစားအစုံ သင်ယူနိုင်သည့် စနစ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ရပါမည်။ အစ္စလာမ်တွင် ကဏ္ဍတိုင်းအတွက် နည်းစနစ်များ ပြသထားသည်။ ထိုနည်းများကို အထူးပြုသင်ယူထားသည့် မော်လ၀ီ မုဖ်သီ အာလင်မ်ကြီးများက ဦးစီးကာ စည်းစနစ်ကျသည့် ပညာသင်စနစ်တစ်ခု ပြုလုပ်ရပါမည်။ ယခုဆိုလျှင် များမကြာမီ ကမ္ဘာ့နိုင်ငံတကာသို့ လှည့်ခဲ့ပြီးဖြစ်သော ဒီမိုကရေစီသည် မြန်မာပြည်သို့လည်း လာရောက်ပါတော့မည်။ ဒီမိုကရေစီသည် ဧည့်သည်မဟုတ်။ သူရောက်သွားသည့်နိုင်ငံတိုင်းတွင် အမြဲနေသည့်သူ ဖြစ်၏။ ထိုစနစ်သည် လူတိုင်း လူတိုင်းထံသို့ ရောက်ရှိလာပေမည်။ ယင်းဒီမိုကရေစီရောက်ရှိလာမှုကို အစ္စလာမ်နည်းကျ လက်ခံကျင့်သုံးမလား သို့မဟုတ် ဒီမိုကရေစီအတိုင်း မျောပါသွားကြမလားဟူသည်ကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိပညာ မွစ်လင်မ်တိုင်းတွင် အသင့်ရှိနေရပါမည်။ အစ္စလာမ့်အသိပညာတွင် မွစ်လင်မ်တိုင်းသိရမည့် အကြောင်းအရာနှင့် သက်ဆိုင်ရာလူများသာ သိရမည့် အသိပညာဟူ၍ နှစ်မျိုးရှိသည်။ ခ၀ပ်မှု၊ ယုံကြည်မှုနှင့် လူမှုဆက်ဆံရေးပိုင်းသည် လူတိုင်းသိရမည့် အရာဖြစ်သည်။ လယ်ယာစိုက်ပျိုးသူက လယ်ယာနှင့် သက်ဆိုင်သည့် အမိန့်၊ အရောင်းအဝယ်ပြုသူက အရောင်းအဝယ်ပိုင်းဆိုင်ရာ၊ ဆရာဝန်က ကုသမှုပိုင်းဆိုင်ရာ ဂေါပကလုပ်သူက ဂေါပကနှင့် သက်ဆိုင်သည့် ပညာ၊ မော်ဇင်က အဇာန်နှင့် သက်ဆိုင်သည့် ပညာ အိမာမ်လုပ်သူက အိမာမ်နှင့်သက်ဆိုင်သည့် ပညာ စသည်တို့သည် သက်ဆိုင်ရာလူများသာ သိရမည့် ပညာရပ်များ ဖြစ်၏။ ယခုခေတ်ဆိုလျှင် ဘဏ်လုပ်ငန်းများ၊ စတော့ရှယ်ရာလုပ်ငန်းများ၊ ငွေချေးလုပ်ငန်းများ၊ အိုင်တီ၊ ဖုန်း၊ ကွန်ပျူတာ၊ ဒီဇိုင်း အင်တာနက် ဖေ့ဘွတ် စသည်များ အလွန်ကို တွင်ကျယ်လာပြီ ဖြစ်သလို မြန်မာနိုင်ငံမှ မွစ်လင်မ်များလည်း ထိုတွင်ကျယ်မှုများတွင် ပါဝင်နေပြီ ဖြစ်၏။ ၎င်းတို့ပါဝင်နေသည့် လုပ်ရပ်များတွင် အစ္စလာမ်မှ မည်သို့သင်ကြားပြသထားသည်ဟူသည် ပညာရပ်များ အလွန်လိုအပ်နေပေသည်။

ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာရန် အချိန်၊ လူ၊ ငွေနှင့် နေရာတို့ လိုအပ်သည်။ သင်ကြားမည့် အာလင်မ်တို့ စိတ်အေးစွာ သင်ပေးနိုင်ရန် ၎င်းတို့၏ ဘ၀အတွက် သီးသန့် စီးပွားရှာနေရန် မလိုအပ်သည့် စီစဉ်မှုမျိုး ရှိရမည်။ လူတန်းစားအစုံက အချိန်စုံတွင် လာရောက်သင်ယူနိုင်မည့် ပုံစံ၊ အဓိကအချက်များပါဝင်သည့် မိခင်ဘာသာစကားဖြစ်သော မြန်မာဘာသာဖြင့် သင်ပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတို့ပါရှိရပါမည်။

ယခုဆိုလျှင် မြန်မာနိုင်ငံ၏ အဓိက ကဏ္ဍတစ်ခုဖြစ်သော အစိုးရပိုင်းဆိုင်ရာတွင် တိုးတက်မှုများစွာပါဝင်သည့် ပြောင်းလဲမှုတစ်ခုဖြစ်နေသည်ကို မွစ်လင်မ်အာလုံးအသိပင် ဖြစ်၏။ ထိုပြောင်းလဲမှုကို အမှီပြုပြီး နိမ့်ကျခဲ့ရသည့် မွစ်လင်မ့်ပညာရေးစနစ်ကြီးကို လူတန်းစားအစုံ ပါဝင်သင်ယူနိုင်မည့် အခြေအနေတစ်ခု ဖြစ်ပေါ်အောင် ဆောင်ရွက်မည်ဆိုလျှင် မွစ်လင်မ်တို့အတွင်း အစ္စလာမ့်အသိပညာမရှိခြင်းကြောင့် ဖြစ်ပေါ်ရသည့် ဆိုးကျိုးများစွာ လျော့သွားနိုင်မည်ဖြစ်ကြောင်း ရေးသားရင်း .... အဆုံးသတ်လိုက်ပါသည်။

အလ်မုဖီးဒ်

Tuesday, March 8, 2016

နေကြတ် လကြတ်လျှင် မွတ်စ်လင်မ်တို့ ပြုလုပ်ရန်


ဤလင့်မှရှဲပေးနိုင်ပါသည်

မြန်မာနိုင်ငံတွင် ၉/၃/၂၀၁၆ အင်္ဂါနေ့တွင် နေကြတ်ခြင်း ဖြစ်စဉ်ကို တွေ့မြင်ရမည်ဟု ကြေငြာထားသည်ကို ဖတ်ရှုလိုက်ရပါသည်။ နေကြတ်လျှင် အစ္စလာမ်က ဘာလုပ်ခိုင်းထားသနည်းကို အများမွတ်စ်လင်မ် သိစေလိုသည့်ဆန္ဒ ဖြစ်ပေါ်လာသဖြင့် သိမှတ်ထားသမျှလေးကို စုစည်း၍ အလ်မုဖီးဒ်၏ စာဖတ်ပရိတ်သတ်ရှေ့ဝယ် ရေးသား တင်ဆက်လိုက်ပါသည်။ မွတ်စ်လင်မ်တို့အနေဖြင့် ထိုအကြောင်းအရာကို ဖတ်ရှုပြီးနောက် လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးကြပါမည်ဟုလည်း မျှော်လင့်အပ်ပါသည်။

နေကြတ်ခြင်းကို အရဗီဘာသာဖြင့် ကုဆူးဖ် (ကားဖ်(အကြီး)၊ ဆီးန်၊ ဝေါင်၊ ဖှာ) ဟု ခေါ်ဆိုသည်။ ကုဆူးဖ်၏ အဘိဓာန်အဓိပ္ပါယ်မှာ အလင်းရောင် ကင်းမဲ့သွားခြင်း ဟု ဖြစ်သည်။ အများအသုံးအနှုန်းတွင် နေကြတ်ခြင်းကို ခေါ်ဆိုပေသည်။

လကြတ်ခြင်းကို ခုဆူးဖ် (ခါ၊ ဆီးန်၊ ဝေါင်၊ ဖှာ) ဟုခေါ်ဆိုပြီး အဘိဓာန်အဓိပ္ပါယ်မှာ ဆုံးရှုံးခြင်းဟု ဖြစ်သည်။ အများသုံးတွင် လကြတ်ခြင်းကို ခေါ်ဆိုသည်။

နေကြတ်ချိန် နမားဇ်ဆောက်တည်ခြင်း
နေကြတ်ချိန် ဂျမာအသ်ဖြင့် နမားဇ်ဆောက်တည်ခြင်းသည် အိမာမ်အားလုံးထံတွင် အဆိုတညီတည်း ဖြစ်ပေသည်။ အိမာမ်ကြီးလေးပါးထံတွင် နေကြတ်ချိန် နမားဇ်ဆောက်တည်ခြင်းသည် စွန္နသေမုအပ်က်ကဒဟ် ဖြစ်၏။

တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ရှိချိန်တွင် နေကြတ်၊ လကြတ်ခဲ့ခြင်း
တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ် ရှိစဉ်ကာလ ဟစ်ဂျရီ ငါးခုနှစ်တွင် ပထအကြိမ် နေကြတ်ခဲ့သည်။ ဒုတိယအကြိမ်သည် တမန်တော်မြတ်၏ သားလေး အိဗ်ရာဟီးမ် ကွယ်လွန်ချိန်တွင် ဖြစ်၏။ ထိုဒုတိယအကြိမ်သည် ဟစ်ဂျရီ ဆယ်ခုနှစ်တွင် ဖြစ်သည်ဟု အဆိုကျော်ကြားပေသည်။

ဟစ်ဂျရီ လေးခုနှစ်၊ ဂျမာဒွလ်အွခ်ရာလတွင် လကြတ်ခြင်း ဖြစ်ပေါ်ခဲ့သည်။

နေကြတ်၊ လကြတ်ချိန် မွတ်စ်လင်မ်တို့ ပြုလုပ်ရမည့်အရာ
နေကြတ် လကြတ်ခြင်း ဖြစ်ပေါ်နေချိန် မွတ်စ်လင်မ်တို့ ဘာလုပ်ရမည်ကို အစ္စလာမ်ကို ယူဆောင်လာသည့် မြတ်နဗီ ဆွလ္လလ္လာဟုအလိုင်းဟိ ဝစလ္လမ်က ကျင့်သုံး လုပ်ဆောင်ပြခဲ့ပေသည်။ ထိုလုပ်ဆောင်ချက်ကိုပင် မွတ်စ်လင်မ်များ ကျင့်သုံးရပါမည်။ အစ္စလာမ်မဟုတ်သူများကဲ့သို့ အတိနမိတ်ကောက်ခြင်းများ၊ တချိန်လုံး နေကို ထိုင်ကြည့်နေခြင်းများ မပြုရပေ။ အစ္စလာမ်သည် ကမ္ဘာတွင်ဖြစ်မည့် အကြောင်းကိစ္စအားလုံးနှင့် ပတ်သက်၍ သက်ဆိုင်ရာ လုပ်ဆောင်ချက်များကို ချပြပေးပြီးဖြစ်ရာ ယင်းလုပ်ဆောင်ချက်တို့ကို အစ္စလာမ်ကိုလက်ခံထားသည့် မွတ်စ်လင်မ်တို့က ဖော်ဆောင် ကျင့်သုံးရပေမည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် နေကြတ်၊ လကြတ်ချိန်တွင် နမားဇ်ဝတ်ပြုတော် မူခဲ့သည်။ မွတ်စ်လင်မ်တို့အနေဖြင့် ဤအခြေအနေများ ဖြစ်ပေါ်နေချိန်တွင် တမန်တော်စွန္နသ် လိုက်နာကာ နမားဇ်ဆောက်တည်၍ အလ္လာဟ်ထံပါး ဒုအာပြုခြင်းသည် အလွန်သင့်တော် ကောင်းမွန်ပေသည်။ အဘယ့်ကြောင့်ဆိုသော် နေကြတ် လကြတ်ခြင်းများ ဖြစ်ပြီးပါက ရာသီဥတုဆိုင်ရာ ငလျင်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့ရှိသည်ဟု သက်ဆိုင်ရာပညာရှင်တို့က ဆိုထားကြ၏။ ယခု မွတ်စ်လင်မ်တို့အနေဖြင့် နေကြတ်နေချိန်၊ လကြတ်နေချိန်တွင် နမားဇ်ဖတ်၍ အလ္လာဟ်ထံပါးမှ ထိုဆိုးကျိုးများ မဖြစ်ပေါ်စေရန် ကင်းဝေးရန် ဆုပန်မည်ဆိုပါက မကောင်းပါ၏လော၊ ထို့ကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် နေကြတ်လကြတ်ချိန်တွင် ဖတ်သင့် ဖတ်ထိုက်သည်ကို ဖတ်၍ တစ်ဖက်တွင် စွန္နသ်တော်တစ်ခုကို အကောင်အထည်ဖော်ခြင်းကို ကုသိုလ်ကို ရယူပါ။ နောက်တစ်ဖက်တွင် မိမိနေထိုင်ရာ နိုင်ငံနှင့် ပြည်သူပြည်သားများအား ရာသီဥတု၏ ဘေးအန္တရာယ်များ ကျရောက်ရခြင်းကနေ မိမိတို့၏ ဒုအာဖြင့် ကာကွယ်ပါ။ ယခု နေကြတ် လကြတ်လျှင် ဖတ်သည့် နမားဇ်နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို တင်ပြပါမည်။

(၁)၊ နေကြတ်၊ လကြတ်ချိန်တွင် နဖိလ်နမားဇ် နှစ်ရကအသ်ဖတ်ခြင်းသည် စွန္နသ်ဖြစ်၏။

(၂) နေကြတ်နမားဇ်ကို ဂျမားအသ်နှင့်ဖတ်ခြင်း၊ နေကြတ်ချိန် မတ်စ်ဂျိဒ်သို့သွားခြင်း၊ လကြတ်ချိန် တစ်ဦးခြင်း နမားဇ်ဖတ်ခြင်းတို့သည် စွန္နသ်ဖြစ်သည်။

(၃) နေကြတ်နမားဇ်အတွက် အဇာန်နှင့် အိကာမသ်ပေးရန် မလိုအပ်ပေ၊ လူအများစုရုံးစေလိုပါက “အဆ်ွဆွလားသု ဂျာမိအဟ်” ဟုပြော၍ ဖိတ်ခေါ်နိုင်ပေသည်။

(၄) နေကြတ်နမားဇ်တွင် စူရဟ်အရှည်များ (စူရဟ်ဗကရဟ်ကဲ့သို့) ကို တွဲဖတ်ခြင်း၊ ရုကူအ်၊ စဂ်ျဒဟ် ကြာရှည်စွာပြုခြင်းသည် စွန္နသ်ဖြစ်၏။ ကိရာအသ်ကို တီးတိုးစွာ ဖတ်ရမည်။ မွတ်က်သဒီများ စိတ်ငြီးငွေ့သွားမည်ကို စိုးရိမ်ရပါက အသံဖြင့် ဖတ်နိုင်သည်။

(၅) နမားဇ်ပြီးသည်မှ စ၍ နေကြတ်ခြင်း ပြီးဆုံးသည်အထိ အိမာမ်သည် ဒုအာပြုနေရမည်။ မွတ်က်သဒီများက အာမီးန်ဆိုရမည်။ ထိုသို့ ဒုအာတောင်းနေချိန် သက်ဆိုင်ရာ နမားဇ်အချိန် ကျရောက်လာပါက ဒုအာကို အဆုံးသတ်ပြီး အချိန်ကျသည့် နမားဇ်ကို ဆောက်တည်ရပါမည်။

(ကောက်နှုတ်သည့် ကျမ်း။ ဗဟစ်ရှ်သီးဇေ၀ရ်၊ တွဲ ၁၁၊ စာ ၃၇။ အန်(န)၀ါရွလ်ကုဒူရီ၊ တွဲ ၁၊ စာ ၂၁၅။ သက်ဆိုင်ရာ ကျမ်းကြီးများကို ထိုစာအုပ်များမှ တဆင့်ကြည့်ရှုပါ။)

မှတ်သားရန်
နေကြတ်၊ လကြတ်ခြင်းဟူသည် အလ္လာဟ်အရှင်မြတ်၏ ကွဒ်ရသ်တော်တစ်ခုပင် ဖြစ်ပေသည်။ ထိုအချိန်တွင် မွတ်စ်လင်မ်တို့အနေဖြင့် နမားဇ်ဆောက်တည်ရမည်။ ဒုအာတောင်းနေရပါမည်။ အချို့ က ကိုယ်ဝန်ဆောင်များသည် နေကြတ် လကြတ်ချိန်တွင် ဘာမှမလုပ်ဘဲ ထိုင်နေရမည်။ တစ်ခုခု လုပ်လိုက်ပါက ကလေးကို ဘေးဥပဒ် သက်ရောက်သည်ဟု အယူရှိကြသည်။ အစ္စလာမ်တွင် ထိုသို့ယူဆချက်များ လုံးဝမရှိပေ။ အတိတ်နမိတ် ကောက်ခြင်းသည် ရှစ်ရ်က် အမျိုးအစားများထဲမှ တစ်ခုပင် ဖြစ်သည်။ နေကြတ်လကြတ်ခြင်းသည် အလ္လာဟ်ဘက်မှ ဖြစ်ပေါ်စေခြင်း ဖြစ်သဖြင့် မွတ်စ်လင်မ် အလ္လာဟ်ဘက်သို့သာ လှည့်ကြရမည်။ သဘောမှာ နမားဇ်ဆောက်တည်ရမည်။ ဒုအာပြုနေရမည်။ ကိုယ်ဝန်ဆောင်ရှိပါကလည်း နမားဇ်ဆောက်တည်ပါ။ နဖိလ်၏ နိယသ်ဖြင့် မိမိရသည့်စူရဟ်ကို တွဲ၍ ဖတ်နိုင်ပါသည်။ နေကြတ် လကြတ်နေချိန်တွင် အလ္လာဟ်ဟုအပ်က်ဗရ်ကို ရွတ်ဆိုပါ။ ထိုသို့ဆိုရခြင်း၏ သဘောတစ်ခုကို ဖွင့်ဆိုရသော် ဤ နေ၊ လကြတ်နေခြင်းတွင် မည်သည့်စွမ်းအားမျှ မရှိ၊ အလ္လာဟ်အရှင်မြတ်သာလျှင် အမြင့်မြတ်ဆုံး စွမ်းအား အရှိဆုံးပင်ဖြစ်သည်ကို ဖော်ကြူးခြင်းပင် ဖြစ်၏။ နမားဇ်မဆောက်တည်နိုင်သူတို့သည် ဒုအာပြုနေလျှင် ရပေသည်။ နမားဇ်သည် နဖိလ်နိယသ်ဖြစ်၏။ စူရဟ်အရှည်မရသူများအဖို့ မိမိရသည်ကိုလည်း ဖတ်နိုင်ပါသည်။ မွတ်စ်လင်မ်တို့အနေဖြင့် စွန္နသ်တစ်ခုကို အကောင်အထည်ဖော်ခွင့် ကြုံဆုံချိန်ဝယ် ကုသိုလ်စ၀ါးဗ်ကို အမိအရ ရယူကြပါဟု အလ်မုဖီးဒ်မှ တိုက်တွန်းအပ်ပါသည်။