Sunday, October 27, 2013

အစ္စလာမ်ဘာသာအကြောင်းတစေ့တစောင်း



(စာရှုသူ အစ္စလာမ်သာသနာဝင်တိုင်း တမန်တော် မုဟမ္မဒ်၏ အမည်နာမတော်ကို တွေ့တိုင်း (စွလ်လလ်လားဟု အလိုင်းဟိ ၀စလ်လမ်) ထည့်ဖတ်ရန် မမပေါ့နှင့်။)

ကျွန်ုပ်တို့၏ ကမ္ဘာလောကကြီးတွင် သက်ရှိသတ္တ၀ါပေါင်း မြောက်မြားစွာ ရှင် သန် သွားလာ နေထိုင်လျက် ရှိသည်။ ၄င်းသတ္တ၀ါများကို ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ တစ်မျိုးမှာ လူဖြစ်၍ နောက်တစ်မျိုးမှာ တိရိစ္ဆာန် ဖြစ် သည်။ တိရိစ္ဆာန်တို့၏ဘ၀သည် ရိုးရှင်းသည်။ ၄င်းတို့ စားဖို့သောက်ဖို့ အတွက် သဘာဝက သူ့အစီစဉ်နှင့်သူ ဖန်တီးပေးပြီးဖြစ်သည်။ အချိန်တန်လျှင် မိတ်လိုက်မည်။ သားမွေးမည်။ ပြီးနောက် သေမည်။ တိရိစ္ဆာန်တို့၏ ဦးနှောက်သည်တိုးတက်ရာ တိုးတက်ကြောင်း တီထွင်ကြံဆ ဖန်တီးနိုင်မှု မရှိချေ။ ထို့ကြောင့် ပင် ကမ္ဘာဦးအစက ပျားအုံ၊ ငှက်သိုက်၊ ပင့်ကူအိမ်တို့နှင့် ယနေ့ ပျားအုံ၊ ငှက်သိုက်၊ ပင့်ကူအိမ်တို့မှာ တစ်ထပ်တည်းဖြစ်သည်။
လူကား ထိုသို့မဟုတ်ပေ။ လူသည်ပြီးပြည့်စုံသော ဖွဲ့စည်းတည်ဆောက် ပုံကို ရရှိထားသည့် သတ္တ၀ါဖြစ်သည်။ တိုးတက် တီထွင် ကြံဆနိုင်သည့် မှတ် ဥာဏ်မျိုး ရှိသည်။ မိမိဘ၀ကို မိမိအလိုကျ ဖန်တီးနိုင်သည်။ ပတ်ဝန်းကျင်နှင့် အသိုင်းအ၀ိုင်းဖွဲ့ကာ နေထိုင်ရသည်။ ထိုအခါ လူတို့၏ဘ၀တွင် အခြေအနေ ပေါင်း မြောက်မြားစွာ ရှိလာသည်။ ပညာရှာခြင်း၊ စီးပွားလုပ်ခြင်း၊ ၀မ်းစာရှာဖွေ ခြင်း၊ အိမ်ထောင်ပြုခြင်း၊ သားသမီးပြုစုပျိုးထောင်ခြင်း၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခြင်း၊ လုပ်ငန်းရှင်ဖြစ်ခြင်း၊ လက်အောက်ခံဖြစ်ခြင်း၊ မိဘ၀တ္တရား၊ ခင်ပွန်း ဇနီးသည်ဝတ္တရား၊ သားသမီးဝတ္တရား၊ သေဆုံးကွယ်လွန်ခြင်း အမွေခွဲ ဝေခြင်း အစရှိသဖြင့် အခြေအနေတိုင်း လူသားတို့ ဖြတ်သန်းရမည်။ အခြေ အနေတိုင်းတွင် အကောင်းအဆိုး ဒွန်တွဲနေသည်။ အကောင်းပြုလိုကလည်း ပြု နိုင်သလို အဆိုးပြုလိုကလည်း ပြုနိုင်၏။ လူသားထံမှ လုပ်ရပ်ကောင်းများ များ သောအားဖြင့် ပေါ်ပေါက်စေရန် ပြီးပြည့်စုံသည့် အထိန်းအကွပ်တစ်ခု လိုအပ် လာသည်။ ဤသည်ကာ; ကိုးကွယ်ယုံကြည်ရာ သာသနာပင် ဖြစ်သည်။ လူအချင်းချင်း ထိန်းကွပ်မှုထက် သာသနာ၏ထိန်းကွပ်မှုက ပို၍ အဆပေါင်းများစွာ ထိရောက်ပါ သည်။ အခြေအနေပေါင်း မြောက်မြားစွာကို ဖြတ်သန်းရမည့် လူသားအတွက် အခြေအနေတိုင်းကို ညွှန်ကြားပြသထားသော သာသနာတစ်ခု မရှိမဖြစ် လိုအပ်လာပေသည်။

သာသနာနှင့် ကိုးကွယ်ယုံကြည်မှု
ကမ္ဘာပေါ်၌ ကိုးကွယ်ယုံကြည်မှုပေါင်း မြောက်မြားစွာ ရှိသည်။ သို့သော် သာသနာဟူ၍ တစ်ခုသာရှိသည်။ ကိုးကွယ်ယုံကြည်မှုတိုင်းသည် သာသနာ မဖြစ်နိုင်ပေ။ သာသနာဟု ခေါ်ဆိုနိုင်ဖို့အတွက် စည်းကမ်းချက်အချို့ ရှိသည်။ ကိုးကွယ်ယုံကြည်မှုသည် လူသားအား တရားသဘောကိုသာ ပြသသည်။ သာသနာသည် ကိုးကွယ်ယုံကြည်မှုကိုသာမက လူသားအား မွေးသည်မှသေသည် အထိ ဖြတ်သန်းရမည့် အခြေအနေအရပ်ရပ်တိုင်းကို သင်ကြားပြသထားသည်။ ကိုးကွယ်ယုံကြည်မှုသည် နေရာဒေသ လူမျိုးစုတစ်ခု လူပုဂ္ဂိုလ်တစ်ဦးအား အကြောင်းခံ၍ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ သာသနာဟူသည် ဖန်ဆင်းရှင်မှ လောကတစ်ခုလုံးကို ရည်ရွယ်၍ သတ်မှတ်ပြဌာန်းထားခြင်း ဖြစ်သည်။ ကိုးကွယ်ယုံကြည်မှုတိုင်းသည် လူပုဂ္ဂိုလ်တစ်ဦး၏ ဖန်တီးမှု ဖြစ်သည်။ သာသနာသည် ထာဝရ ဖန်ဆင်းရှင်၏ ဖန်တီးမှုဖြစ်သည်။
(ယနေ့ လူသားသည် ကွန်ပျူတာကို တီထွင်ထားသည်။ ကွန်ပျူတာကို ထိန်းချုပ်ဖို့အတွက် လူသားတစ်ယောက် အမြဲရှိနေဖို့ လိုအပ်သည်။ သို့မဟုတ် ဘဲ ကွန်ပျူတာ၌ရှိသော ဆော့ဖ်ဝဲများကဲ့သို့ ဆောဖ့်ဝဲအသစ်တစ်ခုကိုထည့်ကာ ၄င်းဆောဖ့်ဝဲက လူ၏ မည်သည့်လမ်းညွှန်ချက်မှမပါဘဲ ပွင့်ရာမှ ပိတ်သည် (ပလတ်ဖြုတ်သည်) အထိ စွမ်းဆောင်နိုင်မည်လား။ လုံးဝမဖြစ်နိုင်ပါ။ ထိုနည်းတူ ကမ္ဘာလောကကြီးကို ကွန်ပျူတာဟု သဘောထားကြည့်ပါ။ ကမ္ဘာလောက အတွင်း၌ ရှိနေသော လူသားတစ်ဦးက ကမ္ဘာကြီး၏ ဖြစ်ပျက်မှုအားလုံးကို အတွင်းထဲမှ ထိန်းချုပ်နိုင်မည်လား။ မထိန်းချုပ်နိုင်ပါ။ ကမ္ဘာကြီးကို ထိန်းချုပ် ထားသော လူသားမဟုတ်သည့် ထာဝရ ဖန်ဆင်းရှင်တစ်ပါး ရှိကိုရှိရမည်။ ထို ဖန်ဆင်းရှင်သည် လူတို့ကို ဆုံးမသွန်သင်ဖို့အတွက် လူအသွင်ဆောင်ပြီး လောကထဲသို့ လာခဲ့သည်ဆိုသည်မှာလည်း ယုတ္တိမရှိပေ။ လူသားထဲက လူ တစ်ဦးကို ရွေးချယ်၍ ဖန်ဆင်းရှင်၏ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခြင်းသာ လျှင် ဖြစ်နိုင်ပေသည်။)

အစ္စလာမ်သာသနာ
ကမ္ဘာပေါ်ရှိ ကိုးကွယ်ရာဘာသာများသည် ၄င်းဘာသာကို ဦးဆောင်ပို့ချ သူတို့အား အစွဲပြု၍ မှည့်ခေါ်ကြ၏။ ခရစ်ယာန်ဘာသာသည် ဂျေဆပ်ခရစ် တော်ကို အစွဲပြု၍လည်းကောင်း၊ ဗုဒ္ဓဘာသာသည် ဂေါတမဗုဒ္ဓဘုရားရှင်အား အစွဲပြု၍လည်းကောင်း ခေါ်ဝေါ်ကြ၏။
သို့ရာတွင် အစ္စလာမ်သာသနာကား ဤသို့မဟုတ်ပေ။ အစ္စလာမ်၏အဓိ ပ္ပါယ်မှာ `ကျိုးနွံခြင်း၊ အမိန့်နာခံခြင်း´ဟု ဖြစ်သည်။ တစ်ပါးတည်းသော ဖန် ဆင်းရှင်က စကြ၀ဠာတစ်ခုလုံးကို ရည်ရွယ်၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။ အလိုသဘောမှာ လောကတွင် ရှိသော အရာအားလုံးသည် ဖန်ဆင်းရှင်၏ အမိန့်ကို နာခံလျက်ရှိသည်။ ကမ္ဘာဦးအစမှ ယနေ့တိုင် နေသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ၀င်သည်။ တစ်ခါဖူးမှ အပြောင်းအလဲ မဖြစ်ခဲ့ပေ။ သရက်ပင်သည် သရက်သီးကိုသာ သီးစေနိုင်သည် ဗူးပင်သည် ဗူးသီးကိုသာ သီးစေနိုင်သည်။ သရက်ပင်မှ ဗူးသီးသီး၍ ဗူးပင်မှ သရက်သီးသီးသည်ဟူ၍ မရှိခဲ့ပေ။ စသဖြင့် လောက၏ အရာအားလုံးသည် ဖန်ဆင်းရှင်၏ ပုံစုံချ သတ်မှတ်မှုအတွင်း၌သာ အမိန့်နာခံလျက်ရှိသည်။ သို့ရာတွင် ဖန်ဆင်းရှင် သည် လူသားကို အမိန့်နာခံနိုင်သည့် အရည်အချင်းနှင့် အမိန့်ဖီဆန်နိုင်သည့် အရည်အချင်းကိုပါ ထည့်သွင်းထားသည်။ ၄င်းအနက်မှ ဖန်ဆင်းရှင်၏ အမိန့် နာခံသူများသည် အစ္စလာမ်သာသနာဝင်များ ဖြစ်ကြပြီး ၄င်းတို့ကို `မုစ်လင်မ်´ အမိန့်နာခံသူဟု ခေါ်ဆိုပေသည်။
အချို့က အစ္စလာမ်သာသနာသည် တမန်တော် မုဟမ္မဒ်၏သာသနာဟု ထင်နေကြသည်။ တမန်တော် မုဟမ္မဒ်မတိုင်မီ ကမ္ဘာဦးအစကတည်းက အစ္စလာမ်သာသနာသည် ရှိနှင့်ပြီးဖြစ်သည်။ တမန်တော်မုဟမ္မဒ် မတိုင်ခင်က တည်းက မြောက်မြားစွာသော တမန်တော်များလည်း ပွင့်ခဲ့ပြီးဖြစ်သည်။ တမန်တော်မုဟမ္မဒ်သည် အစ္စလာမ်သာသနာတော်အား တစ်ကျော့တစ်ဖန် ဆန်း သစ်စေခဲ့သူ၊ ဖန်ဆင်းရှင်၏ နောက်ဆုံးကျမ်းစာဖြစ်သော `ကုရ်အာန်ကျမ်း´ကိုရှင်းပြပေးခဲ့သူဖြစ်သည်။
အခြားသော ဘာသာတရားများသည် ကိုးကွယ်မှုပိုင်း၌သာ ပြည့်ဝစုံလင် ပြီး ကျန်သည့် ကဏ္ဍများတွင် အပေါ်ယံမျှသာ `မခိုးရ၊ မ၀ှက်ရ၊ မလိမ်ရ၊ ကာ မေသုမိစ္ဆာကံ မကျူးလွန်ရဟု ဆုံးမထားသည်။ အစ္စလာမ်ကား ဤသို့မဟုတ်။ ကိုးကွယ်ယုံကြည်မှု တစ်ခုတည်းကိုသာ အဓိကထားသည့် သာသနာမဟုတ် ပေ။ လူတစ်ယောက် မွေးရာမှ သေသည်အထိ ရင်ဆိုင်ကြုံတွေ့ရမည့် အခြေ အနေတိုင်း၌ အသေးစိတ် သင်ကြားပြသမှုများ ရှိသည်။ အပေါ့ အလေးသွား သည့်က အစ သန့်ရှင်းစင်ကြယ်မှုကို ရယူတဲ့ပုံစံ၊ လူမှုဆက်ဆံရေး၊ တစ်ဦးနှင့် တစ်ဦး နစ်နာမှု မဖြစ်စေသော စီးပွားရေးစနစ်၊ စနစ်ကျသော လက်ထပ် ထိမ်းမြားမှု၊ ကွာရှင်းမှု၊ ပေါင်းသင်းဆက်ဆံမှု၊ ၀တ္တရားများ၊ သားသမီးပြုစုပျိုး ထောင်မှု၊ သေဆုံးသည့်အခါ အမွေခွဲဝေမှုအသေးစိတ်၊ တိုင်းပြည်အုပ်ချုပ်မှု၊ တရားစီရင်မှု အစရှိသည့်ကဏ္ဍအားလုံး၏ စည်းမျဉ်း၊ ဥပဒေများ၊ ကုရ်အာန် ကျမ်းစာတွင် ချမှတ် ပြဌာန်းပေးထားသည်။ ဤသည်သာမက လူသားတစ်ဦး ချင်းအပေါ် မပြုမနေရတာဝန်အဖြစ် နမားဇ်ဝတ်ပြုမှု (အမိန့်နာခံမှု၏သရုပ်)၊ ရိုဇဟ်ဥပုသ်သီလ (စိတ်အလိုရမက်များအား ချိုးနှိမ်မှု၏ သရုပ်)၊ ဇကားသ် (လူသားချင်း စာနာထောက်ထားမှု၏ သရုပ်)၊ ဟဂ်ျ (စည်းလုံးညီညွတ်မှု၏ သရုပ်) တို့ကိုလည်း သတ်မှတ်ပေးထားသည်။ ၄င်းတို့နှင့်ပတ်သက်၍ ရှေ့တွင် အသေးစိတ် ရှင်းပါမည်။
ထို့ပြင် အစ္စလာမ်သည် မကောင်းမှုကို တားမြစ်ရုံမက မကောင်းမှုကို ကြို တင်ရှောင်ရှားနိုင်မည့် နည်းလမ်းများကိုပါ ညွှန်ကြားထားသည်။ ဥပမာ- ကာ မေသုမိစ္ဆာကံကို တားမြစ်ရုံမကဘဲ ကာမေသုမိစ္ဆာကံကို မဖြစ်ပေါ်စေနိုင်ရန် အမျိုးသမီးများအား လုံခြုံစွာ ၀တ်စားဆင်ယင်စေခြင်း၊ သူစိမ်းအမျိုးသား အမျိုး သမီးတို့၏ ဆက်ဆံမှုများတွင် စည်းဘောင်များ သတ်မှတ်ထားခြင်း နေကာဟ် ဟူသည့် ခိုင်မာပြတ်သားသည့် လက်ထပ်ဥပဒေကို ချမှတ်ပေးခြင်း ကာမေသု မိစ္ဆာ ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူခြင်းတို့ကိုပါ ညွှန်ကြားထား သည်။
အစ္စလာမ်တွင်သာသနာပိုင် ဘုန်းကြီးဟူ၍ မရှိပါ။ အစ္စလာမ်သာသနာကို လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀၀ ကတည်းက တမန်တော်မုဟမ္မဒ်က ပြီးပြည့်စုံစွာ သင်ကြာပေးခဲ့ပြီး ဖြစ်သည်။ ခေတ်တိုင်း အခါတိုင်းနှင့် ကိုက်ညီသည့် ကုရ်အာန်ကျမ်းစာကိုလည်း ရရှိထားပြီးဖြစ်သည်။ မည်သည့်သာသနာပိုင်မျှ ခန့် အပ်စရာ သာသနာကို ထပ်မံ မွန်းမံစရာ မလိုတော့ပေ။ အစ္စလာမ်သည် လူသားတိုင်း၌ တန်းတူညီသည့် ဂုဏ်သိက္ခာကို ချီးမြှင့်ထားသည်။ လူသား အချင်းချင်း ပင်ကိုယ်ပီဇအရ တစ်ဦးက မြင့်မြတ်သည်။ တစ်ဦးက နိမ့်ကျသည် ဟူ၍ မရှိပါ။ ကုသိုလ်ကောင်းမှု ပွားများသူသာလျှင် မြင့်မြတ်သည်။ အစ္စလာမ် သည် လူအချင်းချင်း ကိုးကွယ်ရန်၊ ဦးချရန် အမိန့်မပေးထားပါ။ ကောင်းမြတ် သောသူ၊ သစ္စာသမာဓိရှိသူတို့အား မိမိကိုယ်တိုင် ရှာဖွေဆုံးဖြတ်၍ ချဉ်းကပ်ရန် သာ ညွှန်ကြားထားသည်။ သူတော်စင် သူတော်ကောင်းဖြစ်ရန် လူတိုင်း၌ တန်းတူအခွင့်အရေး ရှိသည်။ သာသနာ့ဘောင်ဟူ၍ မရှိပါ။ လူတိုင်းလူတိုင်း ပုံမှန် နေထိုင်သွားလာရင်း ၀လီ (အလ္လာဟ်အချစ်တော်) သူတော်စင် ဖြစ်နိုင် ပေသည်။ လူတန်းစားတစ်ခုအား ဘုန်းတော်ကြီးဟု သတ်မှတ်၍ ၄င်းတို့အား ပေးကမ်းကျွေးမွေးခြင်း၊ ကိုးကွယ်ရှိခိုးခြင်းကို ခွင့်မပြုထားပါ။ လူတိုင်းလူတိုင်း ကိုယ့်ဝမ်းရေးအတွက် ကိုယ်တိုင် ရှာဖွေစားသောက်ရမည်။ တမန်တော်မုဟမ္မဒ် ကိုယ်တိုင်လည်း ၀မ်းစာရှာဖွေမှု လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်ခဲ့သည်။
အချို့က မော်လ၀ီများ၊ အင်္ကျီအရှည်ဝတ်သူများကို အစ္စလာမ်သာသနာ ၏ဘုန်းတော်ကြီးများဟု ထင်ကြသည်။ ဆေးပညာသင်ကြားသူများကို ဆရာ ၀န်ဟုခေါ်သကဲ့သို့၊ နည်းပညာသင်ကြားသူများကို အင်ဂျင်နီယာဟု ခေါ်သကဲ့ သို့၊ ၄င်းတို့သည်လည်း ဘာသာရေးပညာရပ်တို့အား သင်ကြားထားသူများသာ ဖြစ်ကြသည်။ ၄င်း တို့အား ဘာသာရေးအလုပ်များသာ လုပ်ရမည်ဟုလည်း အစ္စလာမ်က မသတ် မှတ်ထားပါ။ ၄င်းတို့ကိုသာ ရှိခိုးပူဇော်ရမည်ဟူ၍လည်း မပြောထားပါ။ ၄င်းတို့ ကိုယ်တိုင်လည်း လူသာမာန်ကဲ့သို့ လွတ်လပ်စွာ နေထိုင်နိုင်သည်။ သို့ရာတွင် ၄င်းတို့သည် ဘာသာရေးပညာရပ်များအား အချိန်ပေး သင်ကြားထားသူများ ဖြစ်သောကြောင့် ၀တ်ပြုမှုများ၊ ဘာသာရေးကိစ္စများတွင် ၄င်းတို့အား ဦးစီး ဦးရွက်စေခြင်းဖြစ်သည်။ ဤသည်ကိုကြည့်ပြီး ၄င်းတို့အား အစ္စလာမ်သာသနာ ၏ ဘုန်းတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များဟု မခေါ်ဆိုဝံ့ပေ။ အစ္စလာမ်ဘာသာရေး ပညာရှင်များဟုသာ ခေါ်ဆိုထိုက်သည်။ ဥပမာအားဖြင့် နေ့စဉ်ဝတ်ပြုရာတွင် ၄င်းတို့အား ရှေ့ဆောင်မှုမပြုစေဘဲ ဘာသာရေးအတန် အသင့်သာ နားလည်သော လူသာမန်တစ်ဦး ရှေ့ဆောင် ၀တ်ပြုခဲ့လျှင်လည်း ၀တ်ပြုမှု အထမြောက်သည်။ သို့သော် ၄င်းတို့အား ရှေ့ဆောင်မှုပြုခြင်းဖြင့် ပို၍ တိကျမှန်ကန်နိုင်ပေသည်။

အစ္စလာမ်သာသနာတော်၏ ကိုးကွယ်ယုံကြည်မှု
အစ္စလာမ်သာသနာ၏ ကိုးကွယ်ယုံကြည်မှုသည် ရိုးရှင်း၍ လူတို့အဖို့ နား လည်ရလွယ်သည်။ ဤသည်မက လူ၏ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးထား သည်ဟု ဆိုရပေမည်။ အစ္စလာမ်သာသနာတော်၏ အခြေခံကြသော ယုံကြည် မှု (၃) ခုသာ ရှိသည်။ (၁) အလ္လာဟ်အရှင် (၂) တမန်တော်မုဟမ္မဒ် (၃) ကုရ်အာန်ကျမ်း ဟူ၍ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်
အလ္လာဟ်အရှင်မြတ်မှအပ မည်သူတစ်ဦးတစ် ယောက်ကိုမျှ ဦးညွတ်ခြင်း၊ ဦးချခြင်း ခွင့်မပြုထားပေ။ အလ္လာဟ်အရှင်မြတ် သည်သာလျှင် တစ်ပါးတည်းသော ဖန်ဆင်းရှင်ဖြစ်သည်။ စကြ၀ဠာအားလုံး လှုပ်ရှားလည်ပတ်မှုသည် အလ္လာဟ်အရှင်မြတ်၏ ထိန်း ချုပ်မှုအောက်၌ ရှိသည်။ အစ္စလာမ်သာသနာဝင်တို့အဖို့ ကိုးကွယ်ရာအရှင် တစ်ပါးတည်းသာ ရှိသည်။ အလ္လာဟ်အရှင်မြတ်အလျင် မည်သည့်အရှင်သခင် မျှ မရှိသလို နောက်ပိုင်းတွင်လည်း ပေါ်ပေါက်နိုင်ခြင်း လုံးဝမရှိ။ အလ္လာဟ် အရှင်မြတ်နှင့် ဂုဏ်ရည်တူသူ ဟူ၍လည်း မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် လူသား၏အသွင်သဏ္ဍာန်နှင့် တည်ရှိနေခြင်းလည်း မဟုတ်ပါ။ တစ်မူထူးခြား သော အသွင်ဖြင့် ရှိနေသည်။ ကျွန်ုပ်တို့၏ သိမ်နုပ်လှသည့် လောကီမျက်စိဖြင့် အလ္လာဟ်အရှင်မြတ်အား တွေ့မြင်နိုင်စွမ်း မရှိပါ။ သေဆုံးကွယ်လွန်ပြီးနောက် ကမ္ဘာ့တရားခွင်နေ့တွင် အလ္လာဟ်အရှင်အား မုချ ဖူးမျှော်ခွင့် ရရှိမည်။

အစ္စလာမ်သာသနာဝင်တို့သည် သန့်ရှင်းစင်ကြယ်သော ကိုးကွယ်မှုကို ပိုင်ဆိုင်ထားသည်။ မိမိတို့၏ နဖူးမြေခဦးချခြင်းကို ဖန်ဆင်းရှင်တစ်ပါးတည်း အတွက်သာလျှင် သန့်သန့်လေး ထားရှိသည်။ တွေ့ကရာအရာတိုင်းကို မဦးချ ပါ။ အစ္စလာမ်သည် ရုပ်တုများပြုလုပ်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထား သည်။ ဖန်ဆင်းရှင်ရှိနေပြီဆိုမှဖြင့် ရုပ်တုမှာ အဘယ်ကြောင့် လိုအပ်မည်နည်း။ စင်စစ် ရုပ်တုများသည် လူတို့၏ ပယောဂများဖြင့် မကင်းပေ။ လူတိုင်းတွင် လူမျိုးစွဲ ရှိကြသည်။ တရုတ်လူမျိုးသည် ၄င်းတို့ကိုးကွယ်ရာရုပ်တုကို တရုတ် မျက်နှာပေါက်နှင့်တူအောင် ပြလုပ်မည်။ အိန္ဒိယလူမျိုးကလည်း ၄င်းတို့အိန္ဒိယ မျက်နှာပေါက်နှင့်တူအောင် ပြုလုပ်မည်။ မြန်မာလူမျိုးကလည်း မြန်မာရုပ်နှင့် တူအောင် လုပ်မည်။ မည်သည့်ရုပ်တုက အစစ်နည်း။ အလ္လာဟ်အရှင်သည် လောကကြီးတစ်ခုလုံး၏ ဖြစ်ပျက်မှုအားလုံးကို သိရှိနေသည်။ ကျွန်ုပ်တို့ ကောင်းမှုလုပ်သည်ဖြစ်စေ၊ မကောင်းမှုပြုသည်ဖြစ်စေ အလ္လာဟ်အရှင် တွေ့ နေ မြင်နေသည်။ ကျွန်ုပ်တို့၏ဆုတောင်းသံများကိုလည်း အလ္လာဟ်အရှင် ကြား နေသည်။ အစ္စလာမ်သာသနာဝင်များအဖို့ အလ္လာဟ်အရှင်မြတ်နှင့် ဆက်သွယ် ရာ၌ မည်သည့်ကြားခံခြင်းမှ မလိုအပ်တော့ပေ။ ထို့ကြောင့် အစ္စလာမ် သာသနာဝင်တို့၏ ဗလီဝတ်ကျောင်းများကို ကြည့်လျှင် သာမန်အခန်းတစ်ခု သာ ဖြစ်သည်ကို တွေ့ရမည်။ မည်သည့် ကိုးကွယ်ခံ တန်ဆာပလာများ လုံးဝ မရှိပေ။ အစ္စလာမ်သာသနာသည် ကိုးကွယ်မှုနှင့် ရိုသေမှု အခန်းကဏ္ဍကို ခွဲခြားထားသည်။ ကိုးကွယ်မှုသည် တစ်ပါးတည်းသော ဖန်ဆင်းရှင်အတွက်သာ ဖြစ်သည်။ ကျန်လူသားအားလုံးသည် ရိုသေမှု၏ခေါင်းစဉ်အောက်တွင် ရှိသည်။
လူကြီး မိဘ ဆရာသမား သူတော်စင် သူတော်မြတ်တို့အား ရိုသေလေးစားရမည်။ ဂုဏ်ပေးရမည်။ ပြုစုစောင့်ရှောက်ရမည်။ အထူးသဖြင့်
မိဘနှင့်ပတ်သက်သည့်ကဏ္ဍများ ကုရ်အာန်ကျမ်းမြတ်တွင် အလေးပေးတင်ပြ
ထားသည်။ သို့သော် ၄င်းတို့အား ကိုးကွယ်ခံကဲ့သို့ ပြုမူဆက်ဆံခြင်းကို အစ္စလာမ်က လုံးဝတားထားသည်။ အချို့ဘာသာများတွင် ကိုးကွယ်မှုနှင့် ရိုသေမှုကို ရောယှက်ထားသဖြင့် ဘုရားတု ဘုရားယောင်များ လူလူချင်း အစွဲထား ကိုးကွယ်မှုများ တစ်နေ့တခြား ပေါများလျှက်ရှိသည်။ ပမာဆောင်ရသော် အသင်သည် လူတစ်ယောက်ထံမှ ငွေ ၁၀ သိန်းချေးသည်။
၎င်းအား အကြွေးပြန်မဆပ်ဘဲ ရှိခိုးပူဇော်ကန်တော့နေလို့ အကြွေးကျေသွားမည်လား။ ၄င်းနှင့်ပတ်သက်သည့် အသင့်၏ ၀တ္တရားမှာ အကြွေးဆက်ခြင်းသာလျှင် ဖြစ်ပေသည်။ မိဘသည်လည်း အနန္တ ကျေးဇူးရှင်ပင်။ မိဘကို ထိုင်ရှိခိုး ကန်တော့နေလို့ ကျေးဇူးဆပ်ရာမကျပေ။ မိဘကို ချိုသာစွာ စကားပြောဆိုခြင်း ယဉ်ကျေးသိမ်မွေ့စွာဆက်ဆံခြင်း ပြုစုစောင့်ရှောက်ခြင်း ချစ်ခင်ယုယခြင်းတို့ကို ပြုခြင်းဖြင့် ကျေးဇူးဆပ်ရမည်။ ကုရ်အာန်က ဤကဲ့သို့ ကျေးဇူးဆပ်ရန်သာ ညွှန်ကြားထားသည်။
ဤနေရာတွင် မေးခွန်းတစ်ခုရှိသည်။ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်သာသ နာဝင်များသည် မက္ကဟ်မြို့ရှိ ကအ်ဗဟ်ဝတ်ကျောင်းရှိရာ အရပ်ကိုသာလှည့်၍ ဦးချနေကြသည်။ ရည်ရွယ်ချက် (၂) ခုကြောင့်သာ ဖြစ်သည်။ ပထမအချက်က တစ်ကမ္ဘာလုံးရှိ အစ္စလာမ်သာသနာဝင်အားလုံး တစ်ပြေးညီဖြစ်စေရန် ဖန်ဆင်းရှင်၏အမိန့်ဖြင့် နေရာတစ်ခု သတ်မှတ်ထားခြင်း ဖြစ်သည်။ ဒုတိယအချက်က ၄င်းကျောင်းတော်၏ အပေါ်တည့်တည့် ကောင်းကင်တွင် အလ္လာဟ်အရှင်မြတ် စံမြန်းရာ ပလ္လင်တော်ရှိသည်။ ၄င်းပလ္လင်မှ အလ္လာဟ်အရှင်မြတ်၏ လူတို့မမြင်နိုင်သောရောင်ခြည်တော်များသည် အောက်တည့်တည့်တွင်ရှိသောကအ်ဗဟ်ကျောင်းတော်သို့သက်ရောက်နေသည်။ ဤသည်ကိုအကြောင်းပြု၍ ၄င်းအရပ်သို့လှည့်၍ ဦးချခြင်းဖြစ်သည်။ ကအ်ဗဟ်ကျောင်းတော်သည် သာမန်အုတ်ဖြင့် ပြုလုပ် ထားသော အဆောက်အဦးတစ်ခုသာ ဖြစ်သည်။ ၄င်းကျောင်းတော်သည်
သမိုင်းကြောင်းအရ ထွဋ်မြတ်မှုရှိသော်လည်း ကိုးကွယ်ယုံကြည်မှု၌ မည်သို့မျှ မပတ်သက်ပေ။ တမန်တော်မုဟမ္မဒ်က မုစ်လင်မ်၏ ဂုဏ်သိက္ခာသည် ၄င်း ကျောင်းတော်ထက်ပင် ပို၍မြင့်မြတ်သည်ဟု ဆိုထားပေသည်။ တမန်တော် မုဟမ္မဒ် ကိုယ်တိုင်ပင် ဖန်ဆင်းရှင်အလ္လာဟ်၏ အမိန့်ဖြင့် ကအ်ဗဟ်ကျောင်းကို ကျောခိုင်းကာ ဂျေရုဆလင် ရှိ အပ်က်ဆွာကျောင်းတော်ဖက်သို့ ၁၇ လခန့် ၀တ်ပြုခဲ့ဖူးသေးသည်။ ဤအချက်ကပင် မုစ်လင်မ်တို့၏ ဦးချခြင်းသည် ကအ်ဗဟ်ကျောင်းတော်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ထင်ရှားပေသည်။

တမန်တော်မြတ် မုဟမ္မဒ် (ဆွလ်လလ်လားဟု အလိုင်းဟိ ၀စလ်လမ်)
အလ္လာဟ်အရှင်မြတ်သည် ခေတ်တိုင်း၊ အခါတိုင်းရှိ လူသားတို့အား လမ်းမှန်တရားပြသရန် လူသားတို့အနက်မှ လူရည်မွန်တစ်ဦးကို ရွေးချယ်ကာ စေတမန်အဖြစ် ချီးမြှောက်လေ့ရှိသည်။ ၄င်းတို့ကို `နဗီ´ဟုခေါ်သည်။ အချို့ `နဗီ´များကို အလ္လာဟ်အရှင်မြတ်သည် `ကျမ်းစာ´ကိုပါ ချီးမြှင့်လေသည်။ ထို သူများကို `ရစူလ်´ဟုခေါ်သည်။
တမန်တော် မုဟမ္မဒ် မတိုင်ခင် အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်၊ ရစူလ်တမန်တော် များစွာ ပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။ သို့ရာတွင် တမန်တော်မုဟမ္မဒ် သည် အလ္လာဟ်အရှင်၏ နောက်ဆုံးနဗီ၊ ရစူလ် ဖြစ်ပေသည်။ အလ္လာဟ်အရှင် မြတ်သည် တမန်တော်မုဟမ္မဒ်မှတဆင့် ပြီးပြည့်စုံသော အစ္စလာမ်သာသနာကို လူသားတို့ထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နောက်ထပ်နဗီ၊ ရစူလ် တစ်ပါးပါး ပေါ်လာရန် အကြောင်းမရှိတော့ပေ။
အစ္စလာမ်သာသနာသည် လက်တွေ့သဘောဆောင်သည့် သာသနာဖြစ်သည်။ သာသနာ့ သမိုင်းများ၊ ရာဇ၀င်များသည် လူ့သဘာဝနှင့် ကိုက်ညီမှုရှိသည်။ တမန်တော် မုဟမ္မဒ်၏ အတ္ထုပတ္တိကို ကြည့်လျှင် မြေလျိုးခဲ့သည်များ၊ မိုးပျံခဲ့သည်များကို တွေ့ရမည်မဟုတ်ပါ။ အစ္စလာမ်သာသနာသည် ယုံတမ်းစကားများ၊ စိတ်ကူး ယဉ်ဆန်မှုများမှ ကင်းစင်သည်။ အစ္စလာမ့်သမိုင်းသည် အရှိကိုအရှိအတိုင်းသာ တင်ပြသည်။ ချို့ယွင်းချက်များကို ဘေးဖယ်ကာ ကျန်သည့်ကိစ္စများကို အမွှန်း
တင်၍ ရေးသားထားခြင်း မဟုတ်ပါ။
တမန်တော်မုဟမ္မဒ်သည် သာမန်လူသားတစ်ဦးသာ ဖြစ်သည်။ လူ့ သဘာဝအတိုင်းသာ ကျင့်ကြံနေထိုင်သွားသူ ဖြစ်သည်။ တရားချည်းဟော၍ မသွားပါ။ လက်တွေ့ဘ၀၌ လျှောက်လှမ်းရမည့် ပုံစံများကို သင်ပေးသည်။ မိမိ ကိုယ်တိုင် ဒုက္ခခံခဲ့သည်။ အချိန်ကာလ အတန်ကြာအောင် ရုန်းကန်ခဲ့ရသည်။
လူသည် အသိုင်းအ၀ိုင်းနှင့်နေရသည်။ တစ်ဦးတည်း တောထွက်၍ တရားကျင့်ကြံခြင်းသည် တစ်ကိုယ်ကောင်းဆန်သော အဓိပ္ပါယ်မဲ့သောလုပ်ရပ် ဖြစ်သည်။ လူတော်လူကောင်းဆိုသည် မိမိကိုယ်တိုင်လည်း ကောင်းအောင်နေ ထိုင်သူ၊ သူတစ်ပါးတို့အားလည်း ကောင်းရာကောင်းကြိုး ညွှန်ကြားပေးသူ ဖြစ် သည်။ လူသားတိုင်း သူတော်စင်၊ သူတော်ကောင်းဖြစ်ရန် လိုအပ်သည်။ သူ တော်စင်၊ သူတော်ကောင်းဖြစ်ရန် တရားသာအားထုတ်၍ နေရမည်ဆိုလျှင် မည်သူက ထမင်းကျွေးမည်နည်း။ မည်သူက ဆေးကုသပေးမည်နည်း။ သူ တော်ကောင်းဖြစ်ရန် အိမ်ထောင်မပြုရဘူးဆိုလျှင် မကြာမီ လူသားမျိုးသာတုန်း သွားမည်ဖြစ်သည်။ ရန်သူအား မတိုက်ခိုက်ဘဲ အမျှသာပေးနေရမည်ဆိုလျှင် လောကကြီးတစ်ခုလုံး ရန်သူများသာ စိုးမိုးသွားမည်။
အစ္စလာမ်သာသနာသည် ထိုသို့ အဓိပ္ပါယ်မဲ့သောလုပ်ရပ်များကို အမိန့် ပေးခြင်းမျိုး လုံးဝမရှိပေ။ မီးသည် ပူသည်။ လောင်ကျွမ်းစေနိုင်သည်။ ဤသည် ကိုကြည့်၍ မီးကို လုံးဝမသုံးဘဲ အသင်နေမည်လား။ အိမ်ထောင်မပြုဘဲနေခြင်း သာလျှင် သူတော်ကောင်းကျင့်စဉ်ဆိုလျှင် အစောတည်းက လူသားကိုပင် အလ္လာဟ်အရှင် ဖန်ဆင်းတော့မည်မဟုတ်ပါ။ လျှပ်စစ်ကို မကိုင်တွယ်တတ် လျှင် အန္တရာယ်ရှိနိုင်ပေသည်။ ထိုအခါ အသင်သည် လျှပ်စစ်ကို လုံဝ မကိုင် ပဲနေရန် အမိန့်ပေးမည်လား။ စနစ်တကျ အန္တရာယ်ကင်းစွာ ကိုင်တွယ်နည်းကို သင်ပေးမည်လား။အခြားဘာသာများသည် လုံးဝမကိုင်ရန် အမိန့်ပေးသည်။
တမန်တော်မုဟမ္မဒ်သည် အန္တရာယ်ကင်းစွာ စနစ်တကျကိုင်တွယ်နည်းကို သင်ပေးသည်။
တမန်တော်မုဟမ္မဒ်သည် ကိုယ်တိုင် စီးပွားရေးလုပ်၍ မည်သို့သောပုံစံ ဖြင့် ငွေကြေးရှာလျှင် ပိုင်သည်။ မည်သို့သောပုံစံသည် မကောင်းသော မပိုင် သောလုပ်ရပ် ဖြစ်သည်ကို သင်ပေးသွားသည်။ မိမိကိုယ်တိုင် အိမ်ထောင်ပြု၍ ဇနီးသည်အပေါ် အဘယ်ကဲ့သို့ ၀တ္တရားရှိပုံ၊ ခင်ပွန်းသည်ကိုလည်း ဇနီးသည်အပေါ် မည်သို့ ဆက်ဆံရမည့်ပုံ၊ သားသမီးအား ပြုစုပျိုးထောင်ရမည့်နည်းလမ်းတို့ကို သင်ကြားပေးခဲ့သည်။ မိမိကိုယ်တိုင် အုပ်ချုပ်သူ ခေါင်းဆောင်လုပ်၍ မည်ကဲ့သို့ မျှတစွာ တရားစီရင်မည့်ပုံစံတို့ကို ပြသသွားသည်။ လူတို့ကြားတွင် နေထိုင်ခဲ့ပြီး လူမှုဆက်ဆံရေး မည်ကဲ့သို့အရေးကြီးပုံ၊ လူတိုင်းနှင့် ချစ်ခင်စွာ ပေါင်းသင်းနေ ထိုင်ရမည့်ပုံစံတို့ကို လက်တွေ့လုပ်ဆောင်ပြခဲ့သည်။ စံပြလူသားဆိုသည်မှာ ဤသို့သောသူကိုသာ ခေါ်ဆိုထိုက်ပေသည်။ ထို့ကြောင့် အစ္စလာမ်သာသနာ ၀င် တစ်ဦးအဖို့ မည်သည့်အခြေအနေ၌ ရှိနေပါစေ တမန်တော်မုဟမ္မဒ်၏ လုပ် ရပ်တိုင်းက စံနမူနာယူစရာအဖြစ် ကျန်ရှိသွားခဲ့ပေသည်။ ဆေးတက္ကသိုလ် ကျောင်းသားများကို lecture ပေးရုံသက်သက်ဖြင့် ဆရာဝန်တစ်ယောက် ဖြစ် နိုင်မည်လား။ lecture နှင့်အတူ practical ပါတွဲ၍ သင်ပေးမှသာ အရည် အချင်းမှီသောဆရာဝန်တစ်ယောက် ဖြစ်နိုင်မည်။ စာသင်ထားရုံသက်သက်ဖြင့် ဆရာဝန်သည် လူနာကိုအော်ပရေးရှင်းလုပ်နိုင်မည်လား။

ကုရ်အာန်ကျမ်းစာ
ယနေ့ကမ္ဘာပေါ်ရှိ ဘာသာတရားအသီးသီးတွင် ကျမ်းစာအမျိုးမျိုးရှိ သည်။ ၄င်းကျမ်းစာများသည် ၄င်းဘာသာတရားတို့ကို ပျိုးထောင်ခဲ့သူတို့ကိုယ် တိုင် (သို့မဟုတ်) ၄င်းတို့ သက်ရှိထင်ရှားရှိနေစဉ်၌ ဖြစ်ပေါ်ခဲ့သည်များ မဟုတ် ပါ။ ၄င်းဘာသာတရားတို့၏ ခေါင်းဆောင်များ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာ နေမှ တပည့်သားချင်းများက စုစည်းကာ ပြုစုထားခြင်းသာ ဖြစ်သည်။ အချို့ သာသနာဘာသာများတွင် ဤစုစည်းမှုပင် မူလပုံစံမပျက် မရှိတော့ပေ။ ခေတ်အဆက် ဆက် ကျမ်းစာများကိုလည်း ပြုပြင်ပြောင်းလဲ ရေးသားခဲ့ကြသည်။
သို့သော် ကုရ်အာန်ကား ဤသို့မဟုတ်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်ထံသို့ ကုရ်အာန်၏စာသားများ အလျဉ်းသင့်လျှင် သင့်သလို ချီးမြှင့်ပေးအပ်ခဲ့သည်။ တမန်တော်မုဟမ္မဒ်မှ မိမိ၏သားချင်းများကို ချက်ချင်း ပြန်သင်ပေးခဲ့သည်။ ၄င်းတို့သည် တမန်တော်မုဟမ္မဒ်ထံမှ ကြားသိရသမျှကို မှတ်သား ထိန်းသိမ်းခဲ့သည်။ ထိန်းသိမ်းရန်လည်း သူတို့အတွက် လွယ်ကူခဲ့
သည်။ ကုရ်အာန်သည် အရဗီစကားဖြင့် ကျရောက်ခဲ့သည်။ ယနေ့ အရဗီ စကားသည် ကမ္ဘာ့ထိပ်တန်း ဘာသာစကားများအနက်မှ တစ်ခုဖြစ်သည်။ အရဗီစကားကို ရုံးသုံးဘာသာဖြင့် သုံးနေသောနိုင်ငံ ၄၀ နီးပါးရှိသည်။ ပါဠိ ဘာသာစကား ပြောသောနိုင်ငံ တစ်နိုင်ငံမှ မရှိပါ။ သမ္မာကျမ်းစာ၏ မူရင်းစာပေ မှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေချေပြီ။
တမန်တော် မုဟမ္မဒ်ကော ၄င်း၏ သားချင်းများသည်လည်း အရဗီစကား ပြောဆိုသူများ ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်ကို ရှားပါးဘာသာစကားဖြင့် မချပေးပါ။ လူသုံးများသော ဘာသာစကားဖြင့် ချပေး ထားသည်။ သို့မှသာ လူတို့မှတ်သားရာ၌ ပိုမိုလွယ်ကူမည်။ ယနေ့ တမန်တော် မုဟမ္မဒ် ကွယ်လွန်ခဲ့သည်မှာ နှစ် ၁၄၀၀ ကျော်ခဲ့ပြီ။ ကုရ်အာန်သည် တစ်လုံး တစ်ပါဒမျှ မပြောင်းလဲဘဲ ယနေ့ထိ မူရင်းအတိုင်း ရှိနေပေသည်။ တမန်တော် မုဟမ္မဒ် ခေတ်အခါက ရေးသားခဲ့သော ကုရ်အာန်များလည်း သမိုင်းဝင်အဖြစ် ယခုတိုင် ရှိနေပေသည်။ အစ္စလာမ်သည် ကုရ်အာန်ကျမ်းမြတ်အား တစ်စုံတရာ ပြုပြင်ပြောင်းလဲခွင့် မည်သူ့ကိုမျှ မပေးထားပါ။
ကုရ်အာန်သည် တရားဓမ္မကိုသာ တင်ပြထားသော ကျမ်းစာ မဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ (ethic) လူမှုဆက်ဆံရေး စည်းမျဉ်းများ၊ သမိုင်းဖြစ်ရပ်များ အားလုံး ပါဝင်သည်။ ထို့ကြောင့် ကုရ်အာန်ကို အခြေပြု၍ တိုင်းပြည်အုပ်ချုပ်၍ ရသည်။ ကုရ်အာန်ကျမ်းလာဥပဒေများသည် အမြင်အားဖြင့် ကြမ်းတမ်းသည် ဟု ထင်ရသော်လည်း စင်စစ်တွင် ငြိမ်းချမ်းရေးကို ရှေးရှုလျက်ရှိသည်။ သူခိုးကို လက်ဖြတ်ရန် အမိန့်ပေးသည်။ ဤသည်ကို အနောက်တိုင်းသားတို့က ရက်စက်လွန်းသည်ဟု ဆိုကြသည်။ ခိုးမှုဖြစ်စဉ်၌ အခိုးခံရသောသူ၏ ခံစား ချက် အဘယ်မျှကြီးမားမည်နည်း။ တစ်ချို့အခြေအနေတွင် အခိုးခံရမှုကြောင့် ဘ၀ပင် ပျက်သွားနိုင်သည်။ သူ၏ခံစားချက်ကိုလည်း နားလည်ပေးရန် လိုအပ် သည်။ ရောဂါတစ်ခုဖြစ်လာလျှင် အသင်သည် ဆေးပေါ့ပေါ့သုံးမည်ဆိုလျှင် ရောဂါနာတာရှည်မည်။ မကြာမကြာ ကောင်းလိုက် ပြန်ဖြစ်လိုက် ဖြစ်နေမည်။ အသင် ဆေးပြင်းပြင်းဖြင့် အပြတ်ကုလိုက်လျှင် တစ်ခါတည်းနှင့် လုံးဝကောင်း
သွားမည်။ မီးပုံတစ်ပုံ အသင့်အနားတွင်ရှိသည်။ မီးသည် ပူကြောင်း၊ လောင် ကျွမ်းစေနိုင်ကြောင်း အသိ အသင့်တွင်ရှိလျှင် ထိုမီးပုံထဲသို့ အသင်ခုံချမည် လား။ ထိုကဲ့သို့ပင်။ တစ်ခါက ကုန်သည်အုပ်စုတစ်စုသည် မဒီနဟ်မြို့သို့ ရောက်ရှိလာလေသည်။ ၄င်းတို့ ရောက်ရှိချိန်သည် ၀တ်ပြုချိန်ဖြစ်နေသည်။ ရွှေ၊ငွေ အစရှိသည့် တန်ဖိုးကြီးပစ္စည်းများ ရောင်းချသည့်ဆိုင်များသည် လူသူ အစောင့်ကင်းမဲ့လျက် ဖွင့်ထားသည်ကို တွေ့ရာ ၄င်းကုန်သည်အုပ်စုမှာ အလွန်အံ့သြမင်သက် ဖြစ်ကြရသည်။ မည်မျှပင် ငြိမ်းချမ်းသော အခြေအနေ ဖြစ်သနည်း။ မည်သူမျှ ကိုယ့်ပစ္စည်းကို အခိုးမခံချင်ပါ။ ခိုးခံခဲ့ရလျှင်လည်း သူခိုး ကို လွန်စွာ စိတ်နာမည်ဖြစ်သည်။ ကုရ်အာန်ဥပဒေအတိုင်း ကျင့်သုံးသော ဆော်ဒီအာရေဗျနိုင်ငံသည် ယနေ့တွင် ခိုးမှုဖြစ်စဉ် အနည်းဆုံးနိုင်ငံ ဖြစ်ရုံသာ မက အထက်တွင်တင်ပြခဲ့သော ငြိမ်းချမ်းမှုကိုပင် ရရှိထားသည်။ ဤသည် ဥပမာတစ်ခုအနေနှင့် ရှင်းပြခြင်းဖြစ်သည်။ ကုရ်အာန်တွင် အလားတူ ငြိမ်းချမ်း ရေးရှေးရှုသည့် ဥပဒေပေါင်း များစွာရှိသည်။
ကုရ်အာန်တွင် နောက်ထပ် ထူးခြားချက်တစ်ခု ရှိသေးသည်။ အခြား သောဘာသာတရားများ၏ ကျမ်းစာမူရင်းစာပေကို ၄င်းဘာသာ၏ ဘုန်းတော် ကြီးများပင် ဖတ်တတ်ရွတ်တတ်ကြသည်။ သို့သော် အစ္စလာမ်သာသနာဝင် (၇) နှစ်အရွယ် ကလေးတစ်ယောက်သည် ကုရ်အာန်မူရင်းကို ကောင်းစွာဖတ် တတ်သည်။ မြန်မာနိုင်ငံကဖြစ်စေ၊ တရုပ်ပြည်ကဖြစ်စေ၊ အင်္ဂလန်ကဖြစ်စေ။ ဤသည် ကုရ်အာန်ကျမ်းစာ၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်။ ကမ္ဘာ့အရှေ့ အရပ်ဖြစ်စေ၊ အနောက်အရပ်ဖြစ်စေ၊ တောင်အရပ်ဖြစ်စေ မြောက်အရပ်ဖြစ်စေ ကုရ်အာန်ဖတ်ရွတ်သံသည် တစ်သံတည်းဖြစ်သည်။ ကုရ်အာန်ကျမ်းစာသည် တစ်အုပ်တည်း၊ တစ်ပုံစံတည်း ဖြစ်သည်။
နမားဇ် (ဆွလားသ်) ၀တ်ပြုခြင်း
အစ္စလာမ်သာသနာသည် အရွယ်ရောက်ပြီးသူ အမျိုးသား/အမျိုးသမီး တိုင်းအား တစ်ရက်လျှင် နမားဇ် (၅) ကြိမ်ဖတ်ရန် အမိန့်ပေးထားသည်။ ယေ ဘုယျအားဖြင့်ကြည့်လျှင် (၅) ကြိမ်ဟူသော အရေအတွက်မှာ များလှသည်ဟု
ထင်ရသော်လည်း နောက်ကွယ်မှ အကျိုးတရားများကာ လူသား၏ဘ၀တစ်ခု လုံးကို သိသာစွာပြောင်းလဲပေးနိုင်ကြောင်းကို ရှေ့တွင်တင်ပြပါမည်။ အစ္စလာမ် သာသနာ၏ ထူးခြားချက်ကား မလိုအပ်သော အကျိုးမဲ့သောကိစ္စများကို အမိန့် ပေးစေခိုင်းထားခြင်း လုံးဝမရှိပေ။ ဘာသာရေးအရ အမိန့်စေခိုင်းမှုဖြစ်သော် လည်း မိမိကိုယ်တိုင် (သို့မဟုတ်) မိမိကြောင့် အခြားသူများ အကျိုးရှိစေမည့် ကိစ္စသာ ဖြစ်သည်။
အစ္စလာမ်သာသနာတော်သည် နမားဇ်မဖတ်မီအလျင် ၀ုဇူပြုရန် အမိန့် ပေးထားသည်။ နမားဇ် (၅)ကြိမ်ရှိသည်ဖြစ်ရာ တစ်နေ့လျှင် ၀ုဇူလည်း (၅)ကြိမ် ပြုလုပ်ဖြစ်လေမည်။ ၀ုဇူဟူသည် မိမိခန္ဓာကိုယ်အား အပြင်ပိုင်းဆိုင်ရာ သန့်ရှင်း စင်ကြယ်မှု ရယူခြင်းဖြစ်သည်။ ၀ုဇူပြုရာတွင် ခံတွင်းဆေးကြောခြင်း၊ နှာခေါင်း ဆေးကြောခြင်း၊ မျက်နှာသစ်ခြင်း၊ လက်နှစ်ဖက်ကို တံတောင်ဆစ်အထိ ဆေး ခြင်း၊ ဦးခေါင်းကို ရေစိုနေသောလက်ဖြင့် ပွတ်သတ်ခြင်း၊ ခြေနှစ်ဖက်ဆေးခြင်း တို့ ပါဝင်သည်။
သာမာန်လူတစ်ဦးသည် ခံတွင်းသန့်ရှင်းခြင်း၊ မျက်နှာသစ်ခြင်းကို အလွန် ဆုံး တစ်နေ့လျှင် အိပ်ရာထတစ်ခါ၊ အိပ်ရာဝင်တစ်ခါသာ ပြုလုပ်မည်။ သို့သော် မုစ်လင်မ်တစ်ဦးအဖို့ နမားဇ်၏အကြောင်းခံဖြင့် တစ်နေ့လျှင် (၅) ကြိမ်ပြုလုပ် ဖြစ်သွားသည်။ လူတိုင်းလူတိုင်း နေ့စဉ်နှင့်အမျှ ကြုံရာကျပန်း အလုပ်ကိစ္စများ၌ နစ်မွန်းနေစဉ် ခန္ဓာကိုယ်၌ အ၀တ်အစား ၀တ်ထားသော်လည်း ခြေ၊ လက်၊ မျက်နှာတို့မှာ ပွင့်ဟနေလျက်ရှိသည်။ ထိုနေရာများသို့ ဖုံများ၊ အညစ်အကြေး များ၊ ပိုးမွှားများ တွယ်ကပ်နေစရာရှိသည်။ မုစ်လင်မ်တစ်ဦးသည် နမားဇ်၏အ ကြောင်းခံဖြင့် ထိုနေရာများအား တစ်နေ့လျှင် (၅)ကြိမ် ဆေးကြောဖြစ်သွား မည်။ ဤသည် မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မည်မျှပင် အကျိုးဖြစ် ထွန်းလိုက်ပေသနည်း။
သို့သာမက ကျမ်းမြတ်ကုရ်အာန်တွင် မုစ်လင်မ်အမျိုးသား/အမျိုးသမီး များအား နမားဇ်ဝတ်ပြုရာနေရာသို့ သွားရာ၌ လှပကျော့ရှင်းစွာသွားရန် အမိန့် ပေးထားသည်။ အလုပ်၌ နစ်မွန်းနေရသူတစ်ဦးအဖို့ ခန္ဓာကိုယ်၌ ချွေးသီးချွေး
ပေါက်များ၊ ချွေးနံ့များ ရှိနေပေမည်။ ဧည့်သည်တစ်ဦးတစ်ယောက်နှင့် တွေ့ဆုံ ရာတွင် ၄င်းအနံ့အသက်များကြောင့် ဧည့်သည်အဖို့ အနည်းအကျဉ်းမဆို အခက်အခဲ ဖြစ်စေ နိုင်သည်။ သို့သော် နမားဇ် (၅) ကြိမ်ဖတ်သော မုစ်လင်မ်တစ်ဦးအဖို့ ခန္ဓာကိုယ် မှာ အမြဲတမ်း ကျော့ရှင်း မွှေးကြိုင် လန်းဆန်းနေမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဗလီများကို အသင် လေ့လာကြည့်ပါ။ နမားဇ်အချိန်တိုင်း၌ လူအနည်းဆုံး (၅၀၀) ခန့် ရပ်ကွက်တိုင်းရှိ ဗလီတိုင်း၌ ၀တ်ပြုကြ သည်။ အသင် အရေးကြီးကိစ္စကြောင့် အခမ်းအနားတစ်ခု လုပ်မည်ဆိုလျှင်ပင် လူ (၅၀၀) အား စုစည်းဖို့ မလွယ်ကူပေ။ အသင့်အိမ်၌ ထမင်းစားဖိတ်လျှင်ပင် အချို့သူများ အလုပ်အကိုင်ဖျက်ပြီး လာချင်မှလာလိမ့်မည်။ သို့သော် နမာဇ်ကို အကြောင်းပြု၍ မည်သည့်ဖိတ်စာမှမလို၊ မည်သည့်ဧည့်ခံမှုမျှ မရှိဘဲ၊ မည်သည့် အာဏာမှ မသုံးရဘဲ လူပေါင်းများစွာ နေ့စဉ် (၅) ကြိမ် ဗလီ၌ စုစည်းမိသွား သည်။ ဤကဲ့သို့သော စုစည်းမှုကို မည်သည့်သာသနာတွင်မှ တွေ့ရမည် မဟုတ်ပါ။
တည်ငြိမ်အေးချမ်းသော လောကကြီးဖြစ်ဖို့အတွက် အရေးအပါဆုံးအ ချက်သည် အမိန့်နာခံခြင်းပင် ဖြစ်သည်။ အမိန့်နာခံခြင်းသည် ငြိမ်းချမ်းရေး၏ အရင်းအမြစ်ပင် ဖြစ်သည်။ သားသမီးသည် မိဘအမိန့်နာခံမည်၊ တပည့်သည် ဆရာ၏အမိန့် နာခံမည်၊ အလုပ်သမားသည် အလုပ်ရှင်၏ အမိန့်နာခံမည်၊ လူ ငယ်သည် လူကြီး၏အမိန့် နာခံမည်၊ ပြည်သူလူထုသည် အုပ်ချုပ်သူအစိုးရ၏ အမိန့် နာခံမည်၊ လူသားအားလုံးသည် ဖန်ဆင်းရှင်၏အမိန့် နာခံမည်ဆိုလျှင် ကမ္ဘာလောကကြီးမှာ မငြိမ်းချမ်းစရာ အဘယ်အကြောင်းရှိမည်နည်း။ နမားဇ် သည် အမိန့်နာခံတတ်သော လူသားများ ဖြစ်လာအောင် ထရိန်နင်ပေးနေခြင်း ပင် ဖြစ်သည်။ နမာဇ်ဖတ်ရသော အချိန်များတွင် အချို့ အလုပ်များထဲ၌ နစ်မွန်း နေမည်။ အချို့ အိပ်ရေး၌ရှိနေမည်။ အချို့ အပန်းဖြေ အနားယူနေမည်။ ဤ တွင် နမားဇ်အချိန် ကျရောက်လာပြီးဆိုလျှင် မိမိ၏ လောကီရှာဖွေမှုအားလုံးကို စွန့်လွှတ်၍ ဖန်ဆင်းရှင်၏အမိန့်ကို နာခံရန်၊ နမာဇ်ဝတ်ပြုရန် ဦးလှည့်ကြတော့ မည်။ နမာဇ်ဖတ်သောသူသည် မိမိကိုယ်ရေးကိုယ်တာထက် အမိန့်ကို ဦးစား
ပေးနာခံတတ်သည့် အလေ့အကျင့် ရရှိသွားပေတော့သည်။ ဤသည်များသည် နမားဇ်၏ နောက်ကွယ်မှ အကျိုးတရားများပင် ဖြစ်ပေသည်။

ရိုဇဟ် (ဥပုသ်စောင့်ခြင်း)
ဒေါသဖြစ်လာချိန်တွင် ရန်သူအား ထိုးကြိတ်ကာ အနိုင်ယူသူနှင့် သည်းခံ မျိုသိပ်ကာ ပြဿနာအား ရှောင်ရှားသွားသူတို့နှစ်ဦးတွင် မည်သူက သတ္တိရှိသူ ဖြစ် သနည်း။ ကာမဆန္ဒ ပြင်းထန်နေချိန်တွင် ပြည့်တန်ဆာခန်းသို့ မသွားဘဲ မိမိ စိတ်ကို ထိန်းချုပ်ကာ ဖန်ဆင်းရှင်ဖက်သို့ အာရုံပြုခြင်း၊ ကောက်ရသည့် အဖိုး တန်ပစ္စည်းကို မိမိမယူဘဲ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခြင်း၊ ရောဂါဖြစ်နေချိန် တွင် မတည့်သောအစားအစာများ ရှေ့တွင်ရှိနေပါလျက်နှင့် မစားဘဲ မျက်နှာ လွှဲဖယ်ထားခြင်းတို့မှာ အပြောသာလွယ်သလောက် လက်တွေ့ပြုလုပ်ရန် အင်မတန်ပင် ခက်ခဲ၏။
ဖန်ဆင်းရှင်သည် လူသား၏ စိတ်နှလုံးသား၌ လောဘ၊ ဒေါသ၊ တဏှာ ရာဂ အစရှိသည်တို့ကို ထည့်သွင်းထားရာ ၄င်းတို့၏စေ့ဆော်မှုကြောင့် လူသား သည် တဒင်္ဂအရသာ ပေးစွမ်းနိုင်သော အကုသိုလ်ကိစ္စကို ပြုလုပ်ရန် အားသန် လျက်ရှိသည်။ သို့သော် မိမိစိတ်ကို ထိန်းချုပ်ခြင်း (mind control) ဟူသော အရည်အချင်းလည်း တစ်ဖက်တွင် ရှိပြန်၏။ ၄င်းအရည်အချင်းကို ပိုမိုထက် မြတ်လာစေရန်၊ အရည်အသွေး ပိုမိုကောင်းလာစေရန် ထရိန်နင်ပေးသောအ နေဖြင့် အစ္စလာမ်သာသနာသည် သာသနာဝင်တို့အား ရိုဇဟ် ဟူသောအမိန့် ကို ပြဌားန်လိုက်သည်။
ရိုဇဟ်ကို တစ်နှစ်လျှင် တစ်လ ထားရသည်။ နံနက်မိုးသောက်ချိန်မှ ညနေ နေ၀င်သည်အထိ မစားခြင်း၊ မသောက်ခြင်း၊ ဇနီးရှိပါလျက် ကာမဂုဏ်မှု မပြုဘဲနေခြင်း ဖြစ်သည်။ အပေါ်ယံကြည့်လျှင် အမိန့်မှာ အလွန်ပြင်းထန်လှ သည်ဟု ထင်ရသည်။ ပြိုင်ပွဲကြီးတစ်ခု ယှဉ်ပြိုင်ရမည်ဆိုလျှင် လေ့ကျင့်ခန်းကို လည်း အပြင်းအထန်လုပ်ရသည်။ ကျွန်ုပ်တို့၏ အနာဂတ်တွင် မကောင်းမှုအကု သိုလ်ပေါင်း မြောက်မြားစွာက ဆီးကြိုနေကြသည်။ ၄င်းတို့မှ ရှောင်ရှားနိုင်ဖို့
အတွက် မိမိစိတ်ဓါတ်အင်အား မြှင့်တင်နိုင်ရန် အပြင်းအထန် ကြိုးစားရမည်။ ရိုဇဟ်ထားသူသည် မိုးသောက်ချိန်မှစ၍ မစားဘဲနေလိုက်သည်။ နေ့လည် အထိလောက် ကောင်းကောင်းနေနိုင်မည်။ နေ့လည်ခင်းကျော်လာလျှင် ဗိုက် ဆာလာမည်။ တစ်ဖြည်းဖြည်း ညနေနားကပ်လေ ပို၍ပို၍ ဆာလာမည်။ မိမိ တွင် စားနိုင်သည့်အင်အားရှိပါလျက် မစားဘူးဟု ထိန်းချုပ်မည်။ ဤသည် ဒေါသဖြစ်နေချိန်တွင် ဒေါသအလျောက် မကျူးလွန်သွားရန် ထိန်းချုပ်ခြင်း၊ ကာမစိတ် ပြင်းထန်နေချိန်တွင် ကာမဂုဏ်မှု မဖြစ်ပေါ်အောင် ထိန်းချုပ်ခြင်း လောက် မခက်ခဲပါ။
သို့ရှိရာ ဤကဲ့သို့ တစ်လတာ ရိုဇဟ်ထားလိုက်သူအဖို့ အထက်တွင် တင်ပြခဲ့သော အကုသိုလ်များမှ ရှောင်ရှားနိုင်ရန် အလေ့အကျင့်တစ်ခု ရသွား စေမည်။ ထိုသို့ဖြင့် တစ်နှစ်တာကို ကောင်းစွာဖြတ်သန်းနိုင်ပြီး နောက်တစ်နှစ် အတွက် နောက်တစ်ခါ အလေ့အကျင့်လုပ်မည်။ ရိုဇဟ်သည် အရွယ်ရောက် သည့်အချိန်မှစ၍ မထားမနေရတာဝန် ဖြစ်သွားသည်။ ယနေ့ ကလေးငယ် (၇) နှစ် (၈) နှစ်အရွယ်များပင် ရိုဇဟ်ထားနေကြပြီး ဖြစ်သည်။
အစ္စလာမ်သည် လူတစ်ယောက် မနိုင်သည့်တာဝန်ကို မခိုင်းပါ။ ကမ္ဘာရှိ သန်းပေါင်းများစွာသော ယောက်ျား၊ မိန်းမ၊ ကလေးများပင် ရိုဇဟ်ထားနေချိန် တွင် အသင် အဘယ်ကြောင့် မထားနိုင်ရမည်နည်း။ သို့သော် ရိုဇဟ်မထားနိုင် လောက်အောင် ရောဂါတစ်စုံတစ်ရာ အခိုင်အမာရှိလျှင် မထားဘဲနေခွင့်ရှိ၏။ အချုပ်ဆိုရလျှင် အစ္စလာမ်၏ဥပုသ်သည် ဟန်ရေးပြဥပုသ်မဟုတ်ပါ။ ရည်ရွယ် ချက်ကို ထိမိသော၊ လူတို့အတွက် အမှန်တကယ် အကျိုးရှိသော ဥပုသ်စောင့် ခြင်း ဖြစ်ပေသည်။

ဇကားသ် (လူသားချင်း စာနာထောက်ထားကြေး)
အစ္စလာမ်သည် အပြောအဟောသာရှိသော သာသနာမဟုတ်ကြောင်း ကို ဇကားသ်က သက်သေပြနေသည်။ ဘာသာတိုင်းတွင် အလှူအတန်းပြုရန်၊ ဆင်းရဲသားတို့အား ကျွေးမွေးစောင့်ရှောက်ရန် ညွှန်ကြားထားသည်ကား မှန်၏။
သို့သော် ညွှန်ကြားချက်သာရှိသည်။
လူတိုင်းလူတိုင်းသည် မိမိ၏ငွေကြေးဥစ္စာအား ချစ်မြတ်နိုးကြသည်။ အလှူအတန်းပြုရာ၌ လွန်စွာ လက်နှေးကြ၏။ တွန့်တိုတတ်ကြ၏။ အနည်း ငယ် အလှူအတန်းကို များစွာ ဂုဏ်ယူတတ်ကြ၏ နည်းနည်းပေးပြီးလျှင် များ များနာမည်လိုကြသည်။ ဆင်းရဲသားများအား ပေးကမ်းလျှင်လည်း အထက်စီးမှ နေ၍ ပေးတတ်ကြ၏။ ထိုအခါ ဆင်းရဲသူနှင့် ချမ်းသာသူကြားမှ အဆင့်အတန်း ကွာခြားသွား၏။ ချမ်းသာသူသည် ဆင်းရဲသူ၏ ကျေးဇူးရှင်ကြီးအလား ဖြစ်သွား ၏။
အစ္စလာမ်သည်ကား ထိုသို့ အဖြစ်မခံပေ။ လူချမ်းသာသည် မိမိ၏ ငွေကြေးဥစ္စာကို သူဆင်းရဲအား လိုလိုလားလား ရှာဖွေပေးကမ်းတတ်သော စိတ်ဓါတ်ကို ရိုက်သွင်းပေးလိုက်၏။ အဘယ်ကဲ့သို့နည်း။ လူတစ်ဦးထံတွင် ၄င်း အတွက် လိုအပ်သည်ထက်ပိုသော ငွေကြေးဥစ္စာများ ရှိ၏။ ထပ်မံ၍ ကုန်ရောင်း ကုန်ဝယ်ပစ္စည်များလည်း ရှိ၏။ ၄င်းအရာနှစ်မျိုး၏ စုစုပေါင်းတန်ဖိုး အား အပုံ (၄၀) ပုံ၍ (၁) ပုံကို မပေးမနေ ဆင်းရဲသားအား ပေးရမည်။ မပေးဘဲ နေလျှင် လွန်စွာ အပြစ်ထိုက်သည်။ ဤသည် အစိုးရထံ မဖြစ်မနေပေးရသော အခွန်ကဲ့သို့ အလုပ်ရှင်သည် ၀န်ထမ်းအား ပေးရသောလခကဲ့သို့ပင်။ ထိုအခါ ၄င်း (၁) ပုံသည် လူချမ်းသားအဖို့ အမှိုက်သဖွယ် ဖြစ်သွားလေသည်။ အိမ်၌ အမှိုက်ရှိလျှင် ဒီအတိုင်းထားမည်လား။ အမှိုက်သမားကို မရမကရှာ၍ ပစ်မည်။ အမှိုက်ပုံဆီ တစ်ကူးတကသွား၍ ပစ်မည်။ နောက်ဆုံးမရလျှင် အမှိုက်သိမ်းသူ ကို ပိုက်ဆံပေးခေါ်ကာ ပစ်သည်။ ထိုသို့ဖြစ် အစ္စလာမ်သာသနာဝင် လူချမ်း သာများသည် မိမိတို့၏ငွေကြေးကို သူဆင်းရဲတို့အား မ၀ံ့ကြွားဘဲ၊ မမောက်မာ ဘဲ လိုလိုလားလာ်းပေးလိုက်ကြမည်။
လူတစ်ဦးတွင် အပိုငွေနှင့် လုပ်ငန်းပစ္စည်းများတန်ဖိုးသည် သိန်း ၁၀၀ ရှိ မည်ဆိုလျှင် ၂ သိန်းခွဲ ဇကားသ်ပေးဆောင်ရမည်။ သိန်း ၁၀၀၀ လျှင် ၂၅ သိန်း သိန်း ၁ သောင်းလျှင် သိန်း ၂၅၀ ပေးဆောင်ရမည်။ အစ္စလာမ်၏ အဆုံးအမ သည် လှပလွန်းသည်။ ဇကားသ်ပေးရာတွင်လည်း သူစိမ်းထက် ဆွေမျိုးသား ချင်းကို ဦးစားပေး၍ ပေးကမ်းရန် ညွှန်ကြားထားသည်။ အသိုင်းအ၀ိုင်းတစ်ခု တွင် ငွေကြေးရှိသူအချို့ ရှိမြဲဖြစ်သည်။ ထိုအခါ ငွေကြေးရှိသူတိုင်းသည် မိမိ၏ ဆွေမျိုးသားချင်း ဆင်းရဲသားများအား ဇကားသ်ပေး ထောက်ပံ့ထားလျှင် လောကတွင် ဆင်းရဲမွဲတေမှုများ အဘယ်မျှပင် လျော့သွားမည်နည်း။ ဇကားသ် လူသားချင်း စာနာထောက်ထားခြင်း၊ ဆင်းရဲမွဲတေမှုကို လျှော့ချခြင်း၏ ပုံဆောင်မှုတစ်ခုပင် ဖြစ်ပေသည်။

ဟဂ်ျ (စုစည်းမှုပြုခြင်း)
ယနေ့ ကမ္ဘာ၌ အစ္စလာမ်နှင့်အပြိုင် အယူဝါဒပေါင်းများစွာ ရှိနေသော် လည်း အစ္စလာမ်၏ အားသာချက်မှာ လက်တွေ့ကျခြင်းပင် ဖြစ်သည်။ စည်းလုံးညီညွတ်ခြင်း၊ လူသားအချင်းချင်း တန်းတူအခွင့်အရေးရှိခြင်း၊ လူမျိုးစွဲ ဒေသစွဲ စိတ်ဓါတ်များ ပပျောက်ခြင်း စသည်တို့သည် အဖွဲ့အစည်းတိုင်း အယူ ၀ါဒတိုင်း၏ ဆောင်ပုဒ်များဖြစ်သည်။ သို့သော် လက်တွေ့လုပ်ဆောင်မှု တွင် ဘာမှပြောပလောက်စရာ မရှိပေ။ ကမ္ဘာ့အတိုင်းအတာကို အပထားပါ။ တိုင်းပြည်ငယ်တစ်ခုပင်လျှင် လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ ပါဝင်သော ညီလာခံ၊ အခမ်းအနားတစ်ခုလုပ်ရန် အဘယ်မျှ ခက်ခဲပေနည်း။
ကမ္ဘာ့ဒေသအသီးသီး၌ အစ္စလာမ်သာသနာဝင် မရှိသည့်နိုင်ငံဟူ၍ မရှိ ပေ။ ကမ္ဘာ့လူမျိုးအားလုံးနီးနီးတွင်လည်း အစ္စလာမ်သာသနာ လက်ခံယုံကြည် သူများ ရှိနေပြီဖြစ်သည်။ အစ္စလာမ့်နိုင်ငံပင်လျှင် ကမ္ဘာပေါ်၌ (၆၀) ခန့်ရှိသည်။ အစ္စလာမ်သာသနာဝင် ကမ္ဘာတစ်ခုလုံး၌ သန်း (၁၇၀၀) ရှိသည်။ ထိုသူများ အားလုံးကို အစ္စလာမ်၏ခေါင်းစဉ်အောက်တွင် စုစည်းသွားစေရန် အလွန်လှပ သော စနစ်တစ်ခုကို အစ္စလာမ်က ချမှတ်ပေးလိုက်သည်။ ဤသည်ကား ဟဂ်ျ ပင် ဖြစ်သည်။
ကမ္ဘာပေါ်၌ အထွဋ်မြတ်ဆုံးသော နေရာဒေသဖြစ်သော မက္ကဟ်မြို့ကို စုစည်းရာအဖြစ် သတ်မှတ်ပေးလိုက်သည်။ စုစည်းသည့်ကာလမှာ တစ်နှစ် လျှင် တစ်ကြိမ်ဖြစ်သည်။ စုစည်းရက်မှာ (၅) ရက်ဖြစ်သည်။ စုစည်းရာတွင် လည်း ရှင်ဘုရင်၊ သမ္မတမှ သည် သာမန်လူတန်းစားထိ ပုံစံတစ်ခုတည်း အတိုင်း၊ နေရာတစ်ခုတည်း၌ အင်္ကျီတစ်ဆင်တည်း ၀တ်ဆင်ကာ စုစည်းစေ သည်။ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများကိုလည်း အစီအစဉ်တကျ လူအားလုံး တစ်ပုံစံတည်း ဆောင်ရွက်ရသည်။
ဥပမာ- ၄င်း (၅) ရက် မိမိ၏အလှအပကို စွန့်ကာ ရေမချိုးဘဲ ခေါင်းပင် မဖြီးပဲ နေရမည်ဟု သတ်မှတ်ထားသည်။ မည်သည့်ခမ်းနားမှုမှမရှိသော ဟင်း လင်းပြင်ကြီးတစ်ခု၌ လူအားလုံးကို တစ်နေ့တာ စတည်းချစေသည်။ ထိုနည်း တူ အခြားအခြားသော ကျင့်ဆောင်မှုများလည်း ရှိသည်။ ဤသည်တို့ကို ရှင် ဘုရင်၊ သမ္မတမှသည် သာမန်လူတန်းစားအထိ မည်သည့်ကွာခြားချက်မျှ မရှိဘဲ လိုက်နာဆောင်ရွက်ရသည်။ ရှင်ဘုရင်သည်လည်း မင်းခမ်းမင်းနား အဆင်တန်ဆာဖြင့် လာ၍မရပါ။
ယနေ့ခေတ်အခါ၌ တစ်နှစ်တစ်နှစ်လျှင် ကမ္ဘာအ၀ှမ်းမှ လူပေါင်း သိန်း (၄၀) ခန့် မက္ကဟ်မြို့သို့ သွား၍ ဤသို့ စုစည်းမှုပြုကြသည်။ ထိုအခါ ဘာသာ စကားအစုံ၊ အရောင်အသွေးအစုံ၊ လူမျိုးအစုံ၊ နိုင်ငံအစုံမှ လူတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရင်းနှီမှု ဖြစ်သွားသည်။ ထိုအခါ နိုင်ငံကြီးဝါဒ၊ လူမျိုး ကြီးဝါဒရှိသူတို့သည်လည်း `လူဆိုတာ အားလုံး အတူတူပါပဲလား´ဟူသော ခံယူချက်တစ်ခု ဖြစ်သွားမည်။ ၄င်းခရီးတွင်ပင် မိမိတို့ရဲ့ချစ်လှစွာသော တမန် တော်မြတ်ကြီး မုဟမ္မဒ် သခင်၏ ဗိမာန်တော်ရှိရာ မဒီနဟ်မြို့သို့သွား၍ ဖူးမျှော် ကြသည်။ ၄င်းခရီးစဉ်က အစ္စလာမ်သာသနာဝင်အားလုံးအား ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓါတ် သွတ်သွင်းပေးလိုက်သည်။ ၄င်းခရီးမှ ရပ်ရွာရောက်ပြီး ချိန်၌လည်း မိမိသည် ကမ္ဘာ့အရှေ့အရပ်၌ ရှိနေပါစေ။ ကမ္ဘာ့အနောက်အရပ်၌ ရှိသော မုစ်လင်မ်တစ်ဦး၏ ခံစားချက်ကို နားလည်ပေးနိုင်သည့် မျှဝေခံစား တတ်သည့် စိတ်နှလုံးသား ဖြစ်သွားသည်။
၎င်းခရီးစဉ်သည် ငွေကြေးပြည့်စုံသော၊ ခရီးသွားနိုင်သည့် အင်အားရှိ သော မုစ်လင်မ် အမျိုးသား/အမျိုးသမီးတိုင်းအတွက် တစ်သက်လျှင်တစ်ကြိမ် မသွားမနေရ တာဝန်ဖြစ်သည်။ အစ္စလာမ်သာသနာဝင် လူနည်းစုသာရှိသော မြန်မာနိုင်ငံသည်ပင်လျှင် နှစ်စဉ် ၅၀၀၀ ကျော်သွားနေလျက်ရှိသည်။
မည်မျှပင် အားကျစရာကောင်းသော သာသနာဖြစ်သနည်း။ အစ္စလာမ်၏ အရိပ်အောက်တွင် ငြိမ်းချမ်းမှုများ အဘယ်မျှ ဆောနေပါသနည်း။ အစ္စလာမ် သာသနာဝင်ဖြစ်ခြင်းအပေါ် ကျွန်ုပ်သည် အတိုင်းအဆမရှိ ၀မ်းမြောက် ဂုဏ်ယူ ပါသည်။ အသင်လည်း အစ္စလာမ်သာသနာကို လက်ခံပြီးသားဖြစ်နေလျှင် အသင်သည် ကမ္ဘာပေါ်တွင် နဖူးစာအကောင်းဆုံးလူသားများအနက်မှ တစ်ဦး ဟု မှတ်ယူလိုက်ပါ။ အစ္စလာမ်သာသနာကို လက်မခံရသေးလျှင် အချိန်နောက် မကျသေးပါ။ အသင် အသက်ရှင်နေသ၍ အခွင့်အရေး ရှိနေပါသေးသည်။ စစ်မှန်သော၊ ယုတ္တိရှိသော၊ ငြိမ်းချမ်းသာယာသော၊ ဂုဏ်သိက္ခာမြင့်မားသော သာသနာတစ်ခုကို ရယူပိုင်ဆိုင်ရာ၌ ကြန့်ကြာ နှောင့်နှေးနေမည်ဆိုလျှင် အသင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်သည်။ ယခုတင်ပြမှုများသည် အစ္စလာမ်၏ အမြည်းသဘောသာဖြစ်ပြီး နှစ်လိုဖွယ်ကောင်းသော အစ္စလာမ်သာသနာ၏ မြောက်မြားစွာသော အကြောင်းတရားများကို ဆက်လက်ရေးသား တင်ပြပေး သွားပါမည်။

တင်ပြသူ ဝေယံမိုး
အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com


google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။ မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Thursday, October 17, 2013

ဂျုမုအဟ် (သောကြာနေ့) ၏ ထူးကဲမြင့်မြတ်မှု

၁။ တမန်တော်မြတ် (ဆွ)က ဂျုမုအဟ်နေ့တွင် အချိန်တစ်ချိန်ရှိသည်။ မွတ်စ်လင်မ်တစ်ဦးသည် ယင်းအချိန်၌ အလ္လာဟ်အရှင်မြတ်ထံ
ဒိုအာတောင်းခံမှုပြုလျှင် ၎င်း၏ဒိုအာကို လက်ခံကဗူလ်ပြုတော်မူမည်ဖြစ်သည်ဟု မိန့်တော်မူသည်။
(ဗုခါရီ၊ မွတ်စ်လင်မ်ကျမ်း)
မှတ်ချက်။ သောကြာနေ့တွင် ဒိုအာလက်ခံကဗူလ်ပြုသော အချိန်နှင့် စပ်လျဉ်း၍ အဆိုအမျိုးမျိုးလာရှိသည်။ ကျော်ကြားသောအဆို (၂)ခုမှာ
(က) အိမာမ်ရှေ့ဆောင် ခွသ်ဗာဟ်ပေးရန် မင်မ်ဗရ်ပေါ်တတ်သောအချိန်မှစ၍ ဂျုမုအဟ်နမာဇ် အဆုံးသတ်သည့်အချိန်အတွင်း၊ (သို့သော် ခွသ်ဗာဟ်ပေးနေချိန်အတွင်း ဒုအာမပြုရ)
(ခ) အစွရ်နမာဇ်ဝတ်ပြုပြီးအချိန်မှ စ၍ နေဝင်ချိန်အတွင်း။
၂။ တမန်တော်မြတ် (ဆွ)မိန့်တော်မူသည်။ မည်သည့်အီမာန်ရှင်မဆို ဂျုမုအဟ်နေ့ သို့မဟုတ် ဂျုမုအဟ်ည၌ သေဆုံးခဲ့သော် ထိုသူသည် ကဗရ်၏အဇားဗ်မှ လွတ်ကင်းပြီး ကိယာမသ်နေ့၌ ရှဟီးဒ်ဟူသော ဘွဲ့တံဆိပ်ခပ်နှိပ်ခံရသောအဖြစ်နှင့် ရှင်ပြန်ထရမည်။
၃။ ဂျုမုအဟ်နေ့သည် နေ့များအနက် အမြင့်မြတ်ဆုံးဖြစ်သည်။ အရှင်မြတ်က အာဒမ်(အလိုင်)ကို ဂျုမုအဟ်နေ့၌ ဖန်ဆင်းတော်မူခဲ့သည်။ ဂျုမုအဟ်နေ့၌ပင် အာဒမ်သခင်အား ဂျန္နသ်အတွင်းသို့ သွတ်သွင်းတော်မူခဲ့၏။ ဂျုမုအဟ်နေ့၌ပင် ဂျန္နသ်မှ လောက မြေပြင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ ဂျုမုအဟ်နေ့၌ပင် ကိယာမသ်ရောက်ရှိလာမည်။ (မွတ်စ်လင်မ်ကျမ်း)
၎။ ဂျုမုအဟ်နေ့၌ ရေချိုးခြင်းဖြင့် လူသား၏ အပြစ်ဂုနာဟ်များသည် (ကိုယ်ခန္ဓာရှိ အမွှေးအမှင်တိုင်းကို အမြစ်မှ နှုတ်ပြစ်သကဲ့သို့) ပလပ်သွားလေသည်။(သွစ်ဗ်ရာနီကျမ်း)

ဂျုမုအဟ်နေ့နှင့်ပတ်သက်သည့်အချို့သောကျင့်စဉ်များ
စူရဟ်ကဟဖ်ဖတ်ခြင်း
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်။ ဂျုမုအဟ်နေ့၌ စူရဟ်ကဟဖ်ဖတ်လျှင် ဖတ်သူ၏ ခြေထောက်မှစ၍ မိုးကောင်းကင်အထိ (နာမ်ပိုင်းဆိုင်ရာ)လင်းဝင်းမှုရှိမည်။
ဂျုမုအဟ်နှစ်ခုကြား အလယ်၌ ကျူးလွန်မိသော ဂုနာဟ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူမည်။
(အိဗ်နုမာဂျာဟ်)
အိမာမ်မွတ်စ်လင်မ်(ရဟ)က ဆင့်ပြန်သည်မှာ အကြင်သူသည် စူရဟ်ကဟဖ်၏ အာယသ် ၁၀ ခုကို အာဂုံကျက်မှတ်လျှင် ၎င်းနောက် ဖတ်ရွတ်လျှင် ထိုသူသည် ဒတ်ဂ်ျဂျာလ်၏ ပြဿနာမှ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရမည်။
အကြင်သူသည် ဂျုမုအဟ်နေ့၊ ဂျုမုအဟ်နမာဇ်ဖတ်ပြီး စူရဟ်ဖာသိဟဟ်၊ စူရဟ်အိခ်လားစွ်၊ စူရဟ်ဖလပ်က်၊ စူရဟ်နားစ်တို့ကို (၇) ကြိမ်စီဖတ်လျှင် ရှိသမျှမွတ်စ်လင်မ်အမျိုးသား၊ အမျိုးသမီးတို့၏ အရေအတွက်နှင့် အညီ အလ္လာဟ်အရှင်မြတ်က ကုသိုလ်စဝါးဗ်ပေးသနားတော်မူမည်။ ဂျုမုအဟ်နမာဇ်ဖတ်ပြီးနောက် စူရဟ်အိခ်လားစွ်၊ ဖလပ်က်၊ နားစ် ဟူသောစူရာ (၃)ပုဒ်ကို ဖတ်လျှင် အလ္လာဟ်အရှင်မြတ်က ထိုသူ့အား ရှေ့လာမည့် ဂျုမုအဟ်နေ့အထိ မကောင်းခြင်းဟူသမျှမှ စောင့်ရှောက်တော်မူမည်ဟု လာရှိသည်။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com


google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။ မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

ရေသောက်ခြင်း၏ နည်းလမ်းအမှန်


ဂျာမေ့အ်ကဗီးရ်ကျမ်းတွင် ဟဇရသ်အဗူဟုရိုင်ရာဟ်(ရသွေ့)သခင်ထံမှ ဆင့်ပြန်ထားသည်။ ကိုယ်တော်မြတ်(ဆွ)က အမိန့်ရှိသည်မှာ အသင်တို့ရေသောက်ပါက အသက်တစ်ရှူ (ရှိုက်) အတွင်းမသောက်လေနှင့်။ အဘယ့်ကြောင့်ဆိုသော် ဤသို့သောက်ခြင်းဖြင့် ရင်ကိုအောင့်စေသည်။ ထို့အတွက်ကြောင့် အဗူဟာသင်မ်သခင်က အနတ်စ်ဗင်န်မာလိက်သခင်ထံမှ ဆင့်ပြန်ထားသည်မှာ ကိုယ်တော်မြတ်(ဆွ)သည် ရေကို သုံးကြိမ်နား၍ သောက်တော်မူလေ့ရှိသည်။ ထို့နောက်အမိန့်ရှိသည်မှာ ဤနည်းသည် ရေငတ်မွတ်မှုကို ကောင်းစွာပြေပျောက်စေသည်။ ထို့ပြင် ကောင်းစွာအစာကြေစေပြီး ကျန်းမာရေးကောင်းမွန်မှုကို တည်တံ့စေသည်။ အချို့သောဟဒီးစ်တော်များတွင် မတ်တပ်ရပ်၍ ရေသောက်ခြင်းကိုလည်း တားမြစ်ထားသည်။

သိရ်မီဇီကျမ်းတွင် ဟဇရသ်အနတ်စ်ဗင်န်မာလိက်သခင်ထံမှ ဆင့်ပြန်ထားသည်မှာ ကိုယ်တော်မြတ်(ဆွ)သည် မတ်တပ်ရပ်၍ ရေသောက်ခြင်းမှ တားမြစ်ခဲ့သည်။ အချို့သော သမားတော်များက ရေးသားသည်မှာ မတ်တပ်ရပ်၍ ရေသောက်ခြင်းဖြင့် ဗိုက်အောင့်စေသည်။

သာသနာ့ပညာရှင်များက မိန့်ကြသည်။ သုံးမျိုးသောရေကို မတ်တပ်ရပ်၍ သောက်ခြင်းပိုင်ပေသည်။

(ပထမရေ) ဇမ်ဇမ်ရေ။ (ဒုတိယရေ) လမ်းတွင်တည်းခင်းထားသော ရေအိုးအစရှိသည်တို့မှ။ (တတိယရေ) ဝူဇူရေတို့ဖြစ်သည်။

သမားတော်များက ပြောဆိုသည်မှာ မတ်တတ်ရပ်၍သော်လည်းကောင်း၊ လဲလျောင်း၍သော်လည်းကောင်းရေသောက်ခြင်းဖြင့် ကျောရိုးနှင့် အစာအိမ်ကို အားနည်းစေသည်။ အချို့သောဟဒီးစ်တော်များ၌လာရှိသည်မှာ တမန်တော်မြတ်သည် အေး၍ချိုမြသောရေကို အလွန်နှစ်သက်လေသည်။ ထို့အတွက်ကြောင့်ပင် ကိုယ်တော်မြတ်အတွက် စက်ကိုက်ယာ ရေတွင်းမှ အေး၍ချိုမြသောရေကို မှာခိုင်းခြင်းခံရလေ့ရှိပေသည်။ စက်ကိုက်ယာသည် ရွာတစ်ရွာ၏ အမည်ဖြစ်ပြီး မဒီနာရွှေမြို့တော်မှ နှစ်ရက်ခန့်သွားရသောလမ်းခရီးတွင် ရှိပေသည်။

အကျိုးကျေးဇူး

ရှိုက်ခွလ်ရအီးစ်သခင်က ပြောဆိုသည်မှာ ချိုသောရေသည် အားလုံးသောရေတို့ထက်ကောင်းပေသည်။ ရေသောက်ရန်အကောင်းဆုံးသောအချိန်မှာ အစာကြေလောက်သောအချိန်ဖြစ်သည်။ ၎င်းပြင်အကယ်၍ အစာကြေညက်ပြီးနောက် သောက်သော် အလွန့်အလွန်ကောင်းပေသည်။ အချို့သော် သမားတော်များက ပြောဆိုသည်မှာ အစာမစားမီအလျှင်ရေသောက်ခြင်းသည် အစာအိမ်၏ အပူဓာတ်ကို ငြိမ်းသက်စေသည်။ အစာကြေပြီးနောက်သောက်သော် အပူဓာတ်ကို ဖြစ်ပေါ်စေသည်။ အသားအရေကို ပူစေသည်။

ဗဇီကရားသ်သခင်က ပြောဆိုသည်မှာ အစာစားပြီးပြီးခြင်း ရေသောက်ခြင်းဖြင့် အစာကြေမှုကို ထိခိုက်စေသည်။ အစာစားပြီးနောက်ပိုင်းတွင်သောက်ခြင်းဖြင့် အစာကိုကြေစေသည်။ အဲဟ်ယာအွလ်အူလူးမ်ကျမ်း၌ အိမာမ်ဂဇာလီသခင်က ရေးသားသည်မှာ အိပ်ယာထပြီးနောက်ရေမသောက်ရပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းဖြင့် ခန္ဓာကိုယ်၏ ပင်ကိုယ်အပူဓာတ်ကို ငြိမ်းသက်သွားစေသည်။ ရေချိုးပြီးနောက်ပိုင်းနှင့် ဇနီးအမျိုးသမီးနှင့် ပေါင်းသင်းပြီးနောက်ပိုင်းတွင်လည်း ရေသောက်ခြင်းဖြင့် အကြောဆွဲခြင်းကို ဖြစ်ပေါ်စေသည်။ သစ်သီးဝံလံစားပြီးနောက် ရေသောက်ခြင်းသည်လည်း မကောင်းပေ။ ၎င်းဖြင့် လျှာတွင် အနာဖြစ်ပေါ်စေနိုင်သည်။

(သွစ်ဗ်ဗေနဗဝီကျမ်းမှ ကောက်နှုတ်ဖော်ပြသည်။)


အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com


google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။ မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Wednesday, October 16, 2013

လူငယ်အိမ်ထောင်သည်ဘဝ

လူငယ်အိမ်ထောင်သည်ဘဝ (၁) 

မိမိနေကာဟ်ဖြင့် ရရှိထားသောဇနီးသည် အသားမည်းကောင်းမည်းမည်။ ဒီးန်ရှိလျှင် ထိုဇနီးသည် လှ၏။ ရုပ်ရည်ချောမောလှပ၍ ဒီးန်မရှိသောဇနီးထက် အဆပေါင်းသိန်းသန်းမက လှပနေမည်ဟု ယုံကြည်ပါလေ…။

ဇနီးသည်အား ဒီးန်နှင့်ပတ်သက်၍ လွတ်လပ်မှုမပေးရပါ။ ခင်ပွန်းမှ အမြဲတန်း ကြပ်မတ်ကွတ်ကဲပေးရမည်။ လွတ်လပ်မှုရလျှင် ထိုဇနီးသည် ပရမ်းပတာဖြစ်သွားမည်။

လူငယ်ဘဝ အိမ်ထောင်သည်တစ်ဦးအနေဖြင့် အချိန်တန်အိမ်ပြန်သင့်သည်။ အပြင်မှာ အချိန်မဖြုန်းသင့်၊ အပျော်မရှာသင့်၊ ဇနီးကိုသာလျှင် စုံမက်မြတ်နိုးနေရမည်။

လူငယ်အိမ်ထောင်သည်ဘဝ (၂)

ကိုယ့်လင်မယားချင်း နားလည်တတ်ရမည်။ စိတ်သဘောခြင်းတိုက်ဆိုင်အောင် ကြိုးစားရမည်။ အပြန်အလှန် ယုံကြည်မှုရှိရမည်။ ကိုယ့်လင်မယားကိစ္စကို အပြင်လူမသိစေနှင့်။ (မျက်နှာပျက် သိက္ခာကျရမည့်အဖြစ်မျိုး ကြုံတတ်၏။)

သာမာန် မဖြစ်စလောက် မမုန်းလောက်သည်ကို ရေးကြီးခွင်ကျယ်လုပ်၍ အပြစ်ကြီးဟု မယူမှတ်လေနှင့်။ ဇနီးသည်၌ အကျင့်ပျက်များ ဝင်လာသည်ရှိသော် ပြင်းပြင်းထန်ထန် ဟန့်တားပြုပြင်ပေးရမည်။ ကိုယ်တိုင်လည်း သူစိမ်းမိန်းမတို့နှင့် အရောမဝင်အပ်။ မတ်နှင့် ခဲအိုတို့သည် ဇနီးတစ်ယောက်အဖို့ မော့သ် (သေမင်း) ပင်ဖြစ်၏။ သာသနာ့စည်းကမ်း ဖော်ညွှန်းချက်ကို ဇနီးသည် လိုက်နာကျင့်သုံးရမည်။

လင်မယားတိုင်ပင်ဆွေးနွေးရ၏။ ခင်ပွန်း၏ ဆုံးဖြတ်မှုဖြစ်စေရမည်။ ဇနီးကောင်းဖြစ်ဖို့ လင်သားမှာ တာဝန်ရှိ၏။ ပြေလည်သိမ်မွေ့သောအပြောအဆိုတို့ဖြင့် ပြုပြင်ထိန်းသိမ်းလျှက် လှပသောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်ရမည်။ ဤသည်မှာ မယား၏ကျွန်ဖြစ်ခြင်းမဟုတ်။ အလ္လာဟ်နှစ်သက်သော ယောက်ျားကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။

အိမ်ထောင်ဖက်ရွေးနည်း

တစ်သက်တာလုံးအတွက် ဘဝကြင်ဖော်ရွေးရသည့်ကိစ္စသည် ခက်ခဲလှ၏။ အလွယ်တကူ မလုပ်သင့်ပေ။ စဉ်းစားချင့်ချိန်ရမည်။ သတ္တိနည်းလွန်းပြန်လျှင်လည်း အဆိပ်အတောက်ဖြစ်တတ်၏။ ဘယ်လိုရွေးကြမလဲ? "ရတာမလို လိုတာမရ" အဖြစ်မျိုးလည်း ကြုံတတ်၏။ ပြီးပြီးရော ကမန်းကတန်းစီစဉ်ကြပြန်လျှင်လည်း "စလယ်ဝင်ဖင်မမည်းခင်ကတည်းကကွဲ" ဖြစ်တတ်ပြန်၏။ သလားက် (ယောက်ျားလေး) ဖက်မှ ကွာရှင်းခြင်း၊ ခုလအ် (မိန်းကလေးဖက်မှ ကွာရှင်းခွင့်တောင်းခံခြင်း) များဖြစ်တတ်၏။ သည်တော့… အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးကြမလဲ…?

ပထမ… အလ္လာဟ်အရှင်မြတ်ထံတောင်းခံရမည်။ ဆွလာသွလ်ဟာဂျသ် နမာဇ်ဖတ်ရမည်။ ရို့ကျိုးစွာ အကြိမ်ကြိမ်တောင်းခံရမည်။

ဒုတိယ… အထင်အမြင် ဆင်ခြင်စဉ်းစားရန်ကို အလ္လာဟ်ထံမှာပဲ မျှော်လင့်ယုံကြည်စွာ တောင်းခံပါ။ အင်န်ရှာအလ္လာ မုချမလွဲမသွေ အိမ်ထောင်ဖက်ကောင်းရမည်ဟု ယုံကြည်ချက်ဖြင့် ဆက်ဆက်တောင်းခံပါ။

တတိယ… ဒီးန်သာသနာ လေးစားလိုက်နာသော၊ အမြော်အမြင်ရှိသော၊ ဝါရင့်အတွေ့အကြုံရှိသော အမာနသ်ကို ဖုံးကွယ်တတ်သောသူ တစ်ဦးဦးထံ၌ အကြံယူ အကူအညီတောင်းခံပါ။

စတုတ္ထ… အိစ်သိခါရဟ် (အလ္လာဟ်ထံ အကြံဥာဏ်တောင်းခံခြင်း) ပြုလုပ်ရမည်။ အလ္လာဟ်အကူအညီ ရယူမှုပြုရမည်။ တစ်ရက် တစ်ကြိမ်ကျ၊ ခုနှစ်ရက်တိုင်တိုင် ပြုကျင့်ခွင့်ရှိသည်။ အင်န်ရှာအလ္လာဟ် စိတ်နှလုံးသား၌ ထင်ရှားပီပြင် မြင်နိုင်ပေသည်။ မုချမလွဲမသွေ အလ္လာဟ်သည် ကူညီတော်မူသော အရှင်ဖြစ်၏။

ဖေါ်ပြပါ လေးချက်ဖြင့် အိမ်ထောင်ဖက်ကို ရွေးချယ်ကျေနပ်နိုင်ကြပါစေ။ (ဖေါ်ပြပါ အကြံပြုချက်သည် ကျား/မ မရွေးကျင့်သုံးရန်ဖြစ်သည်။)

မိန်းကလေး၏ အရည်အချင်း

(၁) ဒီးန်သာသနာ လေးစားလိုက်နာသူ ဖြစ်ရမည်။ သို့မှာသာ ဂုဏ်ယူမြတ်နိုးစရာကောင်းသော သားသမီးရတနာများ ထွန်းကားမည်။ လင်မယားဘဝ တည်တံ့ခိုင်မြဲ ကြည်နူးရမည်။

(၂) ဆွေဂုဏ်မျိုးဂုဏ် ရှိရမည်။ အကျင့်သီလကောင်းခြင်းကို ဆိုလိုသည်။ မွေးဖွားကြီးပြင်းရာ ဘဝပတ်ဝန်းကျင်သည်လည်း ဒီးန်သာသနာကို လေးစားလိုက်နာသည့် အသိုက်အဝန်းဖြစ်ရမည်။ မြေကောင်းမှ အသီးအပွင့်ကောင်းမည်။ မျိုးစေ့မှန်မှ အပင်သန်မည်။ ဘယ်ကျောင်းထွက်လည်း ဆိုသည်ထက် ဘယ်အိမ်ထောင်စုကလည်းဆိုသည်ကို အလေးထားလေ့လာရမည်။ ယင်း၏မိဘများ အချင်းချင်းဆက်ဆံရေးကို လေ့လာရမည်။ ဒီးန်သာသနာရေးလေးစားလိုက်နာမှုကို လေ့လာရမည်။ ဆွေမျိုးဝန်းကျင်ကို လေ့လာရမည်။

ရွေးချယ်ပုံ

ချောမောလှပခြင်းရုပ်ရည်ကို မျက်စေ့ဖြင့်လေ့လာကြည့်ခြင်းကို သာသနာက ခွင့်ပြုသည်။ ကြည့်ပြီးနောက် သာမာန်ချွတ်ယွင်းချက်မျှဖြင့် ပယ်ချခြင်းကို မပြုသင့်။ သမီးရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့်ပါဝင်ပတ်သက်သူတို့ထံမှ ဦးဆုံးလေ့လာသတင်းယူသင့်သည်။ ကျေနပ်လောက်မှ ကြည့်သင့်၏။ ကြည့်ပြီးနောက် ကျေနပ်သဘောတူသင့်ပေသည်။ အကြောင့်မဲ့သက်သက် မပယ်သင့်။(သို့သော်ပယ်ချခွင့်တော့ရှိသည်။)

မင်္ဂလာဦးည

မင်္ဂလာဦးညသည် အရာရာတိုင်းအတွက် အဓိကအကျဆုံး ညမင်္ဂလာဖြစ်သည်။ ဒီးန်သည် အရေးအကြီးဆုံးဖြစ်သည်။ "ရှင်မရေ… ဒီနေ့နေကာမှာ ရှင်မအလွန်လှပါတယ်။ ကိုယ့်ဘက်က ပြောမှားဆိုမှား၊ တစုံတရာ မကျေနပ်စရာများတွေ့ခဲ့လျှင်သည်းခံခွင့်လွှတ်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အမေ၊ အစ်မ၊ မရီးတို့ကို သည်းခံခွင့်လွှတ်ပါ။ အာခိရသ်မှာ ရှင်မအစားရပါလိမ့်မယ်။" စသဖြင့် ချိုသာစွာပြောဆိုလျှက် အလျှင်ဦးဆုံး နားလည်မှု ယူသင့်ပေသည်။ ကိုယ့်ဘက်ကိုလည်း ပြေလည်စွာဆက်ဆံရန် ကြိုတင်ညှိနှိုင်းမှာကြားတောင်းပန်ထားသင့်၏။

(မင်္ဂလာဦးဇနီးမောင်နှံ၏ မင်္ဂလာည၌ ထားရမည့်နိယသ်၊ တောင်းရမည့်ဒိုအာ တို့ကို လေ့လာကျက်မှတ် လိုက်နာကျင့်သုံးရပေမည်။)

ယောက္ခမ နှင့် ချွေးမ သင့်မြတ်နည်း

ခင်ပွန်းဖြစ်သူသည် ဇနီးသည်မှ တဆင့် တခါတရံ သင့်မြတ်သည့်လက်ဆောင်ကို ပေးအပ်စေသင့်သည်။ ထိုနည်းအတိုင်းပင် ဇနီးသည်၏ မိဘမောင်နှမများထံသို့လည်း ပြုမူဆောင်ရွက်သင့်သည်။ ဆုမွန်ဒုအာရစရာပင်ဖြစ်သည်။

အခြားသော သင့်မြတ်စေသည့် နည်းများစွာရှိပါသည်။ အထူးသဖြင့် ငြင်းခုံခြင်းကို ရှောင်ရမည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံရမည်။ တစ်ဖက်သားကို ဦးစားပေးဆက်ဆံသင့်သည်။ အေစ်က်ရာမ်ပင်ဖြစ်သည်။

ဇနီးအားတားမြစ်ရန်မလိုအပ်သည်များ

ဇနီးသည် အကီဒဟ်ခံယူချက်ကောင်း၏။ ဗစ်ဒ်အသ် (သာသနာ၌မရှိသည့်အရာကို ကျင့်သုံးခြင်း) မှ ကင်းစင်သည်။ မှားယွင်းမှု အစဉ်အလာများသို့ လမ်းမပြမိပါစေနှင့်။

ဤသို့ပင် ဇနီးဖြစ်သူက ပရ်ဒါ (အကာအကွယ်) သတ်မှတ်ချက်ကို စောင့်စည်း၏။ ပရ်ဒါကင်းမဲ့သူ၊ ဒီးန်ကို မလေးစားသူတို့နှင့် အရောတဝင်မရှိပါစေနှင့်။ ရှရီအသ်နှင့် ဆန့်ကျင်သည့်အသိုင်းအဝိုင်းသို့ မပို့ဆောင်လေနှင့်။ မိမိတို့ဇနီးမောင်နှံမလာလျှင် စိတ်ဆိုးနေမှာပဲဟု အားနာစိတ်ဖြစ်မသွားလေနှင့်။

ထို့ကြောင့် ဒီးန်သာသနာတော်၌ရှိနေသော ဇနီးသည်၏ ကောင်းသောပြုမူကျင့်ဆောက်တည်မှုများကို ခင်ပွန်းသည် မတားရ၊ မဖျက်ရချေ…။

ဇနီး ဒီးန်လေးစားရန် ခင်ပွန်းဦးဆောင်

ဒီးန်နှင့်ပတ်သက်၍ ကိုယ့်ဇနီးချွတ်ချော်နေသည်ကိုတွေ့လျှင် မဆူမဆဲ၊ မလှောင်မပြောင်လေနှင့်။ ယဉ်ကျေးစွာ ပဲ့ပြင်သွန်သင်ဆုံးမသင့်သည်။ ဦးစွာပထမ စစ်မှန်သောအာလင်မ်သာသနာ့ပညာရှင်များထံ ပညတ်ချက်အမှန်ကို မေးမြန်းလေ့လာဆည်းပူးသင်ယူသင့်သည်။

ခင်ပွန်းဖြစ်သူသည် အလ္လာဟ့်လမ်းတွင် သုံးကျိလ္လာခေါ် လေးလအချိန်ပေးသင်ယူခဲ့သော်လည်း ဇနီးဖြစ်သူခမျာ တစ်ရက်တစ်လေမျှပင် ထိုပတ်ဝန်းကျင်မျိုးရဖူးသည်မဟုတ်ပေ။ ခင်ပွန်းသည် ဟရာမ်၊ ဟလာလ် ခွဲခြားသိနားလည်ထားသော်လည်း ဇနီးခမျာ သိရှာသေးမည်မဟုတ်ပါ။ ကိုယ့်ကို သူတစ်ပါးက နားလည်အောင် စိတ်ရှည်ခဲ့သကဲ့သို့ ကိုယ်ကလည်း ကိုယ့်ဇနီးအပေါ် စိတ်ရှည်စွာ စောင့်ဆိုင်းနားချ သင်ပြသင့်သည်။ သူမ၏ အတွင်းစိတ်၌ ရှရီအသ်ပညတ်ချက်များကို တောင့်တလာသည့်အခါ ခွဲခြားသင်ပြသင့်သည်။ မနှစ်မြို့စရာတွေ့တိုင်း ပြစ်တင်ကြိမ်းမောင်းမှုပဲပြုလုပ်နေလျှင် သူမသည် ဒီးန်နှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း သတိပြုရမည်။ ထို့ကြောင့် တတ်သိသူများ၏ အတွေ့အကြုံဖြင့် သိမ်းသွင်းသင့်သည်။ အထူးသဖြင့် စာပေမပြတ်ဖတ်ပါလေ…။

ရှာဒီပြီးသည်နှင့် လိုက်နာရမည့်အချက် (၃)ချက်

နေကာရှာဒီပြီးနောက် သားသမီးရကြဦးမည်။ အိမ်ထောင်ဦးစီး၊ သားသမီးများ၏ဖခင်၊ ဇနီး၏ခင်ပွန်းသည် အောက်ဖေါ်ပြပါ အချက်(၃)ချက်ကို လေးစားလိုက်နာရမည်။

၁။ မျက်စေ့ကိုထိန်းရမည်။ အတုအယောင် အလှအပများသည့်ခေတ်၊ မိတ်ကပ်ခေတ်တွင် ကိုယ့်ဇနီးသည်သာ အလှဆုံးအဖြစ်ခံယူထားပါလေ။ ကိုယ့်ဇနီးအပြင် အခြားတပါးကို ငြိတွယ်မိပြီဆိုပါက နူရ်နှင့် ရူဟာနီယသ်တို့ ပျက်ပြယ်ကုန်လိမ့်မည်။ အရှင်မြတ်က ထိုကဲ့သို့သူ၏ သိက္ခာကို ကျစေတော်မူ၏။ အကြည့်မှားလျှင် အကျဉ်းတန်မည်ဟု မှတ်ယူပါလေ။

၂။ အရှင်မြတ်သည် စုံတွဲကို သတ်မှတ်တော်မူ၏။ ယင်းအတိုင်းပင် ဗန္ဒာဟ်က ကျေနပ်ရပေမည်။ မည်သည့်အခြေအနေမှာပင်ဖြစ်စေ ရှူကုရ် (အလ္လာဟ်ကို ကျေးဇူးတင်ခြင်း) ပြုနေရမည်။ ကိုယ့်ဇနီးထက်သာသူ မရှိဟု မှတ်ယူထားပါ။ ၃။ မိဘမောင်နှမ ဆွေမျိုးသားချင်းများထံ မျှော်လင့်ချက်မထားပါနှင့်။ အရှင်မြတ်ကိုသာ အားထားယုံကြည်ပါ။ ဒုက္ခဆိုသည်မှာ ဆွေမျိုးရင်းချာများကြောင့်သာ ကြုံရတတ်၏။ အင်န်ရှာအလ္လာဟ် ဒုက္ခသည် အမြန်ဆုံးပျောက်ကွယ်ပါလိမ့်မည်။



အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com


google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။ မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

စွန္နသ်တော်နှင့်အညီအစ္စသိခါရဟ်ပြုနည်း (၃)


ဤသည်သာသင့်အတွက်အကောင်းဆုံးပါ။

အလုပ်ကိစ္စသာ ပြီးမြောက်သွားသည်။ သို့သော် ယင်းအလုပ်ကိစ္စနှင့်ပတ်သက် ၍ ကောင်းခြင်းကောင်းရာဟူ၍လည်းမမြင်ရ စိတ်နှင့်တိုက်ဆိုင်ခြင်းလည်းမရှိသောကြောင့် ဗန္ဓဟ်သည် အလ္လာဟ်အရှင်မြတ်အား အို.. အရှင် ကျွန်တော်မျိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ထိုအလုပ်ကိစ္စနှင့် ပတ်သက်၍ မရှ်ဝါရဟ်နှင့် အစ္စသိခါရဟ်ပြုခဲ့ပါသော်လည်း ဖြစ်လာသည့်အခြေအနေတွင် ကျွန်တော်မျိုး၏ စိတ်အလိုကျလည်းမဖြစ်၊ ကောင်းရာကောင်းခြင်းဟူ၍လည်း မတွေ့ရပါ။ ဟုစောဒကတတ်တော့သည်။ ဤသို့သောတွေးဆမှု အတွက် ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ် က အိုအမိုက်အမှား သင်သည် မိမိ၏တိမ်ကောလွန်းလှသည့် ဦးနှောက်နှင့်တွေးဆ၍ အလုပ်သည် မိမိနှင့်သဟဇာတမဖြစ်ဟု ပြောနေခြင်းဖြစ်သည်။ လောကအပေါင်း၏ စီမံခံခွဲမှု ဟူသ၍တို့သည် ထိုအရှင်မြတ်၏အသိတော် တွင်သာရှိနေတော်မူသဖြင့် သင့်အဖို့မည်သည့်အရာက ကောင်းသည်၊ မည်သည့်အရာက မကောင်းသည်ကို ထိုအရှင်ကသာ သိတော်မူသောကြောင့် သင်နှင့်သင့်လျော်အပ်စပ်သည့်အရာကို သင့်အတွက်သတ်မှတ်ပေးတော်မူခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ထိုသတ်မှတ်တိုင်းတာ စီရင်ပေးမှုသည် သင့်လျော်ပါမှ သင်ဤဘ၀သက်တမ်းတွင် သိရှိရမည်။ မသင့်လျော်ပါက သင်ဤဘ၀သက်တမ်းတွင် သိရှိနိုင်မည်မဟုတ်ပါ။ နောင်တမလွန်ဘဝသို့ရောက်ရှိကာ အကျိုးနှင့်ကြောင်းကို ခွဲခြားတွေ့ရှိမှ အလ္လာဟ်အရှင်မြတ်ကမိမိအတွက် အကောင်းဆုံးသတ်မှတ်ပေးတော်မူခဲ့ခြင်းဖြစ်ကြောင်း သင်မြင်မည်၊ ဟု အသိပေးထားသည်။

အသင်သည်ကလေးကဲ့သို့ပါ

သာဓကအားဖြင့်တင်ပြရလျှင် ကျွန်ုပ်တို့၏ အဖြစ်သည် မိဘကိုအပူကပ်နေသည့် ကလေးတစ်ယောက်နှင့် မခြားလှပါ။ ကလေးက မိဘကို ဒါစားမယ်၊ ဟိုဟာစားမယ်ဟု ပူဆာသော်လည်း ကလေးတွင် ဥပါဒ်အန္တရာယ်သက်ရောက်မည်ကို စိုးရိမ်သောကြောင့်မိဘအနေနှင့် လိုက်လျောခြင်းမပြုသည်ကို သိနားလည်မှုမရှိသောကလေးက ငါ့မိဘတွေက ငါစားချင်တာကိုမကျွေးဘဲ ခါးလွန်းတဲ့ဆေးတွေတိုက်ပြီး ငါ့ကို မတရားသက်သက်နှိပ်စက်တယ်ဟုထင်တတ်သည်။ ကလေးက သောက်ရသောဆေးဝါးကို မိမိအတွက်ဘေးဟုမှတ်ယူနေတတ်သည်။ သို့သော်အချိန်တန်လူလားမြောက်ပြီးနောက် အလ္လာဟ်အရှင်မြတ်က ၎င်းကိုအသိဉာဏ်ချီးမြှင့်တော်မူလိုက်လျှင် ထိုအချိန်တွင်မှ ကလေးက ငါကတော့ သေမင်းကိုလက်ယပ်ခေါ်ခဲ့ တာ၊ ငါ့မိဘတွေက ငါ့ရဲ့ဘ၀နဲ့ သုခချမ်းသာဖက်ကို ဦးတည်ပေးခဲ့တာပါလား ဟု သိနားလည်လိုက်မည်။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗန္ဓဟ်လူသားများအပေါ် မိဘထက်သာပို၍ သနားကြင်နာတော်မူသောကြောင့် မိမိ၏ဗန္ဓဟ်အတွက် နိဂုံးကောင်းမည့်လမ်းကို ရွေးချယ်ပေးတော်မူခြင်းဖြစ်သည်။ ထိုကောင်းခြင်းကောင်းရာကို အလျဉ်းသင့်ပါမှ မိမိ၏ဘဝသက်တမ်းတွင် သိမြင်လာမည်။ သို့မဟုတ်ပါက သိမြင်ခွင့်ရမည်မဟုတ်ပေ။

တမန်တော်မူစာ ၏ ဖြစ်ရပ်မှန်တစ်ခု

ကျွန်တော်သည် ကျွန်တော်၏ ရှိုင်းခ် ဟဇရသ်ဒေါက်တာ အဗ္ဗဒွလ်ဟိုင်းယ် ထံမှ တစ်ခါမှ မကြားဖူး၊ မဖတ်ဖူးသည့်( စာအုပ်တစ်အုပ်တွင် မလွဲမသွေရှိနေမည်မှာ သေခြာပါသည်။) ဖြစ်ရပ်မှန်တစ်ခုကို ဤသို့နားထောင်ခွင့် ရခဲ့သည်။ ဟဇရသ်မူစာ သည်အလ္လာဟ်အရှင်မြတ်နှင့် တူရ်တောင်တွင် စကားဆိုရန်အတွက် ကြွမြန်းစဉ် လမ်းခုလတ်တစ်နေရာတွင် ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆုံမိကာ ၎င်းက အိုမူစာ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်စကားပြောဆိုရန် အခွင့်အရေးရရှိသည့်အတွက်ကြောင့် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်တွင် မိမိ၏လိုအပ်ချက်နှင့် ဆန္ဒများတင်ပြရန်အတွက် ထိုထက်ကောင်းသည့်အခွင့်အရေးအဘယ်မှာရှိမည်နည်း။ ထိုနေရာသို့ရောက်သောအခါ ကျွန်တော့်အတွက် ဒိုအာတောင်းခံပေးပါ။ ကျွန်တော်သည် ဘေးဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။ ကျွန်တော့်အပေါ်သို့ တောင်တန်းတစ်ခုပြိုကျနေသည့်အလား ဒုက္ခများကျရောက်နေပါသည်။ ငတ်ပြတ်ခေါင်းပါးခြင်း၏အန္တရာယ်သာမက ပူဆွေးဝမ်းနည်းမှုအသွယ်သွယ်တွင် နစ်မွန်းနေရပါသည်။ ထို့ကြောင့် ကျွန်တော်ငြိမ်းချမ်းသာယာမှုရရန်အတွက် အလ္လာဟ့်ထံ ဒိုအာပြုပေးပါ။ ဟုလျှောက်တင်သဖြင့် တမန်တော်မူစာက ကောင်းပါပြီ၊ အသင့်အတွက် ကျွန်ုပ်ဒိုအာပြုပေးမည်ဟု အတိပြုခဲ့သည်။

ထို့သူ့ကို ငါအရှင်အမြောက်အများပေးလိုက်ပြီ

တူရ်တောင်သို့ ရောက်သောအခါ တမန်တော်မူစာသည် အလ္လာဟ်အရှင်မြတ်နှင့် စကားပြောဆိုတော်မူလေသည်။ မူစာ (အလိုင်) က မိမိအား ဒုအာအတွက် မှာကြားလိုက်သည့် ပုဂ္ဂိုလ်ကို သတိရကာ ထိုသူ့အတွက် အလ္လာဟ်အရှင်မြတ်ထံ ဤသို့ ဒိုအာဆုပန်လိုက်သည်။ အို အလ္လာဟ်အရှင်မြတ် အရှင်မြတ်၏ဗန္ဓဟ်တစ်ယောက်သည် မည်သည့်နေရာတွင် နေထိုင်လျှက်ရှိပါသည်။ သူ့အမည်မှာ မည်သူမည်ဝါဖြစ်ပါသည်။ သူက သူခံစားနေရသော ဒုက္ခများကို အရှင်မြတ်ထံတင်ပြပေးရန်ကျွန်ုပ်အားမှာ ကြားလိုက်ပါသည်။ အိုအလ္လာဟ်… သူသည် အရှင်မြတ်၏ ဗန္ဓဟ်တစ်ဦးဖြစ်ပါ၍ မိမိ၏ဂရုဏာတော်ဖြင့် ထိုသူချမ်းသာသုခနှင့် ငြိမ်းချမ်းမှုရစေရန် ထိုသူ၏ဒုက္ခဟူသရွေ့ကို ဖယ်ရှားပေးတော်မူပါ။ ထို့ပြင်မိမိထံမှ နိအ်မသ်စည်းစိမ်တော်များ ၎င်းအားချီးမြှင့်ပေးသနားတော်မူပါ… ဟုလျှောက်ထားပန်ကြားလိုက်ရာ အလ္လာဟ်အရှင်မြတ်က အို မူစာ ထိုသူ့အားနိအ်မသ်အနည်းငယ် ပေးရမည်လော၊ သို့မဟုတ် များများစားပေးရမည်လော ဟုမေးတော်မူသဖြင့် မူစာနဗီက (အရှင်မြတ်ထံတောင်းခံသည့်နောက် အမြောက်အများသာတောင်းခံမည်)ဟု စဉ်းစားမိကာ အို အရှင်မြတ် နိအ်မသ်တော်များချီးမြှင့်သည့်နောက် အမြောက်အများသာချီးမြှင့်တော်မူလိုက်ပါဟု ပန်ကြားတော်မူလိုက်သည်။ ထိုအခါအလ္လာဟ်အရှင်မြတ်က သို့ဆိုလျှင် ငါအရှင်မြတ်က ထိုဗန္ဓဟ်ကို အမြောက်အများပေးတော်မူလိုက်ပြီဟု မိန့်တော်မူလိုက်သည်။ မူစာနဗီသည် စိတ်အေးသွားကာ ထိုတူရ်တောင်တွင်ပင် မိမိနေရမည့်ရက်နှင့်အမျှ နေထိုင်တော်မူခဲ့သည်။

ဒွန္နယာလောကတစ်ခုလုံးသည်ပင် နည်းလွန်းလှသည်

အလ္လာဟ်အရှင်မြတ်သည် ထိုပုဂ္ဂိုလ်အတွက် ဒိုအာလက်ခံထားတော်မူပြီးဖြစ်ရာ မူစာနဗီသည်တူရ်တောင်မှအပြန် ထိုပုဂ္ဂိုလ်၏ အခြေအနေကို တစေ့တစောင်းလေ့လာရန် အာသီသဖြစ်လာသောကြောင့် ၎င်းနေထိုင်ရာအိမ်သို့သွားရောက်၍ တံခါးခေါက်သည်။ လူတစ်ယောက်ထွက်လာသဖြင့် မူစာနဗီက ကျွန်တော်မည်သူမည်ဝါနှင့် တွေ့ချင်ပါသည်ဟုပြော လိုက်ရာ ထိုသူက သူသေဆုံးသွားတာကြာပြီ ဟုဖြေသဖြင့် မူစာနဗီက အံအားသင့်ကာ သူဘယ်တုံးက ဆုံးတာလဲဟု မေးလိုက်သည်။ ၎င်းက ဘယ်နေ့ဘယ်အချိန်ကဆုံးခဲ့တာပါဟု ဖြေကြားသည်။ မူစာနဗီက ထိုရက်ကို တွက်စစ်ကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်အတွက် မိမိဒုအာတောင်းခံပေးပြီး အချိန်အနည်းငယ်ကြာမြင့်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ကို သိလိုက်ရတော့သည်။ မူစာနဗီက ဝမ်းနည်းကြေကွဲစွာဖြင့် အို အရှင် ကျွန်တော်မျိုးသည် အရှင်မြတ်ထံ ထိုသူ့အတွက် ငြိမ်းချမ်းသာယာမှုနှင့် နိအ်မသ်စည်းစိမ်ဥစ္စာ ချီးမြှင့်ပါဟု တောင်းခံခဲ့သည့်အပေါ် အရှင်မြတ်က သူ၏ဘ၀သက်တမ်းကို နိဂုံးချုပ်လိုက်ရပါသလား..ထိုအဖြစ်အပျက်ကို ကျွန်တော်မျိုးနားမလည်နိုင်တော့ပါဟု အရှင်မြတ်ထံလျှောက်တင်ခဲ့သည်။ ထိုအခါ အလ္လာအရှင်မြတ်က အို မူစာ ငါအရှင်မြတ်သည် ထိုသူ့အတွက် နေ့အ်မသ်စည်းစိမ်ကို နည်းနည်း (သို့) များများ ချီးမြှင့်ရမည်လော ဟုမေးမြန်းခဲ့ရာ အသင်က များများစားစားချီးမြှင့်တော်မူပါဟု ပြန်လည်ဖြေကြားခဲ့သည် မဟုတ်ပါသလော၊ ငါအရှင်မြတ်ထံတော်တွင် များများစားစား၏ပမာနအောက်ဝယ် ဒွန္ဒယာလောက တစ်ခုလုံးသည် နည်းလွန်းမက နည်းလွန်းလှသည့်အတွက်ကြောင့် နေ့အ်မသ်များများစားစားကို ဒွန္နယာတွင် မည်သို့မျှမရနိုင်၊ များများစားစားတွင် တမလွန်ဘ၀သက်တမ်းနှင့် ဂျန္နသ်သုခဘုံ၏ စည်းစိမ်များသာ အကြုံးဝင်သောကြောင့် ငါအရှင်မြတ်သည် များများစားစားနှင့်ကိုက်ညီသည့် တမလွန်၏နေအ်မသ်စည်းစိမ်များချီးမြှင့်လိုက်ခြင်းပင် ဖြစ်သည် ဟုမိန့်ကြားတော်မူခဲ့သည်။

လူသားသည် မိမိ၏တိမ်ကောလွန်းလှသည့်အသိဉာဏ်ဖြင့် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ် သတ်မှတ်ထားတော်မူသည့် ကိစ္စရပ်များကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း။ ထိုအရှင်ကသာ မည်သည့်ကိစ္စသည် မည်သည့်ဗန္ဒဟ်နှင့် သင့်လျော်အပ်စပ်သည်ကို သိတော်မူလေသည်။ လူသားသည် အချို့အချက် အလက်များကို သာမာန်အမြင်လောက်နှင့်သာကြည့်ကာ အလ္လာဟ်အရှင်မြတ်အပေါ် မကောင်းမြင်၊ အရှင်မြတ်၏စီရင်ဆုံးဖြတ်မှုများကို မကောင်းထင်မြင်ကြသည်။ အမှန်စင်စစ် မည်သည့်အရာက မည်သူ့အတွက် မည်သို့ကောင်း၍ မည်ကဲ့သို့ဖြစ်မည်ကို အလ္လာဟ်အရှင်မြတ်မှအပ မည်သူမျှမသိမမြင်မဆုံးဖြတ်နိုင်ပါ။

စွန္နသ်တော်နှင့်အညီ အိစ်သေခါရာပြုလုပ်နည်း စာအုပ်မှ ကူးယူဖော်ပြပါသည်။
ဟောကြားသူ - ဟဇ်ရသ်မော်လာနာ မုဖ်သီ သကီးအုစ်မာနီ - ဒါရွလ်အိုလူးမ် -ကရာချိ
ပြန်ဆိုသူ - မော်လာနာ ဟာဖိဇ် မိုဟမ္မဒ်ဇကီး မဟ်မူဒီ - ကျောင်းဆရာ - ဒါရွလ်အိုလူးမ် - ရန်ကုန်။

အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်တကွ အီမာန်ရှင်တိုင်းကို အိစ်သိခါရဟ် စွန္နသ်တော်အား အကောင်အထည်ဖော်နိုင်ခွင့် ပေးသနားတော်မူပါစေ။ အာမီးန်။

အလ်မုဖီးဒ်

 Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com

google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။

မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Tuesday, October 15, 2013

တစ်မျက်နှာသဂ်ျဝီးဒ်

နီးစပ်ပါတ်သက်ရာ အာလင်မ်သာသနာ့ပညာရှင်ထံမှာ အဓိပ္ပာယ်များနှင့် ဖတ်ရွတ်နည်း စနစ် ကိုမေးမြန်းသင်ယူရန်မေတ္တာရပ်ခံပါသည်။

အလ်မုဖီးဒ်

Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။


အမှောင်ထုရဲ့အလင်းဘက်ခြမ်း (ကျန်းမာရေးဆောင်းပါး)

အလင်းရောင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကွဒ်ရသ်တော်ဖြစ်သလို အမှောင်ဟာလည်း လူသားတွေအတွက် အရှင့်ကျေးဇူးတော်တစ်ခုပဲဆိုတာ ..............


အမှောင်ထုရဲ့အလင်းဘက်ခြမ်း

လူသားတွေဟာ အမှောင်ကြောက်တတ်ကြပါတယ်။ အမှောင်ထုရဲ့ နက်ရှိုင်းမှုကြောင့် စိတ်ဓာတ်ကျ၊ စိတ်ညစ်ညူးမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် အမှောင်ထုဟာ အဆိုးတွေပဲ ပေးစွမ်းနေတာ မဟုတ်ပါဘူး။ အမှောင်ထုရဲ့ ကောင်းကျိုးတွေများစွာရှိပါတယ်။ အောက်ဖော်ပြပါ အချက်တွေကတော့ အမှောင်ထုရဲ့ အကျိုးကျေးဇူးတချို့ပဲဖြစ်ပါတယ်။

(၁) အမှောင်က သင့်ကို ပိုမြန်စေတယ်လို့ ခံစားရစေတယ်။

သင်ဟာ အပြေးသမားတစ်ယောက်ဆိုပါက ညနေဘက် မှောင်ရီပျိုးချိန်မှာ ပြေးကြည့်ပါ။ သင်ပြေးနေကျနှုန်းအတိုင်း ပြေးနေရင်တောင် နေ့ဘက်ပြေးတာထက် ပိုမြန်နေသလို ခံစားရကာ ပျံသန်းနေလား အောက်မေ့ရလောက်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ညဘက်မှာ ကျွန်မတို့ဟာ အနီးအနားမှာ ရှိတဲ့ အရာတွေကိုသာ မြင်ရတာကြောင့်ပါ။ အဲဒီအခါ ကျွန်မတို့ရဲ့ ပြေးနှုန်းအပေါ် ခံယူချက်ပြောင်းလဲသွားသလို ကျွန်မတို့ ပြေးနေကျထက် ပိုမြန်နေသလို ခံစားသွားရပါတယ်။ ဒီလိုခံစားရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမို မြင့်မားလာပြီး ပုံမှန်ထက် ပိုမြန်မြန်ပြေးအောင် တွန်းအားပေးရာရောက်ပါတယ်။

(၂) အမှောင်က သင့်ကို စိတ်ဓာတ်ကျနိုင်ခြေ လျော့နည်းစေတယ်

ဒီလိုပြောလို့ သင့်အနေနဲ့ အံ့အားသင့်ကောင်း သင့်နေပါလိမ့်မယ်။ ကျွန်မတို့အားလုံးသိထားတာက အမှောင်က စိတ်ဓာတ်ကျစေနိုင်တယ်ဆိုတာကိုပါ။ ဒါပေမယ့် လေ့လာချက်တစ်ခုအရ အိမ်မွေးပူးတွေကို ညဘက် အမှောင်ထဲမှာမအိပ်စေဘဲ မီးထွန်းပြီး အိပ်ခိုင်းတဲ့အခါ နောက်ရက်တွေမှာ သိပ်မမြူးဘဲ သိပ်မဆော့ဘဲနေတာကို တွေ့ရပါတယ်။ ရှစ်ပတ်လောက် အလင်းထဲအိပ်ခိုင်းကြည့်တဲ့အခါ သူတို့ရဲ့ ဦးနှောက်ဖွဲ့စည်းပုံပြောင်းလဲသွားတာကို တွေ့ရပါတယ်။ စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Hippocampas လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်း ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မယ်လတိုနင်ဟော်မုန်းဟာ ဒီအစိတ်အပိုင်းတွေကို ကောင်းမွန်စေနိုင်ပြီး ညအမှောင်ထုက မယ်လတိုနင်ဟော်မုန်းများများ ထွက်ရှိစေနိုင်ပါတယ်။

(၃) အမှောင်က သင့်ရဲ့ အချစ်စိတ်တွေ နိုးကြွစေတယ်

အမှောင်ထုက သင့်ရဲ့ အချစ်စိတ်နဲ့ လိင်စိတ်တွေကို နိုးကြွစေကာ သင့်ရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ အမေရိကန်နိုင်ငံမှ လေ့လာချက်အရ မျိုးပွားမှု အခက်အခဲရှိတဲ့ အမျိုးသမီး ၄၈ ယောက်ကို ညအိပ်ရာမှာ အလင်းရောင်လုံးဝမဝင်ဘဲ ပိန်းပိတ်အောင် မှောင်တဲ့အခန်းထဲမှာ အိပ်စေရာမှာ အမျိုးသမီး ၂၆ ယောက်ဟာ ကိုယ်ဝန်ရသွားကြောင်း တွေ့ရှိရပါတယ်။

(၄) အမှောင်က ကင်ဆာကာကွယ်မှုကို ပိုကောင်းစေတယ်။

လုံးဝမှောင်တဲ့ အခန်းထဲအိပ်တဲ့ အမျိုးသမီးတွေဟာ မီးထွန်းထားတဲ့ အခန်းထဲအိပ်စက်တဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၂၂ ရာခိုင်နှုန်းအထိလျော့နည်းတာကို တွေ့ရပါတယ်။ အကြောင်းရင်းသေချာမသိပေမယ့် မှောင်နေချိန်မှာ ညအိပ်ဟော်မုန်း မယ်လတိုနင်များများထွက်တာကြောင့် ဖြစ်နိုင်ပါတယ်။ မယ်လတိုနင်ဟာ ကင်ဆာနဲ့ ဆက်စပ်နေတဲ့ ဆဲလ်ပွားမှုကို ဖြစ်ပေါ်စေတဲ့ အရာ ဖြစ်ပေါ်မှုကို လျှော့ချပေးကာ ကင်ဆာရှိနေရင်တောင် ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်တဲ့ သဘာဝဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။

ဒါ့အပြင် လတ်တလော လေ့လာတွေ့ရှိချက်အရ ညဘက်အလင်းတွေဟာ ကျွန်မတို့ရဲ့ မျိုးရိုးဗီဇ ပြုပြင်ပုံတွေအပေါ်လည်း သက်ရောက်မှုရှိတာကို တွေ့ရပါတယ်။ အစမ်းသပ်ခံကြွက်လေးတွေကို ညဘက်မှာ အလင်းရောင် တစ်နာရီလောက်ပြရုံနဲ့ သူတို့ရဲ့ ဗီဇအရေအတွက် ၃၀၀ လောက်ဟာ ထကြွလာကြပါတယ်။ အဲဒီထဲကမှ ၇၈ ခုဟာ ကင်ဆာဖြစ်ပေါ်မှုနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။

(၅) အမှောင်က သင့်ကို ကိုယ်အလေးချိန် လျော့ကျစေနိုင်တယ်။

ညဘက်စောစောအိပ်ရာဝင်သူတွေဟာ ညဘက်နောက်ကျမှအိပ်ရာဝင်သူတွေထက် ကယ်လိုရီ ၁၀၄၀ ကီလိုဂျိုးရှိ အစာပိုစားမိလေ့ရှိတာကို တွေ့ရပါတယ်။ ဒါ့အပြင် ညဘက်အိပ်ချိန်မှာ အလင်းရောင် အနည်းငယ် တွေ့ရုံနဲ့တင် အစားအစာကို ချေဖျက်နိုင်စွမ်းလျော့နည်းစေတာကိုလည်း တွေ့ရပါတယ်။ သုတေသနပြုချက်အရ အစမ်းသပ်ခံကြွက်လေးတွေကို ညဘက် အလင်းရောင်အောက်မှာ အိပ်စက်စေတဲ့အခါအမှောင်ထဲ အိပ်စေတာထက်စာရင် ကိုယ်အလေးချိန် ၅၀ ရာခိုင်နှုန်းပိုတက်လာတာ တွေ့ရပါတယ်။

(၆) အမှောင်က ဆယ်ကျော်သက်တွေကို စိတ်ပိုကြည်လင်စေနိုင်တယ်။ 

သင့်မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဆယ်ကျော်သက်အရွယ်တွေရှိရင် သတိထားကြည့်ပါ။ ညတာရှည်တဲ့ ဆောင်းတွင်းဘက်တွေမှာ ပိုပြီးလိမ္မာတာ ပိုပြီးစိတ်ကြည်နေတာကို သတိထားမိပါလိမ့်မယ်။ ညဘက်ထွက်တဲ့ မယ်လတိုနင်ဟော်မုန်းဟာ ဆယ်ကျော်သက်တွေအတွက် အရမ်းအရေးကြီးပါတယ်။ ညတာရှည်ပြီး ချမ်းအေးတဲ့ ဆောင်းတွင်းမှာ ဆယ်ကျော်သက်တွေဟာ ခပ်စောစော အိပ်တတ်ကြကာ အိပ်ရေးဝလေ့ရှိပါတယ်။ အဲဒီအခါ သူတို့ရဲ့ ပင်ပန်းမှုတွေကို လျော့ကျစေရုံမက သူတို့ခံစားရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ခံစားချက်တွေ လျော့နည်းစေကာ ကိုယ်ခံစွမ်းအားကိုလည်း ကောင်းစေပါတယ်။ ညဘက် စောစောအိပ်လို့ မနက် စောစောထတဲ့အခါ တွေ့ရတဲ့ မနက်ခင်းအလင်းရောင်ဟာလည်း ဆယ်ကျော်သက်တွေအတွက် အင်မတန်အရေးကြီးပါတယ်။

အမှောင်ရဲ့ အကျိုးအာနိသင် ပိုမိုအစွမ်းထက်စေဖို့

အမှောင်ရဲ့ အကျိုးကျေးဇူးတွေကို အကောင်းဆုံးဖြစ်စေဖို့ ဆိုရင် သင့်အနေနဲ့ ပိန်းပိတ်အောင်မှောင်နေတဲ့ အခန်းထဲမှာအိပ်မှဖြစ်မှာပါ။ ဖုန်းအားသွင်းကြိုးကလင်းတဲ့အလင်းရောင်၊ ဒီဂျစ်တယ်နာရီက လင်းတဲ့အလင်းရောင်၊ USB ကလင်းတဲ့အလင်းရောင်၊ ပြတင်းပေါက်ကနေ တိုးဝင်လာတဲ့ လမ်းမီးစတဲ့ အလင်းရောင်အနည်းငယ်ကအစ မဝင်စေရပါဘူး။ အိပ်ချိန်မှာ အလင်းရောင်မှန်သမျှ မရှိအောင်ဂရုပြုပါ။ ဖြစ်နိုင်ရင် အိပ်ချိန်မတိုင်ခင် နှစ်နာရီအလိုမှာ အလင်းစူးရှတဲ့ Laptop တွေ၊ Tablet တွေ၊ စမတ်ဖုန်းတွေ အသုံးမပြုပါနဲ့။

ဒေါက်တာနုမြတ်

အလင်းရဲ့ အကျိုးကျေးဇူးတွေကိုခံစားသလို အမှောင်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ရယူရင်း အရှင့်ကို ရှူကွရ်ပြုပါသည်။ အောက်လ္လာဟွမ္မ လကရ်ဟမ်ဒု ဝလကရှ်ရှုက်ရ်။

အလ်မုဖီးဒ်


Website:        http://aaitee.blogspot.com
Email:           haroonrangoni@gmail.com
google တွင်ရှာရန် “ အလ်မုဖီးဒ် ” ဟု မြန်မာလိုရိုက်၍ရှာပါ။
မိမိဖုန်းထဲတွင် ပြန်လည်ဖတ်ရှုရန် သိမ်းထားလိုပါက Simple Islam.apk ဖိုင်ကို ဒေါင်းလုတ်ဆွဲပြီး Install လုပ်ထားပါ။

Monday, October 14, 2013

လူ့ဝိညာဉ်တစ်ခုက တစ်သက်တာမှာ လောက ၅ ခုကို ဖြတ်သန်းရပါတယ်။

၁ ။ ဝိညာဉ်လောက (ဒါကို အာလမေ အရ်ဝါဟ်လို့ခေါ်ပါတယ်) အဲဒီလောကကို လူ့ဝိညာဉ်တိုင်းဖြတ်သန်းခဲ့ရပါတယ်။ လူတိုင်းရဲ့ ဝိညာဉ်တစ်ခုစီမှာ သူ့ရဲ့ ဝိညာဉ်နာမည်ရှိပါတယ်။ ဝိညာဉ်လောကမှာ ကမ္ဘာဦးအစကနေ ကမ္ဘာ့နောက်ဆုံးနေ့အထိ လူသားအားလုံးရဲ့ ဝိညာဉ်တွေ ရှိခဲ့ပါတယ်။ ဝိညာဉ်လောကရဲ့ ပိုင်ရှင်က အလ္လာဟ် (စွဗ္ဗဟားနဟူးဝသအာလာ) ဖြစ်ပါတယ်။ အဲသည်ဝိညာဉ်လောကမှာ လူ့ခန္ဓာမရရှိသေးတဲ့အတွက် လူတွေက နာမ်တရားပဲရှိသေးတယ်လို့ပြောရင်ရပါတယ်။

၂ ။ အမိဝမ်းတွင်းလောက (ဒါကို အာလမေဒွန္နယာရဲ့ အစလောက လို့ခေါ်ပါတယ်) အဲဒီလောကကို လူ့ဝိညာဉ်တိုင်းဖြတ်သန်းရပါတယ်။ လူ့ ဝိညာဉ်(နာမ်) နဲ့ လူ့ခန္ဓာ (ရုပ်) ပေါင်းစပ်ပေးတဲ့လောက။ အဲဒါ အမိဝမ်းတွင်းမှာဖြစ်ပါတယ်။ အာလမေအရ်ဝါဟ်က ဝိညာဉ်တိုင်းဟာ အမိဝမ်းတွင်း ပဋိသန္ဓေတည်ခြင်းလောကကို ဖြတ်သန်းပြီးမှ လူသားစင်စစ် ဧကန်ဖြစ်ပါတယ်။ (တစ်နည်း ရုပ်နဲ့ နာမ် တွဲမိသွားပါတယ်) အဲသည်လောကမှာ နေခဲ့တဲ့ အချိန်ကာလကို ကာယကံရှင် လူသားက မသိရှိခဲ့ပါ။ အမိဝမ်းတွင်းလောကရဲ့ ပိုင်ရှင်က အလ္လာဟ် (စွဗ္ဗဟားနဟူးဝသအာလာ) ဖြစ်ပါတယ်။

၃ ။ လောကီဘဝလောက (ဒါကို အာလမေဒွန္နယာ) လို့ခေါ်ပါတယ်။ ဒီလောကမှာ လူသားက ရုပ်နဲ့ နာမ်နဲ့ တွဲမိသွားပြီဖြစ်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ လူဆိုတာကို မသိသေးဘူး။ မိခင်နဲ့ ဖခင်ရဲ့ နှလုံးသားထဲမှာ အဲသည် လူမမယ် ခလေးလေးအပေါ် ချစ်ခင်တဲ့စိတ်ကို အလ္လာဟ်အရှင်မြတ်က ထည့်ပေးထားတယ်။ ဝိညာဉ်လောက နဲ့ အမိဝမ်းတွင်းလောကမှာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့အရှင်က အခု လူမမည် ကလေးလေး ဖြစ်နေတဲ့ ရုပ်နဲ့နာမ်တွဲထားတဲ့ လူသားပေါက်စလေးအပေါ်မှာ မိဘ (အုပ်ထိန်းသူ) ကိုသတ်မှတ်ပေးလိုက်ပြီ။ ဒီလိုသတ်မှတ်ပေးပြီးတဲ့နောက် သူတို့အတွင်းမှာလည်း ဒီကလေးလေးအပေါ်မှာ ယုယ ကြင်နာတဲ့စိတ်ကို ထည့်ပေးလိုက်တယ်။ ကလေးလေး လူလားမြောက်လာတော့ Wisdom နဲ့ Knowledge လို့ခေါ်တဲ့ အသိပညာ အတတ်ပညာ အမှန်အမှား ဝေခွဲနိုင်တဲ့ပညာရပ်တွေကို လူသားအချင်းချင်း အမှီသဟဲပြုပြီး တတ်မြောက်စေပြန်တယ်။ လူဖြစ်လာပြီဖြစ်တဲ့ လူသားကို မိမိလုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ပါတော့တယ်။ ဒီနေရာမှာလည်း လူကို အချိန်နဲ့နေရာ (Time and Space) ဆိုတဲ့ အကန့်အသတ် (Limitation) ထဲမှာ ထည့်ထားတုန်းပဲ။ လုပ်ချင်တာတိုင်းလုပ်လို့မဖြစ်တဲ့ အနေအထားမှာရှိတယ်။ ဒါပေမယ့် အတော်များများကို လုပ်ခွင့်ပြုလိုက်တယ်။ ဒီလောကကိုလည်း အလ္လာဟ် (စွဗ္ဗဟားနဟူးဝသအာလာ) ပဲပိုင်ဆိုင်တော်မူတယ်။

၎ ။ သင်္ချိုင်းလောက (ဒီလောကကို အာလမေဗရ်ဇခ် - ကြားစခန်း သို့မဟုတ် အာလမေမိစားလ်လို့ခေါ်တယ်။) ဒီလောကမှာ လူသားက ရုပ်ခန္ဓာကို စွန့်ခွာလိုက်ပြီး အာလမေဒွန္နယာကနေ ထွက်ခွာလာခဲ့ပြီ။ ကိုယ်တိုင် မွေးမြူခဲ့တဲ့သက်တမ်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ခံစားရတော့မယ်။ ဝိညာဉ်လောကကနေ ကမ္ဘာလောက (လောကီဘဝလောက) ကိုမလာခင်အမိဝမ်းတွင်းမှာ နေရသလိုမျိုး ကမ္ဘာမြေကြီးရဲ့ ဝမ်းတွင်းမှာ ခေတ္တနေရတဲ့သဘော။ အဲဒီလောကကိုလည်း အလ္လာဟ်အရှင်မြတ်ပဲ ပိုင်ဆိုင်တော်မူပါတယ်။

၅ ။ မသေဆုံးတော့မည့် ထာဝရသက်တမ်းလောက (အာလမေအာခိရဟ်) ဒီလောကကတော့ လောကီလောကမှာ လုပ်ခဲ့တာတွေရဲ့ ကောင်းကျိုးဆိုးပြစ်ကို ခံယူရမယ့်လောကသက်တမ်းဖြစ်တယ်။ ဒီလောကမှာ သေခြင်းဆိုတာမရှိတော့ဘူး။ ဝိညာဉ်တိုင်းဟာ ခန္ဓာပြန်ရမယ်။ မိမိရဲ့လောကီသက်တမ်းမှာ လုပ်ခဲ့သမျှ အစားပြန်ရမယ့်လောကဖြစ်တယ်။ အဲဒီလောကမှာ ဂျန္နသ် - ကောင်းမှုအတွက်အစားပေးရာနေရာ နဲ့ ဂျဟန္နမ် - မကောင်းမှုအတွက် အစားပေးရာနေရာ နှစ်ခုပဲရှိမယ်။ ဝိညာဉ်နဲ့ခန္ဓာတွဲဖက် ရရှိခဲ့တဲ့ လူသားတိုင်းအတွက် အဲသည် နှစ်နေရာအနက် တစ်နေရာရရှိဖို့ သေချာတယ်။ အဲသည် အာလမေ အာခိရသ် ကိုလည်း အလ္လာဟ် (စွဗ္ဗဟားနဟူးဝသအာလာ)ကပဲ ပိုင်ဆိုင်တော်မူပါတယ်။

ဒါ့ကြောင့် လူသားတိုင်းဟာ ဘဝလောက ၅ ခုကိုဖြတ်သန်းရပြီး အဲသည် ဘဝလောက ၅ ခုရဲ့ပိုင်ရှင်ဖြစ်တော်မူတဲ့ အလ္လာဟ်အရှင်မြတ် နှစ်သက်ကျေနပ်အောင် နေထိုင်သွားပါက ဂျန္နသ် - အမတသုခဘုံမှာ ထာဝရ ပျော်စံရမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

(လူသားတိုင်းဟု ဆိုရာတွင် ကမ္ဘာဦးဖခင်ကြီးနဲ့ မိခင်ကြီး တို့သည် အမိဝမ်းတွင်းလောကကို မဖြတ်သန်းခဲ့ရပါ။ ကမ္ဘာလောကသို့ တိုက်ရိုက်ရောက်ရှိခဲ့ပါသည်။)

အိုအလ္လာဟ် တင်ပြသူ- ဖတ်ရှုသူအပေါင်းကို အရှင်မြတ်နှစ်သက် လက်ခံတော်မူသော အအ်မာလ်များလုပ်ဆောင်ပြီးမှ ဤလောကမှရုပ်သိမ်းတော်မူပါ။ အာမီးန်။ ။

(အလ်မုဖီးဒ်)

ဘာသာခြားတို့၏စောဒကနှင့် ကုရ်ဘာနီ၏အနှစ်သာရ (ပြီးတဲ့အထိဖတ်စေချင်ပါသည်)

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
အစ္စလာမ်သာသနာဟာ သာသနာဝင်တွေအတွက် တစ်နှစ်မှာ နှစ်ရက်ကို ပျော်ရွှင်စရာ နေ့ရက်တွေအဖြစ် ချီးမြှင့်ထားပါတယ်။ အဲ့ဒီထဲက တစ်ရက်ဖြစ်တဲ့ လမြတ်ရမဇာန်ရဲ့ ရိုဇဟ်ဥပုသ်တွေ အပြည့်အ၀ ဆောက်တည်ပြီးချိန်မှာ ကျရောက်တဲ့ အီးဒုလ်ဖိသိရ်ကိုတော့ အလ္လာဟ်အရှင် သောင်ဖီးက်ပေးလို့ ကျွန်တော်တို့အားလုံးကြုံဆုံခဲ့ပြီး ပျော်ရွှင်ခဲ့ပြီးဖြစ်ပါ တယ်။ အခုတစ်ဖန် ဒုတိယမြောက် ပျော်ရွှင်စရာနေ့ရက်ဖြစ်တဲ့ အီဒုလ်အဒ်ွဟာ လို့ခေါ်တဲ့ ကုရ်ဘာနီ ရက်မြတ်ကတော့ သိပ်မကြာခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အဲ့ဒီရက်မြတ်မှာလည်းပျော်ရွှင်ကြဖို့ အချို့လူတွေ အသင့်ဖြစ်နေပြီး အချို့လူတွေ အသင့်ပြုလုပ်ဆဲဖြစ်ပါတယ်။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
ကုရ်ဘာနီရဲ့နောက်ခံသမိုင်းကြောင်းလေးဖြစ်တဲ့ တမန်တော် အီဗရာဟီးမ် (အလိုင်) နဲ့ တမန်တော် အစ္စမာအီးလ် (အလိုင်) တို့ရဲ့ သားအဖ အကြောင်းအရာလေးကတော့ လူကြီးမင်းတို့အားလုံး ကြားဖူးပြီးသားဖြစ်ပါလိမ့်မယ်။ ပြန်ကြည့်မယ်ဆိုရင် အစ္စလာမ်ဆိုတဲ့ သာသနာဟာ ဘယ်ခေတ်မှာ ရောက်ရှိလာလဲ အဲ့ဒီခေတ်ရဲ့ ဓလေ့စရိုက်ဆိုးတွေကို တိုက်ဖျက်ပြီး အဲ့ဒီနေရာမျာ ထာဝရအကျိုးရှိစေမယ့် လုပ်ရပ်ကောင်းတွေနဲ့ အစားထိုးလိုက်ပါတယ်။ တမန်တော် အီဗရာဟီးမ် (အလိုင်) ရဲ့ခေတ်မတိုင်မီက လူတွေဟာ ရုပ်တုတွေ နတ်ဘုရားတွေကို ကိုးကွယ်ကြတယ်။ အဲ့ဒီလိုကိုးကွယ်ရင်းနဲ့ ကိုးကွယ်မှုတွေ လွန်ကဲပြင်းထန်လာပြီး နောက်ဆုံးမှာ လူအရှင်လတ်လတ်ကို သတ်ဖြတ်ကာ ရုပ်တုတွေဆီမှာ ပူဇော်ပသတဲ့အဆင့်ထိရောက်လာကြတယ်။ အင်မတန် ဆိုးရွားပြီးကြောက်စရာကောင်းတဲ့ဒီဓလေ့စရိုက်ဆိုးကြီးကို အစ္စလာမ်သာသနာက ပပျောက်စေခဲ့ပြီး အဲ့ဒီအစား ထာဝရ အကျိုးရှိနေမယ့် ကုရ်ဘာနီဆိုတဲ့ အရာနဲ့ အစားထိုးလိုက်ပါတယ်။ အဲ့ဒီခေတ်အခါက စတင်ခဲ့တဲ့ ကုရ်ဘာနီဟာ အအစဉ်အဆက် ပြုလုပ်လာရင်း ကနေ့ ကျွန်တော်တို့ ခေတ် အထိ ရောက် ရှိလာတာဖြစ်ပါတယ်။ ပြန်ကြည့်မယ်ဆိုရင်လည်း ဒီကုရ်ဘာနီကိုအကြောင်းခံပြီး မြောက်မြားစွာသောလူတွေဟာ အကျိုးအမြတ်တွေရရှိကြပါတယ်။ အနိမ့်ဆုံးအဆင့် ဆင်းရဲသားမိသားစုတစ်စုမှာ ရက်အတန်ကြာအထိ ဟင်းစားလုံလောက်သွားပါတယ်။ ဒါက အနိမ့်ဆုံးအဆင့်ပါ။ ဒီထက်ပိုပြီးတွေကြည့်မယ်ဆိုရင် ကုရ်ဘာနီကြောင့် သားကောင် အရောင်း အ၀ယ်ဈေးကွက်ကြီး၊ အဲ့ဒီမှာဆို ဘာသာခြားတွေတောင်မှာ များစွာစီးပွားဖြစ်ရပြီး နောက်ဆုံး အခွန်အခတွေနဲ့ တိုင်းပြည်အထိမှာ ၀င်ငွေတွေရရှိပါတယ်။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
ဒါပေမယ့်လည်းလည်း တစ်ဖက်မှာရှိတဲ့ ကျွန်တော်နဲ့ ဆန့်ကျင်ဖက် ယုံကြည်ကိုးကွယ်သူတွေကတော့ ကျွန်တော်တို့ရဲ့ကုရ်ဘာနီအပေါ် အင်မတန်မှ အမြင်တွေ စူးနေပါတယ်။ အမျိုးမျိုးဝေဖန်တိုက်ခိုက်ကြတယ်။ သူတို့ဟာ သူတို့ယုံကြည်မှုမှာ သတ္တ၀ါတွေကို သနားညှာတာရမယ်ဆိုပြီး သက်သတ်လွတ်တောင်စားကြတယ်။ ဒီတော့ သူတို့နဲ့ ကျွန်တော် တို့နဲ့ကြားမှာ အကွာဟကြီး ကွာဟနေပါတယ်။ သူတို့ကလည်း ကျွန်တော်တို့တွေကို သက်ရှိတွေကိုသတ်တဲ့သူ သတ္တ၀ါတွေအပေါ်မစာနာတတ်တဲ့သူတွေဆိုပြီး အမျိုးမျိုးဝေဖန် ထိုးနှက်ကြတယ်။ သူတို့ အမျိုးမျိုးဝေဖန်တိုက်ခိုက်နေပေမယ့်လည်း တစ်ဖက်မှာ သိပ္ပံကတိုးတက်လာတာနဲ့အမျှ အစ္စလာမ်ရဲ့ အမှန်တရားတွေကို ထောက်ခံပြီး အစ္စလာမ်သာသနာ ရဲ့မှန်ကန်မှုဟာလည်း တစ်နေ့တခြား ပိုမိုပြီး ထင်ရှားလာပါတယ်။ ဒီတော့ ဘာသာခြားတွေရဲ့အထင်လွဲမှားမှု၊ စွတ်စွဲမှုတွေကို ကျွန်တော်တို့ ဘယ်လိုဆွေးနွေးမလဲ။ သူတို့ရဲ့စောဒကတွေကို ကျွန်တော်တို့ ဘယ်လို အဖြေတွေပေးမလဲ။ ဒါကိုဆွေးနွေးမယ်ဆိုရင် အရင်ဆုံးစပြီးစဉ်းစားရမှာက လောကမှာ သက်ရှိဆိုတာဘာလဲ။

သက်ရှိနဲ့ပတ်သက်ပြီးကျွန်တော်တို့သိထားတာက လောကမှာ လူရယ်၊ ကုန်းနေ ရေနေ လေနေ တွင်းနေ သတ္တ၀ါတွေကသာ သက်ရှိတွေ ဆိုတာပါပဲ။ ဒါပေမယ့် ကုရ်အာန်ကျမ်းစာမှ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက အပင်သည်လည်း သက်ရှိဖြစ်ကြောင်း အချို့အာယသ်တော်များ၏ ညွှန်းဆိုမှုအရ သိရှိရပါတယ်။ (ကုရ်အာန် ၆း၉၅ ကြည့်) ခေတ်တွေပြောင်း လဲတိုးတက်ရင်းနဲ့ ဒီဘက်ခေတ်ရောက်တဲ့အခါကြတော့ အပင်သည်သက်ရှိဖြစ်ကြောင်း သိပ္ပံကပါ အထောက်အထားတွေ အမြောက် အများပေးပြီး ပြောဆိုလာကြပါတယ်။ သူတို့ပြောဆိုမှုအရ ကျွန်တော်တို့သိထားတဲ့ သက်ရှိတွေဖြစ်တဲ့ လူ၊ တိရိစ္ဆာန်တို့ရဲ့ ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံနဲ့ အပင်ရဲ့ဖွဲ့စည်း တည်ဆောက်ပုံ ဟာ အတော်လေးကို သွားပြီးတော့ ဆင်တူနေပါတယ်။ လူ၊ တိရိစ္ဆာန်တို့ရဲ့ ခန္ဓာကို ပရိုတိုပလာဇမ် ပါဝင်တဲ့ ဆဲလ်တွေနဲ့တည်ဆောက်ထားသလို အပင်ဆီမှာလည်း စတဲ့ ပရိုတိုပလာဇမ် ပါဝင်တဲ့ ဆဲလ်တွေနဲ့ပဲ ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရှိရပါတယ်။ ဒါတင်မကသေးဘဲ သက်ရှိရဲ့ လက္ခဏာ တော်တော်များများဟာလည်း အပင်တွေမှာ ပါရှိနေတာ ကို တွေ့ရှိရပြန်တယ်။ ဥပမာ – nutrition လို့ခေါ်တဲ့ အဟာရပြုခြင်း- အပင်တွေဟာ အမြစ်ကနေ မြေကြီးက အဟာရတွေကိုရယူပြီး အစာချက်ပါတယ်။ respiration အသက်ရှုခြင်း အပင်တွေဟာလည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှုပြီး အောက်ဆီဂျင်ကို စွန့်ထုတ်ပါတယ်။ growth- ကြီးထွားခြင်း- အပင်တွေဟာလည်း လူနဲ့ တိရိစ္ဆာန်တွေ ကဲ့သို့ ကြီးထွားမှုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Reproduction – မျိုးပွားခြင်း သက်ရှိတွေရဲ့ လုပ်ထုံးတစ်ခုဖြစ်တဲ့ မျိုးပွားခြင်းကိုလည်း အပင်တွေမှာတွေ့ရှိရပြန်တယ်။ life – ဘ၀ သက်တမ်း ရှိခြင်း၊ အပင်တွေဟာလည်း လူတွေတိရိစ္ဆာန်တွေကဲ့သို့ ငယ်ရာမှကြီး၊ ကြီးရာမှအို၊ အိုရာမှသေ အစရှိသည့် ဘ၀သက်တမ်းကိုလည်း ရရှိထားပြန်တယ်။ စတဲ့ အထောက် အထားတွေကို သိပ္ပံပညာရှင်တွေက အကျယ်တ၀င့် လက်တွေ့ကျကျတင်ပြလာတဲ့အခါမှာ အပင်သည် သက်ရှိဖြစ်ကြောင်းကို နယ်ပယ်အစုံမှ လူသားအစုံတို့ဟာ မငြင်းနိုင်ရှာတော့ ပါဘူး။ ဒါကြောင့်လည်းပဲ ကနေ့ အစိုးရကျောင်းတွေမှာ ၅ တန်းမှ စ ၁၀ တန်း အထိကျောင်းသင်ရိုးဖြစ်တဲ့ သိပ္ပံနဲ့ ဘိုင်အို စာအုပ်တွေထဲမှာ အပင်သည်လည်း သက်ရှိဖြစ်ကြောင်းကို သင်ကြားနေရပါတယ်။ နောက်ဆုံး သိပ္ပံလောကမှာ အပင်ရဲ့ အခန်းကဏ္ဍဟာ သီးသန့်ဘာသာရပ်တစ်ခုအဖြစ်ခွဲထွက်လာပြီး ဒီဘာသာရပ်ကို botany လို့ခေါ်ပါ တယ်။ အဲ့ဒီဘာသာရပ်မှာ အပင်ရဲ့ ရှင်သန်မှုအကြောင်းတွေကို အကျယ်တ၀င့်ပါရှိပြီး တက္ကသိုလ်အသီးသီးမှာ သင်ကြားပို့ချနေသလို ဒီဘာသာရပ်နဲ့ ဘွဲ့ရသူတွေလည်း အမြောက် အများရှိနေပါတယ်။

ဒီလောက်ဆိုရင် အပင်သည်လည်းသက်ရှိဖြစ်ကြောင်း လူကြီးမင်းတို့ ကောင်းကောင်းသဘောပေါက်လောက်ပြီထင်တယ်။ သူ့ရဲ့ ရှင်သန်မှုက လူနဲ့ တိရိစ္ဆာန်တွေရဲ့ ရှင်သန်မှုနဲ့ အနည်းငယ်သာ ကွာခြားတာဖြစ်တယ်။ ဒီတော့ သား ငါး မစားပဲနဲ့ ဟင်းသီးဟင်းရွက်၊အသီးအနှံတို့သာ စားသုံးသူကို သက်သတ်လွက် စားတယ်လို့ ခေါ်နိုင်မလားဆိုတာ စဉ်းစားကြည့်ကြပါတော့။ အပင်တစ်ပင်ကို ခုတ်လိုက်တာလည်း သက်ရှိ သတ္တ၀ါကို သတ်လိုက်တာ နာကျင်စေလိုက်တာနဲ့အလားတူပါပဲ။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
နောက်တစ်ချက်စဉ်းစားကြည့်ရအောင်၊ တချို့လူတွေက သူတို့ကိုယ်သူတို့ သတ္တ၀ါတွေကို ညှာတာတယ်လို့၊ သူ့အသက်မသက်ဖူးလို့ဆိုပြီး အသီးအနှံတွေ ဟင်းသီးဟင်း ရွက်တွေစားကြတယ်။ ဒီတော့ စဉ်းစားကြည့်ပါ။ ဒီအသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ ဘယ်ကလာလဲ၊ မိုးပေါ်က ကျလာတာမဟုတ်ပါ၊ စိုက်ခင်းထဲကလာပါတယ်၊ စိုက်ခင်းမှာ စိုက်စဉ်တုန်းက ဘယ်လယ်သမားမဆို ရွက်ဖျန်းဆေးသုံးကြတာချည်းပဲ၊ ရွက်ဖျန်းဆေးဆိုတာ အပင်မှာ ကပ်တွယ်နေတဲ့ သီးနှံဖျက်ပိုးတွေ၊ အင်းဆက်ပိုးတွေ ကို သေစေဖို့ အတွက် သုံးတာ၊ ဒီတော့ သက်သတ်လွတ်စားတဲ့သူစားလိုက်တဲ့ ဒီအသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေက မြောက်များစွာသော ပိုးမွှားတွေရဲ့အသက်တွေကို စတေးပြီးမှ ဖြစ် လာတာ၊ ဒီတော့ သက်သတ်လွတ်စားတဲ့သူလည်း အသကသတ်ခြင်းဆိုတဲ့ အပြစ်ကနေ ဘယ်နည်းနဲ့မှ မကင်းနိုင်ပါဘူး။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
လူသားတိုင်းလူသားတိုင်းဟာ နေ့စဉ်လှုပ်ရှားသွားလာရင်း မရည်ရွယ်ဘဲ အသက်ပေါင်းများစွာကို သတ်မိနေတတ်ပါတယ်။ ဥပမာ ကျွန်တော်တို့တွေ အသက်ရှုကြတယ်။ လေထဲမှာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားပေါင်းမြောက်မြားစွာပါကြတယ်။ ဒီရောဂါပိုးမွှားတွေဟာ ကျွန်တော်တို့ရဲ့ အသက်ရှုလမ်းကြောင်းထဲကိုဝင်ရောက်လာကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသက်ရှုလမ်းကြောင်းမှာပါရှိတဲ့ ရောဂါကာကွယ်မှုစနစ်က ဒီပိုးမွှားပေါင်းမြောက်မြားစွာကို သေစေလိုက်ပါတယ်။ ဒီအတိုင်းပဲ ရေတွေထဲမှာ လည်း ရောဂါပိုးမွှားတွေပါကြပါတယ်။ သာမန်လူ့မျက်စိနဲ့မမြင်တွေ့နိုင်ပါဘူး။ မိုက်ခရိုစကုပ်နဲ့ကြည့်မှသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီရေကို ကျွန်တော်တို့ ကြိုချက်ကြတယ်။ ဆန်နဲ့ရောပြီး ထမင်းဖြစ်အောင်တည်ကြတယ်။ အဲ့ဒီကိစ္စတွေမှာလည်း ပိုးမွှားပေါင်းမြောက်မြားစွာရဲ့ အသက်တွေ သေကြေဆုံးရှုံးရတာပါပဲ။ ဒီတော့ သူ့အသက်သတ်ခြင်းကနေ ကင်းတဲ့သူဆိုတာ လောကမှာရှိနိုင်ပါဦးမလား။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
တစ်ခါတစ်ခါ အသက်သတ်ခြင်းဟာ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ကုသိုလ်ရစေမယ့်ကိစ္စပင် ဖြစ်လျင်ဖြစ်နေတတ်ပါတယ်။ ဥပမာ – တရားသူကြီးက တရားရုံးမှာ တရားစီရင်တဲ့အခါ တရားခံကို လိုအပ်လို့ သေဒဏ်ပေးသင့်ရင်ပေးရမှာပါပဲ။ ဒီအခါ တရားသူကြီးကို သွားပြီးတော့ သတ္တ၀ါတွေကို သတ်လို့ ငရဲကျမယ့်သူလို့ပြောမလား။ပြောမယ်ဆိုရင် လောကမှာ တရားသူကြီးလုပ်မယ့်သူလည်းမရှိ တရားရုံးတွေလည်းရှိတော့မှာမဟုတ်ဘဲ အမှုအခင်းတွေပိုပြီးများလာတော့မှာပေါ့။ ဒီအတိုင်းပဲ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ကာကွယ်ရေး တပ်မတော် ဆိုတာရှိတယ်။ ဒီတပ်မတော်ဟာ တိုင်းပြည်ကို ကျူးကျော်လာတဲ့ရန်သူတွေကို သုတ်သင်ရှင်းလင်းမှာပဲ။ အဲ့ဒီအခါ တိုင်းသူပြည်သားတွေက ဒီတပ်မတော် သားတွေ ကို ကျေးဇူး တင်မလား။ သူများအသက်သတ်တဲ့သူတွေဆိုပြီး ၀ိုင်းဝန်းကဲ့ရဲ့ကြမှာလား။ လူကြီးမင်းတို့ပဲ စဉ်းစားကြည့်စမ်းပါ။

အစ္စလာမ်ဟာ အယူမသီး အစွန်းမရောက်တဲ့ သဘာဝတရားနဲ့ကိုက်ညီတဲ့သာသနာဖြစ်တယ်။ အစ္စလာမ်မှာ လိုအပ်ရင် စစ်တိုက်ခွင့်လည်းရှိတယ်။ ကိုယ့်ကို ကျူးကျော်လာတဲ့ ရန်သူကိုလည်း ပြန်လည် ချေမှုန်းသတ်ဖြတ်ခွင့်လည်းရှိတယ်။ လူတွေကို ခက်ခဲသွားစေအောင် အစ္စလာမ်က အမိန့်ပေးထားခြင်း၊ စေခိုင်းထားခြင်းမျုး လုံးဝလုံးဝမရှိပါဘူး။
လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
အလ္လာဟ်အရှင်မြတ်ဟာ သက်ရှိတွေကို စတင်ဖန်ဆင်းကတည်းက လိုအပ်သလို ပုံစံချဖန်ဆင်းထားပြီးသားဖြစ်ပါတယ်။အဲ့ဒီထဲမှာ သွားရဲ့စနစ်ကလည်းတစ်ခု အပါအ၀င်ပါပဲ။ ဘယ်သတ္တ၀ါကို ဘယ်လိုအစားအစာ စားစေချင်သလဲ။ အဲ့ဒီ သတ္တ၀ါကို အဲ့ဒီအစားအစာနဲ့ လိုက်ဖက်တဲ့ သွားစနစ် အစာချေစနစ်ပါ ပြုလုပ်ဖန်ဆင်းပေးထားတာ ကျွန်တော်တို့ရဲ့ မျက်မြင်ပါပဲ။ သွားစနစ် အစာချေစနစ်တွေဟာ ငါးမှာ ပုံစံတစ်မျိုး၊ တီကောင်မှာ ပုံစံတစ်မျိုး၊ မိကျောင်းမှာပုံစံတစ်မျိုး၊ နွားမှာ ပုံစံတစ်မျိုး၊ ကျားမှာ ပုံစံတစ်မျိုး စသဖြင့်တွေ့မြင်ရမှာပါ။ သတ္တ၀ါတွေကလည်း သူတို့ရဲ့သွားစနစ် အစာချေစနစ်နဲ့ကိုက်ညီတဲ့ အစားအသောက်ကိုပဲစားသုံးကြပါတယ်။ လူသားကို အလ္လာဟ်အရှင်မြတ်က သားငါးဟင်းသီးဟင်းရွက် အစုံကို စားလို့ရတဲ့ သွားစနစ် အစာချေစနစ်ကို ဖန်ဆင်းထားရှိပေးထားပါတယ်။ တကယ်တမ်းကြည့်ရင်လည်း လူသားဟာ အစားအသောက်အစုံကို စားသောက်ဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ် သင့်တင့်မျှတဖို့ ကစီဓာတ်၊ အဆီဓါတ်၊ ဗီတာမင်၊ သတ္တု၊ ပရိုတင်း၊ ရေဓါတ်တို့ လိုအပ်ပါတယ်။ ဒီတော့ ရောဂါကာကွယ်နိုင်ဖို့ ဗီတာမင်၊ သတ္တု ဓါတ်တို့လိုအပ်ပါတယ်။ ဒီဓါတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ ပရိုတင်းဓါတ်လိုအပ်ပါတယ်။ ဒီဓါတ်ကိုတော့ အသားကနေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် လူဟာ အသားကို လည်းစားသုံးဖို့ လိုအပ်ပြန်ပါတယ်။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
ကျွန်တော်တို့အစ္စလာမ်သာသနာမှာ သားကောင်ကို အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့် အစ္စလာမ့်နည်းကျ ဇဗဟ်လုပ်ထားမှသာ စားသုံးခွင့်ရှိတာပါ။ အလိုအလျောက် သေသွားတဲ့သတ္တ၀ါ၊ အစ္စလာမ့်နည်းအတိုင်းမဟုတ်ဘဲ၊ တခြားပုံစံနဲ့ လည်မျိုလိမ်ချိုးပြီးဖြစ်စေ၊ ဦးခေါင်းကိုထုရိုက်၍ဖြစ်စေ သတ်ထားတဲ့ သတ္တ၀ါတွေကိုလည်း စားသုံးခွင့် လုံးဝမရှိပါ။ အစ္စလာမ့်နည်းကျသားကောင်လှီးဖြတ်ခြင်းကို အချို့သူများက အပ်ါယံကြည့်ပြီး သားကောင် အပေါ် ရက်စက်လွန်းလှတယ်။ ကြမ်းကြုတ်လွန်းလှ တယ် ဆိုပြီး ဝေဖန်ကြ ပါတယ်။ အမှန်တကယ် လေ့လာကြည့်တဲ့အခါမှာတော့ အစ္စလာမ့်နည်းကျသတ်ဖြတ်ခြင်းကသာလျင် သားကောင်ကိုလုံးဝ နာကျင်မှုမရှိဘဲ သေဆုံး ရခြင်းဖြစ် ပဲဖြစ်ပါတယ်။ အစ္စလာမ့်နည်းကျ သားကောင်သတ်ဖြတ်ပုံဟာ သားကောင်ရဲ့လည်ပင်းကို အင်မတန် ထက်တဲ့ဓါးနဲ့ လှီးဖြတ်ရပါတယ်။ လှီးဖြတ်ရာမှာလည်း သတ်မှတ်ထား တဲ့ အကြောများ ကိုသာပြတ်အောင် လှီးရတာပါ။ လည်းပင်တစ်ခုလုံး ပြတ်အောင် မလှီးရပါဘူး။ အဲ့ဒီလိုလှီးလိုက်တာနဲ့ သားကောင်ရဲ့ လည်ပင်းအရေပြားဟာ ကွဲထွက်သွားပြီး လည်မျိုပြတ် ကာ သွေးများဝေါ ကနဲထွက်လာပါတယ်။ ဒီဖြစ်စဉ်ဟာ ၅ စက္ကန့်လောက်အတွင်းမှာဖြစ်တာပါ။ အဲ့ဒီလို သွေးတွေထွက်လာတာနဲ့ သားကောင်ဟာ သတိလစ်သွားပါတော့ တယ်။ သူဟာ ရုန်းသာရုန်းနေပေ မယ့် သတိမရှိတော့ပါဘူး။ အရေပြားကို စလှီးဖြတ်ပြီး လည်ပင်းကြီးဟက်တက်ကွဲပြီး သွေးတွေ ထွက်လာတဲ့အထိ သားကောင်ဟာ နာတဲ့ဒဏ် မခံစားရသေးပါဘူး။ ဒီဖြစ်စဉ်ဟာလည်း အရမ်းလျင်မြန်စွာ ၅ စက္ကန့်မျှအတွင်းမှာ ပြီးသွားတာဖြစ်တယ်။ ဒါဟာ ဘာနဲ့ ပမာ တူလဲဆိုရင် ကျွန်တော်တို့ တစ်ခါတစ်ခါ ခန္ဓာကိုယ်မှာ ထိခိုက်ရှနာဖြစ်တဲ့အခါ ချက်ချင်းမှာ သွေးပူနေ တဲ့အတွက် နာတဲ့ ဒဏ်ကို မခံစားရဘူး။ တအောင့်လောက်နေမှ သူ့ဟာသူ ဖြေးဖြေးချင်း နာလာတာ ဖြစ်တယ်။ သားကောင်ကလည်း ဒီအတိုင်းပဲ ။ သွေးပူနေစဉ် ၅ စက္ကန့်လောက် အတွင်းမှာ ဖြစ်တဲ့ဖြစ်ရပ်အပေါ် နာကျင်မှုဒဏ် မခံစားရသေးပါဘူး။ ဒီနောက်ပိုင်းသွေးတွေ ဝေါခနဲ ထွက်လာတာနဲ့ သားကောင်ဟာ သတိမေ့သွား ပါတယ်။ သွေး ထွက်လွန်ရင် လူတောင် သတိမေ့တာပါပဲ။ သားကောင်ဟာ သူ့ဒဏ်ရာ တကယ်နာကျင်လာတဲ့အချိန်မှာ သူသတိမေ့နေတဲ့အတွက် နာကျင်မှုဒဏ်ကို မသိလိုက်ပါ ဘူး။ မေ့ဆေး ထိုးထားသလိုပါပဲ။ ဒီနောက်ပိုင်းမှာ သားကောင်ဟာ အချိန်အတန်ကြာအထိ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အကြောတက်နေမယ်။ ဒီအချိန်မှာလည်း သွေးတွေဟာ မကုန်မချင်း ထွက်နေတဲ့ အတွက် ပြန်လည် သတိဝင်လာစရာ အကြောင်းမရှိတော့ပါဘူး။ ဒီလိုဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ ဘေးကနေရပ်ကြည့်ပြီး သားကောင်ငြိမ်ပြီးအသက်ထွက်သွား တဲ့အထိ စောင့်ကြည့်နေရမယ်။ အလျင်လိုပြီး အပြီးသေစေလိုက်တာမျိုး လုံးဝ မလုပ်ရဘူး။ ဘာကြောင့်လဲဆိုရင် ဒီလို ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အကြောတက်တာ ဟာ အင်မတန်ကောင်း တဲ့ ကိစ္စဖြစ်တယ်။ ဒါဟာ သားကောင်ဟာ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးအကြွင်းအကျန်တွေကို ညှစ်ထုတ်နေတာဖြစ်တယ်။ သွေးတွေ လုံးဝကုန်သွားရင် အင်မတန် သန့်ရှင်း လတ်ဆတ်တဲ့ အသားကိုရရှိမှာဖြစ်ပါတယ်။ သွေးဟာ အင်မတန် ညစ်ပတ်ပါတယ်။ သွေးထဲမှာ ရောဂါပိုးမွှားပေါင်း မြောက်မြားစွာ ပါလို့ပါပဲ။ သားကောင်တွေ မှာ သွေး ဟာ သေသွားတာနဲ့ ချက်ချင်း ခဲသွားတတ်ပါတယ်။

အစ္စလာမ့်နည်းကျ လှီးဖြတ်တဲ့အခါ သားကောင်ဟာ သွေးပူနေစဉ်မှာပဲ သူ့ကိုယ်ထဲမှာ ရှိသမျှသွေးအားလုံး ကို သူ့ဟာသူ ညှစ်ထုတ်လိုက်ပါတယ်။ အဲ့ဒီအခါ ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်တဲ့အသားကိုစားရတာပေါ့။ အစ္စလာမ့်နည်းကျ မဟုတ်ဘဲ အခြားနည်းနဲ့သေရတဲ့၊ အသတ်ခံရတဲ့ သတ္တ၀ါတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုမှာ အင်မတန်အားနည်းသွားပါတယ်။ ဒါကြောင့်လည်း ကနေ့ အနောက်တိုင်း ပညာရှင် အားလုံးက အစ္စလာမ့်နည်းကျ သတ်ဖြတ်မှုသာလျင် မေ့ဆေး ထုံဆေး မလိုဘဲ သားကောင်ကို မနာကျင်စေသော သတ်ဖြတ်မှုဖြစ်ကြောင်းနဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံေးသာ အသားကို ရရှိစေကြောင်း တစခဲနက် ထောက်ခံလာပါတော့တယ်။

လေးစားအပ်တဲ့ မွတ်စ်လင်မ်ညီနောင်များခင်ဗျား—–
ကျွန်တော်တို့ အစ္စလာမ်သာသနာဟာ အင်မတန်မှ စည်းစနစ်ကျတဲ့ သာသနာ၊ ပြီးပြည့်စုံတဲ့ သာသနာဖြစ်ပါတယ်။ သာသနာက ညွှန်ကြားတဲ့ ကိစ္စတွေကလည်း အခုလို လူသားတွေ အတွက် အကျိုးရှိစရာ ချည်းတွေပါပဲ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက တမန်တော်မြတ်ကြီး မုဟမ္မဒ်သခင် (ဆွ) သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ အချို့သူတွေဟာ အစ္စလာမ်ကို အပေါ်ယံကြည့် ဝေဖန်နေတာဖြစ်ပါတယ်။ အတွင်းကျကျလေ့လာကြည့်လိုက်တဲ့အခါမှာ အစ္စလာမ်ရဲ့ ပြီးပြည့်စုံတဲ့ အနှစ်သာရတွေကို တွေရှိရမှာ ဖြစ်ပါတယ်။ ကြီးကျယ်မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကို အစ္စလာမ်၏ အနှစ်သာရများကိုနားလည်ပြီး သာသနာ့ အမိန့်ပညတ်ချက်များကို အပြည့်အ၀ လိုက်နာဆောက်တည်နိုင်သည့် သောဝ်ဖီးက်စွမ်းအား ချီးမြှင့်ပေးသနားတော်မူပါစေ။

အာမီးန်

(အလ်မုဖီးဒ်)